နတ်ဘုရားတောင်ကြားသို့ တစ်ဖန် ပြန်လည်ရောက်ရှိခြင်း
Vol. 11 Ch. 155
~ထျန်းယွင်ဂိုဏ်း ပျက်စီးသွားရခြင်းမှာ အင်ပါယာ၏ လက်ချက်ကြောင့်ဟုသာ ပြင်ပလောကမှ သိရှိထားကြသော်လည်း၊ ၎င်းမှာ ဖုန်းဝူချန်၏ လက်ချက် ဖြစ်သည်ကိုမူ သူတို့ မသိရှိခဲ့ကြပေ။
ဟုတ်ပါသည်။ သိပ်မကြာမီ အချိန်အတွင်း၌၊ ဤအကြောင်းအရာသည် လူတိုင်း သိရှိသွားမည့် အခြေအနေသို့ ရောက်ရှိလာမည် ဖြစ်၏။
ထျန်းကျိုးနယ်မှ ပြိုင်ဘက်ကင်းမြို့၏ ကျင့်ကြံသူများအားလုံးသည် အင်ပါယာနှင့် ထျန်းယွင်ဂိုဏ်းတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲကြီးမှာ ဖုန်းဝူချန်ကြောင့်သာ လုံးလုံး ဖြစ်ပွားခဲ့ရသည်ကို သိရှိထားကြလေသည်။
ထျန်းယွင်ဂိုဏ်း၏ တည်ရှိမှုသည် ယန်ဟော်အင်ပါယာ၏ မျက်လုံးများထဲ၌ ကြမ်းတမ်းသော သားရဲတစ်ကောင်ပမာ ဖြစ်နေခဲ့ပြီး ဖြစ်သော်လည်း၊ ဖုန်းဝူချန်ကြောင့်ပင်၊ သွမ့်ထျန်းဟွမ်သည် စစ်သည်အင်အား တစ်သိန်းကို ထုတ်သုံးလျက် ထျန်းယွင်ဂိုဏ်းအား အမြစ်ဖြတ် ချေမှုန်းကာ အင်ပါယာ၏ ဤ ကြမ်းတမ်းသော သားရဲကြီးအား ဖယ်ရှားပစ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
ဤအချက်က သွမ့်ထျန်းဟွမ်သည် ဖုန်းဝူချန်အား မည်မျှ အလေးထားသည်ကို ပြသလျက် ရှိနေ၏။
ထိုအချိန်မှာပင်၊ အင်ပါယာအား တုန်လှုပ်ခြောက်ခြားသွားစေသော နောက်ထပ် သတင်းတစ်ပုဒ်မှာလည်း ပျံ့နှံ့လျက် ရှိနေခဲ့သည်။
ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၏ သိုင်းပြိုင်ပွဲတွင်၊ ထျန်းယန်အကယ်ဒမီမှ ဖုန်းဝူချန်သည် ပထမနေရာကို သိမ်းပိုက်ရယူခဲ့ပြီး၊ ပါရမီရှင် စာရင်းတွင် နံပါတ်တစ်အဖြစ် ရပ်တည်နိုင်ခဲ့သည်..
ယန်ဟော်အင်ပါယာ တစ်ခွင်လုံး၌ အမြဲတမ်း အောက်ဆုံးတွင် ရှိနေပြီး လူတိုင်း၏ အထင်သေးခြင်းကို ခံခဲ့ရသော ထျန်းယန်အကယ်ဒမီသည်၊ မမျှော်လင့်ဘဲ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၏ သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့ရုံသာမက၊ အင်ပါယာကြီးလေးခု၏ အကယ်ဒမီများအကြား အသန်မာဆုံး ဖြစ်လာခဲ့လေသည်..
ဤသတင်းသည် အင်ပါယာတစ်ခွင်လုံးအား လှိုင်းတံပိုးကြီးတစ်ခုနှယ် ရိုက်ခတ် တုန်ခါသွားစေခဲ့သည်။
အင်ပါယာ၏ ထောင့်တိုင်း ထောင့်တိုင်း၌၊ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၏ သိုင်းပြိုင်ပွဲတွင် နံပါတ်တစ် ဖြစ်လာခဲ့သော ဖုန်းဝူချန်၏ အောင်မြင်မှုအကြောင်းကိုသာ ဆွေးနွေး ပြောဆိုနေကြတော့၏။
အင်ပါယာမှ ပြည်သူများကို ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည့် အချက်မှာ၊ ဖုန်းဝူချန်သည် ကျောင်းသားသစ် တစ်ဦးမျှသာ ဖြစ်ပြီး၊ သူ၏ ခွန်အားမှာ အင်ပါယာ၏ နံပါတ်တစ် ပါရမီရှင် မင်းသားလေး၏ အစွမ်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်..
ယန်ဟော်အင်ပါယာ၏ အပြင်ဘက်၊ အခြားသော အင်ပါယာကြီး သုံးခု၌လည်း အံ့အားတသင့် ဖြစ်သွားခဲ့ကြရသည်။
လူတိုင်းသည် ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၌ ရွှေယွင်အကယ်ဒမီကသာ ပထမနေရာကို ဆက်လက် ရရှိဦးမည်ဟု ထင်မှတ်ထားခဲ့ကြပြီး၊ ထျန်းယန်အကယ်ဒမီမှာမူ အောက်ဆုံး၌သာ ရှိနေလိမ့်မည်ဟု တွေးထင်ထားခဲ့ကြသည်။
သို့သော် မည်သူကမျှ ထျန်းယန်အကယ်ဒမီ၌ မှော်ဆန်သော ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ..။
ဖုန်းဝူချန်၏ ကျော်ကြားမှုသည် အင်ပါယာကြီးများတစ်ခွင်၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့ပြီး၊ အင်ပါယာ လေးခုလုံးကို အမှန်တကယ်ပင် တုန်လှုပ်
ခြောက်ခြားသွားစေခဲ့သည်..။
ဤ ပြိုင်ဘက်ကင်းသော ဂုဏ်ကျက်သရေသည်၊ ယခင် ပါရမီရှင် အဆင့် သတ်မှတ်ပွဲ၏ နံပါတ်တစ် ဖြစ်ခဲ့သူ၊ မရေမတွက်နိုင်သော လူများ၏ ကိုးကွယ်ခြင်းကို ခံခဲ့ရသော 'နျဲ့ယန်' ကဲ့သို့ပင် ဖြစ်ချေသည်။
...
—-------
ဖုန်းမိသားစု ခြံဝင်းအတွင်း၌…
ချီဟွမ်သည် အလျင်စလို ရောက်ရှိလာခဲ့၏။
သူ၏ မျက်နှာအမူအရာမှာ လေးနက်လျက် ရှိရာ၊ အရေးတကြီး ကိစ္စ တစ်စုံတစ်ရာ ရှိနေပုံ ပေါ်သည်။
ဖုန်းမိသားစုမှ အစောင့်အကြပ်များမှာ မျက်စိ မျက်နှာ ပျက်နေကြသော်လည်း၊ ဝင်ရောက် မမေးမြန်းဝံ့ကြပေ။
"ချီဟွမ်... ဘာများ အရေးတကြီး ကိစ္စရှိလို့လဲ။"
အကြီးအကဲချုပ် ဖုန်းချန်ယန်သည် ခန်းမဆောင်ထဲမှ ထွက်လာစဉ်၊ အလျင်စလို ရောက်ရှိလာသော ချီဟွမ်နှင့် ပက်ပင်းတိုးမိရာ၊ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"အကြီးအကဲချုပ်... ဟွမ်ဖူမိသားစုက လူတွေ ပျောက်ကုန်ကြပါပြီ.."
ဟု ချီဟွမ်က ရိုသေစွာ သတင်းပို့လိုက်၏။
"ပျောက်ကုန်ပြီ"
ဖုန်းချန်ယန် အနည်းငယ် မှင်သက်သွားပြီး၊ သိသိသာသာပင် အံ့အားသင့်သွားသည်။
ထို့နောက် မျက်မှောင်ကြုတ်လျက် ဘဝင်မကျစွာ ဆို၏။
"ကြည့်ရတာ... ဟွမ်ဖူထျန်းပါးနဲ့ သူ့လူတွေ ထွက်ပြေးသွားကြပြီ ဖြစ်ရမယ်.."
"စစ်သူကြီးချုပ်က ဟွမ်ဖူမိသားစုကို အမြစ်ဖြတ် ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားတာလေ... အခု ဟွမ်ဖူမိသားစုက လူတွေ ပျောက်သွားတော့... ဒါကြောင့် ကျွန်တော် စစ်သူကြီးချုပ်ကို အသိပေးဖို့ အမြန် ပြေးလာခဲ့တာပါ။"
ချီဟွမ်က ဆိုသည်။
"ဝူချန်က အခန်းထဲမှာ ဒဏ်ရာတွေကို ကုသနေတုန်းပဲ... သူ့ရဲ့ သာမန်ထက်လွန်ကဲတဲ့ ပြန်လည် ကုစားနှုန်းနဲ့ဆိုရင်... အခုအချိန်လောက်ဆို သူ တော်တော်လေး သက်သာနေလောက်ပြီ။ နေဦး၊ ငါ သွားပြီး မိသားစုခေါင်းဆောင်ကို အစီရင်ခံလိုက်ဦးမယ်။"
ဖုန်းချန်ယန်က လေးနက်စွာ မှာကြားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့သာ ဟွမ်ဖူမိသားစုကို လွတ်မြောက်သွားခွင့် ပေးလိုက်ပါက၊ ကျားတစ်ကောင်ကို တောင်ပေါ်သို့ ပြန်လွှတ်လိုက်သည်နှင့် ညီမျှသွားမည် မဟုတ်ပါလော။
ထို့ကြောင့် ချီဟွမ်သည် ဖုန်းဝူချန်၏ အခန်းဆီသို့ အလျင်အမြန် ဦးတည်လိုက်သည်။
တစ်နေ့နှင့် တစ်ညတာမျှ ဒဏ်ရာများကို ကုသပြီးနောက်၊ ဖုန်းဝူချန်သည် လုံးဝ ပြန်လည် နာလန်ထူလာခဲ့ပြီး ဖြစ်ကာ၊ ယခုအခါ အနားယူလျက် ရှိနေသည်။
ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု ပြီးဆုံးပြီးနောက်၊ အပြည့်အဝ ပြန်လည် နာလန်ထူလာသော ဖုန်းဝူချန်သည် သူ၏ ကျင့်ကြံမှု အဆင့်မှာ သိသိသာသာ တိုးတက်လာခဲ့သည်ဟု ခံစား
လိုက်ရသည်။
တိုက်ပွဲဟူသည်မှာ လူတစ်ဦး၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန် အလျင်မြန်ဆုံးသော ဖြတ်လမ်း တစ်ခု အမြဲတမ်း ဖြစ်ခဲ့သတည်း။
ချီဟွမ်သည် ဖုန်းဝူချန်၏ အခန်း အပြင်ဘက်သို့ ရောက်ရှိလာသောအခါ၊ သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ ဘယ်ဘက်ရှိ အခန်းဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်မိသည်။
ဘယ်ဘက်ရှိ အခန်းထဲမှ၊ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ပျံ့လွင့် ထွက်ပေါ်လာရာ၊ ချီဟွမ်အား ထိတ်လန့်သွားစေခဲ့သည်။
‘ယွမ်…ယွမ်တန်ဘုံ စတုတ္ထအလွှာ.. သခင်မလေးလင် အဆင့်တက်သွားပြီ.. သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက စစ်သူကြီးချုပ်လောက်နီးနီး ကြောက်စရာကောင်းတာပဲ..”
ချီဟွမ်သည် သူ၏ စိတ်ထဲ၌ အလန့်တကြား အော်ဟစ်လိုက်မိပြီး၊ သူ၏ မျက်လုံးများမှာ လင်ရှောင်ရှောင်၏ အခန်းဆီသို့ စိုက်ကြည့်လျက် ပြူးကျယ်သွား၏။
"ကျွီ..."
ထိုအခိုက်အတန့်တွင်၊ ဖုန်းဝူချန်၏ အခန်းတံခါးမှာ ပွင့်လာပြီး၊ ဖုန်းဝူချန်သည် ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်ပေါ်လာသည်။
သူသည်လည်း လင်ရှောင်ရှောင်၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့ပုံ ပေါ်သည်။
"ရှောင်ရှောင်က တကယ်ကို မယုံနိုင်စရာပဲ... မနေ့က တိုက်ပွဲအပြီးမှာ... ဒီနေ့ သူ အဆင့်တက်သွားခဲ့ပြီ.."
ဖုန်းဝူချန်က ပျော်ရွှင်သော အပြုံးဖြင့် ဆိုလိုက်သည်။
သူ စကားဆုံးသည်နှင့်၊ ဖုန်းဝူချန်သည် ချီဟွမ်ကို သတိပြုမိသွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"ချီဟွမ်၊ ခင်ဗျား ဘာအကြောင်းပေါ်လို့ ရောက်လာတာပါလိမ့်။"
ဤစကားကို ကြားသောအခါ၊ ချီဟွမ်သည် ရုတ်တရက် သတိပြန်ဝင်လာပြီး တလေးတစားနှင့် သတင်းပို့လိုက်သည်။
"စစ်သူကြီးချုပ်... ဟွမ်ဖူမိသားစုရဲ့ အိမ်က လူသူ ကင်းမဲ့နေပါတယ်... အကြီးအကဲချုပ်နဲ့ ကျွန်တော်တို့ရဲ့ ယူဆချက်အရတော့... ဟွမ်ဖူထျန်းပါးနဲ့ သူ့လူတွေ ထွက်ပြေးသွားကြပြီ ဖြစ်နိုင်ပါတယ်။"
"ဟွမ်ဖူထျန်းပါး... အဲ့ဒီ မြေခွေးအိုကြီးက တကယ်ကို အကွက်နက်နက် ကြံတတ်တာပဲ။ မနေ့က အခွင့်အရေးကောင်းကြီး ရှိနေတာတောင် သူ ဝင်မတိုက်ခဲ့ဘူး... ကြည့်ရတာ သူကလည်း ရှောင်ရှောင့်ရဲ့ ကာကွယ်ရေး အတားအဆီးကို တော်တော်လေး သတိထားနေပုံရတယ်။"
ဖုန်းဝူချန်က အေးစက်စက် အပြုံးလေးဖြင့် သုံးသပ်လိုက်လေသည်။
"စစ်သူကြီးချုပ်... ကျွန်တော်တို့ သူတို့နောက်ကို လိုက်သင့်လား ခင်ဗျာ။"
ချီဟွမ်က မေးလိုက်၏။
ဖုန်းဝူချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆိုသည်။
"မလိုပါဘူး။ သူတို့ ထွက်ပြေးသွားမှတော့... သူတို့ရဲ့ အမြန်နှုန်းနဲ့ဆို အခုအချိန်လောက်ဆို အင်ပါယာရဲ့ အပြင်ဘက်ကိုတောင် ရောက်နေလောက်ပြီ... ကျုပ်တို့ အခု လိုက်သွားရင်တောင် မှီနိုင်တော့မှာ မဟုတ်ဘူး။"
"ကျွန်တော်တို့က ဟွမ်ဖူမိသားစုကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်
တော့မှာလာဗျ။"
ချီဟွမ်မှာ လုံးဝ စိတ်မချရဲ ဖြစ်နေသည်။
ဟွမ်ဖူမိသားစု၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို အကြိမ်များစွာ ခံခဲ့ရပြီး၊ စစ်သည်များစွာ ရက်စက်စွာ သေဆုံးခဲ့ရသဖြင့်၊ သူ့အနေနှင့် သူတို့ကို လွှတ်ပေးလိုက်ရန် လုံးဝ ဆန္ဒမရှိပါပေ။
ချီဟွမ် စိတ်မချနိုင် ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ၊ ဖုန်းဝူချန်က နှစ်သိမ့်လိုက်သည်။
"သူတို့အပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုပါဘူး။ ဟွမ်ဖူထျန်းပါးနဲ့ သူ့လူတွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး... သူတို့ သေချာပေါက် ပြန်လာကြဦးမှာပဲ။ ကျုပ်တို့က ဘာလို့ သူတို့ကို လိုက်ရှာရင်း အချိန်ဖြုန်းနေရမှာလဲ။ သူတို့တွေ ပြေးလို့ မလွတ်ပါဘူးလေ... ပြီးတော့... ကျုပ်တို့မှာ လုပ်စရာ ပို အရေးကြီးတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။"
"ဗျာ…ပို အရေးကြီးတဲ့ ကိစ္စတွေ.."
ချီဟွမ်မှာ အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့်၊ သူ၏ အကြည့်တို့သည် ဖုန်းဝူချန်အပေါ်၌ စူးစိုက်သွားသည်။
ထျန်းယွင်ဂိုဏ်းလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး၊ ဟွမ်ဖူမိသားစုမှာလည်း ထွက်ပြေးသွားခဲ့ပြီ။
အခြား အဘယ် အရေးကြီးသော ကိစ္စများ ကျန်ရှိနေနိုင်သေးသနည်း။
ဖုန်းဝူချန်က ခေါင်းညိတ်ပြလျက် ညွှန်ကြားလိုက်သည်။
“နာရီဝက်နေရင် လိန်မူချန်တို့ အဖွဲ့နဲ့အတူ လာခဲ့ပါ”
ချီဟွမ်က မေးလိုက်၏။
"ကောင်းကင်ဗိမာန်ကရော ဘယ်လိုလုပ်မလဲ ခင်ဗျာ။ ညီအစ်ကို ဟွမ်ယန်က အကျဉ်းသားတွေကို ခုထိ ခေါ်မလာသေးဘူး... ပြီးတော့ တောင်ကြားကို ပြန်လည် တည်ဆောက်နေတာကိုလည်း ကြီးကြပ်မယ့်သူ မရှိသေးပါဘူး။"
"ဒါက လွယ်ပါတယ်... ပိုင်ယွင်ချီကို တာဝန်ပေးလိုက်ပေါ့။"
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုသည်။
ပိုင်ယွင်ချီသည် ဖုန်းမိသားစု အစောင့်အကြပ်များ၏ တပ်မှူး ဖြစ်ပြီး၊ ဖုန်းမိသားစုအပေါ် သစ္စာစောင့်သိကာ တစ်ဘဝလုံး မြုပ်နှံထားသူ ဖြစ်သည်။ ဖုန်းဝူချန်သည် ဤကိစ္စကို သူ့အား ယုံကြည်စွာ တာဝန်ပေးအပ်နိုင်ပေသည်။
"ဟုတ်ကဲ့.."
ချီဟွမ်က ရိုသေစွာ ဖြေကြားလိုက်ပြီး၊ ချက်ချင်းပင် သူ၏ အပြန်လမ်းကို စတင် ခရီးနှင်လိုက်တော့သည်။
ချီဟွမ် ထွက်ခွာသွားသည်နှင့်၊ လျိုချင်းယန်၊ မြောင်ချင်းချင်းနှင့် ကျန်းကျွင့်လန်တို့ အားလုံး ထွက်ပေါ်လာခဲ့ကြသည်။
သူတို့အားလုံးသည် လင်ရှောင်ရှောင်၏ အခန်းမှ ပျံ့လွင့်လာသော အစွမ်းထက် အရှိန်အဝါကြောင့် သတိပြုမိကာ ရောက်ရှိလာကြခြင်း ဖြစ်ပါ၏။
"ရှောင်ရှောင်က တကယ် အံ့ဩဖို့ကောင်းတယ်... ယွမ်တန်ဘုံ စတုတ္ထအလွှာကို အဆင့်တက်သွားပြီ ပေါ့ နော်.."
မြောင်ချင်းချင်းက အားကျသော လေသံဖြင့် တအံ့တသြလေး ပြောလာသည်။
"ရှောင်ရှောင့်ရဲ့ ပါရမီနဲ့ဆိုရင်... သူသာ နှစ်လလောက် တံခါးပိတ် ကျင့်ကြံလိုက်မယ်ဆိုရင်... ယွမ်တန်ဘုံ ပဉ္စမအလွှာကိုတောင် တက်လှမ်းသွားနိုင်လောက်တယ်။ ငါတို့တော့ သူနဲ့ ယှဉ်လို့ မရပါဘူးကွာ။"
လျိုချင်းယန်က သူ၏ ပခုံးများကို တွန့်လိုက်ပြီး ညည်းညူသော လေသံဖြင့် ဆိုသည်။
ထိုစဉ် ကျန်းကျွင့်လန်က ဖုန်းဝူချန်အား ကြည့်၍ မေးလိုက်သည်။
"ဖုန်းဝူချန်... မင်း ဘယ်တော့မှ ငါနဲ့ လက်နက် သန့်စင်တာ လာပြိုင်မှာလဲ။ ငါ စောင့်နေတာ ခြောက်လ နီးပါးတောင် ရှိနေပြီ။"
ဤစကားကို ကြားသောအခါ၊ ဖုန်းဝူချန်က ခံစားချက်မပါသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ငါက မင်းနဲ့ မပြိုင်ချင်လို့ မဟုတ်ပါဘူး၊ မင်းကို စိတ်ဓာတ်ကျသွားအောင် လုပ်မိမှာ စိုးလို့ပါ။ မင်းက စတုတ္ထအလွှာ လက်နက် ပညာရှင် ဆိုပေမဲ့၊ မင်းရဲ့ အခြေခံက မခိုင်သေးဘူး၊ ဘာလို့လဲဆိုတော့ မင်း အဆင့်တက်တာ မြန်လွန်းလို့ပဲ။ မင်းက လက်နက် သန့်စင်ခြင်းမှာ ပါရမီ ပါတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ မင်း အရမ်း အလျင်လိုလွန်းတယ်။ ပြီးတော့... လက်နက် သန့်စင်ခြင်းကြောင့် မင်းရဲ့ ကိုယ်ထဲမှာ မီးအဆိပ်တွေ တော်တော်လေး စုပုံနေပြီ။"
"မင်းနဲ့ ပထမဆုံး တွေ့တုန်းကတည်းက 'ထျန်းရွှယ်လျန် ဆေးလုံး' ရဲ့ အနံ့ကို ငါ ရပြီးသား... ဒါက ပဉ္စမအဆင့် ဆေးလုံး... မင်းကိုယ်ထဲက မီးအဆိပ်ကို နှိမ်နင်းဖို့ သီးသန့် သုံးရတာလေ။ မင်းအနေနဲ့ ဝိညာဉ်လက်နက် တစ်ခုတောင် ဖန်တီးနိုင်ဦးမှာ မဟုတ်ဘူး၊ ငါကတော့ အချိန်မရွေး နေရာမရွေး လက်နက်သန့်စင်နိုင်တယ်။ ဒီကြားထဲမှာ ပြိုင်ဖို့ လိုသေးလို့လား။"
ဤစကားများကြောင့်၊ ကျန်းကျွင့်လန်၏ မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး၊ ဖုန်းဝူချန်အား စိုက်ကြည့်နေမိ၏။ ဖုန်းဝူချန်သည် ကြည့်ရုံမျှဖြင့် ဤမျှ များပြားသော အရာများကို ခွဲခြား သိမြင်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။
ကျန်းကျွင့်လန်သည် ဖုန်းဝူချန်၏ ရှေ့မှောက်၌ တစ်ခါမျှ လက်နက် မသန့်စင်ခဲ့ဖူးပေ။
သူ၏ အခြေခံ မခိုင်မာမှုနှင့် အလျင်လိုလွန်းသည်ကို ဖုန်းဝူချန် အဘယ်သို့ သိရှိနိုင်သနည်း။
ထို့အပြင် ဖုန်းဝူချန်က 'ထျန်းရွှယ်လျန် ဆေးလုံး' ၏ အနံ့ကိုပင် အာရုံခံမိခဲ့သည်တကား..
"အစ်ကိုဖုန်းကတော့ လူကို ခြောက်နေပြန်ပြီ။"
လျိုချင်းယန်က ညည်းညူကာ ခေါင်းခါလိုက်စဉ်၊ မြောင်ချင်းချင်းမှာမူ သူမ၏ ဘေး၌ ပါးစပ်ကို အုပ်လျက် တခစ်ခစ် ရယ်မောနေခဲ့သည်။
မှင်တက် အံ့ဩနေသော ကျန်းကျွင့်လန်အား ကြည့်လျက်၊ ဖုန်းဝူချန်က အသာ ရယ်မောကာ ဆိုလိုက်သည်။
“မင်းရဲ့ မီးအဆိပ်ကို နှိမ်နင်းဖို့ 'ထျန်းရွှယ်လျန် ဆေးလုံး' ကို သုံးနိုင်တယ်ဆိုကတည်းက... မင်းရဲ့ ကျန်းမိသားစုက တိုက်ကြီးပေါ်မှာ သိသာ ထင်ရှားတဲ့ နေရာ တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပြနေတာပဲ။ မင်းရဲ့ မိသားစုက လက်နက် သန့်စင် စွမ်းအားရှင်ကြီးတွေ ဖြစ်ရမယ်... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူတို့တွေက မင်း ကိုယ်ထဲက မီးအဆိပ်ကို မဖယ်ရှားပေးနိုင်ခဲ့ဘူး။ ငါတို့ဖုန်းမိသားစုအတွက် အသက်စွန့်ပြီး ကူညီခဲ့တာကို ထောက်ထားပြီး... ငါက မင်း ကိုယ်ထဲက မီးအဆိပ်ကို ဖယ်ရှားပေးမယ်... ပြီးတော့ လက်နက် သန့်စင် နည်းစနစ် ကျင့်စဉ်တစ်စုံ လက်ဆောင်ပေးမယ်။ ဘယ်လိုလဲ၊ နောက် ခြောက်လကြာမှပဲ ငါတို့ ပြန်ပြိုင်ကြတာပေါ့။"
အမှန်စင်စစ်၊ ဖုန်းဝူချန် ပြောသည်မှာ မမှားပေ...။
ကျန်းကျွင့်လန်သည် ဤမျှ ငယ်ရွယ်သော အရွယ်နှင့် စတုတ္ထအလွှာ လက်နက်ပညာရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ့အား ထောက်ပံ့ပေးနေသော အင်အားစုမှာ လုံးဝ အခြေမြင့်လှမည်မှာ သေချာလှသည်။
"မင်း..မင်း ပြောတာ တကယ်လား။"
ကျန်းကျွင့်လန်က တုန်လှုပ်စွာ မေးလိုက်သည်။
"ငါ့ရဲ့စကားထဲမှာ အမှားများ ပါနေလို့လား။ ငါ ဘယ်တော့မှ လိမ်မပြောဘူး။"
ဖုန်းဝူချန်က သူ၏ ပခုံးများကို တွန့်လျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။
"ဒါပေမဲ့ မင်း ငါ့ကို လပေါင်းများစွာ လိမ်ထားခဲ့တာပဲ.."
ဟု ကျန်းကျွင့်လန်က ပြန်လည် ချေပလိုက်၏။
"ခွီးခွီးခွီး.."
လျိုချင်းယန်သည် ရုတ်တရက် အားပါးတရ ထ၍ ခွီလိုက်လေတော့သည်။
"..."
ဖုန်းဝူချန်မှာ စကားလုံးများ ဆွံ့အနေခဲ့ရလေသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်၊ ချီဟွမ်နှင့် အခြား ရှစ်ဦး၊ ထို့အတူ ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့သည် ဖုန်းမိသားစု၏ ခြံဝင်းကြီးထဲသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုစဉ် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ ခန်းမဆောင်ကြီးထဲမှ ထွက်ပေါ်လာကြပြီး၊ ရှောင်ချင်းချင်းက စူးစမ်းစွာ မေးမြန်းလိုက်သည်။
"ချန်အာ... ရှောင်ရှောင်... ချင်းချင်း... သားတို့အားလုံး ဘယ်သွားကြမလို့လဲ။”
" မဂ်လာပါ..ဦးလေးဖုန်း... ဒေါ်လေးရှောင်နဲ့... အကြီးအကဲတို့။"
ချီဟွမ်နှင့် အခြားသူများက ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
"ကျွန်တော်တို့ အပြင် ခဏ လမ်းထွက်လျှောက်မလို့ပါပဲ။"
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုသည်။
"ချန်အာ... ဟွမ်ဖူမိသားစုနဲ့ ကိစ္စကို သား ဘယ်လို ဆက်လုပ်ဖို့ စီစဉ်ထားလဲ။"
အဖေ ဖြစ်သူ ဖုန်းကျိန့်ရှုံးက လေးနက်စွာ မေးလိုက်သည်။
"ဟွမ်ဖူယွင်ကျုံးနဲ့ သူ့လူတွေက ဒီအတိုင်း လုံးဝ လက်လျှော့မှာ မဟုတ်ဘူး... သူတို့ လက်စားချေဖို့ သေချာပေါက် ပြန်လာကြလိမ့်မယ် နော်။"
ဖုန်းချန်ယန်ကလည်း လေးနက်တည်ကြည်စွာ သတ်ိပေးလိုက်လေသည်။
"ဟုတ်ကဲ့၊ ဒါက အခု လောလောဆယ်တော့ အရေးမကြီးသေးပါဘူး... ဒီအချိန်က ကျင့်ကြံဖို့ အခွင့်အရေးကောင်း တစ်ခုပဲ... သူတို့နဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပါဘူးဗျ။"
ဖုန်းဝူချန်က မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိဘဲ၊ အရေးမထားစွာ ဆိုလိုက်သည်။
သို့နှင့် အကြောင်းအရာ အနည်းငယ်ကို အားလုံးအား အကျဉ်းချုံး ရှင်းပြပြီးနောက်၊ ဖုန်းဝူချန်နှင့် အခြားသူများ ဖုန်းစံအိမ်မှ ထွက်ခွာခဲ့ကြတော့သည်။
သူတို့ အဘယ်နေရာသို့ ဦးတည် သွားနေကြသည်ကိုမူ၊ မည်သူမျှ မသိရှိကြပေ။
လူ ဒါဇင်ကျော် ပါဝင်သော အဖွဲ့သည် ခရီးသွားရင်း ကျင့်ကြံကြရာ၊ ခုနစ်ရက် ကြာမြင့်ပြီးနောက် အင်ပါယာ၏ နယ်စပ်သို့ ရောက်ရှိလာခဲ့ကြလေ၏။
"ဒါ... ဒါ နတ်ဘုရား တောင်ကြားဆီ သွားတဲ့ လမ်း မဟုတ်လား။"
နယ်စပ်သို့ ရောက်ရှိလာပြီးနောက်၊ လျိုချင်းယန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
လမ်းကြောင်းမှာ အဘယ်ကြောင့် ရင်းနှီးနေသနည်းဟု သူ တွေးနေခဲ့မိသည်သာ။
“အစ်ကိုဖုန်း... ကျွန်မတို့ နတ်ဘုရားတောင်ကြားကို သွားကြမလို့လားဟင်”
လင်ရှောင်ရှောင်က လျင်မြန်စွာ မေးလိုက်သည်။
ထိုအခါ ဖုန်းဝူချန်က ပြုံးလျက် ရှင်းပြလိုက်သည်။
"ဟုတ်တယ်လေ... နတ်ဘုရား တောင်ကြားမှာ သဘာဝ ရတနာတွေ၊ ဆေးဖက်ဝင် ပစ္စည်းတွေ ဒီလောက် ပေါများနေတာ... ပြီးတော့ ဝိညာဉ် ရေကန်နားမှာ ကျင့်ကြံလို့လည်း ရသေးတာ... ဘာလို့ မသွားဘဲ နေရမှာလဲ။"
"... ကျွန်တော်တို့ ဝင်ခဲ့ရင်တောင်... တခြား အင်ပါယာက ဗိုလ်ချုပ်တွေက ကျွန်တော်တို့ကို ဖြတ်သန်းခွင့် ပေးလောက်မှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့သာ အတင်းအကျပ် ဝင်ရောက်ခဲ့ရင်... ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်တယ် ခင်ဗျ။"
လိန်မူချန်က စိုးရိမ်စွာ ဆိုသည်။
ထိုအခါ ရွှယ်ဖုန်းကလည်း သဘောတူလိုက်သည်။
"မူချန် ပြောတာ မှန်တယ်... ဗိမာန်သခင်... ဒါက ပေါ့ပေါ့ဆဆ သဘောထားလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။"
"စိတ်ပူစရာ မလိုပါဘူး... ငါ့မှာ နည်းလမ်း ရှိပါတယ်... သွားကြရအောင်။"
ဖုန်းဝူချန်က ယုံကြည်မှု ရှိစွာ ပြုံးလျက် ဆိုသည်။
ချီဟွမ်နှင့် အခြားသူများမှာ တစ်ယောက် မျက်နှာ တစ်ယောက် တိုင်ပင်မထားဘဲ ပြန်ကြည့်မိလိုက်ကြပြီး၊ ထို့နောက် နောက်မှ လိုက်ပါသွားကြသည်။
ဆရာဖုန်းက သူ့ထံ၌ နည်းလမ်း ရှိသည်ဟု ဆိုမှတော့၊ နည်းလမ်းတစ်ခု ရှိနေမည်မှာ သေချာလှပါသည်။
—------
ဆယ်မိနစ်ကျော်ခန့် ကြာမြင့်ပြီးနောက်၊ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် တောင်တန်းကြီး၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကြသည်။
"အိုး.. စစ်သူကြီးချုပ်ပဲ.."
တောင်တန်း၏ ပတ်ပတ်လည်ကို စောင့်ကြပ်နေသော စစ်သည်များအားလုံး အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။
"စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."
စစ်သည် ရာပေါင်းများစွာတို့သည် ဒူးတစ်ဖက်ထောက်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
"ထကြပါ။"
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုသည်။
"စစ်သူကြီးချုပ်... ဘာကိစ္စများ ရှိလို့ ကြွလာတာပါလဲ ခင်ဗျာ။"
ဗိုလ်ချုပ်တစ်ဦးက ရှေ့ထွက်လာပြီး ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
"ကျုပ်တို့ အထဲက ရတနာတချို့ ဝင်ယူမလို့။"
ဟု ဖုန်းဝူချန်က ပြုံးလျက် ဖြေလိုက်လေသည်။
"ရ..ရတနာ... ဝင်ယူမလို့လား.."
ထိုဗိုလ်ချုပ်၏ မျက်နှာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပြီး၊ ကပျာကယာ ပြန်ဖြေလိုက်သည်။
"စစ်သူကြီးချုပ်... ဒါ မလုပ်သင့်ပါဘူး ခင်ဗျာ... ဒါ မလုပ်သင့်ပါဘူး... အကျိုးဆက်တွေက ဆိုးရွားလွန်းပါတယ်။"
ထိုဗိုလ်ချုပ်မှာ ကြောက်လန့်လွန်းသဖြင့် ငိုမဲ့မဲ့ ဖြစ်နေ၏။
"ကျုပ်တို့ လူ အများကြီး မပါပါဘူးဗျာ... တစ်ဒါဇင်လောက်ပဲ... သိုလှောင်လက်စွပ်တွေ ဖြည့်ရုံလောက်ပါပဲ... စိတ်မပူပါနဲ့ဗျာ။"
ဟု ဖုန်းဝူချန်က နောက်ပြောင်လိုက်သည်။
"သို..သိုလှောင်လက်စွပ်တွေ... အပြည့် ဖြည့်မလို့.."
ထိုဗိုလ်ချုပ်၏ မျက်နှာသည် ကြောက်လန့်မှုကြောင့် စိမ်းပြာသွားပြီး၊ အလျင်အမြန် ဒူးထောက် တောင်းပန်လိုက်လေသည်။
"စစ်သူကြီးချုပ်... ခင်ဗျား ဒါမျိုး လုံးဝ မလုပ်ရဘူးနော်... တခြားသူတွေသာ သိသွားရင်... ကျွန်တော့်ခေါင်း ပြတ်သွားပါလိမ့်မယ်။"
"ကျုပ်က ခင်ဗျားကို နောက်လိုက်တာပါ... ဒီလောက် တုန်လှုပ်နေစရာ မလိုပါဘူး။"
ထိုသို့ ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးကာ နှစ်သိမ့်လိုက်လေသည်။
ထိုဗိုလ်ချုပ်သည် ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ပြီး၊ သူ၏ နဖူးမှ ချွေးများကို သုတ်လျက် ဆိုရှာသည်။
"စစ်သူကြီးချုပ်... အဲ့ဒီ နောက်ပြောင်မှုက ရယ်စရာ မကောင်းဘူး ခင်ဗျာ... ကျွန်တော် မခံနိုင်ဘူး။"
"အဟဲ၊ တကယ််တော့... ကျုပ်က နတ်ဘုရား တောင်ကြားထဲက ရတနာတွေ အကုန်လုံးကို ဝင်ယူမလို့…"
ထိုဗိုလ်ချုပ်မှာ သူ၏ ချွေးများကို သုတ်၍ မပြီးသေးမီမှာပင်၊ ဖုန်းဝူချန်၏ စကားကြောင့် နောက်တစ်ကြိမ် မျက်ရည်များ ဝဲတက်လာရ
ပြန်တော့သည်။