← Chapters

ကျွန်မ ရှင့်ကိုယုံတယ်

Vol. 9 Ch. 122

ကျွန်မ ရှင့်ကိုယုံတယ်

Vol. 9 Ch. 122

ယဲ့ချန်းက ပိုင်ဆိုင်မှုများစွာရှိကြောင်း ချန်းဝမ်ကြားလိုက်ရသည့်အခါ အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။ ထို့ကြောင့် ယဲ့ချန်းကို ပိုလေးစားပြီး ပိုကြောက်သွားရသည်။

သို့သော် ယဲ့ချန်းကို မှီခိုအားထား၍ ရနိုင်သဖြင့် ဝမ်းသာမိပြန်သည်။

သူ့အနေနှင့် မှန်ကန်သောဆုံးဖြတ်ချက်ချခဲ့မိသည့်အတွက် ဝမ်းသာမိသည်။ သို့မဟုတ်ပါက ယဲ့ချန်းကို အပြစ်ပြုမိလျှင် အလွန်ဆိုးဝါးသောရလဒ်မျိုးနှင့် ကြုံတွေ့ရပေလိမ့်မည်။

ဝူဖန့် ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"စကားမစပ် ကျွန်တော်တို့က လုံယွင်တောင်တန်းဗီလာကို စစ်ဆေးဖို့ရောက်လာတာပါ။ ဘာလို့လဲဆိုတော့ အနီးအနားမှာ အဆင့်မြင့်ဗီလာတစ်လုံးဆောက်ချင်လို့လေ။ မစ္စတာယဲ့.. ခင်ဗျားအနေနဲ့ ညွှန်းပေးချင်လောက်အောင် သင့်တော်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုခုများရှိလား"

ဝူဖန့်က ယဲ့ချန်းကို မေးနေခြင်းဖြစ်သော်ငြား တကယ်တမ်းတော့ ယဲ့ချန်းကို မျက်နှာချိုသွေးနေခြင်းပင်။

အဆင့်မြင့်ဗီလာတဲ့လား?

ဤစကားကိုကြားသော် ချန်းဝမ်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အရိပ်အယောင်များ ချက်ချင်းပေါ်လာသည်။

ဤသည်မှာ ဘီလျံပေါင်းများစွာတန်ဖိုးရှိသော ပရောဂျက်ကြီးတစ်ခုဖြစ်သည်။ အကယ်၍ သူတို့၏ကုမ္ပဏီကသာ ဤသဘောတူညီမှုကို ရယူနိုင်ပါက အကျိုးအမြတ်များစွာရရှိမည်ဖြစ်၏။

ချန်းဝမ်က ယဲ့ချန်းကိုကြည့်၍ ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျာ ကျွန်တော့်အတွက် စကားကောင်းနည်းနည်းလောက် ပြောပေးရမယ်နော်။ ကျွန်တော့်ကို ဒီသဘောတူညီမှုရအောင် ကူညီပေးမယ်ဆိုရင် ကျွန်တော်လောင်ချန်းက အခုကစပြီး ခင်ဗျားရဲ့ဦးဆောင်မှုနောက်ကို အမြဲလိုက်ပါ့မယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌဝူ.. ဥက္ကဋ္ဌချန်းရဲ့ကုမ္ပဏီဆိုရင်ရော ဘယ်လိုသဘောရလဲ"

ဝူဖန့် ရယ်မောလိုက်မိသည်။

"ဟားဟား.. ဥက္ကဋ္ဌယဲ့ညွှန်းပေးတဲ့ ကုမ္ပဏီဆိုတော့ ကျွန်တော်လည်း ဘယ်ငြင်းနိုင်ပါ့မလဲ"

"ကောင်းပါပြီ။ ဒါဆို အဆင်ပြေသွားပြီနော်"

ချန်းဝမ်မှာ ဤစကားကိုကြားသော် အပျော်လွန်သွားချေသည်။ ထို့ပြင် ယဲ့ချန်းကိုလည်း ပိုလေးစားသွားရသည်။

ယဲ့ချန်းက ဘီလျံပေါင်းများစွာတန်သော သဘောတူညီမှုတစ်ခုကို စကားအနည်းငယ်မျှဖြင့် ရရှိလိုက်သည်။ ထို့ပြင် ဝူဖန်ကိုယ်တိုင်က တက်တက်ကြွကြွကမ်းလှမ်းလာခဲ့ခြင်းပင်။

သူက အင်အားကြီးသူတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ သူ့ဩဇာလွှမ်းမိုးမှုကား စင်စစ်ထူးခြားပြောင်မြောက်လှသည်။

...

ညစာစားပွဲ ပြီးဆုံးသွားသောအခါ ချန်းဝမ်လည်း အသက်ပြင်းပြင်းရှူသွင်း၍ သူ့အတွင်းရေးမှူးကို ပြောလိုက်သည်။

"ဗီလာတွေဆောက်ပြီးတာနဲ့ အထူးဗီလာကို မစ္စတာယဲ့အတွက် သီးသန့်ဖယ်ထားလိုက်"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌချန်း"

ချန်းဝမ်မှာ နောက်တစ်ကြိမ် သက်ပြင်းရှိုက်လိုက်ပြီးနောက်...

"မစ္စတာယဲ့က တကယ့်အာဏာကြီးတဲ့လူတစ်ယောက်ပဲ။ စကားတစ်ခွန်းတည်းနဲ့ ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့အော်ဒါကို ယူပေးနိုင်ခဲ့တယ်။ ငါတို့ နောင်အနာဂတ်မှာ သူ့ကို ကပ်ထားမှဖြစ်မယ်"

သူ့အတွင်းရေးမှူးကလည်း ကြက်သေသေသွားလေသည်။

"မစ္စတာယဲ့ရဲ့နောက်ခံက အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဒါပေမဲ့ သူ့လို ဖြုံချင်စရာကောင်းတဲ့လူတစ်ယောက်က ဘာလို့များ တက္ကစီမောင်းနေရတာလဲမသိဘူး"

ချန်းဝမ််၏အမူအရာမှာ လျှို့ဝှက်ဆန်းကြယ်လှသည်။

"ဖုံးကွယ်ခြင်းအနုပညာဆိုတာကို မင်းသိလား။ မစ္စတာယဲ့က ခပ်လျှိုလျှိုနေနေတာ။ အဲဒါကြောင့်ပဲ သူ ထိပ်သီးပုဂ္ဂိုတစ်ယောက် ဖြစ်လာတာနေမှာပေါ့"

.....

တွေ့ဆုံပွဲပြီးသွားချိန်တွင် ယဲ့ချန်းလည်း တက္ကစီမောင်းရန်အတွက် မိုတုမြို့သို့ ပြန်လာခဲ့လိုက်သည်။

ယနေ့ လီရုန်ရုန်က သူ့အား ဖုန်းခေါ်ခဲ့သည်။

"ယဲ့ချန်း ကျွန်မ ဒီနေ့ တက္ကစီငှားချင်လို့။ ရှင် ကျွန်မကို ထောင်ပေါင်လမ်းမမှာ လာခေါ်ပေးလို့ရလား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထောင်ပေါင်လမ်းမသို့ မောင်းထွက်ခဲ့သည်။ နည်းနည်းလောက်စောနေသဖြင့် လီရုန်ရုန်၏အရောင်းဆိုင်သို့ ထွက်လာခဲ့လိုက်သည်။

ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ဝန်ထမ်းများက ယဲ့ချန်းကို မှတ်မိကြသည်။

"မစ္စတာယဲ့ရောက်နေတာလား?"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"စကားမစပ် ဥက္ကဋ္ဌလီက ဘယ်မှာလဲ"

"ဥက္ကဋ္ဌလီက ရုံးခန်းထဲမှာ ဧည့်သည်တွေနဲ့ စကားပြောနေပါတယ်။ ကျွန်မ သူ့ကို အကြောင်းကြားပေးရမလား"

ယဲ့ချန်းလည်း ခေါင်းခါပြလိုက်သည်။

"မလိုပါဘူး။ အပြင်မှာပဲ လက်ဖက်ရည်တစ်ခွက်လောက်သောက်ရင်း စောင့်နေလိုက်ပါ့မယ်"

သူစကားပြောနေချိန်မှာပင် အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်က ရတနာစံအိမ်ထဲသို့ ရောက်ချလာသည်။

"အဘွား ဒီကိုတစ်ခုခုဝယ်ဖို့ ရောက်လာတာလား"

ဝန်ထမ်းတစ်ယောက်က မေးလိုက်၏။

အမျိုးသမီးအိုကြီးကလည်း ခေါင်းခါယမ်းပြသည်။

"ပစ္စည်းဝယ်ဖို့ရောက်လာတာမဟုတ်ဘူး။ ရောင်းဖို့ရောက်လာတာပါ"

"ရောင်းဖို့လား။ အဘွား ဘာရောင်းချင်လို့လဲ"

ထိုအမျိုးသမီးကြီးက အမွှေးတိုင်ပုလင်းတစ်လုံးကို ထုတ်ယူပြီး ပြောလိုက်၏။

"ဒါက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကြည့်ပေးပါဦး"

ဝန်ထမ်းလေးက ထိုအရာကိုလှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"အဘွား ခဏနေဦးနော်။ ဒီပစ္စည်းက အရမ်းဟောင်းနေပြီမို့လို့ ကျွန်မလည်း ဈေးမဖြတ်တတ်ဘူး။ ကျွန်မတို့ရဲ့ဥက္ကဋ္ဌလီက ကြည့်ပေးပါလိမ့်မယ်"

သိပ်မကြာခင်မှာပင် လီရုန်ရုန်နှင့် အမျိုးသားငယ်တစ်ယောက် ထွက်လာလေသည်။

ထိုအမျိုးသားက ရွှေကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားကာ မော်ကြွားလေဟန် အမူအရာတစ်ခုကိုပါ ဆင်မြန်းထား၏။

ယဲ့ချန်းကိုမြင်သောအခါ လီရုန်ရုန် ခဏမျှတုံ့ဆိုင်းသွားရသည်။

"ယဲ့ချန်း ရှင် အစောကြီးရောက်နေတာပဲ"

"ဟုတ်တယ်။ တခြားအလုပ်လည်းမရှိတာနဲ့ အစောကြီးရောက်လာတာ"

"သူက ဘယ်သူလဲ"

ယဲ့ချန်းကိုမြင်သော် ခုန်းရွှီ၏အကြည့်က အနည်းငယ်တင်းမာသွားသည်။

ယဲ့ချန်း၏ရုပ်ရည်မှာ အလွန်ချောမောခန့်ညားလှသည်။ အထူးသဖြင့် ယဲ့ချန်းကိုကြည့်သော လီရုန်ရုန်၏အကြည့်က အနည်းငယ်ထူးခြားလှသည်။

သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ယဲ့ချန်းအပေါ် ရန်လိုသွားရသည်။

"ဒါက ကျွန်မတို့ရတနာစံအိမ်ရဲ့ ရတနာရာပြတ်လေ"

"ရတနာရာပြတ်လား။ ရုန်ရုန်..ဒီလောကထဲမှာ ဂုဏ်သတင်းပြည့်ဝတဲ့ ရတနာရာပြတ်တွေအများကြီးကို ကိုယ်သိတယ်။ ဒီတစ်ယောက်က လူသစ်နော်။ မင်း သတိထားမှဖြစ်မယ်။ ဒီနေ့ခေတ်မှာ လူလိမ်တော်တော်များများက ရတနာရာပြတ်အနေနဲ့ဟန်ဆောင်ပြီး ငွေလိမ်စားနေတာ"

လီရုန်ရုန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ခုန်းရွှီ.. ကျွန်မကိုယ်တိုင်ခန့်ထားတဲ့ ရတနာရာပြတ်ကို ရှင် ဝေဖန်စရာမလိုပါဘူး"

"ရုန်ရုန်.. ကိုယ်က အဲဒီလိုမရည်ရွယ်ပါဘူး။ မင်း ရာပြတ်တစ်ယောက်လိုအပ်တယ်ဆိုရင် ကိုယ့်ကို လာရှာနိုင်တယ်။ ကိုယ်က ဟွားချင်တက္ကသိုလ်ဆင်းမို့လို့ မင်းအတွက် ရတနာတွေကို အလကားအကဲဖြတ်ပေးနိုင်တယ်"

လီရုန်ရုန်က ခုန်းရွှီကို လျစ်လျူရှုပြီး ကောင်တာနားသို့ သွားလိုက်သည်။

"အဘွား..ဒါက ရှင့်ရဲ့အမွှေးတိုင်ပုလင်းလား"

ထိုအမျိုးသမီးကြီးကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ ငါ မင်္ဂလာဆောင်ပြီးကတည်းက ငါတို့မိသားစုထဲမှာ နှစ်ပေါင်းများစွာထိန်းသိမ်းစောင့်ရှောက်လာတာ။ တန်ဖိုးဘယ်လောက်လဲဆိုတာကိုတော့ မသိပေမဲ့ ငါ့ယောက်ျားက နေမကောင်းဖြစ်နေလို့ ပိုက်ဆံ အရေးပေါ်လိုအပ်နေတာနဲ့ ဒါကို ရောင်းဖို့ယူလာလိုက်တာ"

ခုန်းရွှီက အမွှေးတိုင်ပုလင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် အေးတိအေးစက်ပြောလိုက်လေသည်။

"အဘွား.. ဒါက သာမန်အမွှေးတိုင်ပုလင်းလေ။ ဘယ်လောက်မှမတန်ဘူး"

"သာမန်အမွှေးတိုင်ပုလင်းလား"

ထိုအမျိုးသမီးကြီး၏ အမူအရာကား အနည်းငယ်ပြောင်းလဲသွားလေသည်။

လီရုန်ရုန်က နောက်တစ်ခေါက်ထပ်ကြည့်လိုက်သော်ငြား ဘာကိုမှသတိမထားမိသဖြင့် မေးလိုက်လေသည်။

"အဘွား.. ဒီအမွှေးတိုင်ပုလင်းက တကယ်ကြီး သာမန်ပါပဲ။ ကျွန်မတို့ လက်မခံနိုင်ပါဘူး"

ထိုအချိန်မှာ ယဲ့ချန်းက အနားသို့လျှောက်လာသည်။

"အဘွား...ဆေးကုသစရိတ်အတွက် ဘယ်လောက်လိုအပ်လို့လဲ"

ထိုအမျိုးသမီးကြီးက သက်ပြင်းချလိုက်မိသည်။

"ငါးသိန်းကျော်လောက်ပေါ့။ အဘွားယောက်ျားက သူ့လစာတွေအကုန်လုံးကို တောင်တန်းဒေသက ကလေးတွေကို လှူပစ်လိုက်တော့ အခု သူ အသက်ကြီးပြီး ဖျားနာတဲ့အချိန် ကုသစရိတ်လေးတောင် မရှိတော့ဘူး"

ယဲ့ချန်း၏ရင်ထဲ ခံစားသွားရသဖြင့် ပြောလိုက်သည်။

"အဘွား.. ဒီအမွှေးတိုင်ပုလင်းက အရမ်းတန်ဖိုးကြီးတယ်ဗျ။ ကျွန်တော် ခင်ဗျားကို တစ်သန်းပေးမယ်ဆိုရင်ရော ကျေနပ်ရဲ့လား"

"တစ်သန်း?"

လီရုန်ရုန်နှင့် ခုန်းရွှီတို့ခမျာ ထိတ်လန့်ကုန်ကြသည်။

ခုန်းရွှီက အော်ပြောလေသည်။

"ချာတိတ် မင်းရူးနေတာလား။ ဘာတန်ကြေးမှမရှိတဲ့ အမွှေးတိုင်ပုလင်းတစ်ခုအတွက်နဲ့ ပိုက်ဆံတစ်သန်း ထုတ်သုံးမလို့ပေါ့"

ယဲ့ချန်းကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

"တန်ဖိုးမရှိဘူးလို့ ဘယ်သူကပြောလဲ။ ကျုပ်က တစ်သန်းတန်တယ်လို့ပြောရင် တစ်သန်းတန်လို့ပဲ"

လီရုန်ရုန် အံ့အားသင့်သွားလေသည်။ ထိုအမွှေးတိုင်ပုလင်းကို သူ(မ) ကြည့်လိုက်စဉ်တုန်းက ထူးခြားသည့်တစ်စုံတစ်ရာကို သတိမထားမိခဲ့ချေ။ ဤသည်မှာ သာမန်အမွှေးတိုင်ပုလင်းတစ်ခုဖြစ်ပြီး ထိုကဲ့သို့သောပုလင်းများမှာ ပေါလွန်းလှသဖြင့် ဘာတန်ဖိုးမှမရှိပေ။

"ဟားဟား ရုန်ရုန်.. ဒါက မင်းခန့်ထားတဲ့ ရာပြတ်ပဲ။ ကိုယ်ပြောတာမှန်တယ်နော်။ လူလိမ်တွေကို မခေါ်မိစေနဲ့။ သူက ဒီအမျိုးသမီးကြီးနဲ့ပေါင်းပြီး မင်းကိုလိမ်နေတာလို့ ထင်တာပဲ"

ထိုအမျိုးသမီးကြီးကလည်း မကျေနပ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကောင်လေး..စကားပြောတာဆင်ခြင်နော်။ ဒီကောင်လေးကို ငါ လုံးဝမသိဘူး။ ငါက ဘဝတစ်လျှောက်လုံး ရိုးရိုးသားသားနေလာခဲ့တာ။ ဘယ်တုန်းကမှ မရိုးသားတာမျိုး မလုပ်ခဲ့ဖူးဘူး။ မင်း မဝယ်ချင်ဘူးဆိုရင်လည်း ငါမရောင်းဘူး"

ယဲ့ချန်းက သူ(မ)ကို တားလိုက်လေသည်။

"အဘွား.. ကျွန်တော်တို့ ဒီအမွှေးတိုင်ပုလင်းကို တကယ်ဝယ်မှာပါ"

ထို့နောက် ယဲ့ချန်းက လီရုန်ရုန်ဘက်သို့လှည့်လိုက်သည်။

"ရုန်ရုန်.. မင်း ငါ့ကိုယုံရင် ဒီအမွှေးတိုင်ပုလင်းကို ဝယ်လိုက်ပါ။ မဟုတ်ရင်လည်း ငါပဲ ပိုက်ဆံပေးလိုက်မယ်"

ဤစကားကိုကြားသော် ခုန်းရွှီက အမြန်ဝင်ပြောလိုက်သည်။

"ရုန်ရုန်.. သူ့ကိုမယုံနဲ့။ ဒါက လမ်းဘေးမှာရောင်းတဲ့ ယွမ်နှစ်ဆယ်တောင်မတန်တဲ့ သာမန်အမွှေးတိုင်ပုလင်းတစ်လုံးပဲ"

လီရုန်ရုန်ကမူ ကြီးမားလှသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။

"အဘွား ကျွန်မ ဒီအမွှေးတိုင်ပုလင်းကို ဝယ်လိုက်ပါ့မယ်"

"ဘာ? ရုန်ရုန်.. မင်းရူးသွားပြီလား"

ခုန်းရွှီက ထိုသို့ရေရွတ်ပြီးနောက် အမူအရာကား လုံးဝပြောင်းလဲသွားချေသည်။

လီရုန်ရုန်က ယဲ့ချန်းကိုကြည့်၍ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။

"ယဲ့ချန်း ကျွန်မ ရှင့်ကိုယုံတယ်"

••••••••••••••••

All Chapters