ယွင်ကျိုးနယ်အား တုန်လှုပ်စေခြင်း
Vol. 11 Ch. 158
~မျက်စိတစ်မှိတ်အတွင်း၌၊ ဖုန်းဝူချန်နှင့် သူ့အဖွဲ့သည် ဝိညာဉ် ရေကန်တွင် ကျင့်ကြံနေခဲ့သည်မှာ ခုနစ်ရက်တိတိ ရှိသွားခဲ့လေပြီ။
ဤ ခုနစ်ရက်တည်းဟူသော အချိန်တိုလေးအတွင်းမှာပင်၊ ဖုန်းဝူချန်တို့၏ ကျင့်ကြံမှု
အဆင့်များသည် သိသိသာသာပင် တိုးတက်လာခဲ့ကြပြီး၊ သူတို့၏ ကျင့်ကြံမှု အမြန်နှုန်း အဟုန်မှာ အံ့မခန်းဖွယ်ရာ ကောင်းလှပေသည်။
သို့သော်ငြားလည်း၊ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် နတ်ဘုရား
တောင်ကြားထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ခုနစ်ရက်တိုင်တိုင် ပြန်မထွက်လာခဲ့သောအခါ၊ တောင်ခြေရင်းမှ လင်ကျန့်ထျန်းနှင့် အခြားသူများမှာ တဖြည်းဖြည်း ပို၍ စိုးရိမ်ပူပန်လာခဲ့ကြတော့သည်။
ဝိညာဉ်သားရဲများက ဖုန်းဝူချန်အား နတ်ဘုရားတောင်ကြားထဲသို့ အဘယ်ကြောင့် ဆင့်ခေါ်ခဲ့သနည်း၊ တိတိကျကျ ဆိုရလျှင် မည်သည့်ကိစ္စအတွက် ဖြစ်သနည်း။
သူတို့ ဝင်သွားခဲ့သည်မှာ အဘယ့်ကြောင့် ခုနစ်ရက်တိုင်တိုင် ကြာမြင့်နေခဲ့ပြီနည်း။ တစ်စုံတစ်ရာများ ဖြစ်ပျက်သွားခဲ့လေသလား။
လင်ကျန့်ထျန်းနှင့် အခြားသူများမှာ အခြေအနေကို မသိရှိကြပေ၊ သို့သော် သူတို့သည် အတွင်းသို့ ဝင်ရောက်ရန်လည်း မဝံ့ရဲကြဘဲ၊ ရင်ပူစွာဖြင့်သာ တောင့်ခံ စောင့်ဆိုင်းနေနိုင်ခဲ့ကြ၏။
မည်သည့်အရာမျှ မမှားယွင်းခဲ့ပါလျှင် တော်သေး၏၊ သို့သော် တစ်စုံတစ်ရာသာ ဖြစ်ပျက်ခဲ့ပါမူ၊ လင်ကျန့်ထျန်း၏ ဦးခေါင်းပေါင်း တစ်ရာပင် ရှိစေကာမူ ဤတာဝန်ကို ထမ်းရွက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
"ဗိုလ်ချုပ်လင်... ကျွန်တော်တို့ အထဲဝင်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်သင့်လား ခင်ဗျာ။"
စိုးရိမ်ပူပန်နေသော ဗိုလ်ချုပ်တစ်ဦးက မေးမြန်းလိုက်သည်။
"လုံးဝ မဖြစ်ဘူး.. ဝိညာဉ်သားရဲတွေကို စိတ်ဆိုးအောင် လုပ်မိရင်၊ အားလုံး သေကုန်ကြလိမ့်မယ်၊ ပြီးတော့ ဖုန်းဝူချန်တို့အဖွဲ့ကိုပါ အန္တရာယ်ဖြစ်အောင် လုပ်သလို ဖြစ်သွားနိုင်တယ်။"
အခြား ဗိုလ်ချုပ်တစ်ဦးက လျင်မြန်စွာပင် ဖြတ်ပြောလိုက်၏။
လင်ကျန့်ထျန်းသည်လည်း မည်သို့ ဆုံးဖြတ်ရမည်ကို မသိခဲ့ပေ။ ဝင်ရောက်လိုက်ပါလျှင် ဝိညာဉ်သားရဲများကို ဒေါသထွက်စေနိုင်ပြီး၊ မဝင်ရောက်ဘဲ နေပြန်လျှင်လည်း ဖုန်းဝူချန်တို့အဖွဲ့အတွက် သတင်းဆိုး ကြားရနိုင်ဖွယ် ရှိနေသည်။
လင်ကျန့်ထျန်းတို့ မသိခဲ့သည့်အချက်မှာ၊ ဖုန်းဝူချန်နှင့် သူ၏အဖော်များသည် သူတို့၏ ပတ်ပတ်လည်၌ မည်သည့် ကြမ်းကြုတ်သားရဲများမျှ မရှိဘဲ၊ ဝိညာဉ်ရေကန်ထဲတွင် သာယာဖြောင့်ဖြူးစွာဖြင့် ကျင့်ကြံနေခဲ့ကြသည် ဟူသောအချက်ပင် ဖြစ်သည်။
လင်ကျန့်ထျန်းကဲ့သို့ပင် စိုးရိမ်ပူပန်နေကြသူများမှာ ရွှမ်းထျန်းဂိုဏ်းမှ သူများ ဖြစ်ကြသည်။
သူတို့ ရွေးချယ်ထားသော တပည့်များမှာ စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။
တိုက်ပွဲကြီး ပြီးဆုံးခဲ့သည်မှာ ခုနစ်ရက်တိုင်တိုင် ရှိနေခဲ့ပြီ ဖြစ်ပြီး၊ ဖုန်းဝူချန်သည် ရွှမ်းထျန်းဂိုဏ်းအတွက် တပည့်တစ်စုကို လေ့ကျင့်ပေးမည်ဟု ကတိပေးခဲ့သော်လည်း၊ သူ၏ အရိပ်အယောင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့မြင်နေရသေးပေ။
ဖုန်းဝူချန် တစ်ယောက် သူ၏ ကတိစကားကို ဖောက်ဖျက်
သွားခဲ့လေပြီလော။
အမှန်စင်စစ်၊ ဖုန်းဝူချန်သည် သူ၏ ကတိကို ဖောက်ဖျက်မည် မဟုတ်ပေ။ ဤမျှ ကြီးကျယ်လှသော ကျင့်ကြံခွင့် အခါသမယကြီးနှင့် ကြုံတွေ့
နေရချိန်တွင်၊ သူသည် ဤအခွင့်အရေးကို လက်လွှတ်ခံနိုင်စွမ်း မရှိခဲ့ခြင်းသာ ဖြစ်သည်။
အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ၊ တစ်လ ဟူသော အချိန်သည် လျင်မြန်စွာပင် ကျော်လွန်သွားခဲ့လေသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် သူတို့၏ ဆန္ဒများ ပြည့်ဝခဲ့ကြပြီး၊ ယွမ်တန်ဘုံ ပဉ္စမ အလွှာသို့ ခြေချနိုင်ခဲ့ကြကာ၊ သူတို့၏ ခွန်အားများမှာလည်း အကြီးအကျယ် တိုးတက်လာခဲ့လေသည်။
လှိုင်းထန်နေသော စွမ်းအားများကြောင့် အတိုင်းမသိ ဝမ်းမြောက်လျက်၊ ဖုန်းဝူချန်၏ မျက်နှာထက်တွင် ကြည်နူးရိပ်တို့ ထင်ဟပ်နေခဲ့၏။
ဝိညာဉ်ရေကန်တွင် ကျင့်ကြံခဲ့သော လူတိုင်းသည် သူတို့၏ ကျင့်ကြံမှုအဆင့်၌ အောင်မြင်မှု တစ်ဆင့် ရရှိခဲ့ကြသည်။ သူတို့၏ အံ့မခန်းဖွယ် တိုးတက်မှု အမြန်နှုန်းအဟုန်သည် သူတို့ကိုယ်သူတို့ ပါရမီရှင်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရစေခဲ့သည်။
လိန်မူချန်သည်လည်း သူ၏ ဆန္ဒ ပြည့်ဝခဲ့ပြီး၊ ယွမ်တန်ဘုံ ပထမအလွှာသို့ ခြေချနိုင်ခဲ့ရာ၊ သူ၏ မျက်နှာမှာ ပြုံးရွှင်လွန်းသဖြင့် ပါးစပ်ပင် ပြန်စေ့၍ မရနိုင်တော့ချေ။
တစ်လကြာ ကျင့်ကြံမှုသည် သူတို့အား ကြီးမားသော တိုးတက်မှုများကို ယူဆောင်လာပေးခဲ့ပြီး၊ ၎င်းမှာ အပြင်ဘက် လောကတွင် လပေါင်းများစွာ ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သည်ထက် များစွာ သာလွန်လှပေသည်။
သူတို့၏ အောင်မြင်မှုများကို ရရှိပြီးသည့်နောက်၊ ဖုန်းဝူချန်နှင့် အခြားသူများသည် သူတို့ လာခဲ့ရာလမ်းအတိုင်း ပြန်လည် ထွက်ခွာခဲ့ကြသည်။ သူတို့၏ ရည်မှန်းချက်မှာ ပြီးမြောက်ခဲ့ပြီ ဖြစ်သောကြောင့်၊ ကြာရှည်စွာ နေထိုင်ရန် မလိုအပ်တော့ပေ။
ဖုန်းဝူချန်နှင့် သူ၏အဖော်များအားလုံး ဘေးမသီ ရန်မခဘဲ ပြန်လည် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ တစ်လလုံးတိုင်တိုင် ထိတ်လန့်နေခဲ့ရသော ဗိုလ်ချုပ်လေးဦးမှာ နောက်ဆုံးတွင်မှ သူတို့၏ စိတ်နှလုံးတို့ကို အေးချမ်းစေနိုင်ခဲ့တော့သည်။
"စစ်သူကြီးချုပ်... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ ခင်ဗျာ။ ဝိညာဉ်သားရဲကြီးက ခင်ဗျားတို့ကို အထဲမှာ တစ်လလုံးတောင် ခေါ်ထားခဲ့တာလား။ ခင်ဗျားတို့အတွက် ကျွန်တော်တို့ စိုးရိမ်လွန်းလို့ သေတော့မလိုပါပဲ.."
လင်ကျန့်ထျန်းက စူးစမ်းစွာ မေးလိုက်ပြီး၊ သူ၏ မျက်နှာအမူအရာတွင် ထိတ်လန့်မှု အချို့ ကျန်ရှိနေဆဲ ဖြစ်သည်။
"ဝိညာဉ်သားရဲကြီးက နတ်ဘုရားတောင်ကြားကနေ ထွက်ခွာသွားခဲ့ပြီ။ သူ့ကို ချိတ်ပိတ်ထားရာကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ တစ်လလောက် အချိန်ယူလိုက်ရတယ်။ ဒီနေ့ကစပြီး၊ နတ်ဘုရားတောင်ကြားမှာ အဲ့ဒီ ကြောက်စရာကောင်းတဲ့ စွမ်းအားကြီး ရှိတော့မှာ မဟုတ်ဘူး။ အင်ပါယာကြီးလေးခုရဲ့ ခြိမ်းခြောက်မှုလည်း အခု လွတ်မြောက်သွားပြီ.."
ဖုန်းဝူချန်က ထိုသို့ တည်ငြိမ်စွာ ဆိုလိုက်ရာ၊ သူ၏ စကားများမှာ အမှန်တကယ်ပင် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
"ဝိညာဉ်သားရဲကြီး... ထွက်သွားပြီ.."
ဗိုလ်ချုပ်လေးဦးလုံး ချက်ချင်းပင် တုန်လှုပ်သွားကြပြီး၊ ထို့နောက် သူတို့၏ မျက်နှာများထက်တွင် လွှမ်းမိုး၍ မရနိုင်သော ပျော်ရွှင်မှုများ လွှမ်းခြုံသွားလေသည်။
"စစ်သူကြီးချုပ်... တကယ် ပင်ပန်းသွားပါပြီ ခင်ဗျာ။"
လင်ကျန့်ထျန်းက လျင်မြန်စွာ ဂါရဝပြုလိုက်သည်။
ဗိုလ်ချုပ်တစ်ဦးက ရိုသေစွာ ပြောလိုက်သည်။
"စစ်သူကြီးချုပ်ကတော့ ကျွန်တော်တို့ အင်ပါယာကြီးလေးခုရဲ့ ကျေးဇူးရှင်ကြီး အစစ်အမှန်ပါပဲ.. အခု ဝိညာဉ်သားရဲကြီး မရှိတော့မှတော့၊ ကျွန်တော်တို့ရဲ့ ခြိမ်းခြောက်မှုကလည်း လုံးဝ ကင်းစင်သွားခဲ့ပါပြီ။"
အင်ပါယာ၏ ခြိမ်းခြောက်မှု ကင်းစင်သွားခြင်းသည် အင်ပါယာကြီး လေးခုအတွက် သတင်းကောင်း ဖြစ်သည်မှာ သေချာလှပြီး၊ သူတို့သည် ဧကရာဇ်ထံမှ ဆုလာဘ်များပင် ရရှိနိုင်ဖွယ် ရှိနေလေသည်..။
"ကျွန်တော့်မှာ တက်တက်ကြွကြွ ဆောင်ရွက်ရမယ့် အရေးကြီး ကိစ္စတွေ ရှိသေးတယ်၊ ဒါကြောင့် ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"
ဖုန်းဝူချန်က ဤသို့ ဆိုလိုက်ပြီးနောက်၊ လင်ရှောင်ရှောင်နှင့် အခြားသူများနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။
သူတို့၏ လွှမ်းမိုးနေသော ပျော်ရွှင်မှုများ ကြားတွင်၊ လင်ကျန့်ထျန်း ဘေးမှ ဗိုလ်ချုပ်လေးဦးမှာ လျိုချင်းယန်နှင့် အခြားသူများအားလုံး သူတို့၏ ကျင့်ကြံမှု အဆင့်၌ အောင်မြင်မှုများ ရရှိသွားခဲ့ကြသည်ကို သတိပြုမိခြင်း မရှိခဲ့ကြပေ။
တောင်တန်းကြီးမှ ထွက်ခွာခဲ့ပြီးသည်နှင့်၊ ဖုန်းဝူချန်သည် ယွင်ကျိုးနယ်သို့ တစ်ဦးတည်း ပျံသန်းသွားခဲ့ပြီး၊ လင်ရှောင်ရှောင်နှင့် အခြားသူများမှာမူ ဖုန်းမိသားစုထံသို့ ပြန်သွားခဲ့ကြသည်။
မထွက်ခွာမီ၊ ဖုန်းဝူချန်သည် ချီဟွမ်နှင့် အခြားသူများကို သေဒဏ်ကျ အကျဉ်းသားများအား လေ့ကျင့်ပေးရန် ညွှန်ကြားခဲ့ပြီး၊ လင်ရှောင်ရှောင်မှာမူ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ၏ ကျင့်ကြံမှုကို အထောက်အကူ
ပြုရန်အတွက် များပြားလှသော သဘာဝရတနာများကို ဖုန်းမိသားစုထံသို့ ယူဆောင်သွားခဲ့သည်။
ဤ သဘာဝရတနာ အစုအပုံများ ရှိနေသဖြင့်၊ ဖုန်းမိသားစု၏ အင်အားမှာ အဆင့်များစွာ တိုးတက်လာတော့မည်မှာ သေချာလှပါသည်..။
...
အင်ပါယာ၏ ယွင်ကျိုးနယ်၌၊ မကြာမြင့်မီ အချိန်တွင်၊ တစ်ချိန်က ကျော်ကြားခဲ့သော ဆရာဖုန်းသည် ယွင်ကျိုးနယ်သို့ နောက်တစ်ကြိမ် ခြေချခဲ့ပြန်သည်။
ဤတစ်ကြိမ် ယွင်ကျိုးနယ်သို့ လာရောက်ရာတွင်၊ ဖုန်းဝူချန်သည် အားနည်းသူတစ်ဦး၏ ပုံစံခွက်ဖြင့် မဟုတ်တော့ဘဲ၊ အင်အားကြီးမားသူ တစ်ဦး၏ သွင်ပြင်လက္ခဏာဖြင့်၊ ထို့အတူ အင်ပါယာ၏ စစ်သူကြီးချုပ် တစ်ဦး၏ ဂုဏ်ဒြပ်ဖြင့် ယွင်ကျိုးနယ်သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်..
"ရွှစ်.."
အနက်ရောင် မျဉ်းကြောင်းတစ်ခုသည် လျှပ်စီးကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး၊ စူးရှရှ အသံနှင့်အတူ၊ မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်ယံ အမြင့်သို့ ပျောက်ကွယ်သွားခဲ့သည်။
"ဒီ... ဒီအရှိန်အဝါက... စစ်သူကြီးချုပ်.."
မြို့တော်၏ တော်ဝင်နန်းတော်အတွင်း၌၊ ကြမ်းတမ်းမှုနှင့် သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သည်နှင့်၊ ချူဝူဟန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချီလင် ချပ်ဝတ်၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ချူဝူဟန် ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်သည့် အရာတစ်ခု ဖြစ်ပေသည်။
"ထျန်း... ထျန်းယွမ်ဘုံ စွမ်းအားရှင်ကြီးလား။"
ထျန်းတုမြို့၌၊ အစောင့်အကြပ် အများအပြားမှာ ကြောက်ရွံ့မှုကြောင့် သိမ်ငယ်သွားကာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
ထိုစဉ်၊ ထျန်းတု လေလံပွဲရုံ၌၊ ရှန်းယန်နှင့် အကြီးအကဲ ဝေ့ယွင်တို့သည်လည်း ဤကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိခဲ့ကြပြီး၊ အခြေအနေကို စုံစမ်းရန် အလျင်အမြန်ပင် ပုံရိပ်ထင်ရှား ပေါ်ထွက်လာခဲ့ကြသည်။
"ဒါ စစ်သူကြီးချုပ်ရဲ့ အရှိန်အဝါပဲ.. သူ... သူမှ သူ အစစ်ပဲ.."
ရှန်းယန်က တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး၊ ထိုအရှိန်အဝါ၏ ကြမ်းတမ်းမှုနှင့် သွေးဆာမှုတို့ကြောင့် ထိတ်လန့်နေဆဲ ဖြစ်သည်။
"စစ်သူကြီးချုပ်က ရွှမ်းထျန်းဂိုဏ်းဆီကို ဦးတည်နေတာ.."
ဝေ့ယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ထျန်းတုမြို့တစ်ခွင်လုံး၌၊ အင်အားကြီးမားသော ကျင့်ကြံသူတိုင်းသည် ဤကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိခဲ့ကြပြီး၊ လူအများအပြားမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ဖုန်းဝူချန်၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း၌ အဝေးသို့ ပျံသန်းထွက်ခွာသွားခဲ့ပြီး၊ ကြောက်မက်ဖွယ် အရှိန်အဝါမှာလည်း လျင်မြန်စွာပင် လွင့်ပြယ် ပျောက်ကွယ်သွားခဲ့သည်။
ထျန်းတုမြို့ တစ်ခုတည်းသာ မဟုတ်ပေ။ ဖုန်းဝူချန် ဖြတ်သန်းသွားရာ နေရာတိုင်း၌၊ ယွင်ကျိုးနယ်မှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အင်အားစုအားလုံး၊ ထို့အတူ အစွမ်းထက်သော ကျင့်ကြံသူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
သူတို့အားလုံးသည် ယွင်ကျိုးနယ်၌ ထျန်းယွမ်ဘုံ စွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီဟု အထင်မှားသွားခဲ့ကြသည်..။
—-----
ဖန်ထျန်း တောင်ကြား နန်းတော်၌…
တောင်ကြား သခင် စုယွမ်ရှန်းသည် ကပျာကယာ ထွက်ပေါ်လာပြီး၊ ကောင်းကင်သို့ ထိတ်လန့်တကြား မော့ကြည့်လျက် တီးတိုး ရေရွတ်လိုက်သည်။
"စစ်သူကြီးချုပ်က ရွှမ်းထျန်းဂိုဏ်းဆီ သွားနေတာလား။ စစ်သူကြီးချုပ်ရဲ့ အစွမ်းက တဖြည်းဖြည်း ပိုပြီး ကြောက်စရာကောင်းလာလိုက်တာ.. သူ... သူ ယွမ်တန်ဘုံ ပဉ္စမအလွှာကိုတောင် ကျော်ဖြတ်သွားခဲ့တာ ဖြစ်နိုင်တယ်.."
"ဒါ... ဒါ ဘယ်လို အရှိန်အဝါကြီးလဲ။"
"ကောင်းကင်ပေါ်က လာတာ... အရမ်းမြန်တာပဲ... ထျန်းယွမ်ဘုံ စွမ်းအားရှင်တစ်ယောက်များလား။"
"ဟုတ်မယ်၊ထျန်းယွမ်ဘုံ စွမ်းအားရှင်ပဲ ဖြစ်ရမယ်.. မဟုတ်ရင် ဘယ်သူက ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ပိုင်ဆိုင်နိုင်မှာလဲ။"
အောက်ဘက်မှ ကျင့်ကြံသူ အများအပြားမှာ၊ သူတို့၏ မျက်လုံးများ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်လျက်၊ အားလုံး ကောင်းကင်သို့ မော့ကြည့်နေခဲ့ကြသည်။
သို့သော် အနက်ရောင် မျဉ်းကြောင်းတစ်ခု ဖြတ်ပြေးသွားသည်မှလွဲ၍၊ သူတို့သည် အခြား မည်သည့်အရာကိုမျှ မမြင်တွေ့လိုက်ကြရပေ။
မကြာမြင့်မီပင်၊ ကြောက်မက်ဖွယ် အမြန်နှုန်းအဟုန်ဖြင့် ရွေ့လျားနေသော ဖုန်းဝူချန်သည် ရွှမ်းထျန်းဂိုဏ်း တည်ရှိရာ တောင်တန်းကြီး၏ အထက်သို့ ရောက်ရှိလာခဲ့လေပြီ။
"ဘုရား... ဘုရား... ထျန်းယွမ်ဘုံ စွမ်းအားရှင်ကြီး.. မြန်မြန်.. ဂိုဏ်းချုပ်ကို သွား သတင်းပို့ကြ.."
"ဒီအရှိန်အဝါက အရမ်း ကြောက်စရာကောင်းလွန်းတယ်.."
တောင်တန်းကို စောင့်ကြပ်နေသော ရွှမ်းထျန်းဂိုဏ်း တပည့်များမှာ ထိတ်လန့်တကြားဖြင့် ဂိုဏ်းအတွင်းသို့ ပြန်လည် ပျံသန်းသွားကြပြီး၊ သူတို့၏ မျက်နှာများမှာ ကြောက်မက်ဖွယ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဂိုဏ်းချုပ်.. ထျန်းယွမ်ဘုံ စွမ်းအားရှင်ကြီး.. ထျန်းယွမ်ဘုံ စွမ်းအားရှင်ကြီး.."
တပည့်များမှာ အင်အားကြီးမားသော ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသည့်နှယ်
ကြောက်လန့်တကြားဖြင့် စတင် အော်ဟစ်လိုက်ကြ၏။
"စစ်သူကြီးချုပ်.. ဒါ စစ်သူကြီးချုပ်ရဲ့ အရှိန်အဝါပဲ.."
ရွှမ်းထျန်းဂိုဏ်း အတွင်း၌၊ အတိုင်းမသိ ဝမ်းမြောက်နေသော မူဟွမ်သည် နန်းတော်ထဲမှ ပြေးထွက်လာခဲ့သည်။
"စစ်သူကြီးချုပ် ကြွလာပြီ.."
ခန်းမဆောင်ကြီး အတွင်း၌၊ မူထျန်းယွင်နှင့် မူယွင်ရှန်း၊ ထို့အတူ အခြား အဆင့်မြင့် ပုဂ္ဂိုလ်များလည်း ဤကြောက်မက်ဖွယ် အရှိန်အဝါကို ချက်ချင်းပင် အာရုံခံမိလိုက်ကြသည်။ သူတို့သည် ဤကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်နေကြသော်ငြား၊ သူတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့ပေသည်။
မူယွင်ရှန်းက ပျော်ရွှင်စွာ ရယ်မောလျက် စကားစလိုက်သည်။
"သူ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ.. သိပ်ကောင်းတာပဲ.. အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်ဆုနဲ့ ထိုက်တန်ပါပေတယ်။ စစ်သူကြီးချုပ်ရဲ့ အစွမ်းက ငါ့အထက်ကိုတောင် ရောက်နေလောက်ပြီ.."
ဖုန်းဝူချန် ကတိပေးခဲ့သော အရာများမှာ နောက်ဆုံးတွင်မူ မပြည့်စုံဘဲ မနေခဲ့ချေ။
"အားလုံးပဲ... မထိတ်လန့်ကြနဲ့... ဒါ အင်ပါယာရဲ့ စစ်သူကြီးချုပ်ပဲကွယ့်.."
မူဟွမ်က အလျင်အမြန် ထွက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ခဏအကြာတွင်၊ ရွှမ်းထျန်းဂိုဏ်းမှ တပည့်များအားလုံးသည် ဂိုဏ်းရင်ပြင်၌ စုရုံးရောက်ရှိလာခဲ့ကြတော့၏။ တပည့် အရေအတွက်မှာ ထောင်ပေါင်းများစွာ ရှိလေသည်။
"ရွှစ်.."
အနက်ရောင် အရိပ် တစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ရွှမ်းထျန်းဂိုဏ်း နန်းတော်၏ အထက်၌ ပေါ်ထွက်လာခဲ့သည်။
ရောက်ရှိလာသူမှာ ဖုန်းဝူချန်ပင်တည်း..။
"တကယ်... တကယ် စစ်သူကြီးချုပ်ပဲ.. နောက်ဆုံးတော့ ငါတို့ သူ့ရဲ့ ကြွရောက်လာမှုကို စောင့်မျှော်နိုင်ခဲ့ပြီ.."
"စစ်သူကြီးချုပ် ဒီမှာ ရှိနေမှတော့၊ ငါတို့လည်း အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တော်တွေလို အစွမ်းထက်လာနိုင်တော့မှာပဲ.. သူတို့ရဲ့ လှုပ်ရှားမှု သိုင်းကွက်တွေက အရမ်း ကြောက်စရာကောင်းတယ်လို့ ငါ ကြားဖူးတယ်.."
"စစ်သူကြီးချုပ်ရဲ့ နောက်ကျောက အတောင်ပံတွေက ပျံသန်းတဲ့ သိုင်းတစ်ခုလား။ ချပ်ဝတ်တစ်ခုလိုလည်း ဖြစ်နေတာပဲ... အရှိန်အဝါကလည်း တကယ် ကြောက်စရာကောင်းတာ.. လုံးဝ ခြောက်လှန့်နိုင်စွမ်း အပြည့်ပဲ.. ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်တောင် တုန်ယင်လာသလို ခံစားနေရတယ်။"
တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး၊ ဂိုဏ်းရင်ပြင် တစ်ခုလုံးမှာ ဆူညံ ပွက်လောရိုက်လျက် ရှိနေ၏။
"စစ်သူကြီးချုပ်ကို ကြိုဆိုဂါရဝပြုပါတယ်.."
မူထျန်းယွင်သည် ပထမဆုံးအကြိမ်အဖြစ် ဒူးတစ်ဖက်ထောက်လျက် ရိုသေစွာ နှုတ်ခွန်းဆက်လိုက်သည်။
"စစ်သူကြီးချုပ်အား ကြိုဆိုဂါရဝပြုပါတယ်.."
မူယွင်ရှန်းနှင့် ရွှမ်းထျန်းဂိုဏ်းမှ လူတိုင်းသည်လည်း သူ့နောက်မှ လိုက်၍ ဒူးတစ်ဖက်ထောက် ဂါရဝပြုလိုက်ကြရာ၊ သူတို့၏ ရိုသေလေးမြတ်သော အသံများမှာ ရွှမ်းထျန်းဂိုဏ်း နန်းတော်တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားလေသည်။
ရွှမ်းထျန်းဂိုဏ်းမှ လူများကို ကြည့်လျက်၊ ဖုန်းဝူချန်သည် ဖြည်းညင်းစွာ ဆင်းသက်လာပြီး မှိန်ဖျော့စွာ ပြုံးလျက် ဆိုသည်။
"ဒီလို အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး... အားလုံး ထကြပါ။"
ထို့နောက် သူ၏ မျက်လုံးများက မူထျန်းယွင်နှင့် မူယွင်ရှန်းတို့ထံသို့ ရောက်ရှိသွားပြီး၊ ဖုန်းဝူချန်က အနည်းငယ် တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဟောင်း မူ... ကျွန်တော် နောက်ကျသွားတဲ့အတွက် တကယ် တောင်းပန်ပါတယ်... ကိစ္စတချို့ကြောင့်မို့လို့ပါ။"
"တိုက်ပွဲကြီးက ပြီးဆုံးသွားတာ မကြာသေးတော့၊ စစ်သူကြီးချုပ်မှာလည်း တက်တက်ကြွကြွ ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေမှာကို ကျွန်တော် နားလည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး။"
မူထျန်းယွင်က အနည်းငယ်မျှပင် စိတ်ထဲ၌ ထားရှိခြင်း မရှိဘဲ ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် မူယွင်ရှန်းက ဆိုသည်။
"စစ်သူကြီးချုပ် ကျွန်တော်မျိုးတို့ဆီကို ကြွရောက်လာတာဟာ ကျွန်တော်တို့ ရွှမ်းထျန်းဂိုဏ်းအတွက် ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ။"
ရွှမ်းထျန်းဂိုဏ်းမှ တပည့်များအားလုံးသည် ဖုန်းဝူချန်ကို ယခင်က မြင်ဖူးခဲ့ကြပြီး ဖြစ်သော်လည်း၊ ယခုအခါ၌ သူ့ကို ထပ်မံ တွေ့မြင်ရချိန်တွင်၊ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုနှင့် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်..
ဖုန်းဝူချန်ဆိုသည်မှာ ထျန်းယွင်ဂိုဏ်း၏ ကြောက်မက်ဖွယ် ပါရမီရှင်အား ကိုယ်တိုင်ကိုယ်ကျ ချေမှုန်းခဲ့သူ၊ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကူချင်းရွှမ်းကိုပင် သူ၏ လက်ဖြင့် သတ်ဖြတ်ခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်..။
ဤသို့သော အစွမ်းအစများ ရှိနေပါလျက်၊ တပည့်များက သူ့ကို မလေးစား မကြည်ညိုဘဲ နေပါလျှင် ထူးဆန်းလှပေတော့မည်။
"ရွှမ်းထျန်းဂိုဏ်းက ကျွန်တော့်ကို ထျန်းယွင်ဂိုဏ်းအား အမြစ်ဖြတ် ချေမှုန်းရာမှာ ကူညီခဲ့ပြီး၊ ဖုန်းမိသားစုရဲ့ ကျဆုံးသွားတဲ့ အဖွဲ့ဝင်တွေအတွက် လက်စားချေပေးခဲ့တယ်။ ဂိုဏ်းချုပ်ဟောင်း မူ နဲ့ ဂိုဏ်းချုပ် မူ တို့လည်း ဒီဖြစ်စဉ်မှာ အသက် ဆုံးရှုံးခဲ့ကြရတယ်။ ကျွန်တော် ဖုန်းဝူချန်က ဒီကျေးဇူးကို အမြဲတမ်း မှတ်ထားမှာ ဖြစ်ပြီး၊ ဂိုဏ်းချုပ်ဟောင်း မူ ကို ပေးခဲ့တဲ့ ကတိကိုလည်း ဖောက်ဖျက်မှာ မဟုတ်ပါဘူး။"
ဖုန်းဝူချန်က ဤသို့ ဆိုလိုက်သည်။
ခေတ္တမျှ ရပ်နားပြီးနောက်၊ ဖုန်းဝူချန်က ဆက်လက်၍ ပြောလေသည်။ "အဲ့ဒီမတိုင်ခင်မှာ၊ ကျွန်တော် အရင်ဆုံး ဂိုဏ်းချုပ်ဟောင်း မူ ကို မီးအဆိပ်တွေ လုံးဝ ဖယ်ရှားပေးပါ့မယ်၊ ပြီးရင် သူ့ကို 'ဆေးပညာဆုံးဖြတ်ချက်ကျမ်း' တစ်ခု လက်ဆောင်ပေးမယ်။ အချိန်အတိုင်းအတာတစ်ခု ပေးလိုက်တာနဲ့၊ ခင်ဗျားဟာ ဆဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက်ရဲ့ ဘုံအဆင့်ကို သေချာပေါက် ခြေချနိုင်ပါလိမ့်မယ်.."
"ကျေးဇူး... ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်။"
မူထျန်းယွင်က စိတ်အားထက်သန်စွာ ကျေးဇူးတင်စကား ဆိုလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်ပင် တုန်ယင်နေခဲ့သည်။
ဆဋ္ဌမအဆင့် ဆေးပညာရှင် အဆင့်သို့ ရောက်ရှိခြင်း...။
၎င်းမှာ ဆေးပညာရှင်ပေါင်းများစွာ အိပ်မက်မျှသာ မက်ခွင့်ရခဲ့သော ဘုံအဆင့်တစ်ခု ဖြစ်သည်။ ပဉ္စမအဆင့် ဆေးပညာရှင် မည်မျှလောက်
များများသည် ဆဋ္ဌမအဆင့် ဆေးပညာရှင်၏ ဘုံအဆင့်ကို မထိတွေ့ မခံစားဖူးဘဲ သေဆုံးသွားခဲ့ကြရသနည်း။
ဤ သေးငယ်သော အင်ပါယာလေးထဲတွင် ဆိုဖွယ်ရာ မရှိ၊ ကုန်းမကြီး တစ်ခွင်လုံး၌ပင်၊ ဆဋ္ဌမအဆင့် ဆေးပညာရှင်များသည် သာမန်ထက် ထူးကဲသော အဆင့်နေရာ တစ်ခုကို ပိုင်ဆိုင်ထားကြပြီး၊ မရေမတွက်နိုင်သော တန်ခိုးကြီး ပုဂ္ဂိုလ်များ၏ ရိုသေလေးစားခြင်းကို ခံကြရပေသည်။
မူယွင်ရှန်းသည် ပျော်ရွှင်သော အမူအရာကို ပြသလျက်၊ လျင်မြန်စွာပင် ရိုသေလေးစားစွာ ဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ကြွပါ စစ်သူကြီးချုပ်။"
ဖုန်းဝူချန်သည် ခန်းမဆောင်ကြီးဆီသို့ လျှောက်လှမ်းသွားရာ၊ တပည့်များမှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း သူတို့ကိုယ်တိုင် လမ်းဖယ်ပေးလိုက်ကြသည်။
ခန်းမဆောင်အတွင်း၌၊ ဖုန်းဝူချန်သည် နေရာတွင် ထိုင်၍ လက်ဖက်ရည် တစ်ငုံ သောက်ရုံမျှသာ ရှိသေးသည်၊ အပြင်ဘက်မှ အင်အားကြီးမားသော အရှိန်အဝါများ ရောက်ရှိလာသည်ကို သူ အာရုံခံလိုက်မိသည်။
"ထျန်းတုမြို့မှ တပ်မှူးချုပ် ချူဝူဟန်... စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."
" ထျန်းတု လေလံရုံ ဥက္ကဌ ရှန်းယန်... စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."
" ထျန်းတု လေလံရုံ အကြီးအကဲ ဝေ့ယွင်... စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."
●"တောင်ကြားသခင် စုယွမ်ရှန်း... စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."
ရွှမ်းထျန်းဂိုဏ်း၏ ဂိုဏ်းရင်ပြင်ထက်၌၊ ချူဝူဟန်နှင့် အခြား တန်ခိုးကြီး ပုဂ္ဂိုလ် ဒါဇင်ကျော်တို့မှာ တစ်ဦးပြီးတစ်ဦး စတင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ သူတို့ တစ်ဦးချင်းစီမှာ ဒူးတစ်ဖက်ထောက်၍ ရိုသေလေးစားစွာ ဂါရဝပြုနေကြပြီး၊ သူတို့၏ မျက်လုံးများမှာ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေ၏။
အင်ပါယာ၏ စစ်သူကြီးချုပ် တစ်ဦးအနေဖြင့်၊ ဖုန်းဝူချန်သည် မြင့်မြတ်လှသော အဆင့်နေရာတစ်ခုကို ပိုင်ဆိုင်ထားပြီး၊ ယခင်က ဆရာဖုန်းနှင့် မတူညီတော့ချေ။
ယခု သူသည် ယွင်ကျိုးနယ်သို့ ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီးဖြင့် ရောက်ရှိလာခဲ့ရာ၊ သူတို့အားလုံး ဤအကြောင်းကို သိရှိသွားခဲ့ကြသည်နှင့်အမျှ၊ မလွဲမသွေပင်၊ သူတို့သည် မနှောင့်နှေးရဲဘဲ၊ အလျင်မြန်ဆုံး အမြန်နှုန်းဖြင့် ရွှမ်းထျန်းဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပါသည်။
ဖုန်းဝူချန်သည် ရွှမ်းထျန်းဂိုဏ်းသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်၊ ယွင်ကျိုးနယ်မှ အဓိက အင်အားစုများ၏ ခေါင်းဆောင်များမှာ ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
ဤသို့သော ရာထူး ဂုဏ်သိမ်နှင့် မြင့်မြတ်လှသော အဆင့်အတန်းကို ပြသလိုက်ခြင်းသည် ရွှမ်းထျန်းဂိုဏ်းမှ တပည့်များအားလုံးကို အလွန်အမင်း အားကျစေခဲ့လေတော့သည်။