စိန်ခေါ်လွှာ
Vol. 11 Ch. 159
~ရွှမ်းထျန်းဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်းဝယ်၊ ဖုန်းဝူချန်နှင့် မူထျန်းယွင်တို့သည် အံ့ဩဟန် မရှိကြပေ။ သူတို့ ပေါ်ထွက်လာလိမ့်မည်ဟု ကြိုတင် တွက်ဆမိထားပြီးသား ဖြစ်သည့်အလားပင်။
"သူတို့ကို ဝင်လာခိုင်းလိုက်ပါ။"
ဖုန်းဝူချန်က မူထျန်းယွင်အား မီးအဆိပ်များ ဖယ်ရှားပေးနေရင်းပင် ဆိုလိုက်သည်။
မကြာမီပင်၊ ချူဝူဟန်၊ ရှန်းယန်နှင့် အခြား တန်ခိုးကြီး ပုဂ္ဂိုလ် ဒါဇင်ကျော်တို့သည် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာခဲ့ကြ၏။
"ကျွန်တော်တို့ စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.."
ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သည်နှင့်၊ တန်ခိုးကြီး ပုဂ္ဂိုလ် အုပ်စုသည် နောက်တစ်ကြိမ် ထပ်မံ၍ ရိုသေစွာ ဦးညွှတ် အရိုအသေပေးလိုက်ကြသည်။
ဖုန်းဝူချန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ၊ မီးအဆိပ် ဖယ်ရှားခြင်းအပေါ်၌သာ အာရုံစိုက်ထားလေသည်။ မူယွင်ရှန်းကမူ ဧည့်ဝတ်ပြုလျက်၊ ချူဝူဟန်နှင့် အခြားသူများကို နေရာထိုင်ခင်း ပေးပြီး၊ ဖုန်းဝူချန်က မူထျန်းယွင်ထံမှ မီးအဆိပ်များ ဖယ်ရှားပေးနေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။
မူထျန်းယွင်၏ ကိုယ်လုံးတစ်ခုလုံးသည် မည်းနက်နေသော သွေးမျိုးဆက်များဖြင့် ဖုံးလွှမ်းလျက် ရှိရာ၊ ကြည့်ရှုရသည်မှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
‘မီးအဆိပ်တွေကို ဖယ်ရှားပေးနေတာပဲ…’
ဝေ့ယွင်သည် သူ၏ စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ခဏအကြာတွင်၊ ကြောက်မက်ဖွယ် မီးအဆိပ်များသည် မူထျန်းယွင်၏ ကိုယ်တွင်း၌ အရိုင်းအစိုင်း တိုးထွက်လာရာ၊ လူတိုင်း၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားကြရသည်။
သို့သော်၊ ဖုန်းဝူချန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ဆိုလျှင်၊ မီးအဆိပ် ဖယ်ရှားခြင်းသည် လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူလှလေရာ မပင်မပန်းဘဲ၊ သူသည် မူထျန်းယွင်၏ ကိုယ်တွင်းမှ မီးအဆိပ်များကို လုံးဝဥဿုံ ဖယ်ရှား ထုတ်ပစ်လိုက်လေသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်၊ ဖုန်းဝူချန်သည် စိမ်းပြာရောင် မီးတောက်များကို ဆင့်ခေါ်လိုက်ပြီး၊ သူ၏ လက်ကို ဝေ့သုတ်လိုက်သည်နှင့်၊ မူထျန်းယွင်ထံမှ မီးအဆိပ်များကို ခြေရာလက်ရာမကျန် ဝါးမျို ပျောက်ကွယ်သွားစေခဲ့သည်။
"မီးအဆိပ်တွေကို ဝါးမျိုပစ်လိုက်တာ.."
မူထျန်းယွင်နှင့် အခြားသူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ ဖုန်းဝူချန်၏ ပြကွက်ကြောင့် အံ့အားတသင့် ဖြစ်သွားကြရသည်။
"ဂိုဏ်းချုပ်ဟောင်း မူ... မီးအဆိပ်တွေ လုံးဝ ကင်းစင်သွားပါပြီ။ ဒါပေမဲ့၊ ခင်ဗျား နောင်တစ်ချိန် ဆေးလုံးတွေ ဖော်စပ်တဲ့အခါ သတိထားရလိမ့်မယ်၊ မဟုတ်ရင် မီးအဆိပ်တွေက ဖြည်းဖြည်းချင်း ပြန် စုပုံလာဦးမှာပဲ။"
ဖုန်းဝူချန်က ခံစားချက်မပါသော လေသံဖြင့် ဆိုလိုက်သည်။
"ကျေးဇူး... ကျေးဇူးအများကြီးတင်ပါတယ် စစ်သူကြီးချုပ်.."
မူထျန်းယွင်သည် အလွန်အမင်း ကျေးဇူးတင်သွား၏။ မီးအဆိပ်များ ကင်းစင်သွားသည်နှင့်၊ မူထျန်းယွင်သည် သူ၏ ခန္ဓာကိုယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ပြန်လည် နုပျိုသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ အလွန်တရာ သက်တောင့်သက်သာ ရှိကာ စိတ်လက်ပေါ့ပါးသွားလေသည်။
"လုံးဝ... လုံးဝ ကင်းစင်သွားပြီ ဟုတ်လား။"
ဝေ့ယွင်၏ မျက်နှာအမူအရာမှာ နောက်တစ်ကြိမ် သိသိသာသာ ပြောင်းလဲသွားပြန်သည်။
သူ၏ မျက်လုံးများက ဝေ့ယွင်ထံသို့ ရောက်ရှိသွားပြီး၊ ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။ "အကြီးအကဲ ဝေ့... ခင်ဗျားရဲ့ မီးအဆိပ်တွေကိုလည်း ကျွန်တော် နောက်မှ ကူညီ ဖယ်ရှားပေးပါ့မယ်။ အခု လောစရာ မလိုပါဘူး။"
"ကျေးဇူးတင်လှပါတယ် စစ်သူကြီးချုပ်.."
ဝေ့ယွင်က အလျင်အမြန်ပင် သူ၏ ကျေးဇူးတင်စကားကို ဆိုလိုက်သည်။
"ခင်ဗျားတို့က ကျွန်တော့်ကို ထျန်းယွင်ဂိုဏ်း ရှင်းလင်းရေးမှာ ကူညီခဲ့တာပဲ။ ကျွန်တော် ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။"
ဖုန်းဝူချန်က ပြုံးလျက် ဆိုလိုက်သည်။ သူသည် ကျေးဇူးတရားကို ရက်ရောမှုဖြင့် ပြန်လည် ပေးဆပ်ရမည်ဟု ယုံကြည်ထား၏။
ဖုန်းဝူချန်သည် မည်သို့မျှ ကျေးဇူးကန်းတတ်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်.."
ချူဝူဟန်နှင့် အခြားသူများက စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ ကျေးဇူးတင်စကားကို ဆိုကြသည်။
သူတို့ အဘယ်အရာကို လိုချင်နေကြသည်ကို ဖုန်းဝူချန် သိပေသည်။ ၎င်းမှာ ဝိညာဉ်လက်နက်များမှလွဲ၍ အခြား မည်သည့်အရာမျှ မဖြစ်နိုင်ချေ။
ဖုန်းဝူချန်သည် နတ်ဘုရားတောင်ကြားထဲမှ ဥက္ကာခဲသံ အနည်းငယ် ရရှိထားခဲ့သည်နှင့် အံကိုက်ပင် ဖြစ်သွားသည်။ သို့ဖြစ်ရာ သူသည် ဝိညာဉ်လက်နက်များကို ဖန်တီးလက်နက်သန့်စင်နိုင်ပြီး၊ သူတို့၏ အကူအညီအတွက် ကျေးဇူးတုံ့ပြန်သည့် နည်းလမ်းတစ်ခုအဖြစ် ပေးအပ်နိုင်ပေတော့မည်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခိုက်အတန့်သည် သူတို့အဖို့ လုံးဝဥဿုံ အံ့အားသင့် မှင်တက်သွားစေမည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့လေသည်။
ယွင်ကျိုးနယ်တစ်ခွင် ကျော်ကြားလှသော လက်နက်ပညာရှင် သခင်လေးဖုန်းသည်၊ သူတို့၏ မျက်စိရှေ့မှောက်၌ "အတွေးဖြင့် ပုံဖော်ခြင်း" ဟု ခေါ်ဆိုသည့် အရာကို လက်တွေ့ ပြသလိုက်လေတော့သည်။
ဖုန်းဝူချန်သည် ဥက္ကာခဲသံနှင့် အခြား လက်နက် သန့်စင် ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်ပြီး၊ စိမ်းပြာရောင် မီးတောက်များကို လှုံ့ဆော်လိုက်သည်။ ခဏတာ အချိန်လေးအတွင်း၌၊ ဝိညာဉ်လက်နက်တစ်ခုမှာ လက်နက်သန့်စင် ပြီးမြောက်သွားခဲ့၏။ ထို ကြောက်မက်ဖွယ်ကောင်းသော လက်နက် သန့်စင် နတ်ဘုရားနည်းလမ်းများက မူထျန်းယွင်နှင့် အခြားသူများကို သူတို့၏ နှလုံးသား အူတိုင်ထိတိုင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်..။
ဒဏ္ဍာရီလာ "အတွေးဖြင့် ပုံဖော်ခြင်း" စွမ်းရည်ကို သူတို့ နောက်ဆုံးတွင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပြီ ဖြစ်သည်..။
ဝိညာဉ်လက်နက် တစ်ခုပြီးတစ်ခု လက်နက်သန့်စင် ပြီးမြောက်
သွားသည်ကို သူတို့ ကြည့်ရှုနေခဲ့ကြရာ၊ စုစုပေါင်း ဆယ့်ခြောက်ခု၊ အားလုံးမှာ ဆယ်မိနစ်ပင် မပြည့်သော အချိန်အတွင်း ပြီးစီးသွားခဲ့သည်။
ထို ကြောက်မက်ဖွယ်ကောင်းသော "အတွေးဖြင့် ပုံဖော်ခြင်း" စွမ်းရည်သည် လောကအတွေ့အကြုံများလှပြီဖြစ်သော မူထျန်းယွင်ကိုပင်လျှင် မှင်တက် အံ့ဩသွားစေခဲ့လေသည်။
ခန်းမဆောင်ကြီးထဲမှ လူတိုင်းသည် သူတို့ အိပ်မက် မက်နေကြသကဲ့သို့ ခံစားလိုက်ကြရပြီး၊ အရာအားလုံးမှာ အမှန်တကယ် မဟုတ်သကဲ့သို့ ထင်မှတ်နေမိကြ၏။
အခြားသူများ သည်းသည်းမည်းမည်း လိုလားတောင့်တကြသော ဝိညာဉ်လက်နက်များမှာ ဖုန်းဝူချန်၏ စိတ်အလိုအတိုင်း အလွယ်တကူပင် ရရှိနိုင်နေပါတကား။
ဤအခိုက်အတန့်တွင်၊ သူတို့၏ မျက်လုံးများထဲ၌၊ ဖုန်းဝူချန်သည် နတ်ဘုရားတစ်ပါးနှင့်ပင် တူလှပေသည်။
နတ်ဘုရားတစ်ပါး မဟုတ်ပါလျှင်၊ ကုန်းမကြီး တစ်ခုလုံး၌ အဘယ်သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားသိုင်းကွက်များကို ပိုင်ဆိုင်နိုင်မည်နည်း။
"ဒီ ဝိညာဉ်လက်နက်တွေ အားလုံးကို ခင်ဗျားတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတုံ့ပြန်တဲ့ အမှတ်တရအနေနဲ့ ကျွန်တော် ပေးလိုက်ပါတယ်။"
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုလိုက်ပြီး၊ ဆယ့်ခြောက်ခုသော ဝိညာဉ်လက်နက်များကို ရက်ရောစွာ ပေးအပ်လိုက်သည်။
ဖုန်းဝူချန်သည် "အတွေးဖြင့် ပုံဖော်ခြင်း" နတ်ဘုရားသိုင်းကွက်ကို ပြသပြီး သူတို့ကို နှိမ်နင်းနိုင်ခဲ့ရုံသာမက၊ သူတို့ကို ဝိညာဉ်လက်နက်များပါ ပေးအပ်လိုက်ခြင်းဖြင့်၊ သူ၏အပေါ်၌ ထားရှိသော သူတို့၏ သစ္စာစောင့်သိမှုကို ပိုမို ခိုင်မာသွားစေခဲ့သည်။
ချူဝူဟန်နှင့် အခြားသူများမှာ အတိုင်းမသိအောင် ပျော်ရွှင်ကြည်နူးသွားကြသည်။ အကယ်၍ ဤသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်ခဲ့ပါလျှင်၊ ထိုအိပ်မက်သည် ဘယ်သောအခါမျှ အဆုံးမသတ်စေရန် သူတို့ ဆုတောင်းမိကြပေလိမ့်မည်။
"စစ်သူကြီးချုပ်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။"
မူထျန်းယွင်နှင့် အခြားသူများက နောက်တစ်ကြိမ် ကျေးဇူးတင်စကား ထပ်မံ ဆိုလိုက်ကြသည်။
ထို့နောက်တွင်
"ဂိုဏ်းချုပ်ဟောင်း မူ... ဒါက ကျင့်စဉ် နည်းစနစ် တစ်စုံပဲ။ ခင်ဗျားက တပည့်တွေကို သူတို့ရဲ့ ရုပ်ခန္ဓာကို ကျင့်ကြံဖို့ ကူညီပေးလိုက်ရုံပါပဲ၊ ဒါက သိပ် ခက်ခဲမှာ မဟုတ်ပါဘူး။ တစ်လလောက် အချိန်ကြာတဲ့အခါ၊ သူတို့ ဒီနည်းစနစ်တွေကို စကျင့်ကြံတာနဲ့၊ သူတို့ရဲ့ ခွန်အားကလည်း သဘာဝအတိုင်း တိုးတက်လာပါလိမ့်မယ်။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကလည်း ဒီအတိုင်းပါပဲ၊ ခင်ဗျားတို့လည်း ဒါကို ကျင့်ကြံနိုင်တယ်။ သိပ်မကြာခင်မှာ၊ ရွှမ်းထျန်းဂိုဏ်းရဲ့ အင်အားက အခုထက် ပိုပြီး အစွမ်းထက်လာမှာ သေချာတယ်။"
ဖုန်းဝူချန်က ထိုသို့ အသိပေးလိုက်ပြီး၊ ပြင်ဆင်ထားသော ကျင့်စဉ်နည်းစနစ် တစ်စုံကို မူထျန်းယွင်ထံသို့ ကမ်းပေးလိုက်သည်။
'အထွတ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်'သည် အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း၊ ဖုန်းဝူချန်က မူထျန်းယွင်အား ပေးအပ်ခဲ့သည်မှာ ပထမအဆင့်မျှသာ ဖြစ်သည်။
သို့ရာတွင်..၎င်းမှာ ပထမ အဆင့်မျှသာ ဖြစ်လင့်ကစား၊ ရွှမ်းထျန်းဂိုဏ်းမှ တပည့်များအတွက်မူ လုံလောက်လျက် ရှိနေပေပြီ။
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်။"
မူထျန်းယွင်က နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
"ဘယ်လို နည်းစနစ်မျိုးမို့လို့ ဒီလောက်တောင် အစွမ်းထက်နိုင်ရတာလဲ။"
မူယွင်ရှန်းသည် သူ၏ နှလုံးသားထဲ၌ အလွန်အမင်း သိချင်စိတ် ပြင်းပြနေခဲ့ပြီး၊ ချက်ချင်းပင် ဖွင့်ဖတ်ကြည့်ရှုလိုက်
ချင်မိသည်အထိ ဖြစ်နေ၏။
ချူဝူဟန်နှင့် အခြားသူများမှာလည်း ထိုနည်းတူစွာပင် သိချင်စိတ် ပြင်းပြနေကြသည်။ ထိုနည်းစနစ်သည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်၏ အစွမ်းအစကို မြှင့်တင်ပေးနိုင်ခဲ့သည် ဆိုခြင်းကပင် ၎င်း၏ အစွမ်းထက်သော သဘာဝကို ညွှန်ပြလျက် ရှိနေသည်။
နည်းစနစ်များကို မူထျန်းယွင်ထံသို့ ပေးအပ်ပြီးနောက်၊ ဖုန်းဝူချန်သည် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာခဲ့ရာ၊ မူထျန်းယွင်နှင့် အခြားသူများလည်း သူ၏နောက်မှ လိုက်ပါလာခဲ့ကြသည်။
အပြင်ဘက်တွင်၊ ရွှမ်းထျန်းဂိုဏ်းမှ တပည့်များအားလုံး စောင့်ဆိုင်းနေကြ၏။ ဖုန်းဝူချန် ပေါ်ထွက်လာသည့် အခိုက်အတန့်တွင်၊ နေရာတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားတော့၏။
စိတ်လှုပ်ရှားနေသော တပည့်များကို ကြည့်လျက်၊ ဖုန်းဝူချန်က မေးလိုက်သည်။
"မင်းတို့ အပင်ပန်းခံနိုင်ကြရဲ့လား။"
"ခံနိုင်ပါတယ်ခင်ဗျ.."
တပည့်များမှာ တုံ့ဆိုင်းခြင်း တစ်စုံတစ်ရာမရှိဘဲ တစ်သံတည်း အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်း တောက်ပနေကြလေသည်။
"ဒါ မင်းတို့ဘာသာ ပြောတာနော်... နောက်မှ နောင်တမရကြနဲ့။"
ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုလိုက်သော်လည်း၊ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ညစ်ကျယ်ကျယ်နိုင်လှသည်။
ဖုန်းဝူချန်၏ ကောက်ကျစ်သော အပြုံးကို မြင်တွေ့လိုက်ရသောအခါ၊ တပည့်အများအပြားမှာ မကောင်းသော အရာတစ်ခုခု ဖြစ်ပျက်တော့မည်ကို စတင်၍ စိုးရိမ်လာခဲ့ကြသည်။
"အဘိုးကြီး မူ... ခင်ဗျား စတင်နိုင်ပါပြီ။"
ဖုန်းဝူချန်က မူဟွမ်အား ပြုံးလျက် ဆိုလိုက်သည်။
မူဟွမ်သည် သူ့ကိုယ်သူ ပြင်ဆင်ချိန်ပင် မရလိုက်မီ၊ ဖုန်းဝူချန်သည် ကြောက်မက်ဖွယ် အမြန်နှုန်းအဟုန်ဖြင့် လှစ်ခနဲ ပြေးထွက်သွားခဲ့ပြီး ဖြစ်သည်။
မူဟွမ်၏ မျက်နှာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွား၏။ သူသည် သူ၏ အစစ်အမှန်ယွမ်ကို လှုံ့ဆော်ရန် ကြိုးစားလိုက်သော်လည်း၊ အချိန် များစွာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း.. ဘုန်း.. ဘုန်း.."
သရဲတစ္ဆ တစ်ကောင်သဖွယ်၊ ဖုန်းဝူချန်သည် မူဟွမ်ထံသို့ လျှပ်တစ်ပြက် တိုးဝင်သွားပြီး၊ အရူးအမူး တိုက်ခိုက်မှုများကို စတင်လိုက်သည်။
သူ၏ လက်သီးများ၊ ခြေထောက်များမှာ မူဟွမ်၏ ခန္ဓာကိုယ်အပေါ်သို့ မရပ်မနား ကျရောက်သွား၏။
"ဖွီး.. ဖွီး.."
ခဏတာ အချိန်လေးအတွင်း၌၊ မူဟွမ်သည် သွေးများ အဆက်မပြတ် ထွေးထုတ်နေရပြီး၊ သူ၏ ခန္ဓာကိုယ်မှာ မီတာပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားကာ၊ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်..။
ဆယ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း၌၊ မူဟွမ်သည် သူ၏ ခန္ဓာကိုယ်ကြီး တစစီ ပြိုကွဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ နာကျင်လျက်၊ ထရပ်နိုင်ရန် ခွန်အားများပင် စုစည်း၍ မရနိုင်တော့ချေ။
ဤ ရုတ်တရက် အလှည့်အပြောင်းသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ မူယွင်ရှန်းမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး၊ မူထျန်းယွင်ကသာ ဝင်ရောက် တားဆီးမထားခဲ့ပါလျှင်၊ သူ ပြေးထွက်သွားမိပေတော့မည်။
ရွှမ်းထျန်းဂိုဏ်းမှ တပည့်များမှာ ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံသွားပြီး၊ ဖုန်းဝူချန်အား ထိတ်လန့်တကြား စိုက်ကြည့်နေမိကြသည်။
ဒါ ဘာတွေ ဖြစ်ကုန်ကြတာလဲ။
အဘယ်ကြောင့် ဖုန်းဝူချန်သည် ရုတ်တရက်ကြီး မူဟွမ်အား ဤမျှ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်ခဲ့ရသနည်း။
ဖုန်းဝူချန်သည် ရှေ့သို့ တိုးသွားပြီး၊ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မူဟွမ်အား ခွံ့ကျွေးလိုက်သည်။ ထို့နောက် ပြုံးလျက် ဆို၏။
"ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံတွေက ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်တို့နဲ့ ယှဉ်လိုက်ရင် အရမ်းကို အားနည်းလွန်းနေသေးတယ်။ ခင်ဗျားတို့သာ သူတို့လောက် အစွမ်းထက်ချင်တယ် ဆိုရင်၊ အခုထက် အများကြီး ပိုပြီး အပင်ပန်းခံရဦးမှာ။"
ဆေးလုံးကို မျိုချလိုက်သော မူဟွမ်သည်၊ သူ၏ ဒဏ်ရာများမှာ အံ့မခန်းဖွယ် လျင်မြန်သော အမြန်နှုန်းအဟုန်ဖြင့် ပြန်လည် ကုစားသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ သူ တစ်ခါမျှ မကြုံတွေ့ဖူးသော အမြန်နှုန်းအဟုန်မျိုး ဖြစ်၏။
..ဒီလောက် အစွမ်းထက်တဲ့ ကုစားဆေးလုံး.. ဒါ... ဒါ စတုတ္ထအလွှာ ဆေးလုံးပဲ..
မူထျန်းယွင်သည် သူ၏ စိတ်ထဲ၌ တုန်လှုပ်စွာ တွေးလိုက်မိသည်။
မူယွင်ရှန်းနှင့် အခြားသူများမှာလည်း အဘယ်အရာ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားကြပြီး၊ လှိုက်လှိုက်လှဲလှဲပင် တုန်လှုပ်သွားကြရသည်။
အမှန်စင်စစ်၊ ဤသည်မှာ အဘယ်ကဲ့သို့ အံ့ဖွယ်ကောင်းသော ကုစားဆေးလုံးမျိုး ဖြစ်ပါသနည်း။
သည်လောက် ပဉ္စလက် ဆန်သော ကုသမှု အစွမ်းအာနိသင်ကို ပိုင်ဆိုင်ထားရသည်လား။
သူ၏ လက်နက် သန့်စင် နတ်ဘုရား နည်းစနစ်များအပြင်၊ ဖုန်းဝူချန်၏ ဆေးပညာအတတ်မှာလည်း ထိုနည်းတူစွာပင် ကြောက်မက်ဖွယ်
ကောင်းလှပေသည်။ သူ ယခုလေးတင် ပေးအပ်လိုက်သော စတုတ္ထ အလွှာ ကုစား ဆေးလုံး တစ်လုံးတည်းကပင် သူတို့ကို အံ့အားသင့်သွားစေရန် လုံလောက်လျက် ရှိနေခဲ့သည်။
တပည့်များကို ညစ်ကျယ်ကျယ် အပြုံးသဖွယ် ပြုံးပြလျက်၊ ဖုန်းဝူချန်က ဆိုသည်။
"ကျွန်တော် ခုနက မူဟွမ်အပေါ် သရုပ်ပြသွားတဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ကြ။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်၊ ကုစားဆေးလုံးတစ်လုံး သောက်၊ ပြီးတော့ နေပြန်ကောင်းလာရင် ဆက်လုပ်။ ခင်ဗျားတို့ လုပ်ရမှာက နှစ်လလုံးလုံး ကြံ့ကြံ့ခံနိုင်ဖို့ပဲ၊ အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့ရဲ့ ခွန်အားက လျင်မြန်စွာ တိုးတက်လာလိမ့်မယ်။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ဆိုရင် ကျွန်တော့်လက်ထဲမှာ တစ်လလုံး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတာ။ အစပိုင်းတုန်းကဆို သူတို့ တစ်ယောက်ချင်းစီတိုင်းက ကျွန်တော့်ကို အစိမ်းလိုက် ဝါးစားပစ်ချင်နေကြတာ။"
…အမ်…တစ်လလုံး ညှဉ်းပန်းနှိပ်စက်ခံရမယ်…
တပည့်များမှာ တုန်ယင်လာကြပြီး၊ တံတွေးများ ကြောက်လန့်တကြား မျိုချလိုက်မိကြသည်။
သူတို့ထဲမှ အများအပြားမှာ နောက်ပြန်ဆုတ်ရန် စတင် တွေးတောလာကြသည်။
မူထျန်းယွင်နှင့် အခြားသူများပင်လျှင် ချွေးစေးများ ပျံလာသည်ကို မထိန်းချုပ်နိုင်ခဲ့ကြပေ။
ဤကဲ့သို့ တစ်လလုံး ညှဉ်းပန်းနှိပ်စက် ခံပြီးသွားပါက၊ သူတို့သည် နောက်ပိုင်းတွင် လူသားများအဖြစ် ရှိနေကြဦးမည်လော။
"ကျွန်တော့်မှာ အချိန်ဇယားက ကျပ်နေတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်ကပဲ ခင်ဗျားတို့အားလုံးကို ကိုယ်တိုင် ကြီးကြပ်ပေးရလိမ့်မယ်။ ခင်ဗျားတို့သာ ပိုပြီး အစွမ်းထက်ချင်တယ်ဆိုရင်၊ ဒီနာကျင်မှုကို ကြံ့ကြံ့ခံနိုင်ရမှာပေါ့။"
ဖုန်းဝူချန်က ညစ်ကျယ်ကျယ်နိုင်သော အပြုံးဖြင့် ပြောလိုက်ပြန်သည်။
ခေတ္တမျှ ရပ်နားပြီးနောက်၊ ဖုန်းဝူချန်က ဆက်လက်၍ အကြံပြုလိုက်သည်။
"ထျန်းယွင်ဂိုဏ်းက ပျက်စီးသွားခဲ့ပြီ။ သိပ်မကြာခင်မှာ၊ အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်းဟာ ခင်ဗျားတို့ရဲ့ ရွှမ်းထျန်းဂိုဏ်း ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ တကယ် အစွမ်းထက်ချင်စိတ် ရှိ၊ မရှိ အပေါ်မှာပဲ မူတည်တယ်။ ထျန်းယွင်ဂိုဏ်းကို ကျော်တက်သွားဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး... ဒါဟာ အချိန်ကာလတစ်ခုရဲ့ အပေါ်မှာပဲ မူတည်နေတာ နော်။"
"အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်း.."
"ထျန်းယွင်ဂိုဏ်းကို ကျော်တက်မယ်.."
ထိုစကားတစ်ခွန်းတည်းဖြင့်ပင်၊ ဖုန်းဝူချန်သည် တပည့်များ၏ အတွင်းစိတ်ထဲမှ စိတ်အားထက်သန်မှုများကို မီးမွှေးပေးလိုက်ပြီး၊ သူတို့သည် ထိုအရာကို နက်နက်ရှိုင်းရှိုင်းပင် တောင့်တလာခဲ့ကြသည်။
အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်း ဖြစ်လာရန်... ၎င်းမှာ အဘယ်မျှ မြင့်မြတ်လှသော အဆင့်နေရာ တစ်ခု ဖြစ်လိုက်ပါသနည်း..။
တပည့်များမှာ စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူပွက်လာခဲ့ကြပြီး၊ တစ်သံတည်း ညီညာစွာ အော်ဟစ်လိုက်ကြသည်။
"ထျန်းယွင်ဂိုဏ်းကို ကျော်တက်ပါမယ်.."
မူယွင်ရှန်းသည် လှိုက်လှိုက်လှဲလှဲ တုန်လှုပ်သွားပြီး၊ ထို ဖြစ်နိုင်ခြေကို တွေးတောနေမိသည်။
ထျန်းယွင်ဂိုဏ်းသည် ကြောက်မက်ဖွယ် တည်ရှိမှု တစ်ခု ဖြစ်ခဲ့ပြီး၊ သူတို့၏ အင်အားမှာ ရွှမ်းထျန်းဂိုဏ်းထက် များစွာ သာလွန်လှသည်။ သူတို့ကို ကျော်တက်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ချူဝူဟန်နှင့် ရှန်းယန်တို့မှာ တုန်လှုပ်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထျန်းယွင်ဂိုဏ်း မည်မျှ လန့်စရာ ကောင်းသည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။ သို့သော် ဖုန်းဝူချန်ကမူ ၎င်းကို အလွန် ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်လား။
ကြီးမားကျယ်ပြန့်လှသော ထျန်းယွင်ဂိုဏ်းသည် ဤမျှ များပြားသော အစွမ်းထက် ပုဂ္ဂိုလ်များကို မွေးထုတ်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ထိုနည်းလမ်းတစ်ခုတည်းကသာ ထျန်းယွင်ဂိုဏ်းအား အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်း ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်မှာပင်၊ လူတစ်ဦးသည် ရွှမ်းထျန်းဂိုဏ်း၏ ဂိတ်တံခါးမှ အမြန်နှုန်းအဟုန်ပြင်းစွာဖြင့် ပြေးဝင်လာခဲ့သည်။
"စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.."
ထိုလူသည် ဂိုဏ်းရင်ပြင်သို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
"ချီဟွမ်.."
ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
ချီဟွမ်က ရိုသေစွာ သတင်းပို့လိုက်သည်။
"စစ်သူကြီးချုပ် ခင်ဗျာ... ကျွန်တော့်ဆီကို ညီအစ်ကို ဟွမ်ယန်ဆီက သတင်းစကားတစ်ခု ရောက်လာပါတယ်။ မင်းကြီးက စစ်သူကြီးချုပ်ကို ဧကရာဇ်မြို့တော်ဆီ ချက်ချင်း ကြွရောက်ဖို့ အမိန့်တော် ချမှတ်လိုက်ပါတယ် ။"
ဤစကားကို ကြားသောအခါ၊ ဖုန်းဝူချန်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စလဲဆိုတာ ခင်ဗျား သိလား။"
"ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက စစ်သူကြီးချုပ်ကို စိန်ခေါ်စာ ပို့လိုက်ပါတယ်.. အဲ့ဒီ စိန်ခေါ်စာက မင်းကြီးဆီမှာ ရှိနေပါတယ် ခင်ဗျာ။"
ချီဟွမ်က ပြန်လည် ဖြေကြား၏။
"ရွှေယွဲ့အင်ပါယာ.."
"စစ်သူကြီးချုပ်ကို စိန်ခေါ်တယ်.."
မူထျန်းယွင်နှင့် အခြားသူများမှာ ထိုသတင်းကြောင့် အံ့အားသင့်ကာ မှင်သက်သွားကြရသည်။
"ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက စစ်သူကြီးချုပ်ကို တကယ်ကြီး စိန်ခေါ်လိုက်တာလား.."
ရွှမ်းထျန်းဂိုဏ်းမှ တပည့်များမှာ ကြွက်ကြွက်ညံသွားကြပြန်သည်။
ဖုန်းဝူချန်သည်လည်း မှင်တက်သွားပြီး အော်လိုက်မိသည်။
"ကျုပ်ကို စိန်ခေါ်တယ်.."
မူထျန်းယွင်က မျက်မှောင်ကြုတ်လျက် မှတ်ချက်ပေးလာသည်။
"ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက သာမန်ထက် ထူးကဲတဲ့ အစွမ်းအစတွေ ရှိတယ်... သူ ယွမ်တန်ဘုံ အဋ္ဌမအလွှာကို ရောက်နေပြီလို့ ကျူပ် ကြားဖူးတယ်... အင်ပါယာကြီးလေးခုကြားမှာ... အသန်မာဆုံး အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ခံထားရတာ။"
"အိုး... အင်ပါယာကြီး လေးခုထဲမှာ အသန်မာဆုံးလား။"
ဖုန်းဝူချန်က မူထျန်းယွင်အား အံ့အားသင့်စွာ ပြန်ကြည့်လိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ အင်ပါယာကြီး လေးခုထဲက ဘယ်သူကမှ အရင်က စိန်ခေါ်ပွဲမျိုး ထုတ်ပြန်ခဲ့တာ မရှိဘူးလေ... ဒါကြောင့် သူ့ရဲ့ ကျွမ်းကျင်မှု အတိုင်းအတာ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒါတွေက ကြားသိရတဲ့ သတင်းတွေသက်သက်ပါပဲ။"
မူထျန်းယွင်က ခေါင်းညိတ် သဘောတူလိုက်သည်။
မူယွင်ရှန်းက ဖြည့်စွက် ပြောလိုက်၏။
"သူ အခုအချိန်ဆို ယွမ်တန်ဘုံ နဝမအလွှာကိုတောင် ရောက်နေလောက်ပြီ ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကတည်းက... ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက အဋ္ဌမအဆင့် သိုင်းဝိညာဉ်ကို နိုးထစေခဲ့တယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်... တကယ့်ကို ဘီလူးဆန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။"
ထိုစဉ် ချီဟွမ်က ယခုလို ရှင်းပြလိုက်သည်။
"ပါရမီရှင်တိုက်ပွဲကြောင့်... ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက စစ်သူကြီးချုပ်ရဲ့ အစွမ်းအစကို တိုင်းတာကြည့်ချင်လို့ ဖြစ်ပါလိမ့်မယ်... ဒါကို ရွှေယွဲ့အင်ပါယာရဲ့ ဧကရာဇ်ကလည်း သဘောတူခဲ့တယ်။ မင်းကြီးက စစ်သူကြီးချုပ်ကို ဧကရာဇ်မြို့တော်ဆီ ခေါ်ယူလိုက်တာက... စစ်သူကြီးချုပ်ရဲ့ သဘောထားကို ရယူလိုတာ ဖြစ်နိုင်ပါတယ် ခင်ဗျာ။"
"သြော်... ဒီလိုကိုး။"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလျက် ရေရွတ်လိုက်သည်။
“အင်း…ရွှေယွဲ့အင်ပါယာက စိန်ခေါ်စာ ပို့တယ်... တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။”