မင်းကို စားမယ်
Vol. 23 Ch. 341
“သမင်တွေက လှပပြီး ခန့်ညားတဲ့ သတ္တဝါတွေပဲ ၊ မင်းလိုမျိုး မဟုတ်ဘူး”
ရှရန်က သားရဲနတ်ဘုရား၏ပုံစံကွက် ရုပ်ပုံကို ကောက်ယူလိုက်သည်။ရွှံ့ရုပ်တု၏ ခေါင်းပေါ်တွင် မကောင်းဆိုးဝါး၏မျက်နှာကို သူရေးဆွဲလိုက်သည်။ သူသည် ရုပ်တု၏ စွမ်းအားကို အတုခိုးနေခြင်း ဖြစ်သည်။ ရှရန်သည် မည်သည့်ယုံကြည်မှုမှ မရှိသောကြောင့် ဘာသာတရားကိုကြောက်ရွံ့ခြင်းမရှိပေ။ သူ့အတွက်မူ နတ်ဘုရားတိုင်းနှင့် မှတ်ဉာဏ်တိုင်းသည် သူ့ထိန်းချုပ်မှုအောက်ရှိ ဆေးရောင်များ ဖြစ်သည်။ထိုအရာတွင် သူကိုယ်တိုင်နှင့် ကောင်းမင်တို့လည်း ပါသည်။အပြီးပြည့်စုံဆုံး ကံကြမ္မာကို သူကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါက အရာအားလုံး ထိုက်တန်ပေသည်။
ရှရန်သည် ဒုဒလီပန်းပွင့်များကဲ့သို့ တစ်မှုံခြင်း ပြိုကွဲသွားသည်။ လော်တုန်း၏ဇနီးသည်ထံ သူ ကပ်တွယ်လိုက်သည်။
“မင်းနဲ့ မင်းမိသားစုကို ကောင်းမင်ရွေးချယ်ဖို့ဆိုရင် ထူးခြားတာတစ်ခုခု ရှိကိုရှိရမယ်”
လော်တုန်း၏ ဇနီးပေါ်တွင် သားရဲနှင့် အနီရောင်တစ္ဆေရုပ်ပုံများ တစ်ပြိုင်နက် ထွက်ပေါ်လာ၏။ ရှရန်သည် လော်တုန်းဇနီး၏ ဝိညာဉ်ကို ကင်းဗတ်စတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ လော်တုန်း၏ ဇနီးသည် သူမမသိလိုက်သည့်တိုင် အကျိုးသက်ရောက်မှု ရှိနှင့်နေပြီ ဖြစ်သည်။ သူမက သမင်မုဆိုး၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ သူမခန္ဓာကိုယ်ပေါ်ရှိ ပုံစံကွက်နှစ်ခုသည် သူမအား စွမ်းအားများ ထိုးသွင်းပေးနေခဲ့သည်။
“မင်းရဲ့ ကံကြမ္မာက ပြောင်းလဲသွားပြီ ၊ မင်းက အခု ငါတို့နဲ့ အတူတူပဲ”
ရှရန် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ သူသည် ဧရာမသားရဲကြီးနှစ်ကောင်ကြားမှ တခစ်ခစ်ရယ်မောလိုက်သည်။
ပဉ္စမထပ်ကော်ရစ်ဒါ၏ အတွင်းပိုင်းတွင် ခြေလှမ်းများသည် အသားများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းမင်သည် သူ့နောက်ကျောမှ တိုက်ပွဲအား လျစ်လျူရှုထား၏။ သူ့ပစ်မှတ်မှာ တိရစ္ဆာန်မျက်နှာရှိသော ရွှံ့ရုပ်တုသာ ဖြစ်သည်။
“မင်း ထွက်ပြေးလို့ မရပါဘူး”
ကာလများစွာရှိခဲ့ပြီးနောက် တိရစ္ဆာန်ခေါင်းရှိသောရွှံ့ရုပ်တုသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို တစ်ဖန် ပြန်ခံစားလာရသည်။ သူ့နောက်လိုက်ပါနေသော သတ္တဝါအား လျှော့တွက်မိသည်ဟု ဝန်ခံရမည် ဖြစ်သည်။
အဆောက်အအုံ၏ ခေါင်မိုးသို့ သွားသော တံခါးကို ကြမ်းတမ်းစွာကန်ချလိုက်သည်။ ပြင်းထန်သော သွေးနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။ ကောင်းမင် သူ့ရှေ့ရှိ မြင်ကွင်းကို စစ်ဆေးလိုက်သည်။ သူသည် သွေးထွက်သံယိုအရာများစွာကို မြင်ဖူးသော်လည်း ထိုမြင်ကွင်းသည် သူ့မျက်လုံးများကို တုန်ယင်သွားစေဆဲ ဖြစ်သည်။ ခေါင်မိုးကို တိရစ္ဆာန်များ၏ လှောင်အိမ်အဖြစ် ပြောင်းလဲထားသည်။ မြို့သူမြို့သားများကို အစားအစာနှင့် အရုပ်များအဖြစ် ဖန်တီးထားခဲ့သည်။ သားကောင်များသည် အလှဆင်ပစ္စည်းများအဖြစ် ထုတ်လုပ်ခံထားရသည်။ ရွှံ့ရုပ်တုများအတွက်မူ လူသားများသည် ပိုးမွှားကောင်များနှင့် မခြားနားချေ။ ၎င်းတို့သည် မည်သည့် အကျိုးဆက်မှ မရှိဘဲ ဆော့ကစားနိုင်ကြသည်။
“မင်း လီစန်းဆေးရုံကနေ လွတ်မြောက်လာတာ ရက်နည်းနည်းပဲ ရှိသေးတယ် ၊ ဒီလောက် လူအများကြီးကို ဘယ်လိုလုပ် သတ်ဖြတ်နိုင်ရတာလဲ ၊ မင်းလို နတ်ဘုရားတွေက… သေဖို့ ထိုက်တန်တယ်”
အရိပ်သည် ကောင်းမင်ကြောင့် ချောင်ပိတ်မိနေခဲ့သည်။ ယင်းက အလောင်းနံရံကို မှီလိုက်သည်။ သွေးကြောများ၏ ချည်မျှင်များသည် သေလုမြောပါးဖြစ်နေသော အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ တွားဝင်သွားသည်။ ‘သားရဲနတ်ဘုရား’ ၏ အစစ်အမှန်ခန္ဓာကိုယ်သည် အလွန် ပျက်စီးလွယ်ပုံရသည်။ ၎င်းသည် ရှင်သန်ရန်နှင့် ရွေ့လျားနိုင်ရန်အတွက် အခြားသက်ရှိများကို ပိုင်ဆိုင်ရမည် ဖြစ်သည်။
ခြောက်သွေ့နေသော အရေပြားမှာ ဖြည်းညင်းစွာဖြင့် ဖောင်းကြွလာ၏။ ညှင်းပန်းနှိပ်စက်ခံထားရသော မျက်နှာက ကောင်းမင်ဘက်လှည့်လိုက်သည်။
“အိပ်မက်ဆိုးထဲမှာ ရှင်သန်နေတဲ့ သနားစရာပိုးကောင်လေးတွေ၊ နိုးထဖို့ အချိန်တန်ပြီ! ငါတို့မှာ ကံကြမ္မာဆိုတဲ့ ဘုံရန်သူ ရှိတယ်၊ ကံကြမ္မာကို သတ်ပစ်မှပဲ မင်းတို့ လွတ်လပ်မှုရပြီး တကယ့်ကမ္ဘာအစစ်ကို မြင်တွေ့ရမှာကွ!”
“အဲ့ဒါက စိတ်ကူးယဉ်လို့ကောင်းပေမဲ့ မင်းက မင်းပြောတဲ့ ပိုးကောင်လေးတွေထက်တောင် ပိုဆိုးသေးတယ်၊ မင်း သူတို့ကို ပိုးကောင်တွေထက် နဲနဲလေးပိုကောင်းအောင်တောင် မဆက်ဆံခဲ့ဘူး ၊ တစ်နည်းအားဖြင့် ပြောရရင် မင်းက ကံကြမ္မာထက်တောင် ပိုဆိုးဝါးတယ်”
ခွေးကြီးသည် ဤအထပ်တွင် ပုန်းနေသည်ကို ကောင်းမင်သိသည်။ သို့သော် လူသေဓာတ်ပုံကို သူကိုင်ထားသော်လည်း မျက်မမြင်လူသည် မည်သည့်နေရာတွင် ပုန်းနေမှန်း သူမပြောနိုင်ချေ။ မျက်မမြင်လူသည် ကောင်းမင်ထံမှ မကောင်းသည့်အကြံအစည်များစွာကို သင်ယူထားခြင်းဖြစ်သည်။
သားရဲနတ်ဘုရား ဝင်ပူးထားသောအမျိုးသမီးက အော်ဟစ်လိုက်သည်။ သရဲပုံစံကွက်များသည် သူမ၏ မျက်လုံးများမှ စ၍ သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ စူးစူးဝါးဝါးအော်ဟစ်သံသည် နားစည်များကိုပင် ကွဲသွားမတတ် ဟစ်အော်သံများအဖြစ်ပြောင်းလဲသွားသည်။ အဆောက်အအုံအတွင်းရှိ သန္ဓေပြောင်းမကောင်းဆိုးဝါးများအားလုံး လှုပ်ရှားနေခြင်း ရပ်တန့်သွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ရွှံ့ရုပ်တုအပိုင်းအစများ အနီရောင် တောက်လာခဲ့သည်။ ၎င်းတို့၏အသိစိတ်များက ခေါင်မိုးပေါ်တွင် စုဝေးလာတော့သည်။
ကောင်းမင်၏ ခြိမ်းခြောက်မှုကြောင့် သားရဲနတ်ဘုရားသည် တားမြစ်စွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ၎င်းသည် ကံကြမ္မာအား ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပင်။ သားရဲပုံစံကွက်သည် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သားရဲနတ်ဘုရားတွင် ပိုကောင်းသောခန္ဓာကိုယ်ကို ရှာဖွေရန် အချိန်မရှိခဲ့ပေ။ အမျိုးသမီးသည် ထိန်းချုပ်မရသော သားရဲဒေါသဖြင့် တောက်ပလာတော့သည်။ သူမ၏မျက်လုံးများသည် မီးတောက်များဖြင့် လောင်ကျွမ်းလာလေသည်။ သူမသည် ငရဲမှ ဆင်းသက်လာသော ဧရာမသားရဲတစ်ကောင်ကဲ့သို့ ဖြစ်သည်။ သူမ၏ဟိန်းဟောက်သံများသည် ညကောင်းကင်ကိုပင် အက်ကွဲသွားစေခဲ့သည်။ ကောင်းမင်သည် ယင်းကို လီစန်းဆေးရုံအတွင်းရှိ စီတုအန်း၏ အိမ်ထဲတွင်တစ်ချိန်က မြင်ဖူးပေသည်။ အိမ်၏ကန့်သတ်ချက်ထက် ပိုကြီးမားသော စွမ်းအားတစ်ခု အိမ်အတွင်းပေါ်လာသောအခါ အက်ကွဲကြောင်းများ ပေါ်လာတတ်ပေသည်။
“ဒါပေမဲ့ ငါက တကယ့်အရှိတရားထဲမှာ မဟုတ်ဘူးလား ၊ ဒါမှမဟုတ် ဒီအရှိတရားက တစ်စုံတစ်ယောက်ရဲ့ ‘အိမ်’များလား”
တစ်ချိန်တည်းမှာပင် ထူထဲသော အနက်ရောင်မြူခိုးများ အဆုံးမဲ့ကောင်းကင်မှ လှိမ့်ဝင်လာခဲ့သည်။ သားရဲနတ်ဘုရားနှင့် သားစားကြူးနတ်ဘုရားတို့ နှစ်ဦးလုံး ကြောက်မက်ဖွယ် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ၎င်းတို့၏ ဝိညာဉ်များ တုန်ယင်သွားခဲ့သည်။ ထုတ်ဖော်မပြောနိုင်သော တည်ရှိမှုကြီးသည် ဖြည်းညှင်းစွာ နိုးထလာနေချေပြီ။
မည်သည့်အရာကိုမျှ မကြောက်ရွံ့ဖူးသော သားစားကြူးနတ်ဘုရားက ထူးဆန်းသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ သူ့အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး နှိပ်စက်ခန်းအတွင်းသို့ ပြန်လည်ထွက်ပြေးသွားတော့သည်။ အခြေခံအားဖြင့် အစွမ်းထက်လူသားတစ်ဦး ဖြစ်သော ကောင်းမင်သည် မကောင်းဆိုးဝါးသားရဲတွင်းထဲတွင် ကြောက်မက်ဖွယ်သားရဲနတ်ဘုရားနှင့် တစ်ကိုယ်တည်း ရင်ဆိုင်ရတော့မည်ဖြစ်သည်။
သူ့ယုံကြည်မှုအားလုံးကို အသုံးပြုလိုက်ပြီးနောက် သားရဲနတ်ဘုရားသည် သားစားကြူးနတ်ဘုရားကဲ့သို့ ပုန်းအောင်းနေနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူ့တွင် ကံကြမ္မာ၏ ထောက်လှမ်းမှုမှ လွတ်မြောက်နိုင်ရန် နာကြည်းခြင်းအခန်း မရှိချေ။ ၎င်း၏ ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ သားရဲနတ်ဘုရား၏ မုန်းတီးမှုမှာ အမြင့်ဆုံးရောက်ရှိသွားချေသည်။ သူ့အား ကံကြမ္မာက မြင်သွားခဲ့လျှင်ပင် သူ့ရှေ့ရှိ ထိုလူကို ခြေမွပစ်လိုသည်။
“ကုန်းစီ မင်းတော်တော် အပြေးမြန်တဲ့ကောင်ပဲ”
ကောင်းမင် နောက်လှည့်လိုက်သည်။သားရဲနတ်ဘုရား၏ တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်း၍ အမှောင်ထဲမှ မျက်လုံးများပွင့်လာသည်အထိ သူစောင့်ဆိုင်းနိုင်ပါက သားရဲနတ်ဘုရားသည် မကြာမီ သေဆုံးလိမ့်မည် ဖြစ်သည်။
ကောင်းမင်သည် သူ့ထံတွင် ညှင်းပန်းနှိပ်စက်သည့် အခန်းရှိသောကြောင့် စွန့်စားရဲခြင်းဖြစ်သည်။ ထိုမှတပါး အခြားမည်သူမဆို ကံကြမ္မာ၏ချေမှုန်းခြင်း ခံရမည်ဖြစ်သည်။
အမျိုးသမီး၏ခန္ဓာကိုယ်သည် သားရဲပုံစံကွက်ဖြင့် ဖုံးလွှမ်းခံသွားသည်။ သို့သော်လည်း သူမလှောင်အိမ်မှ ခုန်ထွက်တော့မည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းနှင့် လှောင်အိမ်ကို ဆက်သွယ်ထားသော ပုံစံကွက်သည် ထိန်းချုပ်မှုလွတ်လာသည်ကို သတိထားမိလိုက်သည်။
“ငါ့ရဲ့ ယုံကြည်မှုကို ထိန်းချုပ်ဖို့ ငါ့ကိုဘယ်သူတိုက်ခိုက်နေတာလဲ ၊ မင်း ဒီထောင်ချောက်ကို ဘယ်တုန်းက ထောင်လိုက်တာလဲ”
သားရဲနတ်ဘုရား၏ မျက်လုံးများမှ သွေးများ စီးထွက်လာတော့သည်။ သားရဲနတ်ဘုရား၏ အမုန်းတရားသည် ကောင်းမင်အား တရစပ်ပစ်ခတ်နေသော ဓားများကဲ့သို့ ဖြစ်နေလေသည်။
“မင်းရဲ့ အသားကို ငါစားပစ်မယ် ၊ မင်းရဲ့ အရိုးတွေကို ကိုက်ဝါးမယ်၊ ပြီးရင် မင်းရဲ့ သွေးကို သောက်ပစ်မယ်ကွ!”
အမျိုးသမီး၏ပါးစပ်က ဟက်ကနဲပွင့်သွားသည်။ တစ်ချိန်တည်းမှာပင် သားရဲနတ်ဘုရား လှောင်အိမ်အတွင်းရှိ အရာအားလုံးသည် ကောင်းမင်ထံသို့ ပြေးဝင်လာကြသည်။ သူတို့ကြားတွင် အတော်အတန် ဝေးကွာသော်လည်း ကောင်းမင်၏လည်ပင်းမှ နာကျင်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းမင်သည် အကိုက်ခံခြင်းမရှိသော်လည်း တနည်းနည်းဖြင့် သူ့လည်ပင်း ဘယ်ဘက်ခြမ်းတွင် အကိုက်ခံရသည့် ဒဏ်ရာတစ်ခုပေါ်လာခဲ့သည်။
အမျိုးသမီး၏ ပါးစပ်သည် သွေးများဖြင့် တလက်လက်ဖြစ်နေသည်။ သူမသည် စိတ်လွတ်သွားပြီး
“မင်း ထွက်ပြေးလို့ မရပါဘူး! ငါတစ်ခုခုကို ကိုက်မိလိုက်တာနဲ့ ကံကြမ္မာတောင် သူ့ရဲ့ အသားတစ်ပိုင်းကို အရှုံးပေးရလိမ့်မယ်!”
အမျိုးသမီးသည် သွားများကို ရူးသွပ်စွာကြိတ်လိုက်သည်။ ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် ကိုက်ရာများ ပေါ်လာပြီး သူ့အရေပြားများ စုတ်ပြဲထွက်ကုန်၏။ ဒဏ်ရာများသည် သားစားကြူးနတ်ဘုရား၏ ကောင်းချီးပေးမှုနဲ့ပင် သက်သာမလာနိုင်တော့ချေ။ထိုဒဏ်ရာများမှ တိရစ္ဆာန်အမွေးများ ထွက်လာခဲ့သည်။
“သူက ပါးစပ်ဖွင့်လိုက်ရုံနဲ့ ငါ့ကို ဒဏ်ရာရစေတာလား ၊ ဒါက သားရဲနတ်ဘုရားရဲ့ စည်းမျဉ်းတွေထဲက တစ်ခုလား ၊ နတ်ဘုရားတွေ အားလုံးက စည်းမျဉ်းတွေနဲ့ သတ်ဖြတ်ကြတာလား”
ထိုရွှံ့ရုပ်တု၏ စွမ်းအားသည် ကောင်းမင်ရင်ဆိုင်ဖူးသော အခြားမကောင်းဆိုးဝါးများ၏ စွမ်းအားနှင့် ကွဲပြားပေသည်။ ဤသည်မှာ သတိပေးချက်တစ်ခု ဖြစ်သည်။
ကောင်းမင်သည် သူ့ခြေသလုံးမှ အသားတစ်စဆုတ်ဖြဲခံလိုက်ရသောအခါ ခါးညွှတ်သွားသည်။ အမျိုးသမီးက ထိန်းချုပ်မှုလွတ်နေသော သူမ၏ခန္ဓာကိုယ်အောက်ပိုင်းကို ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူမ၏ လက်သည်းများဖြင့် ကြမ်းပြင်အား ကုတ်ခြစ်လိုက်ပြီး ကောင်းမင်ထံ ခုန်အုပ်လိုက်တော့သည်။
“ငါ မင်းကို စားပစ်မယ်!”