အဓိကအခမ်းအနား
Vol. 9 Ch. 132
စွန်းထောင်က ယဲ့ချန်းကိုကြည့်၍ မကျေမနပ်ဟန်ဖြင့် ပြောလိုက်၏။
"ချာတိတ်..မင်းက ဘာတွေလာပြောနေတာလဲ"
ယဲ့ချန်းကလည်း အေးတိအေးစက်ပြန်ပြောလိုက်သည်။
"ဈေးဝယ်စင်တာဆိုတာက ဝန်ဆောင်မှုလုပ်ငန်းတစ်ခုပဲ။ ပစ္စည်းပို့သမားတွေက အရောင်းဆိုင်တွေရဲ့အမြတ်ငွေကို မြှင့်တင်ပေးနိုင်တယ်။ မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ သူတို့ကို ဝင်ခွင့်တားမြစ်ရတာလဲ"
စွန်းထောင်ကတော့ သရော်ပြုံးပြုံးလိုက်လေသည်။
"ဘာလုပ်ပိုင်ခွင့်နဲ့တဲ့လား။ ငါက ပင်ကျန်းလုပ်ငန်းစုရဲ့ အထွေထွေလက်ထောက်မန်နေဂျာလေ"
လင်းယောင်ယောင်ကလည်း ဒေါသတကြီးပြောလိုက်၏။
"ဒါက ကျိုးကြောင်းမသင့်ဘူး"
စွန်းထောင်၏မျက်နှာထက်တွင် လှောင်ပြောင်ထေ့ငေါ့လေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
မရိုးဖြောင့်သော သူ့မျက်ဝန်းများကလည်း လင်းယောင်ယောင်၏ခန္ဓာကိုယ်ထက်၌ လှည့်လည်နေချေသည်။ အရိုင်းဆန်လှသော ကောက်ကြောင်း၊ နတ်သမီးတမျှမျက်နှာလေးကို ပိုင်ဆိုင်ထားသော အလှလေးတစ်ယောက်က သူ့ဘေးတွင်သာ ရှိနေသင့်သည်။ သို့သော် သူ(မ)ခမျာ တက္ကစီဒရိုင်ဘာတစ်ယောက်၏လှည့်စားခြင်းကို ခံနေရသည်။
ယဲ့ချန်းနှင့် လီရှန်းတို့၏ ပြောစကားများကို သူ ကြားလိုက်သည်။ ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်သာ ဖြစ်၏။
ယဲ့ချန်းက အာမန်နီဝတ်စုံနှင့် Patek Philippeနာရီကို ဝတ်ဆင်ထားသော်ငြား တက္ကစီဒရိုင်ဘာတစ်ယောက်က ထိုကဲ့သို့သောအရာများကို မည်သို့ဝယ်ယူနိုင်မည်နည်း။
ထို့ကြောင့် ယဲ့ချန်းက ပစ္စည်းအတုများကို ဝတ်ပြီး ဤအလှလေးကို လှည့်စားနေခြင်းဖြစ်ရမည်ဟု စွန်းထောင် ကောက်ချက်ချလိုက်သည်။
စွန်းထောင်က အပြုံးတစ်ပွင့်ဖြင့် လင်းယောင်ယောင်ကို ပြောလိုက်၏။
"မိန်းကလေး.. ဒီလူ မင်းကို အရူးလုပ်နေတာကို ငြိမ်ခံမနေနဲ့နော်။ သူက အတုတွေဝတ်ထားတာ။ အဲဒီအာမန်နီဝတ်စုံက အတုကြီး။ ပြီးတော့ သူဝတ်ထားတဲ့ Patek Philippeက အကန့်အသတ်နဲ့ထုတ်ထားတာ။ သန်း၇၀ကျော်ပေးရတယ်။ အဲဒါကလည်း အတုကြီးပဲဖြစ်ရမယ်"
ဤစကားကိုကြားသောအခါ လင်းယောင်ယောင်မှာ ကြက်သေသေသွားလေသည်။
သူ(မ)လည်း ယဲ့ချန်း၏လက်ကောက်ဝတ်ကို ကောက်မ၍ စွန်းထောင်ကို ပြောလိုက်၏။
"သူ့နာရီက ဘယ်လောက်ဈေးကြီးလဲဆိုတာကို ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ"
လင်းယောင်ယောင်က သူ့အား ချီးကျူးနေသည်ဟု ထင်မှတ်ကာ စွန်းထောင်လည်း ပြုံးပြုံးလေးပြောလိုက်လေသည်။
"ငါတို့ဈေးဝယ်စင်တာမှာ ဇိမ်ခံဘရန်းပေါင်းများစွာရှိတယ်လေ။ ဒီတော့ ဒီလိုပစ္စည်းတွေအကြောင်း ကောင်းကောင်းသိတာပေါ့။ မိန်းကလေး.. တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုပစ္စည်းမျိုးကို ဝယ်နိုင်လိမ့်မယ်လို့ထင်လား"
လင်းယောင်ယောင်က စွန်းထောင်၏ မကောင်းသောရည်ရွယ်ချက်ကို အစောကတည်းက သဘောပေါက်ထားပြီးဖြစ်လေရာ လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။
"အကြံပေးစရာများရှိလို့လား"င
စွန်းထောင်မှာ ခပ်ဖွဖွပြုံးလိုက်မိသည်။
"အလှလေး.. ငါ့ချစ်သူလုပ်ပါလား။ မင်း ဆန္ဒရှိသရွေ့ ငါကလည်း မင်းအတွက် ဇိမ်ခံကားတွေနဲ့ ဘရန်းပေါင်းမျိုးစုံကို ဖြည့်ဆည်းပေးမှာပါ။ အတုတွေပဲဆင်တတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ထက်တော့သာပါတယ်"
လင်းယောင်ယောင်က စွန်းထောင်အား ငတုံးတစ်ယောက်ကို ကြည့်နေသည့်အလား ကြည့်လိုက်ပြီး အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"ဆောရီးပဲ။ ကျွန်မက တက္ကစီဒရိုင်ဘာကိုပဲ သဘောကျတယ်"
"မင်း…"
စွန်းထောင်၏မျက်နှာကား မည်းခနဲဖြစ်သွားလေသည်။
လင်းယောင်ယောင်က နာနာခံခံဖြင့် သူ့ဘေးသို့ ရောက်လာလိမ့်မည်ဟု ထင်ထားသော်ငြား သူ(မ)က သူ့အား ငြင်းလိုက်ပေသည်။
တစ်လကို လစာတစ်သိန်းကျော်ရသော မန်နေဂျာတစ်ယောက်ဖြစ်သည့် သူက တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရှုံးသွားခဲ့သည်။
စွန်းထောင်ခမျာ ထိုအကြောင်းကို တွေးလေလေ ပိုဒေါသထွက်လေလေပင်။
ထို့ကြောင့် သူ့ဒေါသများကို လီရှန်းထံသို့ ပုံချလေတော့သည်။
"လုံခြုံရေးတွေ.. ဒီပစ္စည်းပို့သမားကို ရှင်းထုတ်ပစ်လိုက်စမ်း။ သူက ငါတို့ဈေးဝယ်စင်တာရဲ့အဝင်ဝမှာ ပိတ်နေလို့ ငါတို့ဈေးဝယ်စင်တာရဲ့ပုံရိပ်ကို ကျဆင်းစေတယ်"
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်လေသည်။
"ပစ္စည်းပို့သမားတွေက စင်တာထဲကို ဝင်လို့မရဘူးလို့ ဘယ်သူကပြောလဲ။ ဒီနေ့ ငါ အဲဒီစည်းမျဉ်းကို ပြောင်းလိုက်မယ်"
"ဟားဟား.. မင်းက ငါ့စည်းမျဉ်းကို ပြောင်းမှာလား။ ဘာလုပ်ပိုင်ခွင့်နဲ့လဲ"
စွန်းထောင်က ယဲ့ချန်းကို ရန်စလေဟန်ဖြင့် ကြည့်လိုက်၏။
တက္ကစီဒရိုင်ဘာတစ်ယောက်က ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ချင်နေတာလား.. မင်းနဲ့တန်လို့လား?
ယဲ့ချန်းက ဖုန်းထုတ်၍ လင်းဝမ်ယို၏ဖုန်းနံပါတ်ကို ဆက်လိုက်သည်။
"ဝမ်ယို.. ပင်ကျန်းကုမ္ပဏီရဲ့ဥက္ကဋ္ဌကို ဖုန်းဆက်ပြီး အခုချက်ချင်း ငါနဲ့လာတွေ့ခိုင်းလိုက်။ ငါ အခု ပင်ကျန်းဈေးဝယ်စင်တာရဲ့ အောက်မှာရှိတယ်လို့"
"ဟုတ်ကဲ့ သခင်လေး.. ကျွန်မ အခုချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်"
ထိုအခိုက်ဝယ် ပင်ကျန်းဈေးဝယ်စင်တာ၏ အစည်းအဝေးခန်းမထဲတွင် ရှယ်ယာရှင်အမြောက်အများက အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပနေသည်။
"အားလုံးပဲ.. ပင်ကျန်းဈေးဝယ်စင်တာက သိပ်မကြာခင်ကပဲ ပိုင်ရှင်ပြောင်းသွားပါပြီ။ ကျုပ်တို့ပင်ကျန်းကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တော်တော်များများက ပင်ကျန်းဈေးဝယ်စင်တာကို မှီခိုနေရတာ။ ဒါကြောင့် ကျုပ်တို့ ဒီပိုင်ရှင်ကို စိတ်ကျေနပ်အောင်လုပ်ပေးမှဖြစ်မယ်။ ကျုပ်တို့အနေနဲ့ ဒီလူရဲ့လိုအပ်ချက်ကို လိုက်လျောဖို့လိုတယ်။ စာချုပ်သက်တမ်းကလည်း ကုန်တော့မယ်ဆိုတော့ သက်တမ်းတိုးဖို့လိုနေပြီလေ"
ပင်ကျန်းလုပ်ငန်းစု၏ ဥက္ကဋ္ဌချန်းဟူက ပြောလိုက်၏။
ရှယ်ယာရှင်များ၏ အမူအရာမှာ အတန်ငယ်ညှို့မှိုင်းသွားချေသည်။ ပင်ကျန်းကုမ္ပဏီက လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက ပင်ကျန်းဈေးဝယ်စင်တာနှင့် ပူးပေါင်းလက်တွဲခဲ့ခြင်းပင်။
ယခုမူ ပင်ကျန်းဈေးဝယ်စင်တာမှာပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် စာချုပ်ကလည်း သက်တမ်းကုန်တော့မည်ဖြစ်ရာ အကယ်၍များ ဤပိုင်ရှင်အသစ်ကသာ တာဝန်ခံကုမ္ပဏီကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပါက သူတို့၏ကုမ္ပဏီလည်း အဆုံးသတ်သွားရလေပြီ။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် စာချုပ်သက်တမ်းတိုးဖို့လိုသည်။
ချန်းဟူက ဆက်ပြောလိုက်၏။
"ကျုပ် အခုပဲ ပိုင်ရှင်အသစ်ရဲ့အတွင်းရေးမှူးကို ဖုန်းခေါ်ပြီး ညစာစားဖို့ ဖိတ်ချင်တာ။ အမလေး..မစ္စတာယဲ့က မအားဘူးတဲ့။ ဒီတော့ ကျုပ်တို့ အခု လုပ်ဖို့လိုတာကတော့ အဆက်အသွယ်အမျိုးမျိုးရှာပြီး မစ္စတာယဲ့ရဲ့အကြိုက်ကို သိရဖို့ကြိုးစားရမယ်။ နားလည်ကြလား"
ထိုအချိန်မှာပင် ချန်းဟူ၏ဖုန်းက ထမြည်လာသည်။ ဖုန်းနံပါတ်ကိုမြင်သော် ချန်းဟူ၏အမူအရာကား ပြောင်းလဲသွားလေသည်။
"မိန်းကလေးလင်း.. ညွှန်ကြားစရာတစ်ခုခုများရှိလို့လား"
လင်းဝမ်ယိုက အေးတိအေးစက်ပြောလိုက်လေသည်။
"ကျွန်မတို့ရဲ့ဥက္ကဋ္ဌက ပင်ကျန်းဈေးဝယ်စင်တာရဲ့ဝင်ပေါက်ကို ရောက်နေတယ်။ သူက ရှင့်ကို အခုချက်ချင်းဆင်းတွေ့ဖို့ ပြောနေပါတယ်။ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော်။ မစ္စတာယဲ့က တော်တော်စိတ်တိုနေတာ"
"ဗျာ?"
ချန်းဟူခမျာ ထိုစကားကြောင့် တုန်ယင်သွားရလေသည်။
"သေစမ်း! ဘယ်ကောင်ကများ ကန်းနေလို့ မစ္စတာယဲ့ကို စော်ကားရဲတာလဲ"
ချန်းဟူမှာ ရုတ်တရက်ကြီး မတ်တတ်ထရပ်လိုက်သည်။ သူ့မျက်နှာထက်တွင်မူ ဒေါသအရိပ်အယောင်များ ပြည့်နှက်နေချေသည်။
"မိန်းကလေးလင်းက ဖုန်းဆက်တာ။ မစ္စတာယဲ့က ပင်ကျန်းဈေးဝယ်စင်တာရဲ့အဝင်ဝမှာ ရောက်နေတယ်တဲ့။ ဘယ်အကန်းကများ မစ္စတာယဲ့ကို စော်ကားရဲတာလဲမသိဘူး။ သွားကြည့်ရအောင် ကျုပ်နဲ့အတူလိုက်ခဲ့"
ထိုအချိန်မှာ ဖုန်းခေါ်နေသောယဲ့ချန်းကို မြင်သည့်တိုင် စွန်းထောင်ကတော့ လုံးဝစိတ်မလှုပ်ရှားပေ။
"ချာတိတ်.. မင်းက ဘာမဟုတ်တဲ့ဖုန်းကောလေးနဲ့ ဘယ်သူ့ကို လာခြောက်ချင်နေတာလဲ။ ငါတို့ဥက္ကဋ္ဌက မင်းကိုလာတွေ့ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ"
ယဲ့ချန်းကလည်း အေးစက်စက်ပြန်ပြောလိုက်လေသည်။
"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးပြီးသွားပြီနော်။ ဒါပေမဲ့ မင်းက တန်ဖိုးထားရကောင်းမှန်းမသိဘူး။ အခု မင်း ဘာအခွင့်အရေးမှမရှိတော့ဘူး"
ထိုအချိန်မှာပင် ဈေးဝယ်စင်တာထဲမှ ခြေသံများ ထွက်ပေါ်လာသည်။
အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စုက အပြင်သို့ ထွက်လာလေသည်။ အရှေ့ရှိလူကို မြင်သောအခါ စွန်းထောင်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။ ထိုလူမှာ ဥက္ကဋ္ဌချန်းဟူပင်။
ဥက္ကဋ္ဌသာမက အဓိကရှယ်ယာရှင်များလည်း လိုက်လာကြသည်။ ထို့ပြင် ဥက္ကဋ္ဌချန်းနှင့် ရှယ်ယာရှင်များ၏အမူအရာမှာ အဆင်မပြေလှကြောင်း စွန်းထောင် သတိထားမိလိုက်သည်။
ဘာတွေဖြစ်နေတာလဲ?
ယဲ့ချန်းခေါ်ဆိုလိုက်သော ဖုန်းခေါ်ဆိုမှုကို ရုတ်တရက်သတိရလိုက်မိသဖြင့် သူ့မျက်နှာကား ရုတ်ခြည်းပြောင်းလဲသွား၏။
ချန်းဟူနှင့် အခြားလူများမှာ ကုမ္ပဏီဝင်ပေါက်သို့ အလောတကြီးရောက်လာကြသည်။
ချန်းဟူက ယခင်တုန်းက ယဲ့ချန်းကို မတွေ့ဖူးသော်လည်း ယဲ့ချန်း၏အဝတ်အစားများနှင့် အမူအရာကို မြင်လိုက်ရချိန်ဝယ် ထိုလူပါလားဟု ချက်ချင်းသတိပြုမိလိုက်သည်။
ဥက္ကဋ္ဌရောက်လာတာကို မြင်သောအခါ စွန်းထောင်က ခပ်မြန်မြန်ပြုံးလျက် နှုတ်ဆက်လိုက်၏။
"ဥက္ကဋ္ဌချန်း..ရုတ်တရက်ကြီး ဘာလို့ အောက်ကိုဆင်းလာတာလဲ"
သို့သော် ချန်းဟူက စွန်းထောင်ကို နည်းနည်းမှအာရုံမစိုက်ဘဲ ယဲ့ချန်းဆီကိုသာ တန်းတန်းမတ်မတ်သွားလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်က ပင်ကျန်းကုမ္ပဏီရဲ့ဥက္ကဋ္ဌပါ။ ခင်ဗျားရောက်နေတယ်ဆိုတာကို မသိလိုက်လို့ ထွက်မကြိုမိတာပါ။ ခွင့်လွှတ်ပေးပါ မစ္စတာယဲ့"
ဥက္ကဋ္ဌချန်းက ယဲ့ချန်းရှေ့တွင် ခခယယဦးညွှတ်နေတာကို မြင်လိုက်ရချိန်ဝယ် စွန်းထောင် အံ့ဩသွားလေတော့သည်။
ဥက္ကဋ္ဌကိုတောင် ခယအောင်လုပ်နိုင်တဲ့ ဒီတက္ကစီဒရိုင်ဘာက ဘယ်သူလဲဟ?
တစ်ချိန်တည်းမှာပင် သူ့ရင်ထဲ အေးစိမ့်သွားရပြီး ဤတစ်ခေါက်တော့ သူ ပျက်ကိန်းဆိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ယဲ့ချန်းက အေးတိအေးစက်ဆိုလိုက်၏။
"ဒီဈေးဝယ်စင်တာထဲကို ပစ္စည်းပို့သမားတွေ မဝင်ရဘူးဆိုတဲ့စည်းမျဉ်းကို ဘယ်သူက ချမှတ်ထားတာလဲဆိုတာ သိချင်မိတယ်"
ချန်းဟူခမျာ တဒင်္ဂမျှ လန့်ဖျပ်သွားလေသည်။
"မဟုတ်ပါဘူး။ ကျွန်တော်တို့ကုမ္ပဏီက ပစ္စည်းပို့သမားတွေကို အမြဲဝင်ခွင့်ပေးထားပါတယ်"
ရုတ်ခြည်းပင် ချန်းဟူက တစ်စုံတစ်ရာကို အမှတ်ရလိုက်သဖြင့် စွန်းထောင်ကို အေးတိအေးစက်ကြည့်လိုက်မိသည်။
"မင်းလား"
စွန်းထောင်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌချန်း.. ဈေးဝယ်စင်တာကို ပိုအဆင့်မြင့်ပြီး ဖောက်သည်တွေကို အကောင်းဆုံးအတွေ့အကြုံပေးချင်လို့ ကျွန်တော်လုပ်လိုက်တာပါ။ အဲဒါကြောင့်ပဲ ပစ္စည်းပို့သမားတွေကို အထဲဝင်ခွင့်မပေးခဲ့တာပါ"
ချန်းဟူလည်း သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
"မင်းကို ဘယ်သူက ထင်ရာမြင်ရာအတိုင်း ဆုံးဖြတ်ချက်ချခိုင်းလို့လဲ။ မင်း ခွင့်ပြုချက်ရော တောင်းထားလား"
အစတုန်းကတော့ ဤကိစ္စမှာ ထွေထွေထူးထူးမဟုတ်သော်ငြား ယဲ့ချန်း၏အာရုံစိုက်မှုကို ရသွားပြီဖြစ်ရာ ပြဿနာကြီးတစ်ရပ် ဖြစ်သွားလေပြီ။
••••••••••••••••••