← Chapters

အဲဒီကားက ကျုပ်ကား

Vol. 9 Ch. 134

အဲဒီကားက ကျုပ်ကား

Vol. 9 Ch. 134

ယဲ့ချန်းကလည်း နောက်ပြန်မဆုတ်ဘဲ လေးသန်းတန်အဝတ်အစားများကို ဝယ်လိုက်ပြန်သည်။

ထိုအချိန်တွင် တစ်ဖက်အမျိုးသမီးကြီး၏ ယောကျ်ားလည်း အနည်းငယ်စိတ်ဖိစီးလာသည်။

သူတို့မိသားစုတွင် ပိုက်ဆံရှိသော်ငြား တစ်ကြိမ်တည်းနှင့် ဆယ်သန်းနီးပါးသုံးပစ်ခြင်းမှာမူ ရင်နာဖို့ကောင်းလှသည်။

ထိုအမျိုးသမီးကြီးက သူ(မ)၏ယောက်ျားကို ကြည့်လိုက်၏။

"ရှင် ဘာလို့ ကြောက်နေတာလဲ? လူတွေက ကျွန်မတို့ကို လက်ညှိုးထိုးပြီး ဆင်းရဲသားတွေလို့ ခေါ်တာကို လိုချင်လို့လား"

သူ(မ)လည်း အံတင်းတင်းကြိတ်၍ အဝတ်အစားများကို နောက်ထပ်နှစ်သန်းဖိုး ထပ်ဝယ်လိုက်သည်။

အဆုံးတွင်မူ သူတို့နှစ်ယောက်က Gucciအရောင်းဆိုင်ရှိ တန်ဖိုးကြီးပစ္စည်းများအားလုံးနီးပါးကို ဝယ်ပစ်လိုက်ကြသည်။ သို့သော် သရေကျနေဆဲသာ။

ယဲ့ချန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"အဒေါ်..ခင်ဗျားက တော်တော်ချမ်းသာတာပဲ။ ဒီတစ်ခေါက်တော့ သရေလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။ နောက်တစ်ခါကျမှပဲ ထပ်ပြိုင်ကြမယ်"

အရောင်းဝန်ထမ်းမလေးက ပြေစာလှမ်းပေးရင်း ပြောလိုက်၏။

"ဒါတွေက ဇိမ်ခံပစ္စည်းတွေဆိုတော့ ရောင်းပြီးတာနဲ့ ပြန်လဲလို့ရော ပြန်အမ်းခိုင်းလို့ရော မရပါဘူး။ ကန့်ကွက်စရာမရှိဘူးဆိုရင် လက်မှတ်ထိုးပေးပါ"

ဤစကားကိုကြားသော် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

အစတုန်းကတော့ သူ(မ)က ထိုအိတ်များနှင့် အဝတ်အစားများအားလုံးကို ပြန်သွင်းရန်အတွက် စီစဉ်ထားခြင်းပင်။ သို့သော် ယခုမူ ရွေးချယ်စရာကား မရှိတော့ချေ။

ယဲ့ချန်းက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခပ်မြန်မြန်လက်မှတ်ထိုးလိုက်သည်ကို မြင်သောအခါ ထိုအမျိုးသမီးကြီးလည်း အံတင်းတင်းကြိတ်၍ လက်မှတ်ထိုးလိုက်၏။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ကျေးဇူးတင်ပါတယ်"

"ဘာအတွက်ကျေးဇူးတင်တာလဲ"

ထိုအမျိုးသမီးကြီးမှာ အံ့ဩမှင်တက်သွားရှာသည်။

"ကျုပ်တို့အရောင်းဆိုင်ကနေ ပစ္စည်းတွေအများကြီး ဝယ်သွားပေးတဲ့အတွက်လေ။ ပြောပြဖို့မေ့နေတာ။ ကျုပ်က ဒီအရောင်းဆိုင်ရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်လေ"

ဖွီး!

အစောတုန်းက မော်ကြွားနေခဲ့သော အမျိုးသမီးကြီးခမျာ ယဲ့ချန်း၏စကားများကြောင့် ပေါက်ကွဲလုနီးပါးဖြစ်သွားလေသည်။

ဤလူက မျက်တောင်တစ်ချက်မခတ်ဘဲ ပိုက်ဆံထုတ်သုံးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤအရောင်းဆိုင်မှာ သူ့ဆိုင်ပင်။

သို့သော် သူ(မ)သုံးခဲ့တာကတော့ တကယ့်ပိုက်ဆံပင်။ ထိုအမျိုးသမီးကြီးမှာ ဒေါသထွက်မိလေတော့သည်။

"မင်းတို့က ဖောက်သည်တွေကို လှည့်စားနေတာပဲ။ ငါ သွားတိုင်မယ်"

ယဲ့ချန်း ရယ်လိုက်မိသည်။

"အဒေါ်.. ကျုပ်တို့ဘက်က ခင်ဗျားကို အတင်းဝယ်ခိုင်းတာမှမဟုတ်တာ။ ခင်ဗျားကိုယ်တိုင် လိုလိုလားလားဝယ်ခဲ့တာလေ"

အစောတုန်းက သူတို့နှစ်ယောက်သား ဆိုင်ထဲတွင် အပြိုင်ဝယ်ပြနေသည့်အဖြစ်က လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် လူတိုင်း ဝင်ပြောကြလေသည်။

"ဟုတ်တယ်။ ငါတို့ သက်သေခံပေးနိုင်တယ်။ သူကိုယ်တိုင် အဲဒီပစ္စည်းတွေကို လိုလိုလားလားဝယ်သွားတာ"

ထိုအမျိုးသမီးကြီး၏မျက်နှာကား ရဲခနဲဖြစ်သွားလေသည်။

"ကောင်းပြီ။ မင်းနိုင်ပါတယ်"

ထိုအချိန်တွင် ပွဲကြည့်နေကြသော လူအုပ်ကြီးမှာ တသောသောရယ်မောကြလေတော့သည်။

"ဒီမိန်းမကြီးက တစ်ချိန်လုံးကြွားလုံးထုတ်နေခဲ့တာ။ ဖြစ်ချင်တော့ ဒီလူငယ်လေးက ဒီဆိုင်ပိုင်ရှင်ဖြစ်နေတာပဲ"

"အရမ်းရယ်ရတယ်ဟေ့။ ဆိုင်ပိုင်ရှင်နဲ့ သွားပြိုင်နေတာ။ တအားမတုံးအလွန်းဘူးလား"

"ဒီအဝတ်အစားတွေနဲ့တင် ဒီမိန်းမကြီးတော့ တစ်သက်လုံး အဝတ်အစားဝယ်စရာလိုတော့မှာမဟုတ်ဘူး"

ယဲ့ချန်းကလည်း ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး အရောင်းဝန်ထမ်းကို ပြောလိုက်၏။

"ဘယ်လိုလဲ။ ရောင်းအားတက်သွားပြီလား"

"ဥက္ကဋ္ဌယဲ့က အရမ်းတော်တာပဲ"

ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့မှာ ဝတ်စုံတစ်စုံကိုရွေးပြီးနောက် ဝတ်ကြည့်လိုက်သည်။

ချောလိုက်တဲ့အမျိုးသား..လှလိုက်တဲ့မိန်းကလေး!

ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့ Gucciတံဆိပ်ကို ဝတ်ဆင်ထားတာကို မြင်သောအခါ လူတိုင်း အံ့ဩမှင်တက်သွားသည်။

"ဝိုး.. Gucciဘရန်းက ဘယ်လောက်ရင်သပ်ရှုမောဖွယ်ကောင်းလဲဆိုတာ အခုမှပဲ သိတော့တယ်"

"ဟုတ်ပါ့။ ငါလည်း အဲဒီလိုပဲ ခံစားမိတယ်"

"ကြိုက်တယ်။ ကြိုက်တယ်"

ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့က မော်ဒယ်များအဖြစ် ဆွဲဆောင်လိုက်သောအခါ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကလည်း အရောင်းဆိုင်ထဲသို့ အပြေးဝင်ပြီး အလုအယက်ဝယ်ကြတော့သည်။

ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့မှာ အရောင်းဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

အဝတ်အစားများကိုတော့ ယဲ့ချန်းလည်း အကုန်ယူသွားဖို့ ဆုံးဖြတ်ချက်ချလိုက်သော်ငြား များလွန်းလှသဖြင့် ဝန်ထမ်းများကို နောက်မှာ လာသယ်ခိုင်းရပေလိမ့်မည်။

လင်းယောင်ယောင်ခမျာ အတန်ငယ်ရှက်မိသည်။

"ဥက္ကဋ္ဌယဲ့..ရှင် ဒီနေ့ အများကြီးသုံးလိုက်ရလို့ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်"

ယဲ့ချန်းကတော့ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

"မင်းက ငါ့အပိုင်လေ။ မင်းအတွက် ဘယ်လောက်ပဲသုံးရသုံးရ တန်ပါတယ်"

လင်းယောင်ယောင်၏မျက်နှာကား ပျော်ရွှင်ဖွယ်အပြုံးတစ်ပွင့်ကြောင့် လင်းလက်သွားသည်။

ယဲ့ချန်း လင်းယောင်ယောင်ကို အိမ်ပြန်ပို့ပြီးနောက် သူ့အမေဆီမှ ဖုန်းဝင်လာသည်။

"ရှောင်ချန်း..မင်းရဲ့ဘလိုင်းဒိတ်က ဒီညဆိုတာ မမေ့နဲ့နော်။ စကားမစပ် မင်းက သာမန်ရုံးဝန်ထမ်းတစ်ယောက်လို့ ကောင်မလေးကိုပြောထားတယ်။ ဒီတော့ သူ ဘာမှသံသယဖြစ်မှာမဟုတ်ဘူး။ အလိမ်မဖော်မိစေနဲ့နော်"

ယဲ့ချန်း ဆွံ့အသွားရသည်။ သူ့အမေက ဤအသက်အရွယ်ကြီးဖြင့် လက်ဖက်စိမ်းမများအကြောင်း သိနေလိမ့်မည်ဟု ထင်မထားပေ။

"သိပါပြီ။ ကျွန်တော်နားလည်ပြီ"

ညခုနစ်နာရီငါးဆယ်မိနစ်တွင် ကော်ဖီဆိုင်ဝင်ပေါက်၌ ယဲ့ချန်း ကားရပ်လိုက်ပြီးနောက် ဘလိုင်းဒိတ်လုပ်မည့် ကောင်မလေးကို စောင့်ရန်အတွက် နေရာတစ်နေရာရွေးလိုက်သည်။

ရှစ်နာရီတွင် ဘယ်မိန်းကလေးမှ ပေါ်မလာချေ။

နောက်ထပ်ဆယ်မိနစ်လောက် ထပ်စောင့်နေပြီးနောက် ယဲ့ချန်း စိတ်မရှည်ဖြစ်လာသဖြင့် ထိုမိန်းကလေး၏ဖုန်းနံပါတ်ကို ခေါ်လိုက်၏။

"ဟယ်လို..ကျွန်တော်က မင်းနဲ့တွေ့မဲ့လူပါ။ ကျွန်တော်ရောက်နေပြီ။ ခင်ဗျားက ဘယ်မှာလဲ"

"အိုး..ကျွန်မက အားကစားရုံမှာ။ ခဏစောင့်ပေးဦး"

ထိုမိန်းကလေးက ထိုသို့ပြောပြီး ဖုန်းချသွားသည်။

ပိုင်တင်းတင်းလည်း အပြေးစက်ပေါ်မှ ဆင်းပြီးနောက် ဖြည်းဖြည်းချင်း ချွေးသုတ်လိုက်သည်။

"ကျစ် စိတ်ရှုပ်ဖို့ကောင်းတဲ့ ရုံးဝန်ထမ်းပဲ"

ထိုအချိန်ဝယ် ပိုင်တင်းတင်း၏ဘေးနားရှိ ကောင်မလေးတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဪ.. ငါ့ရဲ့ဒုတိယဒေါ်လေးက ငါ့အတွက် ဘလိုင်းဒိတ်တစ်ခု စီစဉ်ပေးထားတာလေ။ တစ်လကို လစာတစ်သောင်းပဲရတဲ့ ရုံးဝန်ထမ်းတစ်ယောက်တဲ့။ အစတုန်းက ငါ မတွေ့ချင်ဘူး။ ဒါပေမဲ့ သူက အရမ်းချောတော့ တွေ့ဖို့ လက်ခံလိုက်တယ်လေ။ အခုတော့ သူက စောဒကလာတက်နေတယ်"

"ငါတို့ရဲ့အလှနတ်ဘုရားမပိုင်က ရုံးဝန်ထမ်းတစ်ယောက်ကိုတော့ လက်ထပ်လို့မဖြစ်ဘူးလေ။ ချောမောခန့်ညားတဲ့ လူချမ်းသာတစ်ယောက်ဖြစ်မှရမှာပေါ့"

"ဒါပေါ့။ ငါ့အိပ်မက်က လူကုံထံမိသားစုထဲကို ဝင်ရဖို့ပဲလေ။ ဇိမ်ခံကားတွေ၊ နာရီတွေနဲ့ အိတ်တွေ..ငါ လူချမ်းသာတစ်ယောက်ကို ရှာမှဖြစ်မယ်"

ပိုင်တင်းတင်းမှာ စိတ်အားထက်သန်စွာ ပြောလိုက်၏။

ယဲ့ချန်းက နာရီဝက်လောက် စောင့်နေပြီးပြီဖြစ်၏။ အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

အစတုန်းကတော့ ယဲ့ချန်းလည်း ဤဘလိုင်းဒိတ်ကို မလိုလားခဲ့ပေ။ သို့သော် သူ့စိတ်ရင်းကို ပြသရန်အတွက် နာရီဝက်လောက် စောင့်ထားသည်။

ဤတစ်ကြိမ်မှာတော့ ယဲ့ချန်းလည်း ဖုန်းမဆက်တော့ဘဲ ကော်ဖီဆိုင်ထဲမှ လှည့်ပြန်လာခဲ့လိုက်သည်။

တံခါးနားသို့ရောက်သောအခါ ယဲ့ချန်း ကြက်သေသေသွားရသည်။ သူ့ကားနားတွင် လူများ ဝိုင်းအုံနေတာကို မြင်လိုက်ရ၏။ လူတော်တော်များများက သူတို့ဖုန်းများနှင့် ဓာတ်ပုံရိုက်နေကြသည်။

ယဲ့ချန်းလည်း အနားသို့လျှောက်သွားလိုက်လေရာ ကောက်ကြောင်းလှသော မိန်းကလေးတစ်ယောက်က သူ့ကားကိုမှီတွယ်လျက် လူအုပ်ကြီးအား ဓာတ်ပုံရိုက်နိုင်စေရန် ပို့စ်ပေးနေကြောင်း မြင်လိုက်ရ၏။

သူ(မ)ကိုကြည့်ရသည်မှာ အာရုံစိုက်ခံရခြင်းကို သဘောကျဟန်ပင်။

"ဝိုး..ဒီကောင်မလေးက အရမ်းလှတာပဲ။ ငါ သူ့ကိုလိုက်ပိုးချင်လိုက်တာ"

"မင်းကလား? သူစီးတဲ့ကားကိုလည်း ကြည့်ဦး။ အဲဒါ Lykanပြိုင်ကားနော်။ Fast and Furiousကြည့်ဖူးလား? အဲဒါက ဒဏ္ဍာရီလာပြိုင်ကားကွ။ ဒီတစ်စီးက ဒုတိယမျိုးဆက်မော်ဒယ်လေ။ ပထမမျိုးဆက်ထက် ပိုကောင်းတယ်။ တန်ဖိုးကလည်း ဘီလျံနဲ့ချီပြီးရှိတာ"

"ကားနဲ့လိုက်ဖက်နေရောပဲ။ ငါသာ ဒီကောင်မလေးကိုရမယ်ဆိုရင် သေပျော်ပါပြီကွာ"

"နိုးထလိုက်တော့။ အိပ်မက်မက်မနေနဲ့"

ပတ်ပတ်လည်ရှိ စကားသံများကို နားထောင်ရင်း ကျူးလီလည်း အလွန်ကျေနပ်သွားသည်။

တကယ်တမ်းတွင် သူ(မ)က ဤကား၏ပိုင်ရှင်မဟုတ်ချေ။ ကားပိုင်ရှင်ကို တွေ့ရလိုတွေ့ရငြား ဤနေရာတွင် ပို့စ်ပေးနေခြင်းဖြစ်၏။

အစောကပင် ဤကား၏ဈေးနှုန်းကို သူ(မ) စစ်ဆေးကြည့်ပြီးလေပြီ။ ၎င်းမှာ သန်း၁၂၀ပင်။

သူ(မ)သာ ဤဇိမ်ခံကားကို စီးနိုင်ပြီး ပိုင်ရှင်ဖြစ်သူကို ဆွဲဆောင်နိုင်ခဲ့ပါက လူကုံထံမိသားစုထဲကိုဝင်ချင်သည့် သူ(မ)၏အိမ်မက်လေးလည်း ပြည့်ဝရပေလိမ့်မည်။

ယဲ့ချန်းလည်း သူ့ကားနားသို့ လျှောက်လာလေသည်။

ယဲ့ချန်းကိုမြင်သောအခါ ထိုအလှလေးမှာ သူ့ရုပ်ရည်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

"ချောလိုက်တဲ့လူ.. သူ ငါ့ကို လိုက်ပိုးချင်လို့များလား"

"ဟေး ချောမွတ်နေတာပဲ ငါ့အကြိုက်"

ယနေ့ သူ(မ)အနေနှင့် သူဌေးသားတစ်ယောက်ကို မဆွဲဆောင်နိုင်ခဲ့ပါက ခပ်ချောချောလူငယ်လေးတစ်ယောက်ကို အမိဖမ်းနိုင်လျှင်လည်း မဆိုးလှပေ။

သူ(မ)က လမ်းလျှောက်လာနေသော ယဲ့ချန်းကို ညှို့ငင်ဖမ်းစားလေဟန်ဖြင့် ကြည့်လိုက်လေသည်။

"အလှလေး.."

"အချောလေး.. ရှင့်သတ္တိကိုတော့ ကျွန်မလေးစားတယ်။ ရှင်က ကျွန်မကို လာစကားပြောရဲတဲ့ ပထမဆုံးလူပဲ"

ယဲ့ချန်း ဆွံ့အသွားရသည်။

ငါက ကားမောင်းပြီး အိမ်ပြန်မလို့လေ.. ဘယ်သူက မင်းကို စကားလာပြောနေလို့လဲ...

"တကယ်တော့ ဒီကားက ကျုပ်ကား"

ယဲ့ချန်းက ကျူးလီအနောက်ရှိ ကားကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ရှင့်ကားလား"

ကျူးလိမှာ အော်ရယ်လိုက်မိသည်။

"အချောလေး.. ရယ်ရလိုက်တာ။ ကျွန်မ ရှင့်ကို တစ်ရက်လောက်တော့ စီးခွင့်ပေးချင်ပေးမှာပါ့။ ရှင့်ကားတဲ့လား? ရယ်ရတယ်"

ထို့နောက် ယဲ့ချန်းက သူ့ကားသော့ကိုထုတ်၍ အသာအယာဖိချလိုက်သည်။

တီတီ!

ကားတံခါးများမှာ အတောင်ပံများအလား ပွင့်လာချေသည်။

ကျူးလီခမျာ လန့်လွန်းသောကြောင့် ထခုန်လိုက်မိပြီး ပွင့်ဟနေသော တံခါးများကို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် ယဲ့ချန်းကို တစ်ဖန်ပြန်ကြည့်ကာ အံ့ဩမှင်တက်သွားလေသည်။

•••••••••••••••

All Chapters