အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
Vol. 11 Ch. 151
~"ဖုန်းဝူချန်က ဒီအခင်းအကျင်းကို တကယ်ဖျက်နိုင်မှာလား။"
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည်နှင့် သွမ့်ထျန်းဟွမ်၊ မူထျန်းယွင် နှင့်တကွ အခြားသူအားလုံး၏ အံ့အားတသင့်ဖြစ်နေသော မျက်ဝန်းများသည် သူ့ဆီသို့ တစ်ပြိုင်နက်တည်း စုဝေးရောက်ရှိလာကြသည်။
သွမ့်ထျန်းဟွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏ စိတ်ထဲတွင် "အခင်းအကျင်းကို ဖျက်ဖို့ဆိုတာ 'အခင်းအကျင်းရဲ့ မျက်လုံး'ကို ရှာရတာ။ ဒီလောက်တောင် အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးရဲ့
မျက်လုံးကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ။" ဟု တွေးနေမိသည်။
"မင်းကများ ဒီအခင်းအကျင်းကို ဖျက်နိုင်မယ် ထင်နေတာလား။"
ကူချင်းရှန်းက မထီမဲ့မြင်ဖြင့် လှောင်ရယ်လိုက်သော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ စိုးရိမ်စိတ်တို့က အနည်းငယ် ဝင်ရောက်နေခဲ့လေပြီ။
ဖုန်းဝူချန်သည် ကူချင်းရှန်း၏ လှောင်ပြောင်သံကို လျစ်လျူရှုလိုက်သည်။ သူသည် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး၊ သတ်ဖြတ်ခြင်း အခင်းအကျင်း၏ အစွန်းရှိ စွမ်းအင်အလွှာထက်၌ ရပ်တန့်လိုက်၏။
အကယ်၍ ဖုန်းဝူချန်သာ အခင်းအကျင်းကို အမှန်တကယ် ဖျက်နိုင်ခဲ့လျှင်၊ အင်ပါယာ၏ စစ်သည် တစ်သိန်းသည် ထျန်းယွင်ဂိုဏ်းကို မြေလှန်ပစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိနေသော ထျန်းယွင်ဂိုဏ်း၏ တပည့်များ အားလုံးလည်း သေလမ်းမှလွဲ၍ အခြား မမြင်တော့ပေ။
သို့သော်၊ 'ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်း'သည် သာမန် သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခု မဟုတ်ခဲ့ပါ။ ၎င်းထဲတွင် အစွမ်းထက်သော ကာကွယ်ရေး အခင်းအကျင်းများ ပါဝင်နေပြီး၊ အခင်းအကျင်း နှစ်ထပ်
ပေါင်းစပ်ထားခြင်းလည်း ဖြစ်သည်။
ဤမျှ အစွမ်းထက်သော အခင်းအကျင်းကို ဧကရာဇ် သွမ့်ထျန်းဟွမ် ကိုယ်တိုင်ပင် သူ၏ အစွမ်းရှိသမျှ အကုန်
ထုတ်သုံးသော်လည်း အနည်းငယ်မျှပင် တုန်ခါအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ အဆင့်သို့ပင် မရောက်ရှိသေးသူ...။ သူက ဘယ်လိုလုပ် အခင်းအကျင်းကို ဖျက်နိုင်မည်နည်း။
သူသည် အခင်းအကျင်းကို ဖျက်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်သော 'အခင်းအကျင်း ပညာရပ်ဆိုင်ရာ မဟာစွမ်းအားရှင်ကြီး' တစ်ယောက် ဖြစ်မနေသမျှတော့ မဖြစ်နိုင်ပေ။
ဖုန်းဝူချန်၏ 'ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်' တွင် ကြောက်မက်ဖွယ် ဝါးမျိုနိုင်စွမ်း ရှိသည် မှန်သော်လည်း၊ ဤမျှ ကြီးကျယ်လှသော အခင်းအကျင်း၏ စွမ်းအားကို ဝါးမျိုနိုင်မည်ဟု မည်သူကမျှ မယုံကြည်ရဲကြပါ။
"အစ်ကိုဖုန်းက ဟန်ဆောင်နေတာများလား။ မင်းကြီးတောင် မဖျက်နိုင်တာကို... အစ်ကိုဖုန်းက ဘယ်လိုလုပ်..."
လျိုချင်းယန်ကတော့ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေခဲ့သည်။
သွမ့်ဝူချင်းကမူ ခေါင်းခါလိုက်ပြီး "စစ်သူကြီးချုပ်က ဟန်ဆောင်နေပုံ မရဘူး။ သူက ဒီသတ်ဖြတ်ခြင်း အခင်းအကျင်းကို လုံးဝ အလေးအနက်ထားပုံ မပေါ်ဘူး။" ဟု ဆိုလိုက်သည်။
"သူသာ အခင်းအကျင်းကို ဖျက်နိုင်ရင် အကောင်းဆုံးပဲ။ ကျွန်တော်တို့ရဲ့ အစစ်အမှန်ယွမ်တွေ အရမ်း ကုန်ဆုံးသွားခဲ့ပြီ။ ကူချင်းရွှမ်း တစ်ယောက်တည်းကိုတောင် ရင်ဆိုင်ဖို့ မလွယ်ဘူး။ ထျန်းယွင်ဂိုဏ်း တပည့်တွေ အများကြီး ရှိသေးတယ်..." ဟု လွမ်ရှန်းက လေးနက်စွာ ပြောလိုက်သည်။
သူက ဖုန်းဝူချန် အခင်းအကျင်းကို ဖျက်နိုင်ပါစေဟု စိတ်ရင်းမှန်ဖြင့် ဆုတောင်းနေမိသည်။
'ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်း' သာ ပျက်စီးသွားခဲ့လျှင်၊ အနည်းဆုံးတော့ သွမ့်ထျန်းဟွမ်က ကူချင်းရွှမ်းကို တားဆီးထားနိုင်လိမ့်မည်။ ထိုအခါမှ သူတို့တွင် အသက်ရှင်ရန် မျှော်လင့်ချက် အလင်းတန်း သေးသေးလေး တစ်ခု ရှိလာနိုင်မည် ဖြစ်သည်။
ဟွမ်ယန်က လေးနက်စွာ ဆို၏။
"စစ်သူကြီးချုပ်က အခင်းအကျင်းကို တကယ် ဖျက်နိုင်လောက်ပါတယ်။ သူ့ရဲ့ အထွတ်အထိပ် သိုင်းတွေက ကျုပ်တို့ နားလည်နိုင်တဲ့ အရာတွေမှ မဟုတ်တာ။ ဟုတ်တယ်မလား။"
ဖုန်းဝူချန်နှင့် သိကျွမ်းလာခဲ့သည့် အတောအတွင်း၊ သူတို့သည် ဖုန်းဝူချန်၏ နောက်ကျောမှ တောင်ပံများကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသလို၊ သူ၏ ကြောက်မက်ဖွယ်ရာ သိုင်းဝိညာဉ် ကိုလည်း မမြင်ဖူးခဲ့ကြပါ။ သူနှင့် ပတ်သက်သမျှ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဖုန်းဝူချန် အကျပ်အတည်းနှင့် ရင်ဆိုင်ရတိုင်း၊ သူတို့သည် အဆုံးမရှိသကဲ့သို့ တစ်ခုထက်တစ်ခု ပိုမို ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်လက်နက်များကို ထုတ်သုံးပြသည်ကို အမြဲတမ်း တွေ့မြင်နေခဲ့ရသည် မဟုတ်ပါလား။
ဒေါသဖြင့် ပြည့်နှက်နေသော ကူချင်းရွှမ်းသည် ဖုန်းဝူချန်ကို စိုက်ကြည့်နေသည်။ သူသာ တတ်နိုင်လျှင် ဖုန်းဝူချန်ကို ချက်ချင်း လက်ဝါးဖြင့် ရိုက်ချေကာ အသားစိမ်းပုံ ဖြစ်သွားစေချင်နေပြီ။
သို့သော်၊ ကူချင်းရွှမ်းသည် ဖုန်းဝူချန်ကို ချက်ချင်း မတိုက်ခိုက်ခဲ့ပါ။
“ဝူး..”
ကူချင်းရွှမ်း၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ သူ ပြန်ပေါ်လာချိန်မှာတော့ မူထျန်းယွင်၏ ရှေ့တည့်တည့်သို့ တစ္ဆေ တစ်ကောင်ကဲ့သို့ ရောက်ရှိနေခဲ့သည်။
"ဘုန်း”
မူထျန်းယွင်၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ပြောင်းလဲသွားပြီး၊ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူသည် သွေးများ အန်ထုတ်လိုက်ရကာ၊ သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆန်တစ်ခုပမာ လွင့်စင်ထွက်သွားတော့သည်။
လမ်းတစ်လျှောက်ရှိ ခမ်းနားလှပသော နန်းတော်ဆောင် တစ်ခုပြီးတစ်ခုကို ဝင်တိုက်ဖြိုချသွား၏။
လက်ဝါးတစ်ချက်တည်းဖြင့် မူထျန်းယွင်သည် အပြင်းအထန် ဒဏ်ရာရသွားပြီး သူ၏ အသက်ရှင်ရေးမှာ မရေရာတော့ပေ။
"ဂိုဏ်းချုပ်.." ရှဲ့ဟဲနှင့် အခြား အကြီးအကဲများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဝှစ်.."
"ဘုန်း.."
ကူချင်းရွှမ်း ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊ မူယွင်ရှန်းလည်း သွေးအန်လိုက်ရ၏။ သူ၏ ပုံရိပ်သည် အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ လွင့်စင်သွားကာ သူ၏ အသက် ရှင်သန်ရေးမှာလည်း မသေချာတော့ပေ။
"ကျစ်.. ချီးပဲ .."
အပြင်းအထန် ဒဏ်ရာရသွားသော မူယွင်ရှန်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ရှန်းယန်၊ ချူဝူဟန် ၊ စုယွမ်ရှန်း ၊ယဲ့ချန်းချုံး၊ ယန်ထျန်းရှန်နှင့် အခြား အင်အားကြီး စွမ်းအားရှင်များအားလုံးသည် ကူချင်းရွှမ်း၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြရသည်။ ကူချင်းရွှမ်းး၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သူတို့မှာ လုံးဝ သတိပင် မထားလိုက်နိုင်ကြပေ။
ထျန်းယွမ်ဘုံ စွမ်းအားရှင် ကူချင်းရွှမ်း၏ လက်ဝါး တစ်ချက်ကို မူထျန်းယွင်ပင် မခံနိုင်ခဲ့သည်ပဲလေ။
အင်အားကြီးသူများ တစ်ယောက်ပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရကာ အသက်ငင်နေကြသည်ကို မြင်သောအခါ၊ လျိုချင်းယန်တို့ လူစုမှာ ထိတ်လန့် တုန်လှုပ်သွားကြသည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ထျန်းယွမ်ဘုံ စွမ်းအားရှင် တစ်ယောက်၏ ရှေ့မှောက်တွင် သူတို့သည် ဘာမှ မတတ်နိုင်သော ပုရွက်ဆိတ်များနှယ် ဖြစ်နေခဲ့သည်။
"မြန်မြန်... သူတို့ကို ကယ်ကြ.."
နီဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ၊ ယဲ့မိသားစုနှင့် နီမိသားစုမှ အင်အားကြီး စွမ်းအားရှင်များ ချက်ချင်း ပြေးထွက်သွားကြ၏။
"တောက်.."
သွမ့်ထျန်းဟွမ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် စိုးရိမ်တကြီး အော်ပြောလိုက်၏။
"ဖုန်းဝူချန်၊ မြန်မြန်လုပ်.. အခင်းအကျင်းကို ဖျက်တော့.. မြန်မြန် ဖျက်တော့.."
"ထျန်းယွမ်ဘုံ စွမ်းအားရှင် တစ်ယောက် အသက်သွင်းထားတဲ့ အခင်းအကျင်း ဆိုတော့လည်း အစွမ်းထက်တဲ့ ကာကွယ်ရေး စွမ်းအားတွေ ရှိနေတာ မဆန်းပါဘူး။ အခင်းအကျင်းရဲ့ မျက်လုံးကလည်း ခန့်မှန်းလို့ မရအောင် လှုပ်ရှားနေတယ်။ သာမန်လူတွေ ရှာမတွေ့နိုင်တာ သေချာပါတယ်။ ဒါပေမဲ့... ကျွန်တော့်အတွက်တော့ မခက်ခဲပါဘူး။" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
ဖုန်းဝူချန် အချိန်မဖြုန်းတော့ပေ။ သူ အခင်းအကျင်းကို အမြန်ဆုံး ဖျက်ရန် လိုအပ်နေသည်။ သို့မဟုတ်လျှင်၊ ကူချင်းရွှမ်း တစ်ယောက်တည်းကပင် သူတို့၏ အင်အားကြီး စွမ်းအားရှင်များအားလုံးကို အနိုင်ယူသွားနိုင်ပေသည်။
စကားပြောနေရင်းမှာပင်၊ မီးလျှံဓားသည် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်ပြီး၊ ချက်ချင်းပင် ဖုန်းဝူချန်၏ ပတ်ပတ်လည်တွင် ရွှေရောင် စွမ်းအင်ဓား ဒါဇင်ပေါင်းများစွာ ဖြစ်ပေါ်လာသည်။ ဓားတစ်ချောင်းချင်းစီတိုင်းတွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ပါဝင်နေလေသည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်.."
မီးလျှံဓားကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ရွှေရောင် စွမ်းအင်ဓား ဒါဇင်ပေါင်းများစွာသည် ရွှေရောင် ကြယ်ပျံများကဲ့သို့ အရပ်မျက်နှာအသီးသီးရှိ အခင်းအကျင်းဆီသို့ ပစ်လွှတ်ထွက်ခွာသွားသည်။
"တိုက်ရိုက် လက္ခဏာ၊ တက်လှမ်းသော မြွေ ၊ ထိုက်ယင်၊ ဆဌမ သဟဇာတ၊ ကျားဖြူ၊ ရွှမ်းဝူ၊ မြေကိုးလွှာ၊ ကောင်းကင်ကိုးလွှာ .."
"ရပ်၊ ဖွင့် တုန်လှုပ်၊ သေ ၊ ရှုခင်း၊ ပိတ်၊ ဒဏ်ရာ၊ ရှင် .."
ဖုန်းဝူချန်သည် စွမ်းအင်ဓား ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်နေရင်း ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေသည်။
သူ ရွတ်ဆိုလိုက်တိုင်း၊ ဓားတစ်ချောင်းစီသည် ဖုန်းဝူချန်ထံမှ အမိန့်ရရှိလိုက်သကဲ့သို့ အလင်းရောင်များ ဝေဝါးသွားသည်။
"ဝှီး…ဝှီး..ဝှီး"
စွမ်းအင်ဓားများသည် ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် သတ်မှတ်ထားသော နေရာများဆီသို့ ပျံသန်းသွားပြီး၊ အခင်းအကျင်းကို တစ်ပြိုင်နက်တည်း ထိမှန်သွားကြသည်။
“ဝူး….ဝူး”
ဧရာမ ကြောက်မက်ဖွယ် အခင်းအကျင်းကြီးသည် တဝူးဝူးမြည်သံများပေးလျက် ပြင်းထန်စွာ တုန်ခါလာတော့သည်။
"အသက်တံခါး၊ ပွင့်စေ.."
ဖုန်းဝူချန် ပြင်းထန်စွာ ဟစ်အော်လိုက်သည်။
ထိုအခါ အခင်းအကျင်းသည် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာပြီး
မျက်စိကျိန်းလောက်အောင် စူးရှသော အပြာရောင် အလင်းတန်းများ စတင်တောက်ပလာသည်။
"ခွမ်း.."
ခဏအကြာတွင်၊ 'အသက်တံခါး' ရှိရာ အရပ်မျက်နှာဆီမှ အက်ကွဲသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ အခင်းအကျင်းတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက်၏ ပတ်ပတ်လည်မှ အက်ကွဲကြောင်းကြီးများသည် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့ထွက်သွားပြီး၊ နောက်ဆုံးတွင်တော့... အခင်းအကျင်းကြီး တစ်ခုလုံး ပြိုကျ ပျက်စီးသွားပါတော့သည်။
ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်း... ပျက်စီးသွားခဲ့ပြီ။
"အခင်းအကျင်း... တကယ်ကြီး ပျက်သွားပြီ.." သွမ့်ထျန်းဟွမ်၏ မျက်လုံးများ မယုံနိုင်မှုဖြင့် ပြူးကျယ်သွားသည်။ ဤမျှ အစွမ်းထက်သော အခင်းအကျင်းကြီးကို ဖုန်းဝူချန်က လွယ်လွယ်ကူကူပင် ဖျက်ဆီးလိုက်နိုင်ခဲ့သည်။
"အခင်းအကျင်း ပျက်သွားပြီ.."
"စစ်သူကြီးချုပ်က အခင်းအကျင်းကို တကယ် ဖျက်လိုက်နိုင်ပြီ.."
"ဆရာ... ဆရာက အခင်းအကျင်း စွမ်းအားရှင်ကြီး တစ်ယောက်လည်း ဟုတ်နေသေးတာလား။"
ယန်ထျန်းရှန်နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ အာမေဋိတ်သံများသည် ဒီရေလှိုင်းများပမာ ပျံ့နှံ့သွားပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် အံ့ဩမှုများ၊ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိတ်လန့်မှု အပြီးတွင်၊ စစ်သည်တော်များ အားလုံး၏ သွေးများ ဆူပွက်လာကြပြီး၊ သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလျက် မရပ်မနား အော်ဟစ်နေကြတော့သည်။
"မဖြစ်နိုင်ဘူး.. မင်း... မင်း ဘယ်လိုလုပ် အခင်းအကျင်းကို ဖျက်နိုင်တဲ့ အဓိက အချက်အချာကို ရှာတွေ့သွားတာလဲ.." ကူချင်းရှန်း၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ဖုံးလွှမ်းသွားသည်။ သူ လုံးဝ မယုံနိုင်ပေ။
"ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီး... ပျက်... ပျက်သွားပြီ.." လိန်ရွှမ်းဖုန်း၏ မျက်နှာသည်လည်း ကြောင်ငေးနေသော အရုပ်တစ်ရုပ်နှယ် ဖြစ်နေခဲ့သည်။
ဖုန်းကျိန့်ရှုံးနှင့် ဖုန်းမိသားစုဝင်များ အားလုံးသည် ကျောက်ရုပ်များကဲ့သို့ ကြောင်ငေးမိနေကြသည်။
သူတို့၏သား၊ ချန်အာက ဘယ်အချိန်က အခင်းအကျင်း မဟာစွမ်းအားရှင်ကြီး ဖြစ်သွားခဲ့ရတာလဲ။
ချန်အာ၏ ဆရာသည် အရာအားလုံးကို တတ်စွမ်းနိုင်သူ ဖြစ်နေသလော။
ထျန်းယွင်ဂိုဏ်း၏ ဂုဏ်ယူဖွယ်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော 'ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်း' ကြီးကို ဖုန်းဝူချန်က လှုပ်ရှားမှု အနည်းငယ်မျှဖြင့် ဖျက်ဆီးပစ်လိုက်သည်ကို သူတို့ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
အခင်းအကျင်း ပျက်စီးသွားသည်နှင့်၊ ထျန်းယွင်ဂိုဏ်း၏ တပည့်များ အားလုံး စတင် ထိတ်လန့် တုန်လှုပ်
လာကြတော့သည်။
'ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်း' ပျက်စီးသွားသည့်အတွက်၊ ထျန်းယွင်ဂိုဏ်း တပည့်များသည် အင်ပါယာ၏ တပ်မတော်သား တစ်သိန်းနှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အခင်းအကျင်း ပျက်စီးသွားသော်လည်း၊ ကူချင်းရွှမ်းကမူ ဂရုမစိုက်ပေ။ သူသည် ဒေါသနှင့် အမုန်းတရားများဖြင့် လောင်ကျွမ်းနေပြီး၊ ထျန်းယွင်ဂိုဏ်း တပည့်များ၏ အသက်ကို လုံးဝ လျစ်လျူရှုထားသည်။
"ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းရဲ့ နေရာတွေက ခန့်မှန်းလို့ မရအောင် လှုပ်ရှားနေတာ မှန်တယ်။ ဒါပေမဲ့ ကျွန်တော်က အဓိက အချက်ကို ရှာနေစရာမလိုဘူး။ ဖြစ်နိုင်ခြေ ရှိတဲ့ နေရာအားလုံးကို ပိတ်ဆို့ပြီး ရှာလိုက်ရုံပဲ။ ကံကောင်းစွာနဲ့ အဲဒီအချက်က 'အသက်တံခါး' အပေါ်မှာ ရောက်နေခဲ့တယ်။" ဖုန်းဝူချန်က အေးစက်စွာ ရှင်းပြလိုက်သည်။
"ဖုန်းဝူချန်.. ငါ့သား 'ထျန်းအာ' ကို ကောင်းကင်ဘုံမှာ ယဇ်ပူဇော်ဖို့ မင်းရဲ့သွေးကို ငါ သုံးမယ်.."
အင်အားကြီး စွမ်းအားရှင်များစွာကို အနိုင်ယူပြီးနောက်၊ ကူချင်းရွှမ်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ထံသို့ အမြန်နှုန်းပြင်းစွာ ပြေးဝင်လာတော့သည်။
"ဖုန်းဝူချန်.. ကောင်းတယ်.. ဖျက်တာ ကောင်းတယ်.." သွမ့်ထျန်းဟွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး၊ ရုတ်တရက် လျှပ်စီးကဲ့သို့ ရွေ့လျားကာ ကူချင်းရွှမ်းကို ဝင်တားလိုက်သည်။ "ကူချင်းရွှမ်း.."
"ထျန်းယွင်ဂိုဏ်းကို မြေလှန်ပစ်လိုက်.. တစ်ယောက်မှ အရှင်မထားရဘူး.." ထို့နောက် ဖုန်းဝူချန်သည် ဒေါသတကြီး ဟိန်းဟောက် အမိန့်ပေးလိုက်သည်။ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ မျိုချလိုက်ပြီး၊ မီးလျှံဓားကို ကိုင်ကာ၊ သူ၏ တောင်ပံများကို တစ်ချက်ခတ်လိုက်လျက် ထျန်းယွင်ဂိုဏ်း တပည့်များထံသို့ အရူးအမူး ဝင်ရောက် တိုက်ခိုက်သွားတော့သည်။
"စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်.." တပ်မတော်တစ်ခုလုံးက ရိုသေလေးစားစွာ ပြန်လည် အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး၊ တိမ်တိုက်များအထိ ထိုးဖောက်သွားသကဲ့သို့ပင်။
"သတ်.." ဟွမ်ယန်နှင့် လွမ်ရှန်းတို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ အတော်ဆုံးနှင့် အစွမ်းထက်ဆုံး စစ်သည်တော်များ စတင် လှုပ်ရှား တိုက်ခိုက်ကြတော့သည်။
"ဝှစ် ဝှစ် ဝှစ်.."
ဖုန်းဝူချန် ရက်စက်ကြမ်းကြုတ်စွာ၊ သနားညှာတာမှု ကင်းမဲ့စွာ လှုပ်ရှားလိုက်သည်။ သူသည် အထူးသဖြင့် အင်အားကြီးသော တပည့်များကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ ဓားတစ်ချက်က လည်မျိုတစ်ခုကို ထိုးခွင်းသွား၏။
ထျန်းယွင်ဂိုဏ်း တပည့်များသည် သစ်ရွက်ကြွေများပမာ အစုလိုက် အပြုံလိုက် လဲကျသွားကြပြီး၊ သွေးများသည် မြစ်တစ်စင်းပမာ စီးဆင်းနေတော့သည်။
"သတ်.."
အင်ပါယာ၏ တပ်မတော်သား တစ်သိန်းသည် ထျန်းယွင်ဂိုဏ်း အတွင်းသို့ ဒီရေအလား တိုးဝင်လာကြသည်။ သတ်ဖြတ်ခြင်းမှ ထွက်ပေါ်လာသော အေးစက်လှသည့် အရှိန်အဝါများသည် တောင်တန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ ၎င်းတို့၏ စစ်အင်အားမှာ အလွန်တရာ ကြီးမားလှပေသည်။
"ကျွန်မတို့လည်း ဝင်တိုက်မယ်.."
လင်ရှောင်ရှောင်သည် ပထမဆုံး ဝင်တိုက်သူ ဖြစ်သည်။ သူမ၏ နောက်ကျောတွင် တောင်ပံများ ဖြစ်ပေါ်လာပြီး၊ ထျန်းယွင်ဂိုဏ်း တပည့်များအပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်သည်။
ကူချင်းရှန်း၊ လိန်ရွှမ်းဖုန်းနှင့် ထျန်းယွင်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး၏ မျက်နှာများသည် သုန်မှုန်မည်းမှောင်နေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားသည် မှန်သော်လည်း၊ အင်ပါယာ၏ တပ်မတော်သား တစ်သိန်းနှင့် ရင်ဆိုင်ရချိန်တွင်၊ သူတို့၏ အစစ်အမှန်ယွမ်များ ကုန်ဆုံးသွားမည့် အချိန်တစ်ခုသို့ မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။
သူတို့တွင် သေသည်အထိ တိုက်ခိုက်ရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
"ပြေးကြ.. ကိုယ့်အသက် ကိုယ် လုပြေးကြ.."
တပ်မတော်သား တစ်သိန်းက ထျန်းယွင်ဂိုဏ်းကို ဝိုင်းဝန်း တိုက်ခိုက်နေချိန်တွင်၊ တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ တပည့်များစွာသည် ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားကြသော်လည်း၊ ကံဆိုးစွာပင်၊ သူတို့အားလုံးသည် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရန် ကံကြမ္မာ ပါလာခဲ့ကြသည်။
"ထျန်းယွင်ဂိုဏ်းက လူမှန်သမျှ သေရမယ်.." တပ်ကို ဦးဆောင်နေသော ဗိုလ်ချုပ်များက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထျန်းယွင်ဂိုဏ်း၏ အင်အားကြီး စွမ်းအားရှင်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြတော့သည်။
ဖုန်းဝူချန်၏ အေးစက်သော မျက်ဝန်းများသည် ထျန်းယွင်ဂိုဏ်း၏ တတိယ အကြီးအကဲ၊ ယီယွင်ထံသို့ ခပ်စိမ်းစိမ်း ကြည့်လိုက်သည်။
ထိုအကြည့်ကို ခံစားမိလိုက်သည်နှင့်၊ ယီယွင်၏ မျက်နှာသည် ချက်ချင်းဆိုသလို ထိတ်လန့်မှုကြောင့် သွေးဆုတ်ဖြူရော်သွားသည်။
တတိယ အကြီးအကဲ တစ်ယောက်အနေဖြင့်၊ ယီယွင်၏ ကျင့်ကြံမှုအဆင့်သည် ယွမ်တန်ဘုံ၏ ဆဋ္ဌမ အလွှာ၌သာ ရှိသည်။ သူသည် ဖုန်းဝူချန်၏ ပြိုင်ဘက် ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပေ။
တစ်ခဏအတွင်းမှာပင်၊ ဖုန်းဝူချန်သည် ယီယွင်၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းပြနေသော မျက်ဝန်းများသည် ယီယွင်ကို စူးစိုက်ကြည့်နေသဖြင့်၊ ယီယွင်မှာ ကြောက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားသည်။
“ဘုန်း”
ကြောက်လန့်တကြားဖြင့်၊ ယီယွင်သည် ဖုန်းဝူချန်ထံသို့ ရုတ်တရက် လင်ဝါးချက် တစ်ချက် ရိုက်ထုတ်လိုက်သည်။ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသော်လည်း၊ သူ အင်အား အကုန်သုံး တိုက်ခိုက်လိုက်ပါလျက်၊ ဖုန်းဝူချန်ကို တစ်ဆံခြည်မျှင်ခန့်ပင် နောက်သို့ ဆုတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
"ထျန်းယွင်ဂိုဏ်းရဲ့ တတိယ အကြီးအကဲက ဒီလောက်ပဲ တတ်နိုင်တာလား။" ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ မီးလျှံဓားသည် သနားညှာတာမှု တစ်စုံတစ်ရာ မရှိဘဲ၊ ယီယွင်၏ နှလုံးသားကို တိတိကျကျ ထိုးခွင်းဝင်ရောက်သွားသည်။
"တတိယ အကြီးအကဲ.."
လိန်ရွှမ်းဖုန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်းအလှည့်ပဲ.."
ရေခဲတမျှ အေးစက်သော အသံ တစ်သံသည် လိန်ရွှမ်းဖုန်း၏ နားနားတွင် ကပ်ပြောလိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် သူသည် ကြောက်လွန်း၍ ချွေးများ ပျံတက်သွားတော့သည်။
"ဝှစ်.."
တစ္ဆေ တစ်ကောင်ကဲ့သို့ ပေါ်လာသဖြင့်၊ လိန်ရွှမ်းဖုန်းသည် လုံးဝ ကြိုတင် ပြင်ဆင်ချိန် မရလိုက်ဘဲ၊ ဖုန်းဝူချန်၏ ဓားချက်သည် သူ၏ လည်မျိုကို ထိုးခွင်းသွားခဲ့သည်။
ကူအောက်ထျန်းပင်လျှင် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ခဲ့လေရာ လိန်ရွှမ်းဖုန်းကဲ့သို့ ဒဏ်ရာရထားပြီးသား သူတစ်ယောက်မှာ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။
ဖုန်းဝူချန်၏ 'လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်' ၊ ‘လှုပ်ရှားမှု သိုင်းကွက်’ နှင့် 'ချီလင် ချပ်ဝတ်' တို့ ပေါင်းစပ်လိုက်သောအခါ၊ သူ၏ အမြန်နှုန်းသည် အသံထက်ပင် ကျော်လွန်နေသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ တပ်မတော်သား တစ်သိန်းက ဝိုင်းဝန်း ပိတ်ဆို့လာသဖြင့်၊ ထျန်းယွင်ဂိုဏ်း တပည့်များသည် ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေရပြီး၊ တပည့်များစွာသည် ကြမ်းတမ်းသော သေဆုံးခြင်းများဖြင့် တွေ့ကြုံနေရသည်။
ဆယ်မိနစ်...။
ဆယ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်း၊ ထျန်းယွင်ဂိုဏ်း တပည့်များအားလုံး ဝမ်းနည်းဖွယ်ရာ သေဆုံးသွားခဲ့ကြသည်။ တစ်ယောက်မျှ အရှင် မကျန်ရစ်ခဲ့ပေ။
ထျန်းယွင်ဂိုဏ်း၏ ကြီးစိုးမှုသည် ဤနေရာတွင် အဆုံးသတ်သွားခဲ့ပြီ။ ပြန်လည် ထူထောင်ရန် မျှော်လင့်ချက် မရှိတော့။ ကြီးမားကျယ်ပြန့်လှသော နန်းတော်ကြီးသည် ယခုအခါ မရေမတွက်နိုင်သော အလောင်းများ ပြန့်ကျဲနေသည့် သုသာန် တစပြင်တစ်ခု ဖြစ်သွားခဲ့ပြီး၊ မြင်ကွင်းမှာ ကြည့်ရှုမကောင်းအောင် ဆိုးရွားလှပေသည်။
အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်း... ယခုအခါတွင် ကူချင်းရွှမ်းနှင့် ကူချင်းရှန်း နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
ကူချင်းရွှမ်းသည် သွမ့်ထျန်းဟွမ်နှင့် အသက်လုကာ သေရေးရှင်ရေး တိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး၊ ကူချင်းရှန်းကမူ အင်ပါယာ၏ တပ်မတော်သား တစ်သိန်းကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။
ယွမ်တန်ဘုံ အဋ္ဌမအလွှာ ရှိသော ကူချင်းရှန်းသည် အစွမ်းထက်သော်လည်း၊ မူထျန်းယွင်နှင့် တိုက်ပွဲ၊ ထို့နောက် အင်ပါယာ စစ်သည်များစွာကို သတ်ဖြတ်ခဲ့ပြီးနောက်တွင် သူသည် အလွန်တရာ အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူ၏ အစစ်အမှန်ယွမ်များမှာလည်း အကြီးအကျယ် ကုန်ဆုံးနေခဲ့ပြီ။
ကူချင်းရှန်းသည် သေလမ်းမှလွဲ၍ ထွက်ပေါက် မရှိတော့ဘဲ၊ သေဆုံးရန်သာ တာစူနေတော့သည်။ နောက်ဆုံးတွင်၊ သူ၏ အစစ်အမှန်ယွမ်များအားလုံး ကုန်ဆုံးသွားပြီးနောက်၊ အင်ပါယာ စစ်သည်တော်များ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်။
"ထျန်းယွင်ဂိုဏ်းက ဒီနေ့မှာပဲ ပျက်စီးဖို့ ကံကြမ္မာ ပါလာခဲ့တာပဲ။"
လေထုထဲတွင် ပျံဝဲနေရင်း၊ ဖုန်းဝူချန်က အေးစက်စွာ ရေရွတ်လိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော မျက်ဝန်းများသည် ကူချင်းရွှမ်းထံသို့ စူးစိုက်ကြည့်နေခဲ့သည်။
အင်အားကြီးမားလှသော ထျန်းယွင်ဂိုဏ်း... ယခုအခါတွင်၊ ကူချင်းရွှမ်း တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ကာ တိုက်ခိုက်နေတော့သည်။