← Chapters

တကယ့်လူကုံထံစစ်စစ်

Vol. 9 Ch. 125

တကယ့်လူကုံထံစစ်စစ်

Vol. 9 Ch. 125

မန်နေဂျာလီကမူ ယဲ့ချန်း၏စကားကြောင့် အော်ရယ်လိုက်လေတော့သည်။

"ဟားဟား ရယ်သေတော့မှာပဲ။ မင်းမှာ ပလက်တီနမ်မန်ဘာကတ်ရှိတယ်ပေါ့။ လာနောက်နေတာပဲ။ မင်းကိုယ်မင်း ကြည့်စမ်းပါဦး။ မင်းလိုအရှုံးသမားတစ်ယောက်မှာ ပလက်တီနမ်မန်ဘာကတ်ရှိလိမ့်မယ်လို့ တကယ်ထင်နေတာလား"

ကျန့်လုံလည်း အော်ရယ်လိုက်မိသည်။

သူသည် လုဟွားဂေါက်ကွင်းတွင် တစ်သန်းလောက်သုံးထားပြီးဖြစ်သည့်တိုင် ပလက်တီနမ်မန်ဘာကတ်ရနိုင်သည့် အခွင့်အရေးတော့ မရသေးပေ။

ပလက်တီနမ်မန်ဘာကတ်ဆိုသည်မှာ အဆင့်အတန်းပြယုဂ်တစ်ခုပင်။

ကျန့်လုံလည်း ထိုပလက်တီနမ်မန်ဘာကတ်ကို ရနိုင်ခြေရှိမရှိ စုံစမ်းခဲ့ဖူးသည်။ ပလက်တီနမ်မန်ဘာကတ်ဆိုသည်မှာ ငွေရှိတိုင်း ဝယ်ယူ၍မရနိုင်ဟု အကြောင်းပြန်လာခဲ့သည်။

မိုတုမြို့ထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များသာ ပလက်တီနမ်မန်ဘာကတ်ကို ပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော် ယဲ့ချန်းကဲ့သို့ အရှုံးသမားတစ်ယောက်က ထိုကတ်ကိုပိုင်ဆိုင်ထားသည်ဟု ဆိုလာချေသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။

မန်နေဂျာလီက သရော်ပြုံးပြုံးလျက် ပြောလိုက်လေသည်။

"မင်းမှာ ပလက်တီနမ်မန်ဘာကတ်ရှိတယ်ဆိုရင် လုဟွားဂေါက်ကွင်းမှာ ဘာမဆိုလုပ်လို့ရတယ်။ မင်းကြိုက်တဲ့ကွင်းမှာ ရိုက်နိုင်တယ်။ ဒါပေမဲ့ အဲဒီကတ်မျိုးကို စီးပွားရေးလောကထဲက ထိပ်တန်းပုဂ္ဂိုလ်တွေပဲ ပိုင်ဆိုင်နိုင်တာ။ မင်းမှာ.."

မန်နေဂျာလီက ယဲ့ချန်းကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်လေသည်။

"..အဲဒီလိုအရည်အချင်းမျိုးမရှိတာ သေချာတယ်"

ပတ်ပတ်လည်ရှိ လူတိုင်းမှာ ခေါင်းတခါခါလုပ်မိကြသည်။

လူတော်တော်များများကတော့ ယဲ့ချန်းအနေနှင့် သွေးကြီးမွေးကြီးနိုင်သော ထိုသူဌေးများ၏မျက်နှာကို ဖြတ်ရိုက်နိုင်ဖို့ မျှော်လင့်နေကြသည်။

သို့တိုင် မိုတုမြို့ထဲရှိ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များမှာ ဤမျှငယ်ရွယ်ဟန်မတူပေ။

ထို့ပြင် ယဲ့ချန်း၏အဝတ်အစားများက အလွန်သာမန်ဆန်လွန်းလှသည်။ သူ့ပုံစံမှာ လုပ်ငန်းရှင်တစ်ယောက်နှင့်လည်း မတူချေ။

ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်မိသည်။ ထို့နောက် လူတိုင်းရှေ့မှာပင် အိတ်ကပ်ထဲသို့ လက်နှိုက်ထည့်၍ ပလက်တီနမ်မန်ဘာကတ်တစ်ကတ်ကို ထုတ်လိုက်၏။

"ဆောရီး..ငါ့မှာ တစ်ကတ်ရှိတယ်"

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဘာရယ်?

မန်နေဂျာလီလည်း ယဲ့ချန်း၏လက်ထဲရှိကတ်ကို အကြောင်သားစိုက်ကြည့်နေမိသည်။ ကျန့်လုံလည်း ကြက်သေသေသွားကြသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အရှုံးသမားတစ်ယောက်က ပလက်တီနမ်မန်ဘာကတ်ကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ?

လီရုန်ရုန်လည်း ယဲ့ချန်းအား အံ့ဩမှင်တက်စွာ ကြည့်လိုက်မိသည်။ ယဲ့ချန်းက သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူ(မ)သိထားသော်လည်း စီးပွားရေးလောကထဲရှိ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားပေ။

ပွဲကြည့်ပရိသတ်များလည်း မှင်တက်သွားလေသည်။

မဖြစ်နိုင်တာ.. ဒီလူငယ်လေးမှာ ပလက်တီနမ်မန်ဘာကတ် တကယ်ကြီးရှိနေတာလား?

မန်နေဂျာလီခမျာ ထိုပလက်တီနမ်မန်ဘာကတ်ကို လှမ်းယူလိုက်ချိန်တွင် လက်များ အတုန်တုန်အယင်ယင်ဖြစ်နေရှာသည်။ ထို့နောက် ထိုကတ်ကို အတည်ပြုပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားချေသည်။

"မစ္စတာယဲ့..တောင်းပန်ပါတယ်။ ခင်ဗျားက ပလက်တီနမ်မန်ဘာကတ်ပိုင်ရှင်ပဲ။ ခင်ဗျား ဒီကွင်းထဲမှာ ဆက်ကစားနိုင်ပါတယ်ဗျ"

မန်နေဂျာလီခမျာ လုပ်ပြုံးပြုံးလိုက်မိသည်။

ယခုမူ သူ အပြင်းအထန် နောင်တရနေမိသည်။ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ကို အပြစ်ပြုမိပါက သူ့မန်နေဂျာရာထူးပါ ဆုံးရှုံးရနိုင်သည်။

မန်နေဂျာလီက ကျန့်လုံကိုပြောလိုက်၏။

"မစ္စတာကျန့် ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ပလက်တီနမ်မန်ဘာကတ်ပိုင်ရှင်ကို မနှောင့်ယှက်ပါနဲ့။ ခင်ဗျားကို အခုချက်ချင်း ထွက်သွားပေးစေချင်ပါတယ်"

ပွဲကြည့်နေကြသူများမှာ စိတ်လှုပ်ရှားသွားကြလေတော့သည်။

"ဟားဟား ညီအစ်ကိုရေ မိုက်လိုက်တာ! ငါတို့က မင်းကို ကြေးတုံးကြီးလို့ထင်နေတာ။ တကယ်တော့ မင်းက ဘုရင်တစ်ပါးဖြစ်နေတာကိုး"

"မင်းရဲ့ရွှေရောင်မန်ဘာကတ်က ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ သူ့မှာ ပလက်တီနမ်မန်ဘာကတ်ရှိနေတယ်လေ။ အခု ဘယ်သူက အရူးဖြစ်သွားတာလဲ"

"ဟားဟား..ဒီရွှေရောင်မန်ဘာကတ်ပိုင်ရှင်တွေက သူတို့ကိုယ်သူတို့ ကမ္ဘာကြီးကို အုပ်စိုးနိုင်ပြီလို့ထင်နေတာ။ ဒါပေမဲ့ ခပ်လျှိုလျှိုလေးနေတတ်တဲ့ ပလက်တီနမ်မန်ဘာကတ်ပိုင်ရှင်က ဘယ်လောက်တောင်ချမ်းသာလိုက်သလဲဆိုတာ ကြည့်စမ်းပါဦး"

....

လူအုပ်ကြီးထံမှ လှောင်ပြောင်ထေ့ငေါ့လေဟန် မှတ်ချက်စကားများကို ကြားသောအခါ ကျန့်လုံ၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။င

မဖြစ်နိုင်တာ..မဖြစ်နိုင်တာ..

ဒီချာတိတ်က တက္ကစီဒရိုင်ဘာဆို.. သူ့မှာ ဘယ်လိုလုပ်ပြီး ပလက်တီနမ်မန်ဘာကတ်ရှိနေရတာလဲ?

တစ်ခုခုတော့ လွဲနေတာပဲဖြစ်ရမယ်!

ဟုတ်တယ်!

ကျန့်လုံ၏မျက်လုံးအစုံကား တောက်ပသွားချေသည်။

"မန်နေဂျာလီ.. ဒီချာတိတ်က တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။ သူ့မှာ ဘယ်လိုလုပ်ပြီး ပလက်တီနမ်မန်ဘာကတ်ရှိနေရတာလဲ။ ဒီကတ်က အတုကြီးများလားလို့"

"အတုကြီးလား"

မန်နေဂျာလီ၏ အမူအရာကား ဤစကားကြောင့် ပြောင်းလဲသွားလေသည်။ အကယ်၍ အတုဖြစ်ခဲ့ပါက အခြေအနေကလည်း အလွန်ပြင်းထန်သွားပေလိမ့်မည်။

ကျန့်လုံက ယဲ့ချန်းကိုကြည့်၍ လှောင်ပြုံးပြုံးလိုက်လေသည်။

"ချာတိတ်.. မင်းက ကောင်မလေးတွေကို အထင်ကြီးအောင်လုပ်ပြီး ရုန်ရုန့်ကို ကြွားလုံးထုတ်ဖို့အတွက် ပလက်တီနမ်ကတ်ကို အတုလုပ်လို့ရတယ်လို့ ထင်နေတယ်ပေါ့။ ကံဆိုးချင်တော့ ငါ မင်းကို လက်ပူးလက်ကြပ်မိလိုက်တာပဲ"

ကျန့်လုံဘက်က လှောင်ပြောင်သရော်နေပုံကို ကြည့်၍ ယဲ့ချန်းကတော့ သူ့အား ငတုံးတစ်ယောက်အလား ကြည့်လိုက်မိသည်။

ငါက မိန်းမတွေကို လိုက်ပိုးဖို့အတွက် ကတ်အတုလုပ်ဖို့ လိုပါ့မလား?

ဟာသပဲ..

မန်နေဂျာလီလည်း အနည်းငယ်တွေဝေတုံ့ဆိုင်းသွားလေသည်။

ကျန့်လုံက ပြောလိုက်၏။

"မန်နေဂျာလီ..စဉ်းစားကြည့်လိုက်လေ။ လုဟွားဂေါက်ကွင်းရဲ့ ပလက်တီနမ်မန်ဘာကတ် ပေးအပ်မှုက အရမ်းတင်းကျပ်တယ်။ ဂုဏ်ဒြပ်ကြီးမားပြီး အဆက်အသွယ်ပေါတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကိုပဲ ပေးတာ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့များ အဲဒီလိုကတ်မျိုး ရှိနိုင်မှာလဲ"

မန်နေဂျာလီခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဝေါ်ကီတော်ကီကို သုံးလိုက်လေသည်။

"ဥက္ကဋ္ဌချန်း.. သာမန်အဆင့်ဂေါက်ကွင်းထဲမှာ ပလက်တီနမ်မန်ဘာကတ်အတုကိုသုံးနေတယ်လို့ ယူဆရတဲ့ လူတစ်ယောက်ရှိပါတယ်။ ကျေးဇူးပြုပြီး အတည်ပြုပေးပါဦး"

"ဘာ? လူတစ်ယောက်က ကတ်အတုကြီးကိုသုံးနေတာလား"

ဥက္ကဋ္ဌချန်းလည်း အံ့ဩမှင်တက်သွားချေသည်။ လုဟွားဂေါက်ကွင်း၏ ပလက်တီနမ်မန်ဘာကတ်များမှာ ဆယ်ကတ်မျှသာ ထုတ်ထားခြင်းဖြစ်ပြီး ထိုကတ်များကို ထိပ်သီးပုဂ္ဂိုလ်များသာ ကိုင်ဆောင်နိုင်သည်။

မည်သူကများ ကတ်အတုကို သုံးရဲသလဲ။

ချန်းဟုန်လည်း ဖုန်းချပြီးနောက် အမှတ်သုံးကွင်းထဲသို့ သွားလိုက်လေသည်။

မန်နေဂျာလီက ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ဒီလူငယ်လေးက ပလက်တီနမ်မန်ဘာကတ်ကို သုံးထားပါတယ်။ ကျွန်တော်ကတော့ အတုဖြစ်နေမယ်လို့ သံသယဖြစ်မိတယ်ဗျ"

ချန်းဟုန်လည်း ထိုပလက်တီနမ်မန်ဘာကတ်ကို လှမ်းယူ၍ နံပါတ်ကိုကြည့်လိုက်၏။

01တဲ့လား!

သူ့မျက်နှာအမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။

ယနေ့မနက်ကပင် ဥက္ကဋ္ဌကိုယ်တိုင် သူ့ကိုဖုန်းဆက်၍ နံပါတ်01ကတ်ကို ယဲ့ချန်းဟု အမည်ရသည့် ဩဇာအာဏာကြီးမားလှသော လုပ်ငန်းရှင်တစ်ယောက်ကို ပေးအပ်လိုက်ပြီဖြစ်ကြောင်း ပြောပြထားပြီး သူ့အား သေချာစောင့်ကြည့်ပေးထားရန် မှာကြားထားသည်။

ထိုကတ်ပိုင်ရှင်က သိပ်မကြာခင် ပေါ်လာလိမ့်မည်ဟု သူ ထင်မထားပေ။ ချန်းဟုန်ခမျာ အသက်ပြင်းပြင်းရှူသွင်း၍ တလေးတစားမေးလိုက်ချေသည်။

"မင်္ဂလာပါ ခင်ဗျားက မစ္စတာယဲ့ချန်းလား"

"ဟုတ်ပါတယ်။ ကျုပ်ပါပဲ"

ချန်းဟုန်လည်း ခပ်မြန်မြန်အရိုအသေပေးလိုက်ပြီးနောက် ပြော၏။

"မစ္စတာယဲ့.. ကျွန်တော်တို့ရဲ့အမှားအတွက် တောင်းပန်ပါတယ်။ ခင်ဗျားကစားနေတာကို နှောင့်ယှက်မိသွားပါတယ်။ လုဟွားဂေါက်ကွင်းကိုယ်စား ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်ဗျ"

ချန်းဟုန်က ယဲ့ချန်းကို တလေးတစားတောင်းပန်နေသဖြင့် မန်နေဂျာလီ၏မျက်နှာလည်း ချက်ချင်းပြောင်းလဲသွား၏။

ကျန့်လုံပင် အံ့အားသင့်သွားသည်။

ချန်းဟုန်က ဘယ်သူမို့လို့လဲ?

လုဟွားလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌလေ..

မိုတုမြို့မှာ သူ့ကို အရိုအသေပေးအောင် လုပ်နိုင်တဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်...

မန်နေဂျာလီခမျာ သေသင့်သည့်အပြစ်ကို ကျူးလွန်မိသွားကြောင်း သဘောပေါက်လိုက်သည့်အခါ သွေးဆုတ်ဖြူရော့သွားလေသည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"အခု ငါ အေးအေးဆေးဆေး ဂေါက်ကစားလို့ရပြီလား"

"ဟုတ်ကဲ့ ရပါပြီဗျ"

ချန်းဟုန်မှာ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ရသည်။

"ပြီးတော့ မန်နေဂျာလီနဲ့ ကျန့်လုံက တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။ နောက်တစ်ခါ ငါလာကစားရင် သူတို့ကိုမမြင်ချင်ဘူး"

"စိတ်ချပါ မစ္စတာယဲ့..ကျွန်တော် အခုချက်ချင်းဖြေရှင်းလိုက်ပါ့မယ်"

ဤသို့ပြောပြီးနောက် ချန်းဟုန်က တစ်ဖက်သို့လှည့်ကာ မန်နေဂျာလီကို အေးတိအေးစက်စိုက်ကြည့်လိုက်သည်။

"ဥက္ကဋ္ဌချန်း ကျွန်တော်..."

ဖြောင်း!

ဖြောင်းခနဲရိုက်ချက်တစ်ချက်က မန်နေဂျာလီ၏မျက်နှာထက်သို့ သက်ဆင်းသွားလေသည်။

"လီသုန်း မင်းကိုအလုပ်ထုတ်လိုက်ပြီ။ အခုချက်ချင်း ဘဏ္ဍာရေးဌာနနဲ့ စာရင်းသွားရှင်းချေ။ ပြီးတော့ လုဟွားဂေါက်ကွင်းကို နောက်တစ်ခါခြေချဖို့ စိတ်မကူးနဲ့"

ဘာ?

မန်နေဂျာလီခမျာ တုန်ယင်သွားရှာပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

"အရှုံးသမား"ဟု သူထင်ခဲ့မိသော ထိုလူက သူ အပြစ်ပြု၍မဖြစ်သော လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားချေ။

စကားတစ်ခွန်းမျှဖြင့် ထိုလူက သူ၏လစာတစ်သန်းတန်ထမင်းပန်းကန်ကို ရိုက်ခွဲပစ်လိုက်ချေပြီ။

ချန်းဟုန်လည်း ကျန့်လုံဘက်သို့ လှည့်လိုက်၏။

ကျန့်လုံကတော့ ပွစိပွစိပြောနေဆဲပင်။

"ဥက္ကဋ္ဌချန်း ခင်ဗျား နောက်တစ်ခါထပ်စစ်ဆေးလိုက်ပါဦးလား။ တစ်ခုခုများမှားနေတာလား"

ချန်းဟုန်ကတော့ အေးတိအေးစက်သရော်လိုက်သည်။

"မစ္စတာကျန့်.. ခင်ဗျားရဲ့ရွှေရောင်မန်ဘာကတ်ကို ပြန်သိမ်းလိုက်ပါပြီ။ လက်ကျန်ငွေကိုလည်း ခင်ဗျားရဲ့အကောင့်ထဲ ပြန်ထည့်ပေးပါ့မယ်။ ဒီနေ့ကစပြီး ခင်ဗျားကို လုဟွားလုပ်ငန်းစုကနေ အမည်ပျက်စာရင်းသွင်းပြီး ထာဝရဝင်ခွင့်ပိတ်လိုက်ပါပြီ"

"ဘာ?"

ကျန့်လုံလည်း အကြောင်သားဖြစ်သွားလေသည်။

ယဲ့ချန်းထံမှ စကားတစ်ခွန်းက မန်နေဂျာလီကို အလုပ်ပြုတ်သွားစေသည့်အပြင် သူကိုယ်တိုင်ပါ အမည်ပျက်စာရင်းအသွင်းခံရလိမ့်မည်ဟု ထင်မှတ်မထားပေ။

"ချန်းဟုန် ဒါက ဘာသဘောလဲ။ ငါက ဒီနေရာမှာ တစ်သန်းလောက်သုံးထားတာလေ။ အခုကျတော့ မင်းက ငါ့ကို အမည်ပျက်စာရင်းသွင်းတော့မယ်ပေါ့"

ချန်းဟုန်မှာ အေးစက်စက်လှောင်ရယ်လိုက်သည်။

"မစော်ကားသင့်တဲ့လူကို စော်ကားမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်ပါ။ လုံခြုံရေးတွေ.. သူ့ကို အပြင်ခေါ်သွားစမ်း"

လုံခြုံရေးနှစ်ယောက်က ဘာဖြေရှင်းချက်မှမပေးပါဘဲ ကျန့်လုံကို ဂေါက်ကွင်းထဲမှ ဆွဲထုတ်သွားကြလေသည်။

ပွဲကြည့်နေကြသူများမှာ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ဤဇာတ်လမ်းအလှည့်အပြောင်းမှာ အလွန်စိတ်ကျေနပ်ဖွယ်ရာပင်။

ဤလူငယ်လေး၏အစွမ်းကား အံ့အားသင့်ဖွယ်ရာပင်။ သူက ခပ်လျှိုလျှိုနေတတ်ပြီး နောက်ခံအင်အားတောင့်တင်းရုံသာမက သူ့အား စော်ကားခဲ့သည့် လူနှစ်ယောက်ကိုပါ စကားတစ်ခွန်းမျှဖြင့် အပြစ်ပေးလိုက်နိုင်သည်။

ဤသည်မှာ တကယ့်လူကုံထံစစ်စစ်တစ်ယောက်၏ အစွမ်းပင်တည်း!

•••••••••••••••

All Chapters