ပြိုင်ဘက်ကင်းသော
Vol. 9 Ch. 123
ခုန်းရွှီက ဒေါသတကြီးပြောလိုက်၏။
"ရုန်ရုန်.. ကိုယ်က ဟွားချင်းတက္ကသိုလ်က ရှေးဟောင်းသုတေသနမေဂျာနဲ့ ဘွဲ့ရထားတာ။ ပြီးတော့ ဟွားနိုင်ငံမှာ နံပါတ်တစ်ရတနာရာပြတ်တစ်ယောက်ပါ။ မင်းက ကိုယ့်ကိုတော့မယုံဘဲ ဒီလူလိမ်ကိုတော့ ယုံတယ်ပေါ့"
လီရုန်ရုန်က အေးတိအေးစက်ပြန်ပြောလိုက်သည်။
"ခုန်းရွှီ..ကျွန်မက ဒီဆိုင်ပိုင်ရှင်ပါ။ လက်ခံတာ လက်မခံတာက ကျွန်မကိစ္စ။ အဲဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကိစ္စကို ဝင်မစွက်ဖက်ပါနဲ့"
ထိုသို့ပြောပြီးနောက် လီရုန်ရုန်က ထိုအမျိုးသမီးကြီးကို ငွေချေလိုက်သည်။
ယဲ့ချန်းကလည်း ထိုအမျိုးသမီးကြီးကို တံခါးဝအထိ လိုက်လံပို့ဆောင်ပြီးနောက် ပြောလိုက်လေသည်။
"အဘွား..အဘွားရဲ့ယောက်ျားကို ရန်အိုက်ဆေးရုံကို ခေါ်သွားလို့ရပါတယ်။ ကျွန်တော့်နာမည်သာ ပြောလိုက်ပါ။ အဘွားရဲ့ယောကျ်ားကို အကောင်းဆုံးကုသမှုတွေ ပေးကြမှာပါ"
ထိုအမျိုးသမီးကြီးက သူ့အား ကျေးဇူးတင်စကားပြောပြီး ထွက်သွားခဲ့သည်။
ခုန်းရွှီက ယဲ့ချန်းကိုစိုက်ကြည့်ပြီး အေးတိအေးစက်ပြောလိုက်လေသည်။
"အိုး.. မင်းက ဒီအမွှေးတိုင်ပုလင်းကို တစ်သန်းတန်တယ်လို့ပြောလိုက်တာလား။ အဲဒါက ဘယ်လိုလုပ်ပြီး တစ်သန်းတန်လဲဆိုတာ ငါမြင်ချင်စမ်းပါဘိ"
လီရုန်ရုန်လည် အလွန်စိတ်မအေးလက်မအေးဖြစ်သွားရသည်။
တကယ်တမ််းတွင် ဤအမွှေးတိုင်ပုလင်းက တန်ဖိုးမရှိကြောင်း သူ(မ)လည်း ခံစားမိသည်။ သို့သော် သူ(မ) ယဲ့ချန်းကို ဘာကြောင့်ယုံကြည်ခဲ့မိသလဲဆိုသည်ကိုမူ မသိချေ။
ယဲ့ချန်းက သူ(မ)ကို လှည့်စားလိမ့်မည်မဟုတ်ကြောင်း အတပ်ယုံကြည်ထားသည်။ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသူများကလည်း ခေါင်းခါယမ်းမိကြသည်။
"မန်နေဂျာလီ ဒီတစ်ခေါက်တော့ ရှင် လွဲသွားပြီ။ ဒီလိုအမွှေးတိုင်ပုလင်းမျိုးကို ဘယ်နေရာမှာမဆို သွားဝယ်လို့ရတယ်။ အဲဒါတွေက ဘာတန်ဖိုးမှမရှိဘူး"
"ဟုတ်တယ် မန်နေဂျာလီ.. ခင်ဗျားက ဟွားချင်းတက္ကသိုလ်က ရှေးဟောင်းသုတေသနမေဂျာနဲ့ ဘွဲ့ရထားတာလေ။ ဘယ််လိုဖြစ်ပြီး ဒီလိုအမှားမျိုး ကျူးလွန်ရတာလဲ"
"ဒီအမျိုးသမီးကြီးက လူလိမ်လို့ထင်တာပဲ။ အဘိုးကြီးနေမကောင်းလို့ ဆေးကုသစရိတ်မတတ်နိုင်ဘူးဆိုတဲ့ ဇာတ်လမ်းကလည်း ရိုးနေပြီ"
လူအုပ်ကြီးထံမှ စကားများကိုနားထောင်ရင်း ခုန်းရွှီမှာ ပို၍ပင် စိတ်ကျေနပ်သွားရသည်။
"ရုန်ရုန်.. ကိုယ် မင်းကို ရဲခေါ်ဖို့ အကြံပေးချင်တယ်။ ဒီကောင်နဲ့ အဲဒီအဘွားကြီးကို ဖမ်းခိုင်းလိုက်။ သူတို့နှစ်ယောက်ပေါင်းကြံပြီး မင်းကိုလိမ်လည်ခဲ့ကြတယ်လို့ထင်တာပဲ"
"ရုန်ရုန်.. ဒီကောင့်ကို ဆိုင်ထဲကမောင်းထုတ်လိုက်ဖို့ အကြံပေးချင်တယ်။ သူ့ပါးစပ်က တော်တော်စည်းမရှိတာ"
ယဲ့ချန်းကတော့ ခုန်းရွှီကို သူ့နားပတ်ပတ်လည်တွင် တဝီဝီပျံသန်းနေသော ယင်ကောင်တစ်ကောင်လိုသာ သဘောထားသည်။ အလွန်စိတ်ရှုပ်ဖို့ကောင်းလိုက်သည့်ဖြစ်ခြင်း...။
"ချာတိတ်.. မင်း ဒီနေ့တော့ ဒီအမွှေးတိုင်ပုလင်းက တစ်သန်းတန်တယ်ဆိုတာကို သက်သေပြမှဖြစ်မယ်။ မဟုတ်လို့ကတော့ ငါ ရဲခေါ်လိုက်မှာနော်။ မင်းတို့လိုလူလိမ်တွေ ရုန်ရုန့်ကို လှည့်စားနေတာ ငါ ခွင့်မပြုနိုင်ဘူး"
"နားညည်းလိုက်တာ"
ယဲ့ချန်းက အမွှေးတိုင်ပုလင်းကို ကောက်ယူ၍ ပြောလိုက်၏။
"ဓားသေးသေးလေးတစ်ချောင်းရှိလား"
ဝန်ထမ်းလေးက ဓားသေးသေးလေးတစ်ချောင်းကို ယူလာပေးလေရာ ယဲ့ချန်းလည်း ထိုပုလင်းကို ထိုးကလော်လိုက်၏။ လူတိုင်း မယုံမကြည်ဖြစ်သွားရသည်မှာ ထိုပုလင်း၏အတွင်းဘက်၌ ကျောက်စိမ်းတစ်ပွင့်ကို ဝှက်ထားလေသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့ဩမှင်တက်သွားချေသည်။
ယဲ့ချန်းကလည်း ထိုကျောက်စိမ်းကို ထုတ်ယူလိုက်၏။ ဤကျောက်စိမ်းမှာ သွေးမျက်ရည်ကျောက်စိမ်းဟုခေါ်ပြီး တန်ဖိုးကား တစ်သန်းဝန်းကျင်ရှိသော်ငြား ဤကျောက်စိမ်းအမျိုးအစားကား အလွန်ရှားပါးလွန်းလှသဖြင့် လေလံပွဲတွင် ငါးသန်းကျော်အထိ ရနိုင်သည်။
လီရုန်ရုန်လည်း ကျောက်စိမ်းကိုယူပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
"ဟုတ်တယ်။ ဒါက သွေးမျက်ရည်ကျောက်စိမ်းအစစ်ပဲ"
လီရုန်ရုန်မှာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ခုန်းရွှီကလည်း ထိုကျောက်စိမ်းကို မယုံကြည်နိုင်ဟန်ဖြင့် ကောက်ယူကာ ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် ကြောင်အသွားချေသည်။
"တကယ့်အစစ်ကြီးပဲ။ ဒီကျောက်စိမ်းက သွေးမျက်ရည်ကျောက်စိမ်းအစစ်ကြီး..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အစောတုန်းက ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသူများမှာ လက်မထောင်ပြကြပြန်သည်။
"ဝိုး.. ဒီအမွှေးတိုင်ပုလင်းရဲ့အထဲမှာ ထူးခြားဆန်းကြယ်မှုတစ်ခုရှိနေမှန်း ဘယ်သူကသိမှာလဲ"
"မစ္စတာယဲ့..အထင်ကြီးသွားပြီဗျာ။ ခင်ဗျားက သိပ်တော်တာပဲ"
"အဲဒီနေ့တုန်းက မစ္စတာယဲ့က သွေးကျောက်မျက်အတုကို ဖော်ထုတ်ပေးခဲ့တယ်လေ။ ဒီနေ့ကျတော့ အမွှေးတိုင်ပုလင်းထဲက သွေးမျက်ရည်ကျောက်စိမ်းကို ရှာတွေ့ပြန်ရော။ အံ့ဩဖို့ကောင်းလိုက်တာ"
ခုန်းရွှီက သူ့လက်ထဲရှိ သွေးမျက်ရည်ကျောက်စိမ်းကို အံ့အားသင့်စွာစိုက်ကြည့်နေမိသည်။
"မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။ ဒါက မင်းနဲ့ အဲဒီအဘွားကြီးက ရုန်ရုန့်ကိုအယုံသွင်းဖို့ သက်သက်ထောင်ချောက်ဆင်ထားတာ"
ခုန်းရွှီက မလိုလားလေဟန်ဖြင့် အော်ဟစ်လိုက်ချေသည်။
"မဟုတ်ရင် အဲဒီအမွှေးတိုင်ပုလင်းထဲမှာ သွေးမျက်ရည်ကျောက်စိမ်းရှိနေမှန်း တစ်ချက်ကြည့်ရုံနဲ့ ဘယ်လိုလုပ်သိမှာလဲ"
ခုန်းရွှီ၏စကားများကိုကြားသောအခါ လူတိုင်းက ယဲ့ချန်းကို ကြည့်လိုက်မိကြသည်။
ခုန်းရွှီ၏စကားများမှာ ကျိုးကြောင့်သင့်ပေသည်။ ယဲ့ချန်း၏ ရာပြတ်စွမ်းရည်က မည်မျှကောင်းမွန်သည်ဖြစ်စေ သွေးမျက်ရည်ကျောက်စိမ်းမှာ အမွှေးတိုင်ပုလင်းထဲတွင် ရှိနေခြင်းပင်။
ယဲ့ချန်းကတော့ တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းလိုအရူးမျိုးနဲ့ စကားပြောရတာလည်း တော်တော်ဒုက္ခများတာပဲ"
ထို့နောက် ယဲ့ချန်းက အမွှေးတိုင်ပုလင်းကို ကောက်ယူပြီး ပြောပြလိုက်သည်။
"အားလုံးပဲ ကြည့်ကြည့်ကြပါ။ ဒီအမွှေးတိုင်ပုလင်းရဲ့ အောက်ခြေက အနီရောင်ဖြစ်နေပါတယ်။ သွေးမျက်ရည်ကျောက်စိမ်းက အပူပေးလိုက်ရင် အနီရောင်အရည်ကို ထုတ်လွှတ်တတ်တယ်။ အဲဒါကြောင့် အချိန်တွေကြာလာတော့ ဒီအမွှေးတိုင်ပုလင်းရဲ့အောက်ခြေက အနီရောင်ပြောင်းသွားတာပေါ့။ အဲဒီလိုနဲ့ပဲ ကျွန်တော်လည်း ဒီထဲမှာ သွေးမျက်ရည်ကျောက်စိမ်းရှိတယ်ဆိုတာ ကောက်ချက်ချနိုင်ခဲ့တာပါ"
"ဒီလိုကိုး"
အားလုံး သဘောပေါက်သွားကြသည်။
"မစ္စတာယဲ့က ကျွမ်းကျင်သူအစစ်ပါပဲ"
"သူက ရတနာရာပြတ်ကျွမ်းကျင်သူဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ငါ ယုံလိုက်ပါပြီ"
"မိုက်လိုက်တာနော်။ အထင်ကြီးဖို့ကောင်းချက်.."
....
ခုန်းရွှီခမျာ စကားတစ်ခွန်းမှမဟနိုင်တော့ချေ။
ယဲ့ချန်းက ခုန်းရွှီကို လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ပြော၏။
"ထိပ်တန်းကျောင်းသား.. အခုလောက်ဆိုရင် ဟွားချင်းတက္ကသိုလ်က ဘွဲ့ရတိုင်း သိပ်ကြီးကျယ်ခမ်းနားနေတာမဟုတ်ဘူးဆိုတာ မင်းသိရောပေါ့။ မကြားလိုက်ဘူးလား။ တကယ့်ကျွမ်းကျင်သူတွေဆိုတာ သာမန်လူတွေထဲမှာရှိနေတာ"
လီရုန်ရုန်က ယဲ့ချန်း၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်လေသည်။
"ယဲ့ချန်း.. ရှင်က တကယ်တော်တာပဲ. ကျွန်မ ရှင့်ကို ရတနာရာပြတ်အဖြစ် ခန့်ထားနိုင်တာကို ဂုဏ်ယူမိတယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဒါပေမဲ့ ငါ တော်တော်အလုပ်များတာ။ နေ့တိုင်းလည်း တက္ကစီမောင်းရတယ်ဆိုတော့ တစ်ခါတလေလောက်ပဲ အကဲဖြတ်ပေးနိုင်မှာ"
တက္ကစီမောင်းတာတဲ့လား?
လူတိုင်းမှာ ရုတ်ခြည်းကြက်သေသေသွားရသည်။
ဤမျှထူးချွန်ပြောင်မြောက်သော ရာပြတ်စွမ်းရည်မျိုး ရှိနေပါလျက်နှင့် သူက တက္ကစီမောင်းနေသတဲ့လား။
လူတိုင်း အတန်ငယ်စိတ်ရှုပ်ထွေးသွားရသည်။
ခုန်းရွှီ၏မျက်နှာထက်တွင်မူ ဒေါသရိပ်များ ဖုံးလွှမ်းသွားသည်။
လီရုန်ရုန်နှင့် ခုန်းရွှီတို့နှစ်ယောက်စလုံးက ဟွားချင်တက္ကသိုလ်မှ ဘွဲ့ရထားကြသူများပင်။ ခုန်းရွှီက လီရုန်ရုန်ကို တစ်ချိန်လုံးသဘောကျနေခဲ့ပြီး တက္ကသိုလ်ကတည်းက သူ(မ)ကို လိုက်ပိုးခဲ့သည်။
သို့သော် လီရုန်ရုန်ကတော့ သူ့အပေါ် ဘာခံစားချက်မှမရှိပေ။
အစတုန်းကတော့ ယနေ့ လီရုန်ရုန့်ရှေ့တွင် ဟိတ်ဟန်ထုတ်ပြချင်ခဲ့သော်ငြား အရှက်သာအခွဲခံလိုက်ရသည်။
လီရုန်ရုန်က နာရီကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"အိုး. ကျွန်မ ဒီည တွေ့ဆုံပွဲတစ်ခုရှိတယ်။ အချိန်လည်နီးနေပြီ။ ယဲ့ချန်း သွားကြစို့"
ခုန်းရွှီက အလျင်စလိုပြောလိုက်လေသည်။
"ရုန်ရုန် ကိုယ့်ကားနဲ့သွားလေ"
လီရုန်ရုန်လည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"မလိုပါဘူး။ ကျွန်မက သူစိမ်းရဲ့ကားကို လိုက်မစီးတတ်ဘူး"
ခုန်းရွှီ : “…”
သူတို့နှစ်ယောက်က တက္ကသိုလ်အတူတက်ခဲ့ကြပြီး ရှေးဟောင်းသုတေသနမေဂျာတွင် အတူရှိခဲ့ကြသော်ငြား ယခုမူ သူစိမ်းတဲ့လား။
ခုန်းရွှီကတော့ လက်မလျှော့သေးပေ။
"ရုန်ရုန်.. မင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သွားမှာဆိုတော့ တက္ကစီဒရိုင်ဘာတစ်ယောက်ရဲ့ကားနဲ့သွားတာ မသင့်တော်ဘူးလေ။ ကိုယ့်ရဲ့BMWကိုယူသွားတာ ပိုကောင်းလိမ့်မယ်"
ယဲ့ချန်းက ခုန်းရွှီကို လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ကြည့်လိုက်လေသည်။
"မင်းရဲ့ကားက ငါ့ကားထက် ပိုကောင်းတာ သေချာရဲ့လား"
ခုန်းရွှီလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
"ဒါပေါ့။ ငါ့ကားက BMW 740လေ။ တစ်သန်းကျော်ပေးရတယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုကားမျိုးကို စီးနိုင်မှာမို့လို့လဲ"
ယဲ့ချန်းက သူ့ကားသော့ကိုထုတ်ပြီး အသာနှိပ်ချလိုက်သည်။
မလှမ်းမကမ်းတွင် အလွန်မိမိုက်လှသော Lykanကားတစ်စီးက မီးရောင်တစ်ချက်လင်းလာပြီးနောက် ကားတံခါးများကလည်း အထက်သို့ ပွင့်တက်သွားလေသည်။
"ဒီကားလား? Lykan?"
ခုန်းရွှီခမျာ ယဲ့ချန်း၏ကားကို စိုက်ကြည့်ရင်း ပြောစရာစကားများ ပျောက်ရှသွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? တက္ကစီဒရိုင်ဘာတစ်ယောက်မှာ ဒီလောက်ကောင်းတဲ့ကားမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ?
ခုန်းရွှီခမျာ လုံးဝနားမလည်နိုင်ဖြစ်သွားချေသည်။ လီရုန်ရုန်လည်း ကြက်သေသေသွားသည်။
သူ(မ) ဤLykanကို လိုင်းပေါ်မှာ မြင်ဖူးသည်။ တန်ဖိုးအားဖြင့် တစ်ဘီလျံကျော်ရှိပြီး ခုန်းရွှီ၏BMWက ယဲ့ချန်းကား၏ မီးသီးတစ်လုံးစာပင် မရှိပေ။
ယဲ့ချန်းက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ခုန်းရွှီကိုကြည့်၍ ပြောလိုက်၏။
"မင်းကားက ငါ့ကားထက် ပိုဈေးကြီးတယ်လို့ ထင်နေတာလား"
"ငါ.."
ခုန်းရွှီ လုံးဝဆွံ့အသွားလေတော့သည်။
ယခုမူ သူသည် ယဲ့ချန်းနှင့် အဆင့်ချင်းမတူကြောင်း သဘောပေါက်သွားလေပြီ။ ရုပ်ရည်အရလည်း ယဲ့ချန်းနှင့် သူမယှဉ်နိုင်ချေ။ ရာပြတ်စွမ်းရည်အရာတွင်လည်း ယဲ့ချန်းထက် ပိုညံ့သည်။
ထို့ပြင် ယဲ့ချန်းက တစ်ဘီလျံတန်ကားတစ်စီးကို စီးနေချိန်မှာ သူကတော့ BMWကိုသာ စီးနေရသည်။
ခုန်းရွှီ ဝမ်းနည်းပက်လက်ဖြစ်သွားရသည်။ သူသည် သူ့ကိုယ်သူ အောင်မြင်နေသောလူကြီးလူကောင်းတစ်ယောက်ဟု ထင်နေခဲ့မိသည်။ ယခုမူ ယဲ့ချန်းနှင့်ယှဉ်လိုက်ပါက သူ့ကိုယ်သူ သနားစရာကောင်းကြောင်း သိလိုက်ရလေပြီ။
ခုန်းရွှီခမျာ ချစ်ရသူအမျိုးသမီးက အခြားလူ၏ကားထဲသို့ ဝင်သွားတာကို ကြည့်ရင်း လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
"ယဲ့ချန်း နေနှင့်ဦးပေါ့ကွာ။ ငါ ရုန်ရုန့်ကို မင်းလက်ထဲ အသာတကြည်ထည့်မပေးလိုက်နိုင်ဘူး"
••••••••••••••