← Chapters

တပည့်ခံခြင်း

Vol. 9 Ch. 128

တပည့်ခံခြင်း

Vol. 9 Ch. 128

လီရုန်ရုန်က ပရိုဂျက်တာပေါ်ရှိ ကျောက်စာကို ဓာတ်ပုံရိုက်၍ သူ(မ)၏ဖုန်းဖြင့် ယဲ့ချန်းထံသို့ ပို့လိုက်လေသည်။

ယဲ့ချန်းက မီးနီစောင့်နေချိန်တွင် သူ့ဝီချက်အသိပေးစာက ရုတ်တရက်မီးလင်းလာသည်။

"ယဲ့ချန်း.. ရှင် ဓာတ်ပုံထဲက စာတွေကို ဘာသာပြန်နိုင်လား"

လီရုန်ရုန်က ဓာတ်ပုံပို့ထားပေသည်။ ယဲ့ချန်းလည်း ထိုဓာတ်ပုံကို ကြည့်ကြည့်လိုက်၏။ သူ့စိတ်အစဉ်ထဲရှိ သက္ကတဘာသာစကားများကို ခေတ်သစ်ဘာသာစကားအဖြစ် အမြန်ပြောင်းလဲလိုက်သည်။

ယဲ့ချန်းမှာ ကားကို လမ်းဘေးသို့ထိုးရပ်၍ ပြောလိုက်၏။

"ရတာပေါ့။ အဲဒါက အနောက်တိုင်းကနေ ပြည့်တန်ဆာတစ်ယောက်ကိုခေါ်လာပြီး သူမကို အရမ်းအလေးပေးခဲ့တဲ့ ဟန်ဧကရာဇ်လင်အကြောင်းရေးထားတာ။ ဒါပေမဲ့ အဲဒီပြည့်တန်ဆာက သူ့မွေးရပ်မြေက ယောကျ်ားတစ်ယောက်ကို ချစ်နေခဲ့တာလေ။ အဲဒါကြောင့် သူမက ဧကရာဇ်ကို မုန်းတီးပြီး သူ့ကိုသတ်ဖို့ အဆိပ်တွေသုံးခဲ့တယ်"

ထိုအခိုက်ဝယ် စာတမ်းဖတ်ပွဲကား မတိုးသာမဆုတ်သာအခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားလေသည်။

ဤကျောက်စာကိုသာ ဘာသာမပြန်နိုင်ပါက နောက်ဆက်တွဲအလုပ်များကိုလည်း ဆက်လုပ်၍မရနိုင်ချေ။

"အရင်ဆုံး ဒါက ဘယ်ဘာသာစကားလဲဆိုတာကို အရင်ဆုံးဖြတ်ဖို့လိုတယ်။ အဲဒါမှလည်း ဘာသာပြန်နိုင်မှာ"

အကြီးအကဲဖန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

အခန်းတစ်ခုလုံး တိတ်ကျသွားလေတော့သည်။

ဤနေရာတွင် ရှေးဟောင်းစာပေကျွမ်းကျင်ပညာရှင်အမြောက်အများရှိသော်ငြား ဤစာလုံးများကိုမူ လုံးဝမမြင်ဖူးကြပေ။

ထို့ပြင် ဤစာလုံးများမှာ ရုပ်ပြစာလုံးများမဟုတ်ဘဲ ကောင်းကင်ဘုံစာလုံးများအလား နားလည်ခက်ပေသည်။

ပညာရှင်တစ်ယောက်က သက်ပြင်းချလိုက်၏။

"နတ်ဘုရားတစ်ပါးကပဲ ဒီစာလုံးတွေကို ဘာသာပြန်နိုင်လိမ့်မယ်ထင်တယ်"

ထိုအချိန်မှာပင် လီရုန်ရုန်၏ဖုန်းက အသံမြည်လာလေသည်။ သူ(မ) ငုံ့ကြည့်လိုက်သောအခါ ယဲ့ချန်းပို့ထားသောစာကြောင့် အံ့ဩမှင်တက်သွားလေသည်။

လီရုန်ရုန်ခမျာ အသက်ရှူသံများ မြန်ဆန်သွားရသည်။

ယဲ့ချန်းပြောသည့်စကားများကသာ အမှန်တကယ်ဆိုလျှင် ဤသည်မှာ ရှေးဟောင်းသုတေသနသမိုင်းတွင် အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

"ယဲ့ချန်း ရှင် တကယ်ပြောနေတာလား"

"ဒါပေါ့။ တကယ်ပြောနေတာလေ"

လီရုန်ရုန်မှာ အသက်ပြင်းပြင်းရှူသွင်း၍ မတ်တတ်ထရပ်လိုက်သည်။

"ပါမောက္ခဖန်း..ကျွန်မမိတ်ဆွေတစ်ယောက်က ဒီကျောက်စာကို ဖတ်တတ်တယ်တဲ့"

"မင်းရဲ့မိတ်ဆွေလား"

ပါမောက္ခဖန်းခမျာ အံံ့အားသင့်သွားပြီးနောက် သူ့မျက်နှာထက်တွင် ပျော်ရွှင်မှု၏အရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေသည်။

"တကယ်ပြောတာလား။ မင်း သူ့ကို လာခဲ့ခိုင်းလို့ရလား။ ဒါမှမဟုတ် ငါကိုယ်တိုင် သူနဲ့သွားဆွေးနွေးလိုက်ရမလား"

အကြီးအကဲဖန်းက စိတ်လှုပ်ရှားတက်ကြွစွာ မေးလိုက်လေသည်။

လီရုန်ရုန်လည်း ယဲ့ချန်းကို ဖုန်းခေါ်လိုက်ရသည်။

"ယဲ့ချန်း ရှင် လာပေးလို့ရနိုင်မလား။ ဒီကျောက်စာက ကျွန်မတို့အတွက် အရမ်းအရေးကြီးလို့"

"ကောင်းပြီလေ။ လာခဲ့လိုက်မယ်"

အနားရှိ ခုန်းရွှီကတော့ ယဲ့ချန်း၏နာမည်ကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"ရုန်ရုန် မင်း နောက်နေတာလား။ အဲဒီလူက ရှေးဟောင်းစာပေအကြောင်း ဘာသိမှာမို့လို့လဲ"

ယခင်တစ်ခေါက်တုန်းက ယဲ့ချန်းရှေ့တွင် မျက်နှာပျက်ထားသည့်အတွက် ခုန်းရွှီမှာ ယဲ့ချန်းကို အငြိုးအတေးထားနေခြင်းပင်။

လီရုန်ရုန်က ဤကျောက်စာကို ယဲ့ချန်းဖတ်တတ်ကြောင်း ပြောလာသည့်အခါ သူ့စိတ်ထဲ အလွန်မကျေမနပ်ဖြစ်သွားရသည်။

"သူက ဘာလို့မဖတ်တတ်ရမှာလဲ။ သူကဖြင့် ဒီကျောက်စာကို ဘာသာပြန်ပေးပြီးပြီ"

ဘာသာပြန်ပေးပြီးပြီလား?

လူတိုင်း ထိတ်လန့်ကုန်ကြသည်။

လီရုန်ရုန်မှာ ယဲ့ချန်း သူ(မ)ကိုပို့ပေးထားသော အကျဉ်းချုပ်ဇာတ်လမ်းကို ထိုလူအုပ်ကြီးအား ပြောပြလိုက်၏။ ခုန်းရွှီက ရုတ်ခြည်းဆိုသလို အော်ရယ်လေတော့သည်။

"ရုန်ရုန်.. ဒီလူက သက်သက်ဇာတ်လမ်းဆင်နေတာ။ မင်းက အဲဒါကို ယုံတယ်ပေါ့။ တရားဝင်သမိုင်းမှာပဲဖြစ်ဖြစ် တရားမဝင်သမိုင်းကြောင်းတွေမှာပဲဖြစ်ဖြစ် ဒီလိုပေါက်ကရဇာတ်လမ်းမျိုး မရှိဖူးဘူး။ သူက မင်းကို သက်သက််လှည့်စားနေတာ"

လီရုန်ရုန်၏စကားကို နားထောင်ပြီးနောက် အခြားပညာရှင်များလည်း ခေါင်းခါယမ်းလိုက်မိတော့သည်။

"ဟုတ်တယ် ဟန်ဧကရာဇ်လင်က ရောဂါကြောင့် သေဆုံးသွားပြီး ကျန်းကျိုးရဲ့အနောက်ဘက်ဆင်ခြေဖုံးမှာ မြှုပ်နှံခံခဲ့ရတာ။ ဒါပေမဲ့ အဲဒီနေရာက ကျန်းစုနဲ့ ကျယ်ကျန်းတို့နဲ့ မိုင်တစ်ထောင်ဝေးတယ်။ အဲဒါက ဘယ်လိုလုပ်ပြီး ဟန်ဧကရာဇ်လင် ဖြစ်နိုင်မှာလဲ"

အစောတုန်းက တောက်လောင်သွားသော မျှော်လင့်ချက်များမှာ ရုတ်ခြည်းငြှိမ်းသတ်ခံလိုက်ရသည်။

ပါမောက္ခဖန်းလည်း ခေါင်းခါယမ်းလိုက်မိသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက အပြင်ဘက်မှ အထဲသို့ ဝင်ချလာခဲ့သည်။

ယဲ့ချန်းကိုမြင်သောအခါ ခုန်းရွှီက သရော်လေဟန်ဖြင့်ပြောလိုက်သည်။

"လူလိမ်ကောင်.. မင်းကများ ဒီနေရာကိုလာရဲသေးတယ်ပေါ့"

ယဲ့ချန်းကတော့ ခုန်းရွှီကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်မိသည်။

"ဘာသဘောလဲ"

ခုန်းရွှီကမူ အေးတိအေးစက်သရော်လိုက်လေသည်။

"ချာတိတ်.. မင်း ဘယ်နေရာကိုရောက်နေတာလဲဆိုတာသိလား။ ဒီမှာထိုင်နေတဲ့လူတိုင်းက ပါမောက္ခအဆင့်တွေချည်းပဲ။ မင်း ဒီနေရာမှာ လာဟန်ဆောင်ပြနေရင် ရယ်ချင်စရာကြီးဖြစ်နေမှာနော်"

ယဲ့ချန်းကလည်း အေးစက်စက်လေသံဖြင့် ပြန်ပက်လိုက်၏။

"ဟန်ဆောင်တာတဲ့လား။ ငါ ဘယ်လိုဟန်ဆောင်ထားလဲဆိုတာ ပြောစမ်းပါဦး"

ခုန်းရွှီ သရော်ပြုံးပြုံးလိုက်လေသည်။

"မင်းက ဒီကျောက်စာကို ဖတ်တတ်တယ်လို့ပြောတယ်ဆို။ မင်းက ဟန်ဧကရာဇ်လင်ကို အဆိပ်ခတ်ပြီး အသတ်ခံခဲ့ရတာလို့ ပြောခဲ့တယ်မလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ဒီကျောက်စာထဲမှာ ဒီလိုရေးထားတာပဲ။ မယုံရင်လည်း မတတ်နိုင်ဘူး။ ငါ အလုပ်များနေတာ။ တက္ကစီမောင်းရဦးမယ်"

"ဘာ? ဒီလူငယ်လေးက တက္ကစီဒရိုင်ဘာလား"

ယဲ့ချန်း၏အလုပ်အကိုင်ကို ကြားလိုက်ရသောအခါ လူတိုင်း၏စိတ်ထဲရှိ သံသယများမှာ သေချာသွားလေတော့သည်။

ရှေးဟောင်းသုတေသနပညာရှင်များပင် ဘာသာမပြန်နိုင်သော ဤစာလုံးများကို တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ဘာသာပြန်နိုင်မှာလဲ?

ဤလူငယ်လေးတွင်သာ ထိုကဲ့သို့သောစွမ်းရည်မျိုး အမှန်တကယ်ရှိပါက ဟိုးယခင်ကတည်းက ရှေးဟောင်းစာပေဌာနက သူ့အား အလုပ်ခန့်ပြီးနေလောက်ပြီဖြစ်ရာ တက္ကစီမောင်းနေစရာလည်း မလိုပါချေ။

ခုန်းရွှီက ရုတ်တရက်အော်ရယ်လိုက်မိသည်။

"ရုန်ရုန်.. ဒီလူရဲ့သရုပ်မှန်ကို မင်း မြင်ပြီလား။ ပညာရှင်တွေအများကြီးကတောင် မဖြစ်နိုင်ဘူးပြောနေတာကို သူကတော့ ပေါက်ကရတွေပြောနေတုန်းပဲ"

ပါမောက္ခဖန်းလည်း မျက်မှောင်ကြုတ်လိုက်မိ၏။

"လူငယ်လေး.. မင်း ဒီစာလုံးတွေကို နားလည်တယ်ဆိုတာ သက်သေပြနိုင်မလား"

ယဲ့ချန်း ပြောလိုက်လေတော့သည်။

"ဒီဘာသာစကားကို ဝူစွန်းလို့ခေါ်တဲ့ အနောက်တိုင်းဒေသက လူမျိုးစုတစ်ခုကပိုင်တာပါ။ ဒီအပိုင်းကို ဝူစွန်းဘာသာစကားနဲ့ ရေးထားတာ အမှန်ပါပဲ"

"ဝူစွန်းဘာသာစကားလား? သေချာလား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေသည်။

"သေချာပါတယ်"

စနစ်က အစောတုန်းကမှ သူ့အား ရှေးဟောင်းစာပေကျွမ်းကျင်မှုကို ဆုလာဘ်အဖြစ် ပေးထားခဲ့ပြီး ဤဘာသာစကား၏မူလဇစ်မြစ်နှင့် အကြောင်းအရာများကိုပါ ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

ပါမောက္ခဖန်း ခေါင်းတညိတ်ညိတ်လုပ်၍ လက်ခံလိုက်သည်။

"ဝူစွန်းဘာသာစကားကို ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ကို ငါသိတယ်။ သူ့ကို တစ်ချက်ကြည့်ပေးဖို့ ပြောလိုက်မယ်"

ဤသို့ဖြင့် ပါမောက္ခဖန်းက ရှေးဟောင်းစာပေပညာရှင်တစ်ယောက်ထံသို့ ဖုန်းဆက်လိုက်၏။

"အကြီးအကဲဝူ..ကျုပ်ဆီမှာ ကျောက်စာတစ်ခုရှိတယ်။ လူငယ်လေးတစ်ယောက်ကတော့ အဲဒါကို ဝူစွန်းဘာသာစကားလို့ ပြောတယ်။ ခင်ဗျားက ဝူစွန်းဘာသာစကားကို ကျွမ်းကျင်တယ်မလား။ ကြည့်ပေးလို့ရမလား"

"ရတာပေါ့။ ဓာတ်ပုံပို့်လိုက်လေ"

တစ်ဖက်မှ ပြန်စာရောက်လာလေသည်။

ပါမောက္ခဖန်းက ကျောက်စာ၏ဓာတ်ပုံနှင့်အတူ ဘာသာပြန်ထားသည့်စာသားကိုပါ မက်ဆေ့ချ်ပို့လိုက်၏။

ခုန်းရွှီကတော့ တကြွကြွဖြစ်နေလေသည်။

"ယဲ့ချန်း မင်း ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူးမလား။ ပါမောက္ခဝူက ဝူစွန်းဘာသာစကားရဲ့ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ မင်းတော့ ဒီတစ်ခေါက်သွားပြီ။ ပါမောက္ခဝူက မင်းရဲ့ဘာသာပြန်ကို မှားတယ်လို့ အတည်ပြုပေးနိုင်ခဲ့ရင် မင်းဘာပြောမလဲဆိုတာ ငါသိချင်သေးတယ်"

"ဟူး.. ဒီလူငယ်လေးက တော်တော်တက်ကြွနေပေမဲ့ လူလိမ်ဖြစ်နေတာကိုး"

"အမှန်ပဲ။ ဝူစွန်းဘာသာစကားက နားလည်ရအခက်ဆုံးဘာသာစကားတစ်ခုလေ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီးသိမှာလဲ"

"ဒီနေ့ခေတ်လူငယ်တွေများ.. မစဉ်းစားမဆင်ခြင်ဘဲ တအားပြောကြတာပဲ"

ပညာရှင်တစ်သိုက်မှာ ယဲ့ချန်းအား အသိအမှတ်မပြုဟန်ဖြင့် ခေါင်းခါယမ်းနေကြလေသည်။ ယဲ့ချန်းကလည်း ထိုပညာရှင်များကိုကြည့်၍ ခေါင်းတခါခါလုပ်လိုက်ချေသည်။

"ပညာမဲ့ခြင်းက သိပ်ကြောက်ဖို့ကောင်းတာပဲ"

အစည်းအဝေးခန်းမကြီးတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားချေသည်။

ထိုနေရာရှိ လူတိုင်းမှာ ပညာရေးအဆင့်အတန်းမြင့်မားကြသူများပင်။ သို့တိုင် ယဲ့ချန်းကတော့ သူတို့အား ပညာမဲ့များဟု သမုတ်လိုက်၏။

ထိုလူများမှာ ဒေါသူပုန်ထကုန်ကြလေတော့သည်။

"လူငယ်လေး.. မင်းမှာ ယဉ်ကျေးမှုမရှိဘူးပဲ"

"ငါတို့က ပညာမဲ့တယ်ပေါ့လေ? မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ငါတို့ကို ပညာမတတ်ဘူးလို့ ပြောခွင့်ရှိလို့လား"

"ဒီကောင်လေးက လူလိမ်ပဲနေမှာပါ။ အကြီးအကဲဖန်း.. ကျုပ်တို့ သူ့အတွက်နဲ့ အချိန်ကုန်မခံသင့်ဘူးနော်"

...

ယဲ့ချန်းမှာ လျှပ်တစ်ပြက်အတွင်းမှာပင် လူတကာထံမှ ဝေဖန်ခံရတော့သည်။ ခုန်းရွှီကတော့ ဤမြင်ကွင်းကို ပျော်ပျော်ကြီးကြည့်နေလေသည်။

ပါမောက္ခဝူကသာ ယဲ့ချန်း၏ဘာသာပြန်ကို မှားသည်ဟု အတည်ပြုလိုက်ပါက သူလည်း အကျိုးရှိပေလိမ့်မည်။ ယဲ့ချန်း၏သရုပ်မှန်ကို လီရုန်ရုန်ရှေ့၌ ဖော်ထုတ်နိုင်မည့်အပြင် သူ့အား ဟားတိုက်စရာဖြစ်အောင် လုပ်နိုင်သည်။

ထိုအချိန်မှာပင် အကြီးအကဲဖန်း၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

အကြီးအကဲဖန်းကလည်း ဖုန်းကို စပီကာဖွင့်ထားလိုက်သည်။ တစ်ဖက်မှ ဝူလောင်၏ စိတ်လှုပ်ရှားတက်ကြွနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"နတ်ဘုရားတစ်ပါးပဲ။ တကယ့်နတ်ဘုရားစစ်စစ်ပဲ! အကြီးအကဲဖန်း.. ဒီကျောက်စာကို ဘယ်သူဘာသာပြန်ထားတာလဲ။ အရမ်းလက်ဖျားခါဖို့ကောင်းချက်! သူ ဘယ်မှာလဲ? ကျုပ် သူ့ကို ချက်ချင်းတွေ့မှဖြစ်မယ်။ သူ့ဆီက သင်ယူချင်တယ်"

အစည်အဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။ လူတိုင်းမှာ ယဲ့ချန်းအား အကြောင်သားစိုက်ကြည့်နေမိသည်။

ဝူလောင်ဆိုသည်မှာ မည်သူနည်း။

ရှေးဟောင်းစာပေလောကတွင် အာဏာကိုင်စွဲသူတစ်ယောက်ပင်။ ဤနေရာရှိ ပညာရှင်တော်တော်များများမှာ သူ့တပည့်များ ဖြစ်ကြသည်။ သို့သော် ဝူလောင်က ယဲ့ချန်းထံမှ သင်ယူလေ့လာချင်နေပေသည်။

ဒါဆို သူတို့က ယဲ့ချန်းတပည့်ရဲ့ တပည့်တွေဖြစ်သွားတာလား?!

••••••••••••••••

All Chapters