← Chapters

လင်းယောင်ယောင်၏ဆုလာဘ်

Vol. 9 Ch. 130

လင်းယောင်ယောင်၏ဆုလာဘ်

Vol. 9 Ch. 130

ဒေါက်တာလီ၏မျက်နှာကား မည်းခနဲဖြစ်သွားလေသည်။

"ခင်ဗျားကို ဘယ်သူက လိုင်ချီးသီးစားခိုင်းလို့လဲ"

သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ ခဏမျှကြက်သေသေသွားလေသည်။

"ကျွန်မသမီး ဝယ်လာပေးတာလေ။ ဒါတွေကို နိုင်ငံခြားက လေယာဉ်နဲ့သယ်လာတာ။ ကျွန်မ နှစ်လုံးပဲ စားရ‌သေးတယ်"

"ကျုပ် ခင်ဗျားကိုမပြောထားဘူးလား? လိုင်ချီးသီးတွေ မစားပါနဲ့လို့"

ဒေါက်တာလီက အော်ဟစ်လိုက်သည်။

"မစားရဘူးလား။ ကျွန်မ နှစ်လုံးပဲစားရသေးတာပါ"

ဒေါက်တာလီက ဒေါသတကြီးပြောလိုက်သည်။

"လိုင်ချီးသီးမှာ ဂလစ်စရင်ဓာတ်ပါတဲ့အတွက် တစ်လုံးလောက်လေး စားရင်တောင်မှ ခင်ဗျားရဲ့ကျန်းမာရေးအခြေအနေကို ဆိုးဝါးသွားစေနိုင်တယ်"

"အာ!"

သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။

ဒေါက်တာလီလည်း သက်ပြင်းချလိုက်မိသည်။

"မြောက်အာဖရိကက ခရစ္စတယ်စပျစ်သီးသာ မရှိဘူးဆိုရင်"

ရုတ်ခြည်းပင် လီယွမ်ယွမ်၏ခုတင်ရှေ့ရှိ စပျစ်သီးများကို ဒေါက်တာလီ လှမ်းကြည့်လိုက်မိသည်။

ထို့နောက် အနားသို့ ခပ်မြန်မြန်လျှောက်သွားလိုက်ပြီး တစ်လုံးကောက်ကိုင်ကြည့်ကာ နေရောင်အောက်တွင် ခဏမျှ စစ်ဆေးလိုက်သည်။

"ဟုတ်တယ်။ ဒီလိုစပျစ်သီးမျိုးပဲ"

ဒေါက်တာလီက စိတ်လှုပ်ရှားစွာပြောလိုက်၏။

"ဒီစပျစ်သီးတွေကို ဘယ်သူပေးတာလဲဆိုတာ မေးလို့ရမလား"

လီယွမ်ယွမ်ခမျာ တဒင်္ဂမျှ အံ့ဩမှင်တက်သွားပြီးနောက် ပြောလိုက်သည်။

"ယဲ့ချန်း ပေးသွားတာပါ"

"မအံ့ဩတော့ပါဘူး"

ဒေါက်တာလီလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

ရုတ်ခြည်းပင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှာ သူ့ဗိုက်ကို ဆုပ်ကိုင်ထားလိုက်‌သည်။

"အား! ဗိုက်နာလိုက်တာ"

ဒေါက်တာလီက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"လိုင်ချီးသီးကို စားမိလို့ပဲဖြစ်ရမယ်။ ကဲ အခု အဆိပ်ဖြေဖို့အတွက် ဒီကောင်မလေးဆီက ခရစ္စတယ်စပျစ်သီးကို တောင်းကြည့်ရုံပဲတတ်နိုင်တော့တယ်"

"စပျစ်သီးက အဆိပ်ဖြေနိုင်တယ်ပေါ့?"

ထိုအမျိုးသမီးကြီး၏သမီးလည်း အံ့အားသင့်သွားလေသည်။

"ဟုတ်တယ်။ ဒါတွေက ရိုးရိုးစပျစ်သီးတွေမဟုတ်ဘူး။ မြောက်အာဖရိကက ခရစ္စတယ်စပျစ်သီး‌တွေ။ အရသာရှိရုံတင်မကဘူး။ အဆိပ်အားလုံးကိုလည်း ဖြေနိုင်တယ်။ ဒါပေမဲ့ အဲဒီစပျစ်သီးတွေက အရမ်း‌ဈေးကြီးတယ်။ တစ်လုံးကို ယွမ်တစ်ထောင်ကျော်ပေးရတယ်"

ဒေါက်တာလီ၏စကားကို ကြားသောအခါ လူတိုင်း မအံ့ဩဘဲ မနေနိုင်ချေ။

စပျစ်သီးလေးတစ်လုံးက ယွမ်တစ်ထောင်ကျော် ပေးရသတဲ့လား။ စျေးကြီးလိုက်တာ!

ထိုအမျိုးသမီးကြီးလည်း တွေ‌ဝေတုံ့ဆိုင်းစွာ ပြောလိုက်၏။

"မိန်းကလေး..အဲဒီစပျစ်သီးနည်းနည်းလောက် ပေးနိုင်မလား။ ငါ ငွေ‌ချေပါ့မယ်"

အစောတုန်းက သူ(မ)၏လှောင်‌ပြောင်စကားများကို ပြန်‌တွေးမိလိုက်သောအခါ ထိုအမျိုးသမီးကြီးလည်း ရှက်ရွံ့သွားရသည်။

သူ(မ)၏လိုင်ချီးသီးများမှာ စုစုပေါင်းမှ တစ်ထောင်နှစ်ထောင်သာ ကျသင့်သော်လည်း ထိုစပျစ်သီးကတော့ တစ်လုံးကို တစ်ထောင်ကျော်‌ပေးရသည်။

လီယွမ်ယွမ်က ပြောလိုက်သည်။

"ထားလိုက်ပါတော့။ ရောဂါကုဖို့က ပိုအရေးကြီးပါတယ်"

ထို့နောက် သူ(မ)လည်း ထိုစပျစ်သီးအနည်းငယ်ကိုယူ၍ ထိုအမျိုးသမီးကြီးကို ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်"

လီယွမ်ယွမ်၏စိတ်ထဲ ထိရှသွားရသည်။ ယဲ့ချန်းက အလွန်သဘောကောင်းပေသည်။ သူ(မ)၏ရောဂါကို ကုသပေးရုံသာမက ဤမျှတန်ဖိုးကြီးသော စပျစ်သီးများကိုပါ လာပေးရှာသည်။

ထိုအချိန်တွင် ယဲ့ချန်းကတော့ ဗီလာသို့ ပြန်ရောက်နေပြီဖြစ်၏။

သူက ထိုစပျစ်သီးများကို ကားထဲမှထုတ်၍ ပြောလိုက်၏။

"အဖေနဲ့အမေ... စပျစ်သီးစားပါဦး။ ဒါတွေကို ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပေးထားတာ"

မာမားယဲ့က သူ့သား၏လက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

"ရှောင်ချန်း... အမေကတော့ မင်းရဲ့အချစ်ရေးကိစ္စကိုပဲ စိတ်ပူတာ။ မင်းနဲ့ ကောင်မလေးတစ်ယောက်ကို မိတ်ဆက်ပေးဖို့အတွက် အမေ့သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားတယ်။ သူက အရမ်းလှတာနော်။ မော်ဒယ်တစ်ယောက်တဲ့"

"အမေ.. ကျွန်တော် ကြင်ဖက်မတွေ့ချင်သေးဘူး"

မာမားယဲ့က ပြောလိုက်၏။

"သူတို့ကဖြင့် စီစဉ်ပြီးနေပြီ။ တကယ်လို့ မင်းသာမသွားဘူးဆိုရင် အမေက သူတို့ကို ဘယ်လိုရှင်းပြရမလဲ"

"ဟုတ်ပါပြီ။ ဒါဆို ကျွန်တော် သူ့ကိုသွားတွေ့လိုက်မယ်"

ယဲ့ချန်း၏အနားတွင် ရုပ်ရည်ရမှတ်၉၅မှတ်နှင့်အထက်ရှိသော မိန်းကလေးများ ဝိုင်းနေလေသည်။

သူ့တွင် မိန်းမမရှားပေ။

သူ့အမေနှင့် ခဏမျှ စကားပြောဆိုပြီးနောက် ယဲ့ချန်း ပြန်လာခဲ့လိုက်သည်။

တံခါးအပြင်သို့ ထွက်လာချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။

ဖုန်းခေါ်ဆိုသူကား လင်းယောင်ယောင်ဖြစ်၏။

"ယောင်ယောင် ဘာကိစ္စရှိလို့လဲ"

"ကျွန်မက ကိစ္စမရှိရင် ရှင့်ကိုဖုန်းမဆက်ရဘူးလား"

လင်းယောင်ယောင်က စိတ်မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

"ဆက်လို့ရပါတယ်။ အခုတလော ငါ တော်တော်အလုပ်များနေလို့ပါ"

လင်းယောင်ယောင်က ပြောလာလေသည်။

"အခု ကုမ္ပဏီလိုင်စင်တွေအားလုံး စီစဉ်ပြီးပြီ။ ဝန်ထမ်းအားလုံးနီးပါးကိုလည်း ခန့်ထားပြီးပြီ။ ဒီတော့ အချိန်မရွေးဖွင့်လို့ရပြီ"

ဤစကားကိုကြားလိုက်ရသောအခါ ယဲ့ချန်း ထိရှသွားရသည်။

"ယောင်ယောင် ကျေးဇူးပဲ"

"ကျစ်! စကားနဲ့ပဲ ကျေးဇူးမတင်နဲ့လေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှင် ကျွန်မကိုပေးတဲ့ပစ္စည်းလေး ရှိသေးလား"

လင်းယောင်ယောင်က မေးလာလေသည်။

"ဘာပစ္စည်းလဲ"

ယဲ့ချန်း အံ့ဩမှင်တက်သွားသည်။

"သောက်ပြီးတာနဲ့ အမှန်တရားတွေကို ဝန်ခံလာစေတဲ့အရာလေ"

ယဲ့ချန်း ကျီစယ်လိုဟန်ဖြင့် ပြောလိုက်သည်။

"မင်းရည်းစားက မင်းအပေါ်သစ္စာမရှိလို့လား"

"သွားစမ်းပါ။ ကျွန်မမှာ ရည်းစားမရှိဘူး။ ဝန်ထမ်းသစ်ခန့်ဖို့အတွက်ပါ။ သူလျှိုတစ်ယောက်ပါတယ်လို့ ကျွန်မသံသယဖြစ်မိတယ်"

"သူလျှိုလား"

ယဲ့ချန်း အံ့အားသင့်သွားရသည်။

ထိုလူများမှာ ယခုအထိ လက်မ‌လျှော့သေးဟန်ပင်။

ယဲ့ချန်း သဘောတူလိုက်သည်။

"ဒီလိုလုပ်ရင်ရော.. ငါ ကုမ္ပဏီကိုလာခဲ့လိုက်မယ်။ အစ်မဝေ့ဝေ့နဲ့ တခြားလူတွေကိုရော ခေါ်လိုက်မယ်လေ"

စီးပွားရေးစင်တာတွင် စတားလုပ်ငန်းစုဟု ထွင်းထုထားသော ဆိုင်းဘုတ်ကြီးတစ်ခုကို ယဲ့ချန်း မြင်လိုက်ရသည်။

ဤဆိုင်းဘုတ်ကြီးကိုမြင်သောအခါ ယဲ့ချန်းလည်း အလွန်စိတ်ကျေနပ်သွားသည်။ ထိုအရာမှာ ကြီးကျယ်ခမ်းနားပြီး ဂန္တဝင်ဆန်လှသည်။

ယဲ့ချန်းက အထွေထွေမန်နေဂျာ၏ရုံးခန်းသို့သွား၍ မေးလိုက်သည်။

"မင်းခန့်ထားတဲ့ ဝန်ထမ်းစာရင်းကို ကြည့်ရအောင်"

လင်းယောင်ယောင်က ယဲ့ချန်းအား စာရင်းထုတ်ပေးလိုက်သည်။

ယဲ့ချန်းကတော့ ထိုစာရင်းကို သာမန်ကာလျှံကာ လှန်‌လှောကြည့်ရှုလိုက်သည်။

စာရင်းထဲရှိ လူတော်တော်များများမှာ နိုင်ငံခြားသို့ သွားထားဖူးသောမှတ်တမ်းများ ရှိကြသည်။

လင်းယောင်ယောင် ပြောလိုက်လေသည်။

"အစ်မဝေ့ဝေ့တို့က ဒီလူတွေကိုသံသယဖြစ်နေတာ။ ဒါပေမဲ့ ကျွန်မတို့မှာ သက်သေမရှိဘူး"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။

"ဒါဆို မင်းက ဒီအခွင့်အရေးကိုအရယူပြီး သူတို့တွေအားလုံးကို ဖမ်းမလို့လား"

လင်းယောင်ယောင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ရှင် ကျွန်မကိုသုံးခဲ့တဲ့ လှည့်ကွက်က အရမ်းအသုံးဝင်တယ်"

ယဲ့ချန်း ရှင်းပြလိုက်ရသည်။

"အဲဒါကို လှည့်ကွက်လို့မခေါ်ပါဘူး။ မင်းကိုကယ်တင်တာလို့ ခေါ်တယ်"

လင်းယောင်ယောင်မှာ ယဲ့ချန်းကို မျက်စောင်းထိုးလိုက်မိသည်။

"ရှင်ကြိုက်သလိုသာခေါ်ပါ"

ယဲ့ချန်းက ဆို၏။

"လက်ဖက်ရည်တစ်အိုး ထည့်ပေးပါဦး"

လင်းယောင်ယောင်က ယဲ့ချန်းအတွက် လက်ဖက်ရည်တစ်အိုးထည့်ပေးလိုက်သည်။ ထိုအခါ ယဲ့ချန်းကလည်း မျက်စဉ်းဆေးဘူးနှင့်တူသော ဘူးတစ်ဘူးကိုထုတ်ယူ၍ အစက်တစ်စက်ချလိုက်သည်။

"ရပြီ။ ဒီလက်ဖက်ရည်ကို ဒီလူတွေကိုသောက်ခိုင်းလိုက်။ သူလျှိုတွေကို မိလိမ့်မယ်"

"ကောင်းပါပြီ။ အောင်မြင်ခဲ့ရင် သူလျှိုကိုမိမှာဆိုတော့ ရှင့်အတွက် ဆုလာဘ်တစ်ခု ရှိလိမ့်မယ်"

ဆုလာဘ်?

ယဲ့ချန်း၏မျက်ဝန်းအစုံကား ထိုစကားကိုကြားသောအခါ လင်းလက်တောက်ပသွားသည်။

လူသားအရင်းအမြစ်ဌာန၏ အစည်းအဝေးခန်းမထဲတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားအမျိုးသမီးအမြောက်အများက စားပွဲတွင် ထိုင်နေကြသည်။

လင်းယောင်ယောင်က ပြုံးပြုံးလေးဖြင့် သူတို့ကိုကြည့်လိုက်သည်။

"အားလုံးပဲ... ကျွန်မတို့ရဲ့စတားကုမ္ပဏီကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒီနေ့ကစပြီး ရှင်တို့တွေက ကျွန်မတို့ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သွားပါပြီ။

ကျွန်မတို့ကုမ္ပဏီက အခုမှထောင်ခါစမို့လို့ ရှင်တို့တွေအားလုံးကို တည်ထောင်သူအဖွဲ့ဝင်တွေလို့ သတ်မှတ်နိုင်ပါတယ်"

လူငယ်များအားလုံးမှာ ဤစကားကိုကြားလိုက်ရချိန်၌ ဝမ်းသာပျော်ရွှင်သွားသည်။

လင်းယောင်ယောင်ကလည်း ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။

"လက်ဖက်ရည်သောက်ပြီး ဂုဏ်ပြုလိုက်ကြရအောင်။ ရှင်တို့တွေအားလုံးကို ကြိုဆိုပါတယ်။ စတားကုမ္ပဏီရဲ့ တောက်ပတဲ့အနာဂတ်အတွက်"

ကုမ္ပဏီဥက္ကဌက ခွက်မြှောက်၍ဂုဏ်ပြုနေလေရာ သူတို့လည်း မသောက်ဘဲမနေရဲပေ။

လူတိုင်းက ယဲ့ချန်း၏လက်ဖက်ရည်ကို တစ်ယောက်ပြီးတစ်ယောက် သောက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အစည်းအဝေးခန်းမထဲရှိ ဖန်သားပြင်ကြီးမှာ မီးလင်းလာသည်။

ထို့နောက် ကြီးကျယ်ခမ်းနားလှသော သီချင်းများနှင့်အတူ "အံ့ဖွယ်ဟွားနိုင်ငံ"ရုပ်ရှင်ကို တရားဝင်ပြသနေလေသည်။

ထိုမှတ်တမ်းရုပ်ရှင်ကိုကြည့်ရင်း လင်းယောင်ယောင်မှာ ရင်ထဲထိရှသွားသည်။

ရုတ်ခြည်းပင် လူငယ်အမျိုးသားတစ်ယောက်က ကြည့်နေရင်း မျက်ရည်များကိုသုတ်လိုက်သည်။

"ကျွန်တော်က လူမဟုတ်တဲ့ သားရဲကောင်တစ်ကောင်ပါ။ တကယ်တော့ ကျွန်တော့်နိုင်ငံကို သစ္စာဖောက်ခဲ့မိတယ်..."

ထို့နောက် အမျိုးသမီးလေးတစ်ယောက်က စတင်ငိုကြွေးလေတော့သည်။

"ကျွန်မကိုသင်ကြားပြသပေးခဲ့တဲ့ ဆရာတွေကို စိတ်ပျက်စေခဲ့မိတယ်။ ကျွန်မကိုပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေလည်း... တကယ်တော့ ကျွန်မက သူလျှိုတစ်ယောက်ပါ"

.....

သိပ်မကြာခင်မှာပင် ဝန်ထမ်းသစ်ဆယ်ယောက်ထဲမှ ခုနစ်ယောက်က မျက်ရည်လည်ရွှဲဖြင့် ဝန်ခံလာသည်။

ထိုခုနှစ်ယောက်ကို လျိုဝေ့ဝေ့က စစ်ကြောမေးမြန်းရန်အတွက် အမြန်ခေါ်ဆောင်သွားလေတော့သည်။

လျိုဝေ့ဝေ့က လင်းယောင်ယောင်၏ပခုံးကို ပုတ်လိုက်၏။

"ယောင်ယောင်..တော်တယ်။ ဒီတစ်ခေါက် မင်းတော်တယ်"

လင်းယောင်ယောင်မှာ ရှက်ရွံ့စွာဖြင့် ပြုံးလိုက်မိသည်။

"ကျေးဇူးတင်ပါတယ် အစ်မဝေ့ဝေ့.. ဒါတွေအားလုံးက အစ်မရဲ့သင်ကြားပြသမှုကြောင့်ပါ"

အစည်းအဝေးခန်းမထဲတွင် ယဲ့ချန်းက စိတ်လှုပ်ရှားနေသော လင်းယောင်ယောင်ကိုကြည့်၍ ပြုံးလိုက်မိသည်။

"ဒါဆို မင်း ဘာမှမရလိုက်ဘူးပေါ့"

"ရတာပေါ့။ လူသစ်ဆယ်ယောက်ထဲက ခုနစ်ယောက်က သူလျှိုတွေလေ။ ကြည့်ရတာ တစ်ဖက်လူက ရှင့်ကို တော်တော်စိတ်ဝင်စားနေပုံပဲ"

ယဲ့ချန်းမှာ ခါးသက်သက်ပြောလိုက်မိသည်။

"ငါက ခပ်လျှိုလျှိုပဲ နေချင်တာ။ အာရုံစိုက်ခံရတာကို မကြိုက်ဘူး"

လင်းယောင်ယောင် ရယ်လိုက်မိသည်။

"တကယ်လား? စကားမစပ် ရှင့်အတွက် ဆုတစ်ခုရှိတယ်လို့ ကျွန်မပြောထားတယ်နော်"

ယဲ့ချန်း၏ မျက်ဝန်းအစုံမှာ လင်းလက်သွားသည်။

"အခုလား"

လင်းယောင်ယောင်လည်း ကလူကျီစယ်လိုဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်လေသည်။

"ကျွန်မမှာ အကြံကောင်းတစ်ခုရှိတယ်။ ဒါပေမဲ့ ရှင်လုပ်ရဲမှပါ"

"လုပ်ရဲတာပေါ့။ ငါက မင်းကို ဘာလို့ကြောက်ရမှာလဲ"

လင်းယောင်ယောင်ကလည်း လက်ယပ်ခေါ်လိုက်သည်။

"ဒါဆို ကျွန်မနဲ့အတူ လိုက်ခဲ့လေ"

••••••••••••••

All Chapters