← Chapters

ကူချင်းရွှမ်းအား ချေမှုန်းခြင်း

Vol. 11 Ch. 153

ကူချင်းရွှမ်းအား ချေမှုန်းခြင်း

Vol. 11 Ch. 153

~ဖုန်းဝူချန်၏ ဒဏ်ရာများ ခုနစ်ဆယ် ရာခိုင်နှုန်းသာ ပျောက်ကင်းသေး၏။ ဤတိုက်ရိုက် ထိခတ်မှုကို ချီလင် ချပ်ဝတ်ကြောင့် ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဖုန်းဝူချန် အပြင်းအထန် ဒဏ်ရာ ရရှိသွားနိုင်လေသည်။

‘ချီလင် ချပ်ဝတ် ရှိနေသေးလို့ တော်သေးတာပေါ့ …’

သူ စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်လိုက်မိသည်။

ကြောက်မက်ဖွယ် စွမ်းအင် အားလှိုင်းများ မပျောက်ကွယ်မီမှာပင်။ ကူချင်းရွှမ်းက ဖုန်းဝူချန်ထံသို့ နောက်တစ်ကြိမ် ပြင်းထန်စွာ တိုးဝင်လာပြန်သည်။ ထျန်းယွမ်ဘုံ၏ အမြန်နှုန်းဖြင့် မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိလာလေ၏။

ကူချင်းရွှမ်း၏ အရှိန်အဝါမှာ တားဆီး မရနိုင်လောက်အောင် ပြင်းထန်လှသည်။ သူ၏ စွမ်းအားက ကြွင်းကျန်နေသော စွမ်းအင် အားလှိုင်းများကိုပင် လွင့်စင် သွားစေတော့သည်။

“ဝှီး”

ဖုန်းဝူချန်က လျှပ်တပြက် ရွှေ့လျားမှုကို သုံး၍ ရှောင်တိမ်း ပျောက်ကွယ်သွား၏။ သူ တမင်တကာပင် အကွာအဝေးကို ထိန်းသိမ်းလိုက်သည်။

"ဝင်္ကပါ နဝမကောင်းကင် ဖျက်ဆီးခြင်း "

မီတာ တစ်ရာ အကွာအဝေးမှနေ၍ ဖုန်းဝူချန် အကျယ်လောင်ဆုံး ဟစ်အော်လိုက်သည်။ မီးလျှံဓားသည် သူ၏ ရှေ့တွင် ရစ်ဝဲနေ၏။

တဆက်တည်း၌ သူ၏ ခြေဖဝါးအောက် လေဟာနယ်၌ ရွှေရောင် အခင်းအကျင်း တစ်ခု ပေါ်ထွက်လာကာ လျှို့ဝှက် ဆန်းကြယ်သော သင်္ကေတများ ဖွဲ့တည်လာ၏။ မျက်စိ ကျိန်းစပ်သည့် ရွှေရောင် အလင်းတန်းများ အခင်းအကျင်းမှ ကောင်းကင်သို့ ထိုးတက်သွားသည်နှင့်တပြိုင်နက် ကြီးမားလှသော ဓားစိတ်ဆန္ဒ စွမ်းအင်များလည်း အရပ်ရပ်သို့ စီးဆင်းလာလေသည်။

ဟစ်အော်သံ အဆုံးတွင် ဖုန်းဝူချန်က ဓားသက်ေတများ ရေးဆွဲလိုက်သည်။ တောက်ပသော ရွှေရောင် အလင်းများက ဧရာမ စွမ်းအင်ဓားကြီး အဖြစ် စုစည်းသွား၏။ ၎င်းသည် ပျက်စီးခြင်း အရှိန်အဝါဖြင့် လေထုကို ထိုးခွင်းကာ မြေကြီးကိုပင် တုန်ခါစေတော့သည်။

"ဒီဓားအလင်းတန်းရဲ့ စွမ်းအားက အရင်ကထက်တောင် ပိုပြင်းထန်နေပါလား ..."

ကူချင်းရွှမ်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများ၌ မထီမဲ့မြင် အမူအရာနှင့် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။

"ထျန်းယွင် ဓားသိုင်းကွက်။ ထျန်းယွင် နတ်ဓား"

ကူချင်းရွှမ်း အသံကျယ်ဖြင့် ဟိန်းဟောက်လိုက်ပြီး တဆက်တည်း၌ သူ၏ အစစ်အမှန်ယွမ်များကို ဓားထဲသို့ သွတ်လောင်း ထည့်လိုက်၏။ ထိုအခါ ဓားကိုယ်ထည်မှ တောက်ပသော အပြာရောင် အလင်းများ ပေါက်ကွဲ ထွက်လာသည်။ ကြမ်းတမ်းသော ဓားအလင်းတန်း အရှိန်အဝါတို့ ပျံ့နှံ့ ထွက်လာတော့သည်။

“ဝှီး”

“ထန်”

ကိုက် တစ်ဒါဇင်ကျော် ရှည်လျားသော ဧရာမ အပြာရောင် ဓားအလင်းတန်းကြီး ပစ်ထွက်လာ၏။ နားစည် ပေါက်ကွဲမတတ် အသံဖြင့် လေဟာနယ်ကို ဖြတ်တောက်သွားသည်။ တဆက်တည်း၌ လေဟာနယ်ကြီး တုန်ခါသွား၏။ အပြာရောင် မိုးကြိုး လျှပ်စီး တစ်ခုအလား မြင်ကွင်းကို ထင်ရှားစေလေသည်။

“ချွင်”

ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီး နှစ်ခု ထပ်မံ၍ ထိခတ်မိကြပြန်သည်။

ဟိန်းညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ထျန်းယွင်ဂိုဏ်း ပတ်လည် တောင်တန်းများအထိ ပဲ့တင်ထပ်သွားတော့သည်။

ပျက်စီးခြင်း စွမ်းအားက ဖုန်းဝူချန်ကို သွေးများ ထပ်မံ အန်စေပြန်သည်။ ကြောက်မက်ဖွယ် ချီစွမ်းအင် လေပြင်းကြောင့် ဖုန်းဝူချန် မီတာ ရာပေါင်းများစွာ ဝေးသော နေရာသို့ လွင့်စင်သွားတော့သည်။

နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှုက သူ၏ ဒဏ်ရာများကို ပိုမို ဆိုးရွား သွားစေခဲ့သည်။

တိုက်ခတ်နေသော လေပြင်းများက လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်စေ၏။ ကြီးမားသော စွမ်းအင်ကို သူတို့ ခံစားမိနေကြသည်။

"ဒီအတိုင်း ဆက်တိုက်နေရင် စစ်သူကြီးချုပ် ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး"

သွမ့်ဝူချင်းက မျက်မှောင်ကြုတ်လျက် စိုးရိမ်စွာ ဆိုလိုက်သည်။

ယန်ထျန်းရှန်က လေးနက်စွာ ပြော၏။ "ဆရာ့ရဲ့ ကာကွယ်ရေးက မယုံနိုင်လောက်အောင် သန်မာပါတယ်။ သူ အဲ့လောက် လွယ်လွယ်နဲ့ မကျဆုံးနိုင်ပါဘူး။ ဆရာက ထျန်းယွမ်ဘုံ စွမ်းအားရှင်ရဲ့ စွမ်းအားကိုတောင် ခံနိုင်ရည် ရှိတယ်။ တခြားလူသာ ဆိုရင် အသတ်ခံရတာ ကြာလှပေါ့"

ဒဏ်ရာ ပြင်းထန်နေသော ဧကရာဇ် သွမ့်ထျန်းဟွမ်ကမူ ဖုန်းဝူချန်ကို စူးစိုက် ကြည့်နေသည်။

"ဖုန်းဝူချန်က ကူချင်းရွှမ်းရဲ့ အစစ်အမှန်ယွမ်တွေ ကုန်ဆုံးသွားအောင် ကြိုးစားနေတာပဲ။ ဒါပေမဲ့ ဒီလို လုပ်ခြင်းအားဖြင့် သူကိုယ်တိုင်လည်း အပြင်းအထန် နာကျင်ရလိမ့်မယ်။ အဲ့ဒီ အခါကျရင် ကူချင်းရွှမ်းကို ဘယ်သူမှ နိုင်တော့မှာ မဟုတ်ဘူး"

သူက ပြောရင်း လင်ရှောင်ရှောင်ကို လှမ်းကြည့်လိုက်မိသည်။

သို့သော် ခေါင်းခါကာ ရင်တွင်း တွက်ဆလိုက်၏။

‘ဒီမိန်းကလေးက လျှို့ဝှက်ဆန်းကြယ်ပေမဲ့ ကူချင်းရွှမ်းကို အင်အားချင်း မယှဉ်နိုင်လောက်ဘူး’

ထိုအခိုက်အတန့်မှာ

"ချန်အာ့ ဒဏ်ရာတွေ ပိုဆိုးလာပြီ။ ဘယ်လို လုပ်ကြမလဲ"

ဟု ရှောင်ချင်းချင်းက မျက်ရည်များ ဝိုင်းလျက် စိုးရိမ်တကြီး မေးလိုက်သည်။

" သခင်မ... ကျုပ်တို့ အင်အားနဲ့ ကူချင်းရွှမ်းကို ဘယ်လိုမှ မနိုင်ဘူး။ မင်းကြီးလည်း ဒဏ်ရာ ပြင်းထန်နေတာ။ ချန်အာ တစ်ယောက်ပဲ သူ့ကို တောင့်ခံထားနိုင်တာ"

ဖုန်းကျိန့်ရှုံးလည်း မယုံနိုင်လောက်အောင် ပူပန်နေ၏။

သူတို့မှာ စိုးရိမ် ပူပန်ရင်း ဆုတောင်းနေရုံမှ လွဲ၍ ဘာမျှ မကူညီနိုင်ခဲ့ကြပါ။

ကောင်းကင်ယံ အမြင့်၌ စွမ်းအင် အားလှိုင်းများ ပျောက်ကွယ် သွားခဲ့ပြီ။

ဖုန်းဝူချန်၏ အသားအရေမှာ ဖြူဖျော့နေလေပြီ။ ထျန်းယွမ်ဘုံ စွမ်းအားရှင်ကို ရင်ဆိုင်ရခြင်းမှာ အမှန်တကယ် ပင်ပန်းလှသည်။ သူ အခုထိ ရပ်တည်နေနိုင်ခြင်းကပင် အံ့ဩစရာ ကောင်းလှ၏။

ကူချင်းရွှမ်းကို စိုက်ကြည့်ရင်း ဖုန်းဝူချန် တွေးလိုက်သည်။

"ကူချင်းရွှမ်းရဲ့ အရှိန်အဝါလည်း သိသိသာသာ အားနည်းသွားပြီ။ ဒါပေမဲ့ ဒီအတိုင်း ထိပ်တိုက် ဆက်တိုးနေရင် ငါကိုယ်တိုင် မခံနိုင်တော့ဘူး။ အချိန်တန်ပြီ"

"ဖုန်းဝူချန်။ ကစားကွက် ကုန်ပြီလား။ ဒါဆို သေလိုက်တော့"

ဒေါသထွက်နေသော ကူချင်းရွှမ်းက ပြင်းထန်စွာ တိုးဝင်လာသည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများ နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်လာ၏။ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက်သွားသည်။

ဖုန်းဝူချန် မလှုပ်မယှက် ရပ်နေသည်။ လျှပ်စီးကဲ့သို့ တိုးဝင်လာသော ကူချင်းရွှမ်းကိုသာ စိုက်ကြည့်နေ၏။

သို့သော် ဖုန်းဝူချန် မလှုပ်ရှားသည့်အတွက် အောက်ဘက်မှ လူအားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။

ဖုန်းဝူချန် လက်မြှောက် အရှုံးပေးလိုက်ပြီလား။

ကူချင်းရွှမ်းက ဖုန်းဝူချန်ထံသို့ တဖြည်းဖြည်း နီးကပ်လာသည်။ သို့တိုင်အောင် ဖုန်းဝူချန် မလှုပ်ရှားသေးပေ။

"စစ်သူကြီးချုပ်"

စစ်သည်တော်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"သေစမ်း"

ကူချင်းရွှမ်းက သူ၏ ဓားဖြင့် ဖုန်းဝူချန်ကို ရက်စက်စွာ ထိုးစိုက်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်း စွမ်းအင် ဖြစ်၏။

"ရှောင်ရှောင်။ အခုပဲ"

ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက် လေသည်။

“ဝူး”

လင်ရှောင်ရှောင် ရုတ်ချည်း နေရာပြောင်းခြင်း သိုင်းအား သုံးလိုက်၏။ မျက်စိ တစ်မှိတ်အတွင်း ဖုန်းဝူချန်၏ ရှေ့သို့ ရောက်ရှိလာသည်။ ထိုအခိုက်အတန့်၌ သူမ အတွင်းမှ အကာအကွယ်လွှာ အသက်ဝင်လာသည်။

“ချွင်”

လင်ရှောင်ရှောင် ပေါ်လာသည့် အချိန်မှာ အချိန်ကိုက် ဖြစ်သည်။ ကူချင်းရွှမ်း တစ်ခုခု မှားယွင်းနေမှန်း ခံစားမိသော်လည်း သူ၏ တိုက်ခိုက်မှုကို ရုပ်သိမ်းရန် နောက်ကျသွားခဲ့ပြီ။

"ချွင်" ဟူသော ကြည်လင်သည့် အသံ ထွက်ပေါ်လာသည်။

ဓားသည် အကာအကွယ်လွှာကို ထိမှန်သွား၏။ ကူချင်းရွှမ်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများ ထိတ်လန့်မှုဖြင့် ပြည့်နှက်သွား၏။

ထို့နောက် "ဘုန်း" ဟူသော အသံ ထွက်လာသည်။ နှိုင်းယှဉ်၍ မရသော စွမ်းအားကြီး တစ်ခု ပြန်ကန် ထွက်လာသည်။ ကူချင်းရွှမ်း သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ကိုယ်မှာ အနောက်သို့ အရုပ်ကျိုးပြတ် လွင့်စင်သွားတော့သည်။

"ဒါ ဘယ်လို အကာအကွယ်လွှာမျိုးလဲ။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား ရှိနေရတာလဲ"

ကူချင်းရွှမ်းက ထိတ်လန့်မှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။ အကာအကွယ်လွှာ၏ စွမ်းအားက သူ့ကို အကြီးအကျယ် ထိတ်ပျာစေခဲ့လေသည်။

သူက လင်ရှောင်ရှောင် အကြောင်း ဟွမ်ဖူကျန့်ထျန်းထံမှ ကြားသိထားပြီး ဖြစ်သည်။ သူမ၏ ကြောက်မက်ဖွယ် ကာကွယ်ရေး စွမ်းအားကို သူ သိထား၏။ သို့သော် အကာအကွယ်လွှာ၏ စွမ်းအား ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟုတော့ သူ မသိခဲ့ပါ။

ကြောက်မက်ဖွယ် ပြန်ကန် စွမ်းအားကြောင့် ကူချင်းရွှမ်း အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့သည်။

"သူက ကူချင်းရွှမ်းကို တကယ် ဒဏ်ရာရအောင် လုပ်နိုင်တယ်။ ဒီမိန်းကလေး ဘယ်လို နောက်ခံ ရှိနေတာလဲ"

သွမ့်ထျန်းဟွမ် အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။

လင်ရှောင်ရှောင်ကို ကြည့်ရင်း ထိန်းမနိုင်အောင် ဖြစ်သွား၏။

သွမ့်ဝူချင်းနှင့် အခြား ဗိုလ်ချုပ်များ၊ စစ်သည်များမှာတော့ ကြောင်ငေး သွားကြသည်။ သူတို့ လင်ရှောင်ရှောင်ကို မမြင်ဖူးခဲ့ကြပါ။ သူမ၌ ဤမျှ ကြောက်မက်ဖွယ် ကာကွယ်ရေး အကာအကွယ်လွှာ ရှိမှန်းလည်း မသိခဲ့ကြပေ။

"အဟား၊ အစ်ကိုဖုန်းက ရှောင်ရှောင်နဲ့ အစကတည်းက ညှိနှိုင်းထားတာပဲ"

လျိုချင်းယန်က အတိုင်းမသိ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ကြောက်စရာကြီးပဲ။ ထျန်းယွမ်ဘုံ စွမ်းအားရှင်တောင် သူ့ရဲ့ ကာကွယ်ရေးကို မဖောက်နိုင်ဘူး။ အဲ့အစား တန်ပြန်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရသွားတယ်"

နီဟန်ကလည်း အံ့ဩမှု အပြည့်ဖြင့် ဆိုသည်။

"ဒီမိန်းကလေးက ဘယ်သူလဲ။ အခင်းအကျင်း အပြင်က ဖုန်းမိသားစုဝင်တွေကို ကယ်ထုတ်သွားတာ သူပဲ။ ဘယ်လို လုပ်လိုက်မှန်းတောင် မသိလိုက်ပါဘူး"

ဟု နီမိသားစုမှ စွမ်းအားရှင် တစ်ဦးက ဝေဝါးစွာ ဆို၏။

လင်ရှောင်ရှောင်ကို မသိကြသူ တိုင်း ဤမြင်ကွင်းကြောင့် မှင်သက်အံ့ဩနေကြသည်။

"ရှောင်ရှောင် တော်တယ်"ဖုန်းဝူချန်က ချီးကျူးလိုက်သည်။

"အစ်ကိုကြီးဖုန်း။ ကူချင်းရွှမ်း ဒဏ်ရာ ပြင်းထန်နေပြီ။ ကျွန်မတို့ နှစ်ယောက် ပေါင်းပြီး သူ့ကို သတ်ရအောင်"

ဟု လင်ရှောင်ရှောင်က တိုက်တွန်းလိုက်သည်။ သူမစကား အဆုံးမသတ်မီပင် သူမ၏ သွေးမျိုးဆက် စွမ်းအားများ လှုပ်ရှားလာကာ ကြောက်မက်ဖွယ် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားများ သူမ ကိုယ်တွင်းမှ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာသည်။

လင်ရှောင်ရှောင်၏ သွယ်လျသော ကိုယ်အား ခရမ်းရောင် အလင်းလွှာ တစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

လင်ရှောင်ရှောင်၏ ကိုယ်မှ ယွမ်တန်ဘုံ တတိယ အလွှာ အထွတ်အထိပ် အရှိန်အဝါ ထွက်ပေါ်နေ၏။ သို့သော် သူမ၏ တည်ရှိမှုက ယွမ်တန်ဘုံ ပဉ္စမအလွှာ အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်လေသည်။ သူမ၏ စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှ၏။

သူမ၏ ကျောက်စိမ်းလို ကြည်လင်သော လက်ကလေးဖြင့် ဝှေ့ယမ်းလိုက်သည့်အခါ ကြည်လင်သော ရေခဲဓား တစ်လက် လေထဲတွင် ပေါ်ထွက်လာ၏။ ဓားသွား ပတ်လည်၌ လေပြင်းများ ဝေ့ဝဲနေကာ ခမ်းနားသော ဓားစိတ်ဆန္ဒ ပါဝင်နေလေ၏။

ကြည်လင် ရေခဲဓားကို ဆင့်ခေါ်လိုက်သည်နှင့် လင်ရှောင်ရှောင်၏ တိုက်ခိုက်ရေး စွမ်းရည် ထပ်မံ မြင့်တက်သွားသည်။ ယွမ်တန်ဘုံ ပဉ္စမအလွှာ ပြိုင်ဘက်များပင် သူမကို ယှဉ်နိုင်မည် မဟုတ်တော့ပါ။

"အဆင့်မြင့် ဝိညာဉ်လက်နက်။ ဒါ အဆင့်မြင့် ဝိညာဉ်လက်နက်ပဲ"

"ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ။ သူ ဘယ်လို စွမ်းအားကို သုံးနေတာလဲ"

"ယွမ်တန်ဘုံ ပဉ္စမ အလွှာ အထွတ်အထိပ်နဲ့ ယှဉ်နိုင်တဲ့ အရှိန်အဝါပဲ။ ဒီမိန်းကလေးရဲ့ စွမ်းအားက ငါ့ထက်တောင် သာလွန်နိုင်တယ်"

လင်ရှောင်ရှောင် သူမ၏ တိုက်ခိုက်ရေး စွမ်းအား အမှန်ကို ထုတ်ပြသည့်အခါ လူတိုင်း ကြောင်ငေး သွားကြသည်။ သူမကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေကြ၏။

‘ရှောင်ရှောင်ရဲ့ ဓားက အဆင့်မြင့် ဝိညာဉ်လက်နက် လောက်ပဲ မဟုတ်ဘူး။ အစွမ်းကို တံဆိပ်ခတ်

ချိပ်ပိတ်ထားတာပဲ’ ဖုန်းဝူချန် စိတ်ထဲမှ တွေးလိုက်သည်။

“ခွေးမသားလေး နှစ်ယောက်။ မင်းတို့ အစကတည်းက ကြံစည်ထားတာကို”’

ဒဏ်ရာရနေသော ကူချင်းရွှမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ အရှိန်အဝါမှာ တစ်စထက် တစ်စ အားနည်း၍ လာ၏။ ထျန်းယွမ်ဘုံ စွမ်းအားရှင် တစ်ဦး၏ ခိုင်မာသော တည်ရှိမှု မရှိတော့ပါ။

အားနည်းနေသော ကူချင်းရွှမ်းကို သတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

"ရှောင်ရှောင် သွားစို့"

ဖုန်းဝူချန် အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ သူ၏ တောင်ပံများ တုန်ခါသွားလျက် သူက မီးလျှံဓားကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးဝင်သွားတော့သည်။

လင်ရှောင်ရှောင်က ကြည်လင် ရေခဲဓားကို ကိုင်လျက် ဖုန်းဝူချန် နောက်မှ ကပ်လိုက်သွားသည်။

“ဝှစ် ဝှစ် ဝှစ်”

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ ပုံရိပ်များ အလွန် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျောက်လိုက် ပေါ်လိုက် ဖြစ်နေသည်။ ကူချင်းရွှမ်းထံသို့ လျင်မြန်စွာ ချဉ်းကပ်ကာ ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။

“ချွင် ချွင် ချွင်”

ပြင်းထန်သော တိုက်ပွဲ စတင်လေပြီ။

ရက်စက်သော ဓားကွက်များ အဆက်မပြတ် ထိတိုက်နေသည်။ ဓားအရိပ်များ လင်းလက်နေ၏။ မီးပွားများ လွင့်စင်နေကာ ပြင်းထန်သော ဓားချီစွမ်းအင်များ ဝေ့ဝဲနေသည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်၏ ပြင်းထန်သော တိုက်ခိုက်မှု အောက်တွင်။ ဒဏ်ရာ ပြင်းထန်နေသော ကူချင်းရွှမ်း။ ထျန်းယွမ်ဘုံ စွမ်းအားရှင် ဖြစ်လင့်ကစား လုံးဝ အရေးနိမ့်နေသည်။ တစ်ချက်မျှပင် ပြန်မတိုက်ခိုက်နိုင်ပါ။

လင်ရှောင်ရှောင်၏ အကာအကွယ်လွှာမှ ပြန်ကန်ချက်ကြောင့် ကူချင်းရွှမ်း မည်မျှ ဒဏ်ရာ ပြင်းထန်သွားသည်ကို ခန့်မှန်းနိုင်ပေသည်။

"ယုတ်မာလိုက်တာ။ မင်းတို့လို ကလေး နှစ်ယောက်ရဲ့ အကြံအစည်ထဲ ကျရောက်သွားရတယ်လို့"

ကူချင်းရွှမ်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာ ရက်စက်မှုဖြင့် ရှုံ့မဲ့နေ၏။

"ကူချင်းရွှမ်း။ ဒီနေ့ဟာ ထျန်းယွင်ဂိုဏ်း ပျက်စီးတဲ့ နေ့တင် မကဘူး။ ခင်ဗျားရဲ့ ဘဝ အဆုံးသတ်တဲ့ နေ့ပဲ"

ဖုန်းဝူချန်က အေးစက်စွာ ကြေညာလိုက်သည်။

အားနည်း၍ ဒဏ်ရာ ပြင်းထန်နေသော ကူချင်းရွှမ်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ယွမ်တန်ဘုံ သတ္တမအလွှာ ခန့်သာ ရှိတော့မည်။ တိုက်ခိုက်နေရင်း သူ၏ ဒဏ်ရာများ တဖြည်းဖြည်း ပိုဆိုးလာသည်။

“ဝှစ်..ဝှစ်..ဝှစ်”

နှစ်ယောက်ပေါင်း တိုက်ခိုက်မှုကို မကာကွယ်နိုင်တော့ပေ။ ကူချင်းရွှမ်း တစ်ကိုယ်လုံး ဓားဒဏ်ရာများဖြင့် ပြည့်သွားသည်။ သူ၏ အဝတ်အစားများ သွေးစွန်းနေလေပြီ။

"မြေကမ္ဘာအဆင့် သိုင်း။ လောကပျက် ကောင်းကင်ဘုံ အပြစ်ဒဏ် ဓားချက်"

ဖုန်းဝူချန် ဟိန်းဟောက်လိုက်ကာ မီးလျှံဓားကို လက်နှစ်ဖက်ဖြင့် အလျားလိုက် ဝှေ့ယမ်း၏။ ရုတ်ချည်းပင် ပျက်စီးခြင်း စွမ်းအင် ပေါက်ကွဲ ထွက်လာကာ မီတာ နှစ်ဆယ်ကျော် ရှည်သော ရွှေရောင် စွမ်းအင်လှိုင်း ပစ်လွှတ်လိုက်သည့်အခါ ကူချင်းရွှမ်းကို မီတာ ရာပေါင်းများစွာ နောက်သို့ အဟုန်ပြင်းစွာ ပစ်လွှင့်သွားစေတော့သည်။

"ထာဝရ ဝိညာဉ် ချုပ်ငြိမ်းခြင်း ဆုံးဖြတ်ချက်။ ဝိညာဉ် ချုပ်ငြိမ်း အဆုံးစီရင်ခြင်း"

လင်ရှောင်ရှောင်လည်း လိုက်၍ ဟစ်အော်ကာ တိုက်ကွက် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ် ကြီးမားသော အရှိန်အဝါ ပေါက်ကွဲ ထွက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲ ထွက်လာသည်။ ကြည်လင် ရေခဲဓားဖြင့် ဝှေ့ယမ်းလိုက်၏။

"အင်မော်တယ် ဆုံးဖြတ်ချက်"

ဤ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသဖြင့် ဖုန်းဝူချန် မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ လင်ရှောင်ရှောင်ကို လန့်ဖျတ်စွာ ကြည့်လိုက်မိ၏။

“ဝီ..”

ဧရာမ ခရမ်းရောင် စွမ်းအင် ဓားအလင်းတန်းကြီး လေထုကို ထိုးခွင်းသွားသည်။ အလွန် ကြောက်မက်ဖွယ် စွမ်းအား ပါဝင်နေ၏။ ၎င်း၏ အရှိန်အဝါက နေရာ တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

"ရှောင်ရှောင်ရဲ့ ဓားသိုင်းကွက်က အစ်ကိုဖုန်းထက်တောင် ပို ကြောက်စရာ ကောင်းနေတာပဲ"

"မြေကမ္ဘာအဆင့် အဆင့်မြင့် ဓားသိုင်းကွက်လား။ ဒီမိန်းကလေး ကြောက်စရာ ကောင်းလိုက်တာ"

သွမ့်ထျန်းဟွမ် အပါအဝင် ရှိနေသူ အားလုံး လင်ရှောင်ရှောင်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့် သွားကြရပြန်သည်။

"အစစ်အမှန်ယွမ် ခန္ဓာ ကာကွယ်ခြင်း"

"ထျန်းယွင် ဓားသိုင်းကွက်။ ထျန်းယွင် နတ်ဓား"

"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်း။ ကိုးလွှာ ထျန်းယွင် လက်ဝါး"

အခြေအနေ မကောင်းတော့သဖြင့် ကူချင်းရွှမ်း သူ၏ အသွမ်းထက် သိုင်းနည်းစနစ်များ အလျင်အမြန် ထုတ်သုံးလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများကို တစ်ခုပြီး တစ်ခု ထုတ်လွှတ်လိုက်၏။

“ဘုန်း ..ဘုန်း .. ဘုန်း”

"ဝုန်း...ဝုန်း"

ကြောက်မက်ဖွယ် အားလှိုင်းများ လေထဲတွင် တိုက်မိ ပေါက်ကွဲကြသည်။ ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်၏။ တုန်ခါမှု လှိုင်းများကြောင့် ကူချင်းရွှမ်း သွေးများ ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သူ၏ ဒဏ်ရာများ ပိုမို ဆိုးရွားစွာဖြင့် လွင့်စင် ထွက်သွားတော့သည်။

"မင်းတို့ နှစ်ယောက်ကြောင့် ငါ ရှုံးနိမ့်ရတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

အပြင်းအထန် ဒဏ်ရာရနေသော ကူချင်းရွှမ်းက အံကြိတ်ရင်း အော်ဟစ်လိုက်သည်။

“ဝှီး”

ထိုအခိုက်အတန့်၌ ရုတ်တရက် ဖုန်းဝူချန် ရုတ်တရက် ပေါ်လာသည်။

ကူချင်းရွှမ်းအား ဘုန်းခနဲ လက်သီး တစ်ချက် တစ်ချက် ထိုးနှက်လိုက်၏။ ဒဏ်ရာ ပြင်းထန်နေသော ကူချင်းရွှမ်းကို ထျန်းယွင်ဂိုဏ်း အတွင်းသို့ ပြုတ်ကျသွားစေလိုက်သည်။ ကူချင်းရွှမ်း၏ ခန္ဓာကိုယ် အနက်ရောင် အလင်းတန်း တစ်ခုအလား အမြန်နှုန်း ပြင်းစွာ ပျံသန်းကာ အောက်သို့ ထိုးကျသွားတော့သည်။

ကူချင်းရွှမ်းသည် ထျန်းယွင်ဂိုဏ်း၏ ရင်ပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ထို့နောက် မီးလျှံဓားက လိုက်ပါ ကျဆင်းလာပြီး သူ၏ နှလုံးသားကို ထိုးဖောက်ကာ မြေကြီးထဲသို့တိုင် ထိုးစိုက်သွားသည်။

ထိုအဖျက်စွမ်းအားကြောင့် ဂိုဏ်း ရင်ပြင်ကြီး ကွဲအက်သွား၏။ အက်ကွဲကြောင်း ဒါဇင်ပေါင်းများစွာ ဖြစ်ပေါ်လာ တော့သည်။

ဤသို့ဤပုံဖြင့်…ယန်ဟော် အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်းချုပ်ကြီး ကူချင်းရွှမ်း... သေဆုံးသွားခဲ့လေပြီ။

All Chapters