အတိတ်နဲ့ အနာဂတ်
Vol. 23 Ch. 345
ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနက ဘာစီစဉ်နေမှန်း မသိသော်လည်း သူတို့ ကမ်းလှမ်းသော ဆုလာဘ်များက အမှန်ပင် ဆွဲဆောင်မှုရှိလှသည်။
“ငါ ဒီအချက်အလက်ကို ကျန်တဲ့လူတွေကို လက်ဆင့်ကမ်းပေးလိုက်ပါ့မယ်”
ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို အသုံးပြု၍ လော်တုန်း၏သမီးအား ဖိနှိပ်ထားလိုက်သည်။
“အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီက မူမမှန်ဖြစ်ရပ်ကို ငါရှင်းလင်းပေးလိုက်ပြီ ၊ နောက်တစ်ခါကျရင် ဒီလိုဖြစ်ပြီးမှ ရောက်လာတဲ့ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေလို မဖြစ်စေဘဲ မြို့သားတွေကို ကူညီဖို့အတွက် ပိုစောစော ရောက်လာနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”
ကောင်းမင် ထွက်သွားသည်။ ဝမ်ကျားနှင့် အခြားလုံခြုံရေးအဖွဲ့ဝင်များကို မတွေ့ရသောကြောင့် သူပိုစိတ်သက်သာရာ ရသွားသည်။ စုံစမ်းရေးမှူးများသည် ကောင်းမင်အား မတားဆီးဝံ့ဘဲ ဖြတ်သန်းခွင့်ပြုလိုက်ကြသည်။
ကောင်းမင်နှင့် လော်တုန်း၏ မိသားစုတို့ ထွက်ခွာတော့မည့် အခြေအနေကို မြင်ရသောအခါ ယွီရွှယ်လုံနှင့် ယွီရွှယ်ဟူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မြေပြင်ပေါ်မှ ခုန်ထ၍ သူတို့နောက်သို့ လိုက်ပါသွားကြသည်။ သားရဲနတ်ဘုရား ပျက်စီးသွားချိန်တွင် အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီအပြင်ဘက်မှ အရိပ်သည်လည်း ပျောက်ကွယ်သွားသည်။ ကောင်းမင်သည် လော်တုန်းအား လီစန်းသို့ ပို့ဆောင်ပြီးနောက် လိုက်လာသူမရှိကြောင်း သေချာမှလမ်းခွဲလိုက်ကြသည်။
“မင်းက အခန်း ၁၃ က ကောင်းမင် ဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး ၊ မင်းနာမည်က ရင်းနှီးနေတာကို ငါ သိနေခဲ့တယ်”
လော်တုန်း သည် သူ့မိသားစုနှင့်အတူ ရပ်ရင်း ကောင်းမင်အား ကျေးဇူးတင်စွာကြည့်လိုက်သည်။
“ကောင်းကောင်းမွန်မွန်အသက်ရှင်နေဖို့ပဲ ကတိပေးပါ ၊ ကိုယ့်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုကို ကာကွယ်ပါ”
ကောင်းမင်က လက်ဝှေ့ယမ်းပြလိုက်ပြီး ပြန်လှည့်သွားသည်။ လော်တုန်းနှင့် မတော်တဆ တွေ့ဆုံခြင်းသည် ပျော်ရွှင်စရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။ သူ၏ မူလအစီအစဉ်သည် လီစန်းဆေးရုံထဲသို့ ဝင်ရန်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနက ဆေးရုံကို ဝိုင်းရံထားပြီး တားမြစ်ဇုန်အဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း မျက်မမြင်လူ၏ စွမ်းအားတိုးတက်လာသောကြောင့် ညဘက်တွင် အဆင်ပြေပြေ ဝင်ရောက်နိုင်ခဲ့သည်။ ပုံမှန် စုံစမ်းရေးမှူးများ မပြောနှင့်၊ လုံခြုံရေးအဖွဲ့ဝင်များသည်ပင် သူ့ကို မဖမ်းမိနိုင်ချေ။
ခွေးကြီး၏ အကူအညီဖြင့် ကောင်းမင်သည် ဆေးရုံထဲသို့ လွယ်လွယ်ကူကူ ခိုးဝင်သွားခဲ့သည်။ ဌာနချုပ်သည် အရှေ့ဘက်အဆောက်အအုံအား အဆောင်များဖုံးအုပ်ထားသည့် အထူးအဆောက်အအုံအဖြစ် ပြောင်းလဲထားပြီး အနောက်ဘက်အဆောက်အအုံကိုတော့ ချိတ်ပိတ်ထားသည်။ အားဖန်မိဘများ၏ တည်နေရာကို အာရုံခံမိလိုက်သဖြင့် ကောင်းမင်နှင့် ခွေးကြီးသည် အကာအကွယ်ကို ဆွဲဖြဲ၍ ပြေးဝင်သွားကြသည်။ ကောင်းမင်သည် အနောက်ဘက်အဆောက်အအုံသို့ ပြန်ရောက်လာသော်လည်း အရာအားလုံးသည် အလွန် ခြားနားနေလေသည်။ အနက်ရောင်ရေကန်သည် ဖျက်ဆီးခံထားရပြီး ရွှံ့ရုပ်တုများအားလုံး ထွက်ပြေးလွတ်မြောက်သွားကြပြီဖြစ်သည်။ ထိုနေရာသည် အရင်ကလို ကြောက်စရာကောင်းနေခြင်း မရှိတော့ပေ။
“ရုပ်တုတွေ အားလုံး ထွက်ပြေးကုန်ကြပြီ ၊ ဌာနချုပ်က ဘာလို့ ဒီဘာမှမရှိတဲ့အဆောက်အအုံကို ကာကွယ်နေတာလဲ”
ခွေးကြီးက စိတ်ရှုပ်သွားသည်။
“ဌာနချုပ်က လူတွေကိုယ်တိုင် ဒီကိုရောက်လာခဲ့ရင် ဒီအမိန့်ကိုပေးမှာ မဟုတ်ဘူး ၊ ဒါမှမဟုတ် ဝမ်ကျားက သူတို့ကို အချက်အလက်အမှားတွေ ပေးခဲ့လို့ ဒီအမှားလုပ်မိတာ ဖြစ်မယ်”
ကောင်းမင် လှေကားထစ်များအတိုင်း တက်သွားလိုက်သည်။ သွေးအရိပ်များသည် နေရာတိုင်းတွင် ရှိနေကြသည်။ အရာအားလုံးသည် ယိုယွင်းမှု၏ ပြင်းထန်သောအနံ့များ ယိုစိမ့်နေလေသည်။
“ဝမ်ကျားက စုံစမ်းစစ်ဆေးရေးဌာနအတွက် အလုပ်တာမဟုတ်ဘူးလား”
“ဓားမှာ သူ့ကိုယ်ပိုင် စိတ်ဆန္ဒရှိနေရင် အဲဒီဓားက ဘာအသုံးဝင်မှာလဲ”
ကောင်းမင်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဝမ်ကျားက ဒီလိုဓားမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ရှရန်သည်ပင် ဝမ်ကျားကို အလွန်သတိထားနေခဲ့သည်။
“အဲဒီလူက ရွှံ့ရုပ်တုတွေအကုန်လုံး ဝိုင်းထားတာတောင် လုံခြုံရေးအဖွဲ့ဝင်အများစုကို အနက်ရောင် ရေကန်ထဲ ဘေးကင်းကင်းထွက်သွားအောင် လုပ်နိုင်ခဲ့တယ် ၊ သူက အင်အားကြီးတဲ့ ရန်သူတစ်ယောက်ပဲ”
သူတို့သည် ခွဲစိတ်ခန်းဘက်သို့ ရွှေ့လျားသွားကြသည်။ ယင်းသည် တစ်ချိန်က လီစန်းဆေးရုံ၏ ပင်မအူတိုင်ဖြစ်ခဲ့ပြီး ကောင်းမင် အိမ်ထောင်သည် ဆရာဝန်များနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် နေရာလည်းဖြစ်သည်။ သွေးစွန်းတံခါးများကို တွန်းဖွင့်လိုက်ရာ ခြူသံများနှင့် သားချော့တေးသံများ သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ တစ်ချိန်က ဆေးရုံ၏သွေးထွက်သံယိုမှု အများဆုံး ဖြစ်ခဲ့သော ထိုအခန်းသည် အလုံးစုံပြုပြင်ပြောင်းလဲခံထားရသည်။
နံရံပေါ်ရှိ သွေးစွန်းကွက်များအား တောက်ပသောအရောင်များဖြင့် ဆေးသုတ်ထားသည်။ အဖြူရောင် အရိုးများကို ဝန်းရံနေသည့် နူးညံ့သောတိမ်တိုက်များ ရှိသည်။ အသားဘေးတွင် အနီရောင်ပန်းပွင့်များ ပွင့်လန်းနေကြသည်။ အဝါရောင်မြေဆီလွှာများက ပုပ်သိုးနေသော ရုပ်အလောင်းများကို ဖုံးအုပ်ထားသည်။ ဆေးပုလင်းများကို သန့်စင်ထားပြီး လူနာများကို ထိန်းသိမ်းရန် အသုံးပြုသည့် ကုတင်များကို ချိန်ခွင်များအဖြစ် ပြုပြင်ထားသည်။ တန်ဖိုးကြီး ဆေးဘက်ဆိုင်ရာ ကိရိယာများကို ဖြုတ်တပ်၍ ကစားစရာအရုပ်များနှင့် အဆောက်အအုံဘလော့တုံးများအဖြစ် ပြုလုပ်ထားသည်။ တစ်စုံတစ်ယောက်သည် ထိုအခန်းကို အမြင်သစ်တစ်ခုရရှိရန် သိသိသာသာကြိုးစားထားခဲ့သော်လည်း ယင်းက ထိုနေရာအား ပို၍ရယ်စရာကောင်းအောင်သာ ပြုလုပ်ပေးနေသည်။
လူသားအမည်များ ထွင်းထုထားသော ချိန်းကြိုးများ တင်းကျပ်သွားသည်။ ခွဲစိတ်ဓားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခြူသံများ ရပ်တန့်သွားသည်။ ကုတင်ပေါ်တွင် ထိုင်နေသော အမျိုးသားဆရာဝန်က ကောင်းမင်ကို မြင်လိုက်သည်။ သူသည် မသေချာမရေရာစွာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးများတွင် တောင်းပန်မှုများ ပြည့်လျှံနေလေသည်။ သူတို့ ညှဉ်းပန်းနှိပ်စက်ခန်းသို့ ဝင်ခဲ့ပြီးနောက် သူတို့၏ကံကြမ္မာသည် ကောင်းမင်နှင့် ချည်နှောင်ခံထားရသည်။ သူတို့ ဘာလုပ်လုပ် ကောင်းမင်ထံမှ မလွတ်မြောက်နိုင်ကြပေ။ သားချော့တေးညည်းသံက တိတ်ဆိတ်သွား၏။ အမျိုးသမီးဆရာဝန်သည် အိပ်ပျော်နေသော အားဖန်ကို ပွေ့ဖက်ရင်း အမျိုးသားဆရာဝန်နောက်တွင် ပုန်းနေလိုက်သည်။ သူမသည် စိုးရိမ်တကြီး ကြည့်နေရင်း သူမ၏ မျက်နှာကို ပြူတစ်ပြူတစ်လုပ်နေလေသည်။
“မင်းတို့က ငါ့ကို အပြစ်ရှိသလို ခံစားရစေတယ်! ငါ ဘာမှတောင် မလုပ်ရသေးဘူးလေ!”
ကောင်းမင်သည် သူတို့ကို နှောင့်ယှက်ချင်စိတ်မရှိသော်လည်း သူ တစ်ခုခုကို ရှင်းလင်းရမည်ဖြစ်သည်။
သူ ရှေ့သို့ လျှောက်သွားလိုက်သည်။ မြေပြင်ပေါ်မှ အရုပ်များ၏ မျက်လုံးများသည် ကောင်းမင် ဘက်သို့ လှည့်လာလေသည်။
သူ အမျိုးသားဆရာဝန်ထံမှ သုံးမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ အမျိုးသမီးဆရာဝန်၏ ရင်ခွင်ထဲရှိ အားဖန်သည် အိပ်ရာနိုးလာသကဲ့သို့ သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သွေးနီရောင်မြို့တော်၏ လူသေဓာတ်ပုံတွင် လူဆယ့်သုံးဦး ရှိခဲ့သည်။ ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးသည် ကျင်းထောင်ရှန်း နှင့် စီတုအန်းတို့လို ထိပ်တန်းဗီလိန်များ ဖြစ်ကြသည်။ အားဖန်ကမူ တစ်ခုတည်းသော ချွင်းချက်ဖြစ်သည်။ အရိပ်ကမ္ဘာ၏ စိတ်ဆန္ဒအမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သောကြောင့် သူသည် ရွေးချယ်ခံဖြစ်လာခဲ့ခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးတက်တူးက လှုပ်ရှားလာသည်။ သားစားကြူးနတ်ဘုရားသည် အားဖန်ကို ကြည့်နေရင်း စိတ်လှုပ်ရှားသွားခဲ့သည်။ ရွေးချယ်ခံလောင်းအားလုံးကို သူ့ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် သူသိမ်းဆည်းထားချင်သည်။ ထိုသို့ဆိုလျှင် သူနှင့်ကောင်းမင်တို့သည် ဟန်ဟိုင်း၏ စစ်မှန်သော ပိုင်ရှင်များ ဖြစ်လာမည်ဖြစ်သည်။ ကောင်းမင်၏ မကောင်းသော ရည်ရွယ်ချက်များကို အာရုံခံမိလိုက်သဖြင့် အားဖန် ကြောက်ရွံ့သွားသည်။ ခွဲစိတ်ခန်းတစ်ဝိုက်တွင် ပြန့်ကျဲနေသော အရုပ်များက သတ်ဖြတ်လိုသောရည်ရွယ်ချက်ကို ထုတ်လွှင့်လာကြသည်။ စွမ်းအားသက်သက်အရ ကောင်းမင်သည် အားဖန်အား မနိုင်ချေ။ ထိုကလေးတွင် နာကြည်းခြင်းအခန်းများကို အဆောက်အအုံဘလော့တုံးများကဲ့သို့ စုစည်းနိုင်သော စွမ်းရည်ရှိပေသည်။ သူသည် နည်းစနစ်ပိုင်းအရ သူလိုချင်သလောက် မရဏဘုံများစွာကို ဖန်တီးနိုင်သည်။ ကောင်းမင်သည်ပင် အာဖန်ကို သရဲမည်မျှ ကူညီနေသည်မှန်း မသိပေ။
“မင်းရဲ့ မိဘအရင်းတွေကို ငါ ကယ်တင်ခဲ့တယ် ၊ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကနေ လွတ်မြောက်အောင် ငါကူညီပေးခဲ့တယ် ၊ ဒါ့အပြင် မင်းရဲ့ နာကျင်မှုအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ စီတုအန်းကို ငါဖြေရှင်းခဲ့တယ် ၊ မင်းကို လက်စားချေဖို့ ကူညီခဲ့တာ ငါပဲ”
ကောင်းမင်က ပွင့်ပွင့်လင်းလင်း မတ်တပ်ရပ်လိုက်သည်။ အားဖန်သည် သူ့ညဝတ်အင်္ကျီ၏ ဦးထုပ်ကို ဖြည်းညင်းစွာဆွဲချလိုက်ပြီး ကောင်းမင်အား ကြောက်ရွံ့စွာကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်…”
ဒိုင်နိုဆော ညဝတ်အင်္ကျီ၏အမြီးက ခွေကျသွားသည်။ အာဖန်သည် သတ္တိမွေးလိုက်ပြီး ကောင်းမင်ကိုပြောလိုက်သည်။
“ဒါပေမဲ့ သားတကယ် ဘာမှမသိပါဘူး…”
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နောက်ထပ်အသိစိတ်တစ်ခု ရှိနေတယ် ၊ မင်း သူ့ကို အပြင်ထွက်လာဖို့ ပြောလို့ရမလား”
ကောင်းမင် သူ့အိတ်ကပ်ကို မွှေနှောက်လိုက်သည်။ သူ အားဖန်ကို နောက်ဆုံးအကြိမ် လာတွေ့စဉ်က မုန့်တွေ အများကြီးဝယ်ခဲ့သည်။ သူ့အိတ်ကပ်ထဲတွင် လျှာထိုးသကြားလုံး နှစ်လုံးကျန်နေသေးသည်။
အာဖန်သည် အိပ်ပျော်သွားသကဲ့သို့ မျက်လုံးများ မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် ရက်ပေါင်းများစွာ မအိပ်ရသေးသကဲ့သို့ သွေးရောင်ဖြင့် နီရဲနေလေသည်။
“သူ အပြင်ထွက်မလာရဲဘူးတဲ့ ၊ မကောင်းတဲ့လူတွေ အများကြီး သူ့ကို ရှာနေကြတယ်တဲ့”
“ဒါဆို မင်း သူ့ကို မေးခွန်းတချို့ မေးပေးလို့ ရမလား”
ကောင်းမင်သည် ကိစ္စများစွာကို သိရှိခြင်းမရှိခဲ့ပေ။အဖြေများကို သူအလွန် လိုချင်နေခဲ့သည်။
အားဖန် သူ့မျက်လုံးများကို ထပ်မံပိတ်လိုက်သည်။ သူ ပြန်နိုးလာသောအခါ သူ့လက်ကလေးများကို လှုပ်ယမ်းလိုက်သည်။
“သူ့ရဲ့ မှတ်ဉာဏ်ကို စီတုအန်းနဲ့ လုဇန်တို့က ဖယ်ရှားပစ်လိုက်ပြီတဲ့ ၊ သူတို့က မှတ်ဉာဏ်တွေကို အနက်ရောင်ရေကန်ထဲက နက်ရှိုင်းတဲ့ ရွှံ့ရုပ်တုတွေထဲမှာ သိမ်းဆည်းထားတယ် ၊ မင်း အမှန်တရားကို သိချင်ရင် စောင့်ရလိမ့်မယ်တဲ့”
“အဲဒီ လူယုတ်မာနှစ်ယောက်က အရိပ်ကမ္ဘာရဲ့ စိတ်ဆန္ဒအမျှင်တန်းကို ခွဲပစ်လိုက်တာလား!”
“အဲဒါဘာမှန်းတော့ သားမသိဘူး…”
အားဖန်သည် သူ့စိတ်ထဲက အသံအား ရိုးရိုးသားသား လက်ဆင့်ကမ်းပေးလိုက်သည်။
“ယိုယွင်းနေတဲ့ယုံကြည်မှု အရင်းအမြစ်ထဲမှာ နတ်ဘုရား (၃၆၄)ပါး ရှိတယ် ၊ အောက်ခြေမှာ ကိုင်ထားတဲ့ ရုပ်တုနှစ်ခုကို အတိတ်နဲ့ အနာဂတ်လို့ ခေါ်တယ် ၊ သူ့ရဲ့ မှတ်ဉာဏ်နဲ့ လျှို့ဝှက်ချက်က အဲဒီ ရုပ်တုနှစ်ခုမှာ ဝှက်ထားတာ”
“အတိတ်နဲ့ အနာဂတ်လား”
ကောင်းမင်သည် နာမည်များအရပင် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူတို့၏ စွမ်းအားသည် သားစားကြူးနတ်ဘုရားထက်ပင် ပိုအစွမ်းထက်ဖွယ် ရှိသည်။
“ဌာနချုပ်က ဒီရုပ်တုနှစ်ခုကို ကိုင်တွယ်ဖို့ အစုလိုက်အပြုံလိုက် သန့်စင်မှုလုပ်နေတာလား”