ကြီးကျယ်ခမ်းနားသော ရိတ်သိမ်းမှု
Vol. 11 Ch. 157
~ဖုန်းဝူချန်သည် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုရသည့် ဆေးဖက်ဝင်
အပင်မှန်သမျှကို ခူးယူလိုက်လေသည်။
၎င်းတို့တွင် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်သည့် စတုတ္ထအဆင့် 'ဟွမ်ယွမ် ကြာစိမ်းဆေးလုံး' နှင့် ပဉ္စမအဆင့် 'ဟော်ယန် ခရမ်းဝိညာဉ်ဆေးလုံး' တို့ ပါဝင်သည်။ ထို့အတူ ဒဏ်ရာများ ကုသရန်အတွက် စတုတ္ထအဆင့် 'ရုန်ရွှယ် နိုးထဆေးလုံး' နှင့် ပဉ္စမအဆင့် 'ရုန်ရွှယ် သက်စောင့်ဆေးလုံးကြီး' တို့လည်း ရှိနေ၏။ ထို့ပြင် အစစ်အမှန်ယွမ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်သော စတုတ္ထအဆင့် 'ခရမ်းနှလုံးသား နက်နဲဝိညာဉ်ဆေးလုံး' နှင့် ပဉ္စမအဆင့် ‘နတ်ဘုရား ခုနှစ်ပါး သက်စောင့်ဆေးလုံး’တို့လည်း ပါဝင်လေသည်။
ယခုအခါ ဖုန်းဝူချန်သည် စတုတ္ထအဆင့် ဆေးပညာရှင် အဆင့်သို့ ခြေချနိုင်ခဲ့ပြီ ဖြစ်သောကြောင့်၊ စတုတ္ထအဆင့် ဆေးလုံးများကို ဖော်စပ်ရန် အပြည့်အဝ စွမ်းဆောင်နိုင်ပြီ ဖြစ်သည်။ သိပ်မကြာမီ အချိန်အတွင်း၌ ပဉ္စမအဆင့် ဆေးလုံးများကိုပါ ဖော်စပ်နိုင်
တော့မည်မှာ အသေအချာပင် ဖြစ်၏။
သို့သော်လည်း၊ နတ်ဘုရား တောင်ကြားသည် ရတနာများဖြင့် ပြည့်နှက်နေသည် မှန်သော်ငြား၊ ဆေးဖက်ဝင်အပင် အများစုမှာ စတုတ္ထအဆင့် ဆေးလုံးများ ဖော်စပ်ရန်အတွက်သာ ဖြစ်သည်။ ပဉ္စမအဆင့် ဆေးလုံးများအတွက်မူ အပင်များစွာ မရှိလှဘဲ၊ ဆဋ္ဌမအဆင့် ဆေးလုံးများအတွက် ဆိုလျှင် ပို၍ပင် ရှားပါးလှလေသည်။
ဥပမာအားဖြင့်၊ စတုတ္ထအဆင့် 'ဟွမ်ယွမ် ကြာစိမ်းဆေးလုံး' ဖော်စပ်ရန် လိုအပ်သော 'ဟွမ်ယွမ် နက်နဲဝိညာဉ်ရွက်'၊ 'ကြာစိမ်းသစ်သီး' နှင့် 'မြေကမ္ဘာ ဝိညာဉ်ပန်း' တို့ကဲ့သို့သော ဆေးပင်များ၊ ထို့အတူ အခြား စတုတ္ထအလွှာ ဆေးလုံးမျိုးစုံအတွက် လိုအပ်သည့် 'သစ်သားဝိညာဉ် သွေးရွက်'၊ 'အမြီးခြောက်ခု ကြာနက်ပန်း'၊ 'ကွေ့ယွမ်မြက်' နှင့် အခြားဆေးပင်များမှာ နတ်ဘုရားတောင်ကြား၌ အတော်လေး ပေါများစွာ ရှိနေ၏။
တစ်ဖက်တွင်မူ၊ 'ဟွမ်ယန် ခရမ်းဝိညာဉ်ဆေးလုံး' နှင့် 'ရုန်ရွှယ် သက်စောင့်ဆေးလုံးကြီး' တို့ကို ဖော်စပ်ရန် လိုအပ်သော 'ယန်နင် နှင်းစက်မြက်'၊ 'အစွန်းရောက် မီးလျှံမျက်ရည်'၊ 'ယင်ယန် မီးလျှံရွက်ပန်း'၊ 'သွေးနီ ကြာစေ့'၊ 'ရုန်ရွှယ် ရောင်စုံနက်နဲရွက်'၊ 'နှစ်တစ်ထောင် ပြန်လည်ဝင်စားပန်း' နှင့် 'အစွန်းရောက် ယန် ဂျင်ဆင်း' ကဲ့သို့သော ပစ္စည်းများမှာမူ အလွန်တရာ ရှားပါးလှပေသည်။
"အစ်ကိုကြီးဖုန်း... ဒါ ဘာပင်လေးလဲဟင်။ အရမ်းလှတာပဲ..."
လင်ရှောင်ရှောင်က ရုတ်တရက် မေးလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းလေးများမှာ သူမ၏ ရှေ့မှောက်ရှိ ဆေးပင်လေးအား စူးစမ်းစွာဖြင့် စိုက်ကြည့်နေမိ၏။
ထိုအပင်လေးထံမှ မှိန်ဖျော့သော သက်တန့်ရောင်စဉ်များ ဖြာထွက်နေသည်မှာ အလွန်တရာ လှပနေလေသည်။
ထိုအခါ ဖုန်းဝူချန်၏ အကြည့်တို့သည် ထိုနေရာသို့ ရောက်ရှိသွားပြီး ချက်ချင်းပင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကာ၊ စိတ်လှုပ်ရှားစွာ ပြုံးလျက် ဆိုလိုက်သည်။
"ရှောင်ရှောင်... မင်း တကယ် ကံကောင်းတာပဲ။ ဒါက 'ရုန်ရွှယ် ရောင်စုံနက်နဲရွက်' လေ။ ရုန်ရွှယ် သက်စောင့်ဆေးလုံးကြီး' ဖော်စပ်ဖို့ အဓိက ပါဝင်ပစ္စည်းတွေထဲက တစ်ခုပဲ.. ငါတို့သာ 'နှစ်တစ်ထောင် ပြန်လည်ဝင်စားပန်း' ကိုပါ ရှာတွေ့ခဲ့ရင်၊ ငါ ပဉ္စမအဆင့် ဆေးပညာရှင် ဖြစ်သွားတာနဲ့ 'ရုန်ရွှယ် သက်စောင့်ဆေးလုံးကြီး' ကို ဖော်စပ်နိုင်တော့မှာ.."
ဆေးပင်များ ခူးယူနေစဉ်
တစ်လျှောက်လုံး၊ ဖုန်းဝူချန်သည် လင်ရှောင်ရှောင်အား ဆေးပင် တစ်ပင်ချင်းစီ၏ ဂုဏ်သတ္တိများနှင့် အစွမ်းအာနိသင်များကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။
လင်ရှောင်ရှောင်၌ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံ ရှိသည် မှန်သော်လည်း၊ သူမသည် ဆေးဖက်ဝင်အပင်များနှင့် ပတ်သက်၍မူ ဗလာနတ္ထိပင် ဖြစ်၏။
ဖုန်းဝူချန်၏ စိတ်ရှည်သော ရှင်းပြမှုများကြောင့်သာ၊ သူမသည် ဆေးပင်များအကြောင်းကို တစွန်းတစ နားလည်လာခဲ့ရသည်။
အကယ်၍ သူမ ချစ်မြတ်နိုးရသူ၏ ရှေ့မှောက်၌ မဟုတ်ခဲ့ပါလျှင်၊ လင်ရှောင်ရှောင်၌ ဤမျှလောက် စိတ်ရှည်သည်းခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
မိမိ ချစ်မြတ်နိုးရသူနှင့် အတူ ရှိနေရလျှင်၊ မည်သည့် နေရာသို့ သွားသည်ဖြစ်စေ၊ မည်သည့် အရာကို လုပ်ဆောင်နေသည် ဖြစ်စေ၊ အရာအားလုံးမှာ ပျော်မွေ့ဖွယ်ရာအတိ ဖြစ်နေခဲ့လေသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်၊ သတိမထားမိလိုက်မီပင်၊ ဖုန်းဝူချန်သည် ဆေးပင်ပေါင်းများစွာကို ခူးယူပြီး ဖြစ်သည့်အပြင် သန့်စင်သော စွမ်းအင်များ ပါဝင်သည့် ရတနာပေါင်းများစွာကိုပင် ရှာဖွေတွေ့ရှိခဲ့ရာ၊ အမှန်တကယ်ပင် အကျိုးအမြတ် များပြားလှသော ရိတ်သိမ်းမှုကြီး ဖြစ်ခဲ့လေသည်။
"အစ်ကိုကြီးဖုန်း... နတ်ဘုရားတောင်ကြားထဲမှာ ဘယ်လောက်ကြာကြာ ကျင့်ကြံဖို့ စီစဉ်ထားလဲဟင်။"
အပြန်လမ်းတွင် လင်ရှောင်ရှောင်က မေးမြန်းလိုက်သည်။
"နတ်ဘုရားတောင်ကြားကို အင်ပါယာကြီးလေးခုက အုပ်ချုပ်ထားတာဆိုတော့ ငါတို့ သိပ်ကြာကြာ နေလို့မဖြစ်ဘူး။ ဒါပေမဲ့ တစ်လလောက်တော့ ပြဿနာ မရှိလောက်ပါဘူး။ ဒီမှာ တစ်လလောက် ကျင့်ကြံခွင့်ရရုံနဲ့၊ ရတနာတွေ၊ ဆေးလုံးတွေ အများကြီးရဲ့ အကူအညီပါ ပေါင်းလိုက်ရင်၊ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အကြီးအကျယ် တိုးတက်သွားစေဖို့ လုံလောက်သင့်တယ်လေ။"
ဖုန်းဝူချန်က ပြုံးလျက် ပြန်လည် ဖြေကြား၏။
လင်ရှောင်ရှောင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက် မေးမြန်းသည်။
"ထျန်းယွမ်ဘုံ စွမ်းအားရှင်တွေရဲ့ အစွမ်းက အရမ်း ကြောက်စရာကောင်းလွန်းတယ်၊ အစ်ကိုကြီးဖုန်း... ဟွမ်ဖူထျန်းပါးကိုရော ဘယ်လို ရင်ဆိုင်ဖို့ စီစဉ်ထားလဲ။ အဲ့ဒီ မြေခွေးအိုကြီးက ကူချင်းရွှမ်းထက်တောင် ရင်ဆိုင်ရ ခက်သေးတယ်။ သူသာ ထျန်းယွမ်ဘုံကို တကယ် တက်လှမ်းသွားခဲ့ရင် ပိုတောင် ဆိုးတော့မှာ.."
"ဟွမ်ဖူထျန်းပါးအတွက် ထျန်းယွမ်ဘုံကို တက်လှမ်းဖို့က အဲ့လောက် မလွယ်ပါဘူးကွာ... အဲ့ဒါအတွက် စိတ်မပူပါနဲ့။ ပြီးတော့... သူ လက်စားချေဖို့ လာခဲ့ရင်တောင်၊ မင်းရဲ့ အတားအဆီးကို သူ ဖောက်နိုင်မှာလဲ မဟုတ်ဘူး... ဟုတ်တယ်မလား။"
ဖုန်းဝူချန်က နောက်ပြောင်လိုက်သည်။
ဤစကားကို ကြားသော် လင်ရှောင်ရှောင်ကလည်း ပြန်လည် နောက်ပြောင်လိုက်သည်။
"သူကသာ အစ်ကိုကြီးဖုန်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ရင်တော့... ရှောင်ရှောင်လည်း သိပ် အကူအညီ ပေးနိုင်မှာ မဟုတ်လောက်ဘူး ထင်တယ် နော်။"
ဤသို့ စကားစမြည် ပြောဆိုရင်း၊ သူတို့နှစ်ဦးသည် နန်းတော် အပျက်အစီးများ ရှိရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင်၊ နတ်ဘုရားတောင်ကြားမှ သားရဲများအားလုံးသည် သူတို့၏ သက်ဆိုင်ရာ ရတနာများကို ကိုယ်စီ သယ်ဆောင်လျက် ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကာ၊ မြေပြင်ပေါ်၌ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝပ်တွား စောင့်ဆိုင်းနေကြလေသည်။
အခြား မည်သူမဆိုသာ ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပါက၊ အံ့အားသင့်လွန်း၍ သတိလစ်သွားမည်မှာ သေချာလှသည်။
"အား... တကယ် သိပ်သည်းတဲ့ အရှိန်အဝါပဲ.. စွမ်းအင်တွေကလည်း လုံးဝ သန့်စင်နေတာပဲ.."
ဖုန်းဝူချန်သည် အတိုင်းမသိ ဝမ်းမြောက်သွား၏။
"အစ်ကိုကြီးဖုန်း... အရမ်း ပြင်းထန် ကြမ်းတမ်းတဲ့ စွမ်းအားတစ်ခုလည်း ပါနေတယ်နော်။"
လင်ရှောင်ရှောင်က ထောက်ပြလိုက်သည်။
စိတ်လှုပ်ရှားမှုများဖြင့် ဖုန်းဝူချန်သည် ရုတ်တရက် လှစ်ခနဲ ပြေးထွက်သွား၏။ သူ၏ ကိုယ်ရိပ်သည် သားရဲ တစ်ကောင်ချင်းစီ၏ ရှေ့မှောက်သို့ လျှပ်ပြက်သကဲ့သို့ ရောက်ရှိသွားပြီး၊ ရတနာ တစ်ခုပြီးတစ်ခုကို စစ်ဆေးကြည့်ရှုလိုက်သည်။ သူသည် တဖြည်းဖြည်း ပို၍ ပို၍ စိတ်လှုပ်ရှားလာခဲ့ပြီး၊ နောက်ဆုံးတွင်မူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေတော့သည်။
"နတ်ဆိုးသွေး ဖီးနစ်အသီး... မြေကမ္ဘာအမြုတေ နတ်ဘုရားရွှံ့စေး... သက်တန့်ရောင် နက်နဲသလင်းကျောက်... ဥက္ကာခဲသံ... ခရမ်းရောင် သလင်းကျောက် နတ်ဘုရားကျောက်စိမ်း... နှစ်တစ်ထောင် မြေကမ္ဘာအနှစ်..."
ဖုန်းဝူချန်သည် ကြည့်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာခဲ့သည်။ အကြောင်းမှာ ပစ္စည်း တစ်ခုချင်းစီတိုင်းသည် အလွန်တရာ ရှားပါးပြီး အဖိုးတန်လှသော တည်ရှိမှုများ ဖြစ်နေသောကြောင့်တည်း။
"ဒါ... ဒါ နည်းနည်း မများလွန်းဘူးလား။"
မရေမတွက်နိုင်သော ရတနာများကို တွေ့မြင်ဖူးသည့် လင်ရှောင်ရှောင်ပင်လျှင်၊ သူမ၏ ရှေ့မှောက်မှ ပေါများကြွယ်ဝမှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။
"ရှောင်ရှောင်... ဒီ 'ခရမ်းရောင် သလင်းကျောက် နတ်ဘုရားကျောက်စိမ်း' က မင်းအတွက်ပဲ။ ဒီကျောက်စိမ်းက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးနိုင်တယ်၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုကို တိုးတက်ဖို့လည်း ကူညီပေးနိုင်လိမ့်မယ်။"
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောရင်း၊ သူမ၏ ဘေးသို့ လျှပ်တစ်ပြက် ရောက်ရှိလာကာ 'ခရမ်းရောင် သလင်းကျောက် နတ်ဘုရားကျောက်စိမ်း' ကို ကမ်းပေးလိုက်သည်။
ထိုသို့ ပြုလုပ်နေစဉ်မှာပင် သူကိုယ်တိုင်ကမူ 'နှစ်တစ်ထောင် မြေကမ္ဘာအနှစ်’ကို ပျော်ရွှင်စွာ ဝါးစားနေခဲ့၏။
ဖုန်းဝူချန်၏ အပြုအမူကို မြင်တွေ့ရသောအခါ လင်ရှောင်ရှောင်မှာ အံ့အားသင့်သွားခဲ့ရသည်။ ဤသည်မှာ ဖုန်းဝူချန် ဤမျှလောက် စိတ်လှုပ်ရှားပြီး၊ ဤမျှလောက် ပျော်ရွှင်နေသည်ကို သူမ မြင်တွေ့ဖူးသည့် ပထမဆုံး အကြိမ် ဖြစ်လေသည်။
ဤမျှ များပြားလှသော နတ်ဘုရားအဆင့် ရတနာများ ရှိနေသည်ဖြစ်ရာ၊ ဖုန်းဝူချန် ဤသို့ အတိုင်းမသိ ဝမ်းမြောက်နေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ဤ နတ်ဘုရားအဆင့် ရတနာများ ရှိနေသဖြင့်၊ ဖုန်းဝူချန်အတွက် ထျန်းယွမ်ဘုံသို့ တက်လှမ်းရန်မှာ လက်တစ်ကမ်းအကွာတွင်သာ ရှိနေတော့သည်..။
"ဝိညာဉ်လက်နက် အဆင့် မျှော်စင်.."
ဖုန်းဝူချန်သည် မှိန်ဖျော့သော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည့် မျှော်စင် တစ်ခုကို မြင်တွေ့
လိုက်ရသောအခါ၊ ချက်ချင်းပင် ညှို့ယူဖမ်းစားခံလိုက်ရသည်။
ထို လက်ရာမြောက်လှသော ရွှေရောင်မျှော်စင်လေးသည် 'လီကျင့်' ကိုင်ဆောင်လေ့ရှိသော မျှော်စင်နှင့် အလွန် ဆင်တူလှ၏။ ၎င်းသည် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခု ဖြစ်ပြီး၊ အလွန် အစွမ်းထက်သော အနှစ်သာရများကို ထုတ်လွှင့်လျက် ရှိသည်။
"အစ်ကိုကြီးဖုန်း... ဒါက ဘယ်လို ရတနာမျိုးလဲဟင်။"
လင်ရှောင်ရှောင်က အသေးစိတ် လက်ရာမြောက်လှသော မျှော်စင်လေးကို စိတ်ဝင်တစားဖြင့် စူးစမ်းလျက် မေးလိုက်သည်။
ဖုန်းဝူချန်၏ မျက်မှောင်များမှာ တင်းတင်းကြုတ်သွားပြီး၊ ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။
"ဒီမျှော်စင်မှာ ဖိနှိပ်ခြင်းဆိုင်ရာ နတ်ဘုရား သိုင်းကွက်တစ်ခု ပိုင်ဆိုင်ထားပုံရတယ်။ သူ့ရဲ့ အရှိန်အဝါက ချိတ်ပိတ်တံဆိပ်ခတ်တဲ့ စွမ်းအားမျိုးနဲ့ ဆင်တူတယ်... ဒါ တကယ့်ကို ရတနာစစ်စစ်ပဲ။"
"ဖိနှိပ်ခြင်း.."
လင်ရှောင်ရှောင်၏ မျက်ခုံးများမှာ စိတ်ဝင်တစားဖြင့် ပင့်တက်သွားသည်။
"ဟုတ်တယ်... ရိုးရိုးလေး ပြောရရင်၊ ဒါက ပြိုင်ဘက်တစ်ယောက်ကို ဖိနှိပ်ထားနိုင်တယ်၊ သူ့ရဲ့ အစွမ်းထက်တဲ့ စွမ်းအားတွေကို မသုံးနိုင်အောင် တားဆီးထားနိုင်တာပေါ့။"
ဖုန်းဝူချန်က ခေါင်းညိတ်ရင်း ရှင်းပြလိုက်သည်။
"ဒါဆို အဓိပ္ပာယ်က... အစ်ကိုကြီးဖုန်းမှာ နောက်ထပ် အစွမ်းထက်တဲ့ ရတနာတစ်ခု တိုးလာပြန်ပြီပေါ့။"
လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ပြုံးလျက် ဆိုသည်။
ဖုန်းဝူချန်သည် အတိုင်းမသိ ဝမ်းမြောက်သွားပြီး ရယ်မောလိုက်သည်။ "ဒီ ရတနာမျှော်စင်ကတော့ တကယ့်ကို လက်ရာကောင်းတစ်ခုပဲ။"
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်၊ ဖုန်းဝူချန်သည် ထိုရတနာမျှော်စင်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သွင်းလိုက်သည်။ ဤရတနာမျှော်စင် ရှိနေသဖြင့်၊ သူသည် မိမိထက် အစွမ်းထက်သော ပြိုင်ဘက်များနှင့် တွေ့ဆုံရလျှင်ပင်၊ ဖုန်းဝူချန်၌ စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိတော့ချေ။
"အစ်ကိုကြီးဖုန်း... ကျွန်မတို့ ဒီတစ်ခေါက် တကယ် အများကြီး ရလိုက်တာပဲနော်။ ဒီလောက်များတဲ့ သဘာဝရတနာတွေနဲ့ဆိုရင်၊ ကျွန်မတို့ ကျင့်ကြံဖို့ လုံလောက်သွားပြီ။"
လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ရယ်မောရင်း ဆိုသည်။
လင်ရှောင်ရှောင်အား နူးညံ့သော အကြည့်ဖြင့် စိုက်ကြည့်ရင်း၊ ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။
"ဒါတွေအားလုံး မင်းကြောင့် ရတာပါ... ရှောင်ရှောင်။"
"ကျွန်မ.."
လင်ရှောင်ရှောင်မှာ အံ့အားသင့်သွားသည်။
"အင်း... မင်းသာ ငါ့ဘေးမှာ မရှိခဲ့ရင်၊ ဒီရတနာတွေကို ငါ တကယ် ရခဲ့မှာ မဟုတ်ဘူး ထင်တယ်။"
ဖုန်းဝူချန်က ပြုံးလျက် ဆို၏။
ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်ပြီး ဆိုသည်။
"ဘယ်နေရာကိုပဲ သွားသွား... ရှောင်ရှောင်က အစ်ကိုကြီးဖုန်းနဲ့ အမြဲတမ်း အတူတူ ရှိနေမှာပါ။"
လင်ရှောင်ရှောင်၏ နဖူးပြင်လေးကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက်၊ ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။
"အစ်ကိုကြီးဖုန်းကလည်း မင်းနဲ့ အမြဲတမ်း အတူ ရှိနေမှာပါ... မင်းကို ဘယ်တော့မှ နည်းနည်းလေးတောင် ထိခိုက်နာကျင်ခွင့် ပေးမှာ မဟုတ်ဘူး။"
"ဟုတ်ကဲ့... ရှောင်ရှောင်ကလည်း အစ်ကိုကြီးဖုန်းနဲ့ အမြဲတမ်း အတူ ရှိနေမှာပါ။"
လင်ရှောင်ရှောင်၏ စိတ်နှလုံးသည် နက်ရှိုင်းသော ကြည်နူးမှုများဖြင့် ပြည့်လျှံသွားရင်း လှိုက်လှဲစွာ ဆိုလိုက်သည်။
ဖုန်းဝူချန်သည် သူတို့ ပတ်လည်မှ ကြောက်ရွံ့တုန်လှုပ်နေသော သားရဲများဘက်သို့ လှည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။"
[တရုတ်ဒဏ္ဍာရီလာ လီကျင့် (李靖)ဟာ
"မျှော်စင် ကိုင်စွဲထားသော
နတ်မင်း" 托塔李天王) လို့ အလွန်လူသိများပါတယ်။ သူဟာ နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့ရဲ့ အထင်ကရ အစွမ်းထက်ဆုံး လက်နက်က “ရွှေရောင်မျှော်စင်” တစ်ဆူ ဖြစ်ပါတယ်။ ဒီမျှော်စင်ကို အသုံးပြုပြီး သူ့ရဲ့သား နတ်စစ်သည် "နာကျား" (Nezha) ကိုတောင် နှိမ်နင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါဟာ "အလွန်လက်ရာမြောက်တဲ့ ရွှေရောင်မျှော်စင် တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် အထပ် ၇ ထပ် ပါဝင်ပြီး၊ အသုံးပြုလိုက်တိုင်း ကြီးမားတဲ့ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။ သူ့ကို ကိုင်စွဲထားရုံနဲ့ လီကျင့်ရဲ့ သြဇာအာဏာကို ပြသနေသလိုပါပဲ။
ဒီမျှော်စင်ဟာ တိုက်ခိုက်ရေး လက်နက်သက်သက် မဟုတ်ဘဲ၊ "နှိမ်နင်းခြင်း" နဲ့ "ဖမ်းချုပ်ခြင်း" ကို အဓိက အာရုံစိုက်တဲ့ အစွမ်းထက် ရတနာ တစ်ခု ဖြစ်ပါတယ်။
သူ့ရဲ့ အဓိက တန်ခိုးက ဘယ်လို နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ ဒါမှမဟုတ် ဝိညာဉ်ကိုမဆို မျှော်စင် အတွင်းထဲကို ဆွဲယူပြီး ဖမ်းချုပ်ထားနိုင်တာပါပဲ။ နာကျားဟာ ဘယ်လောက်ပဲ တန်ခိုးကြီးကြီး၊ ဒီမျှော်စင်နဲ့ တွေ့ရင် အစွမ်းမပြနိုင်တော့ဘဲ အထဲမှာ ပိတ်မိသွားရပါတယ်။ လီကျင့်ဟာ ဒီမျှော်စင်ကို အမြဲတမ်း လက်ထဲမှာ ကိုင်ထားပြီး နာကျားကို "ပြန်ပုန်ကန်ရဲ ပုန်ကန်ကြည့်၊ ဒီမျှော်စင်နဲ့ နှိမ်နင်းပစ်မယ်" ဆိုတဲ့ သဘောနဲ့ ခြိမ်းခြောက်ထားရတာ ဖြစ်ပါတယ်။]
ဤတစ်နေ့တာအတွင်း ရရှိလိုက်သော အကျိုးအမြတ်များမှာ၊ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများကို မယှဉ်နိုင်သော်ငြား၊ ဤသည်မှာ ဖုန်းဝူချန်၏ အကြီးမားဆုံးသော ရိတ်သိမ်းမှုကြီး ဖြစ်သည်မှာ သေချာလှသည်။ ၎င်းမှာ ဖော်ပြ၍ မရနိုင်သော ပီတိတစ်ခု ဖြစ်ပြီး၊ ဖုန်းဝူချန်အား မယုံနိုင်လောက်အောင် လန်းဆန်း တက်ကြွစေကာ သက်တောင့်သက်သာ ရှိစေခဲ့သည်။
ရတနာများအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း သိမ်းဆည်းပြီးနောက်၊ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ဝိညာဉ်ရေကန် ရှိရာသို့ ပြန်လာခဲ့ကြသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ထွက်ခွာသွားပြီးသည့် နောက်တွင်ပင်၊ ကြမ်းကြုတ်သားရဲ ရာပေါင်းများစွာတို့မှာ မြေပြင်ပေါ်၌ ကြောက်ရွံ့တုန်လှုပ်စွာ ဝပ်တွားနေဆဲ ဖြစ်ပြီး၊ လှုပ်ပင် မလှုပ်ဝံ့ကြချေ။
ဤအဖြစ်အပျက်က နဂါးမျိုးနွယ်၏ မြင့်မြတ်သော သွေးမျိုးဆက်သည် မည်မျှ အံ့မခန်း အစွမ်းထက်သည်ကို ပြသနေခဲ့သည်။ သားရဲအားလုံး၏ ဘုရင် ဟု ခေါ်ဆိုထိုက်သည်မှာ အမှန်ပင်တည်း..
ဝိညာဉ်ရေကန်သို့ ပြန်လည် ရောက်ရှိသောအခါ၊ ဖုန်းဝူချန်သည် လိမ္မော်ဝါရောင် သစ်သီး ဒါဇင်ပေါင်းများစွာကို လျိုချင်းယန်နှင့် အခြားသူများထံသို့ ကမ်းပေးလိုက်သည်။
လိမ္မော်ဝါရောင် သစ်သီးကို ကြည့်ရင်း၊ ကျန်းကျွင့်လန်က အံ့အားတသင့် အော်လိုက်သည်။
"ဒါက... 'တိမ်တိုက် ဝိညာဉ်သစ်သီး' မဟုတ်လား။"
"တကယ် ထူးဆန်းတဲ့ သစ်သီးပဲ..."
သွမ့်ထျန်းဖုန်းက 'တိမ်တိုက် ဝိညာဉ်သစ်သီး' ကို စူးစမ်းစွာ ကြည့်ရှုရင်း ဆိုသည်။
ရွှယ်ဖုန်းက မေးလိုက်သည်။
"ဗိမာန်သခင်... ဒါက ကျင့်ကြံမှုအတွက် အထောက်အကူ ပြုနိုင်သလား ခင်ဗျာ။ သူ့ထဲက စွမ်းအင်တွေက တော်တော် ကြီးမားကျယ်ပြန့်တယ်လို့ ခံစားနေရတယ်။"
"အင်း... 'တိမ်တိုက် ဝိညာဉ်သစ်သီး' မှာ မယုံနိုင်လောက်အောင် ကျယ်ပြန့်တဲ့ စွမ်းအင်တွေ ပါဝင်တယ်။ ဒါက မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူ ပေးလိမ့်မယ်။ ငါ့ဆီမှာ တခြား ရတနာတွေ အများကြီး ရှိသေးတယ်၊ ခင်ဗျားတို့အားလုံး လက်ရှိ အဆင့်တွေကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်ပါတယ်။"
ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။
"ချင်းချင်း... ငါတို့ ယွမ်တန်ဘုံကို အမြန်ဆုံး တက်လှမ်းနိုင်အောင် လုပ်ရမယ်.."
လျိုချင်းယန်က ယုံကြည်မှုနှင့် တွန်းအားများ ပြည့်နှက်လျက် ဆိုလိုက်သည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည်လည်း ဝိညာဉ်ရေကန်ထဲသို့ ဝင်ရောက် ကျင့်ကြံကြသည်။ ဤ အခွင့်အရေးကောင်းကို အသုံးချလျက်၊ ဖုန်းဝူချန်သည် ယွမ်တန်ဘုံ ပဉ္စမအလွှာသို့ တက်လှမ်းရန် ကြံရွယ်လိုက်သည်..
နှစ်တစ်ထောင် သက်တမ်းရှိ ဆေးပင်တစ်ပင်ကို စားသုံးပြီးနောက်၊ ဖုန်းဝူချန်သည် သူ၏ ကိုယ်တွင်း၌ ကြီးမားလှသော စွမ်းအားများ လှိုင်းထန်လာသည်ကို စတင် ခံစားနေရပြီ ဖြစ်ရာ၊ ယခုအချိန်သည် ကျင့်ကြံရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။
ဝိညာဉ်ရေကန်မှ ကြီးမားကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအင်များသည် သူ၏ထံသို့ အရူးအမူး တိုးဝင်လာစဉ်၊ ဖုန်းဝူချန်သည် 'တိမ်တိုက် ဝိညာဉ်သစ်သီး' တစ်လုံးကို ထုတ်ယူ ကိုက်စားလိုက်ပြီး၊ 'အထွတ်အထိပ် နဂါးနတ်ဘုရားဆုံးဖြတ်ချက်' ကျင့်စဉ်ဖြင့် စတင် ကျင့်ကြံလိုက်လေသည်။
'တိမ်တိုက် ဝိညာဉ်သစ်သီး' ကို စားသုံးလိုက်ပြီးနောက်၊ မယုံနိုင်လောက်အောင် သန့်စင်ပြီး ကျယ်ပြန့်လှသော စွမ်းအားများမှာ အရိုင်းအစိုင်း လှိုင်းထန်လာသည်။ နှစ်တစ်ထောင် သက်တမ်း ဆေးပင်မှ ထွက်ပေါ်လာသော စွမ်းအားများနှင့် ပေါင်းစပ်သွားသောအခါ၊ ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းကားလာပြီး၊ သူ၏ သွေးမျိုးဆက်များမှာ အလွန်တရာ နာကျင်ကိုက်ခဲလာကာ၊ သူ၏ မျက်နှာ အသွင်အပြင်များပင်လျှင် ရှုံ့တွသွားခဲ့ရ၏။
ဖုန်းဝူချန်သည် ထိုစွမ်းအင်များကို အရူးအမူး စုပ်ယူကာ သန့်စင်နေခဲ့ပြီး၊ အစစ်အမှန်ယွမ်များမှာ သူ၏ ချီပင်လယ်ထဲသို့ အဆက်မပြတ် စုစည်းလာသည်။ လည်ပတ်မှု တစ်ကြိမ် ပြုလုပ်တိုင်း၊ သူ၏ ချီပင်လယ်ထဲမှ အစစ်အမှန်ယွမ်များမှာ ပိုမို ကြီးမားလာခဲ့ရာ၊ ထိုသို့ လျင်မြန်လှသော အမြန်နှုန်းအဟုန်မှာ အံ့မခန်းဖွယ်ရာပင် ဖြစ်တော့သည်..။
ကျင့်ကြံခြင်းကို စတင်သည်မှာ ခဏမျှသာ ရှိသေးသော်လည်း၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်
ကောင်းသော တိုးတက်မှု အမြန်နှုန်းအဟုန်ကြောင့် ကျန်းကျွင့်လန်နှင့် ချီဟွမ်တို့မှာ ချက်ချင်းပင် လန့်သွားကြသည်။ သူတို့၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး၊ သူ့ကို ကျောက်ရုပ်များသဖွယ် စိုက်ကြည့်နေမိကြ၏။
"ဖုန်းဝူချန်ရဲ့ ကျင့်ကြံနှုန်းက... အရမ်း... အရမ်း ကြောက်စရာကောင်းလွန်းနေပြီ မဟုတ်လား။"
ကျန်းကျွင့်လန်၏ မျက်နှာမှာ မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူ၏ ပါရမီဖြင့်၊ သူသည် မိမိ၏ ကျင့်ကြံနှုန်းကို အလွန် လန့်စရာ ကောင်းသည်ဟု အမြဲ ထင်မှတ်ခဲ့သည်။ သို့သော် ယခု ဖုန်းဝူချန်၏ ကျင့်ကြံပုံကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါမှ၊ "လန့်စရာ" ဟူသော စကားလုံး၏ အဓိပ္ပာယ် အမှန်ကို သူ အမှန်တကယ် နားလည်သွား
တော့သည်..။
"ငါ... ငါ တကယ် မယုံနိုင်ဘူး။ ဗိမာန်သခင်ရဲ့ ကျင့်ကြံမှုက ဘာလို့ ဒီလောက် မြန်မြန် တက်လာလဲဆိုတာ အခုမှပဲ သိတော့တယ်.."
ချီဟွမ်နှင့် အခြားသူများမှာ ထိတ်လန့် တုန်လှုပ်သွားကြပြီး၊ သူတို့၏ တံတွေးများကို ကြောက်လန့်တကြား မျိုချလိုက်မိကြသည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံနှုန်းမျိုး... ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဗိမာန်သခင်က ငါတို့ကို ကျော်တက်သွားတာ မဆန်းတော့ပါဘူး.."
ဟု လိန်မူချန်က ဆိုလိုက်သည်။ သူ၏ မျက်နှာမှာမူ တုန်လှုပ်မှုကြောင့် ဖြူဖျော့နေပြီး၊ အသံပင် တုန်ယင်လျက် ရှိသည်။
အကြောက်ရွံ့ဆုံး ဖြစ်သွားသူမှာတော့
လိန်မူချန် ဖြစ်ပါသည်။ သူသည် ဖုန်းဝူချန်နှင့် ပထမဆုံး တွေ့ဆုံစဉ်က၊ ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ သူ၏ အောက်၌သာ ရှိနေခဲ့ပြီး၊ စွမ်းအားချင်းမှာမူ တန်းတူမျှသာ ရှိခဲ့သည်။
နှစ်နှစ် မပြည့်သော အချိန်အတွင်း၊ ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ သူ့ကို အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လိန်မူချန်မှာမူ ယခုအခါ၌ အသွင်ပြောင်းဘုံ နဝမအလွှာ၌သာ ရှိနေသေးပြီး၊ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ရရှိရန်ပင်လျှင် ဆေးလုံး အမြောက်အမြား၏ အကူအညီကို ရယူခဲ့ရသည်။
"သခင်မလေးလင်ရဲ့ ကျင့်ကြံနှုန်းကလည်း ကြောက်စရာကောင်းတာပဲ... ဗိမာန်သခင်ထက် သိပ်မနှေးဘူး.."
လင်ရှောင်ရှောင်က စတင် ကျင့်ကြံလိုက်သည်နှင့်၊ ချီဟွမ်နှင့် အခြားသူများမှာ နောက်တစ်ကြိမ် ထပ်မံ၍ မှင်သက်သွားကြရပြန်သည်။
‘သူတို့မှာ သိုင်းဝိဉာဉ် အနည်းဆုံး နဝမအဆင့် ပါရမီ ရှိနေရမယ်.. ဒါမှမဟုတ်... ဒါထက်တောင် ပို ကြောက်စရာကောင်းမလား.. သူတို့... သူတို့တွေက လူသားတွေရော ဟုတ်ကြရဲ့လား။’
ကျန်းကျွင့်လန်သည် သူ၏ နှလုံးသားထဲမှ တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်..။
သူတို့သည်လည်း ဝိညာဉ်ရေကန်ထဲ၌ ကျင့်ကြံနေကြပြီး 'တိမ်တိုက် ဝိညာဉ်သစ်သီး' များကိုလည်း ပိုင်ဆိုင်ထားကြသော်ငြား၊ ကျန်းကျွင့်လန်၏ အမြန်နှုန်းအဟုန်မှာ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ထက် များစွာ နှေးကွေးလျက် ရှိရာ၊ မည်သည့် ပေတံနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ခဲ့ပေ။
အကယ်၍သာ ဤသို့ မဟုတ်ခဲ့ပါလျှင်၊ ကျန်းကျွင့်လန်သည် ဤမျှလောက် လွှမ်းမိုးခံရပြီး တုန်လှုပ်သွားမည် မဟုတ်ချေ။
..သဘာဝတရားက မွေးဖွားပေးလိုက်တဲ့ ဒီ သဘာဝရတနာတွေက တကယ်ကို အစွမ်းထက်တာပဲ... စွမ်းအင်တွေကလည်း ကြီးမားပြီး သန့်စင်လိုက်တာ။ ဒီနှုန်းအတိုင်းသာဆိုရင်၊ တစ်လအတွင်း ယွမ်တန်ဘုံ ပဉ္စမအလွှာကို တက်လှမ်းဖို့က လုံးဝ ပြဿနာ မရှိနိုင်တော့ဘူး..၊
ဖုန်းဝူချန်သည် အတိုင်းမသိ ဝမ်းမြောက်စွာဖြင့် တွေးတောလိုက်သည်။
'တိမ်တိုက် ဝိညာဉ်သစ်သီး' တစ်လုံးတည်းနှင့်ပင်၊ ဝိညာဉ်ရေကန်မှ ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပါက၊ သူ့အား ယွမ်တန်ဘုံ ပဉ္စမ အလွှာသို့ ခြေချနိုင်ရန် ကူညီပေးဖို့ လုံလောက်လျက် ရှိနေပေပြီ။