အခြေအနေ ပိုမို ဆိုးရွားလာခြင်း
Vol. 11 Ch. 161
~ထိုအခါ ဧကရာဇ် အစောင့်အကြပ် တပ်ဖွဲ့ဝင် အလုံးအရင်းသည် အမြန်နှုန်းအဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် တိုက်ခိုက်လာကြ၏။ သူတို့၏ အရှိန်အဝါမှာ ကြမ်းတမ်းလျက် ခြိမ်းခြောက်မှု အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေလေသည်။
"ရွှစ်.. ရွှစ်.. ရွှစ်.."
"အား.. အား.. အား.."
ဖုန်းဝူချန်သည် လျင်မြန်စွာပင် လမ်းကြောင်းမှ ရှောင်တိမ်းလိုက်၏။ သူ၏ ကိုယ်ရိပ်သည် လှစ်ခနဲ လှစ်ခနဲ ပြောင်းလဲသွားသော အနက်ရောင် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ ဖြတ်သန်းသွားရာ နေရာတိုင်း၌၊ တုံးတိကျသော ထိခတ်သံများနှင့် နာကျင်စွာ အော်ဟစ်လိုက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ အစောင့်အကြပ်များမှာ တစ်ဦးပြီးတစ်ဦး လွင့်စင် ထွက်သွားကြရသည်။
ဤ အစောင့်အကြပ်များကို ရင်ဆိုင်ရာ၌၊ ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ်ကိုပင် လှုံ့ဆော်ရန် မလိုအပ်ခဲ့ပေ။
ခဏတာ အခိုက်အတန့်လေးအတွင်း၌၊ အစောင့်အကြပ် ဒါဇင်ကျော်တို့မှာ ထိခတ် တိုက်ခိုက်ခြင်း ခံလိုက်ရပြီး လွင့်စင် ထွက်သွားကြသည်။ သူတို့သည် မည်သို့မည်ပုံ လေထဲသို့ လွင့်တက်သွားမှန်းပင် သိလိုက်ကြဟန် မတူချေ။
ဟုတ်ပါသည်။ ဖုန်းဝူချန်သည် သူ၏ တိုက်ခိုက်မှုများ၌ ပေါ့လျှော့ထားခဲ့၏။ သူသည် တစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခြင်း မပြုဘဲ၊ ပြင်းထန်သော ဒဏ်ရာများ ရရှိရုံမျှသာ တိုက်ခိုက်ခဲ့သည်။
"ဟမ့်.."
အစောင့်အကြပ် တစ်ဦးပြီးတစ်ဦး ဒဏ်ရာရရှိသွားသည်ကို ကြည့်လျက်၊ မြို့တော်ဝန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ သူ၏ အစစ်အမှန်ယွမ်ကို လှုံ့ဆော်ကာ၊ တိုက်ပွဲထဲသို့ ပြေးဝင်လာခဲ့သည်။
မြို့တော်ဝန်၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်လှပေ။ သူသည် ယွမ်တန်ဘုံ တတိယအလွှာ၌ ရှိနေ၏။
ဖုန်းဝူချန်နှင့် ဆယ်မီတာကျော်မျှသာ ကွာဝေးတော့သည့် အကွာအဝေးသို့၊ မြို့တော်ဝန်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး၊ ဖုန်းဝူချန်၏ ကျောပြင်သို့ ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်လေသည်။
"ဘုန်း.."
မြို့တော်ဝန်၏ လက်သီးချက် ကျရောက်သွားသည်နှင့်၊ ကျယ်လောင်သော ထိခတ်သံကြီး ပဲ့တင်ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်တွင်၊ မြင်ကွင်းတစ်ခုလုံးသည် သေမတတ် တိတ်ဆိတ်သွားခဲ့ပြီး၊ ကြည့်ရှုနေသူများအားလုံး၏ မျက်နှာများထက်တွင် ထိတ်လန့်မှုနှင့် မယုံနိုင်ခြင်းတို့ ရောထွေး ထင်ဟပ်သွားကြသည်။
ယွမ်တန်ဘုံ တတိယအလွှာ၌ ရှိသော မြို့တော်ဝန်သည်၊ ဤမျှ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သော်ငြား၊ ဖုန်းဝူချန်အား ခြေတစ်လှမ်း၏ တစ်ဝက်မျှပင် ရွေ့လျားသွားစေနိုင်ခြင်း မရှိခဲ့ပေ..။
ဖုန်းဝူချန်သည် မြို့တော်ဝန်၏ တိုက်ခိုက်မှုကို သိရှိပြီး ဖြစ်သော်လည်း၊ သူသည် အစောင့်အကြပ်များကို ဖြေရှင်းနေရသဖြင့် ၎င်းကို အလေးအနက် ထားရှိခဲ့ခြင်း မရှိချေ။
"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ..."
မြို့တော်ဝန်သည် လုံးဝ တုန်လှုပ်ခြောက်ခြားလျက်၊ မှင်တက် မိန်းမောစွာ ရပ်တန့်နေမိသည်။
"ဟိုကောင်လေးက ဘယ်သူတုန်း။ သူ့ရဲ့ ခွန်အားက ကြောက်စရာ
ကောင်းလိုက်တာ... မြို့တော်ဝန်တောင် သူ့ကို မလှုပ်ရှားနိုင်ဘူး.."
"ယွမ်တန်ဘုံ တတိယအလွှာရဲ့ အစွမ်းအစက ဟိုကောင်လေးကို တုန်တောင် မတုန်ခါစေနိုင်ဘူး.."
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ.. ဟိုကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင် ရှိနေလို့လဲ။"
ကြည့်ရှုနေသော လူအုပ်ကြီးမှာ ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံသွားပြီး၊ သူတို့၏ မျက်လုံးများမှာ ဖုန်းဝူချန်အား ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။
ဖုန်းဝူချန်ကို တိုက်ခိုက်နေခဲ့သော ဧကရာဇ် အစောင့်အကြပ်များမှာ၊ ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားကြသည်။
မြို့တော်ဝန်ပင်လျှင် ဘာမျှ မတတ်နိုင်ခဲ့လျှင်၊ သူတို့၌ အဘယ်သို့သော အခွင့်အရေး ရှိနိုင်တော့မည်နည်း။
ဖုန်းဝူချန်သည် ဖြည်းညင်းစွာ လှည့်လာခဲ့သည်။ သူ၏ အေးစက်သော အကြည့်တို့သည် မြို့တော်ဝန်အပေါ်၌ စူးစိုက်သွားရာ၊ မြို့တော်ဝန်ကြီးမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားရလေသည်။
"အုန်း.."
" ဝေါ့..."
ရုတ်တရက်၊ ဖုန်းဝူချန်သည် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ပေါက်ကွဲထွက်သော ထိခတ်သံကြီး ပဲ့တင်ထွက်ပေါ်လာ၏။
တဆက်တည်း၌ မြို့တော်ဝန်သည် အလွန်တရာ ရက်စက် ကြမ်းတမ်းသော စွမ်းအားတစ်ခုဖြင့် ထိမှန်သွားကာ၊ သွေးများ အန်ထုတ်လိုက်ရလျက်၊ အနက်ရောင် မျဉ်းကြောင်း တစ်ခု ပစ်လွှတ်လိုက်သည့်အလား နောက်သို့ အရုပ်ကျိုးပြတ် ပျံထွက်သွား
လေတော့သည်။
“ဂျွတ် ဂျွတ်..”
မြို့တော်ဝန်သည် မြို့ရိုးနှင့် ပြေးဝင် ပစ်ဆောင့်မိသွားရာ၊ ထိခတ်မှု၏ အမြန်နှုန်းကြောင့် မြို့ရိုး မျက်နှာပြင်မှာ အက်ကွဲကာ ပဲ့ကျသွားခဲ့ရ၏။
လက်သီး တစ်ချက်တည်းဖြင့်၊ မြို့တော်ဝန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပေသည်..။
"မြို့တော်ဝန်.."
အစောင့်အကြပ်များမှာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
မြို့တံခါးဝမှ လူအုပ်ကြီးမှာ ပို၍ပင် ကြောက်ရွံ့သွားကြရသည်။ ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်မျှသာ ရှိသေးသော လူငယ်တစ်ဦးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပါတကား။
"ဒီကောင်လေးက သူ့အသက်ကို နှမြောပုံ မရဘူး.. ဒါ ဧကရာဇ်မြို့တော်ကြီး တစ်ခုလုံးနော်.."
"ရဲရင့်တဲ့သူတွေက သူတို့ရဲ့ အရည်အချင်းကြောင့် သတ္တိရှိနေကြတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အစွမ်းအစတွေ ရှိနေမှတော့၊ သူ့မှာ အထင်ကြီးစရာ နောက်ခံ ရှိနေရမယ်။"
"ဘာလို့ နီမိသားစုရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ ဝင်မပါကြသေးတာလဲ။ လူကြီးမင်းလေး နီဟန်နဲ့ သူ့လူတွေ ဒီမှာ ရှိနေကြတာပဲလေ.."
လူအုပ်ကြီးသည် နောက်တစ်ကြိမ် မေးခွန်းများဖြင့် ဆူညံသွားပြန်သည်။ အချို့မှာ နီမိသားစု၏ အင်အားကြီးမားသော တည်ရှိမှုကို သတိပြုမိသွားကြ၏။ သို့သော်၊ အဘယ်ကြောင့် နီမိသားစု၏ အစွမ်းထက် ပုဂ္ဂိုလ်များ ဝင်ရောက် မစွက်ဖက်သည်ကိုမူ သူတို့ နားမလည်နိုင်ဘဲ ရှုပ်ထွေးနေကြသည်။
ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးသည် ဧကရာဇ်မြို့တော် အတွင်း၌၊ ထို့အပြင် သခင်ကြီးယန်၏ ရှေ့မှောက်၌ပင်၊ ဤမျှ များပြားသော လူများကို ဒဏ်ရာရအောင် ပြုလုပ်ဝံ့သည်ဆိုလျှင်၊ အကယ်၍ သူသည် လူမိုက်တစ်ဦး မဟုတ်ခဲ့ပါက၊ သူ့ထံ၌ သိသာ ထင်ရှားသော ခ အထောက်အထား တစ်ခု ရှိနေမည်မှာ သေချာလှပေသည်..။
သခင်ကြီးယန်သည်ပင်လျှင် ငါးဆားနူ တစ်ဦး မဟုတ်ပေ။ သူသည်လည်း ဖုန်းဝူချန်မှာ အဆင့်အတန်း ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အခြား မည်သူမျှ ဧကရာဇ်မြို့တော်၌ ဤသို့သော ပရမ်းပတာ အခြေအနေကြီးကို ဖန်တီးရန် ဝံ့ရဲမည် မဟုတ်သောကြောင့်တည်း..။
သို့သော်ငြားလည်း၊ ဤမျှ များပြားသော လူများကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ပြီးမှ၊ သခင်ကြီးယန်က ဖုန်းဝူချန်အား ဤမျှ အလွယ်တကူ လွှတ်ပေးလိုက်မည်လော။
ဖုန်းဝူချန်၏ ခံစားချက်ကင်းမဲ့သော အကြည့်တို့သည် သခင်ကြီးယန်ထံသို့ လှည့်သွားပြီး သူက ပြောလိုက်သည်။
"ကျွန်တော့်မှာ အလျင်လိုနေတဲ့ ကိစ္စတွေ ရှိနေတယ်။ ခင်ဗျားက ဒီကိစ္စကို ဆက်ပြီး ရှည်ရှည်ဝေးဝေး လုပ်ချင်သေးတယ် ဆိုရင်တော့... ကျွန်တော်တို့ နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့.."
ဤသို့ ဆိုပြီးနောက်၊ ဖုန်းဝူချန်သည် ထွက်ခွာရန် ကြံရွယ်လိုက်သည်။
အနှစ်သာရအားဖြင့်၊ ဤသည်မှာ မဖြစ်စလောက်သော ကိစ္စလေးတစ်ခုမျှသာ ဖြစ်ရာ၊ ဤအရာအပေါ်၌ အချိန်များစွာ ပို၍ မဖြုန်းတီးလိုတော့သလို၊ အခြေအနေကို ပို၍ ကြီးမားအောင်လည်း မလုပ်ဆောင်လိုတော့ပေ။
သို့သော် ထွက်ခွာသွားရန်မှာ ဖုန်းဝူချန်အတွက် လွယ်ကူလိမ့်မည် မဟုတ်ခဲ့ချေ။
"မင်း... ရိုင်းစိုင်းလှတဲ့ ကောင်... မင်းက ယန်ထျန်းကို စော်ကားပြီးမှ လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ် ထင်နေလား။"
ဖုန်းဝူချန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်၊ အေးစက် ထုံကျင်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မြို့တံခါးပေါက်များ၏ တစ်ဖက်ခြမ်းရှိ လမ်းမထက်တွင်၊ အင်ပါယာ ဗိုလ်ချုပ်တစ်ဦးဟု ထင်ရသော လူတစ်ဦးသည် စစ်သည် အင်အား အလုံးအရင်း၊ ရာပေါင်းများစွာဖြင့် ဦးဆောင် ချီတက်လာခဲ့သည်။
စစ်သည် ရာပေါင်းများစွာတို့သည် နေရာယူ ပြန့်ကျဲလိုက်ကြပြီး၊ ဖုန်းဝူချန်အား နောက်တစ်ကြိမ် ထပ်မံ ဝန်းရံလိုက်ကာ၊ သူ၏ ထွက်ပြေးရာ လမ်းကြောင်းကို ဖြတ်တောက်လိုက်ကြသည်။
"ယန်မိသားစု စစ်တပ်.. ယန်မိသားစု စစ်တပ် ရောက်လာပြီ.."
"ဟိုကောင်လေးတော့ သွားပြီ.. ဗိုလ်ချုပ်ယန် ဒီမှာ ရှိနေမှတော့၊ ထွက်ပြေးစရာ လမ်း မရှိတော့ဘူး.."
အလုံးအရင်းဖြင့် ရောက်ရှိလာသော စစ်သည် အမြောက်အမြားကို မြင်တွေ့လိုက်ရသောအခါ၊ မြို့တံခါးဝ အနီးမှ လူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ယန်မိသားစု စစ်တပ်သည် အင်ပါယာ၏ စစ်သည်တော်များ အစုအဖွဲ့ မဟုတ်ဘဲ၊ ယန်မိသားစု၏ ကိုယ်ပိုင် တပ်ဖွဲ့များမျှသာ ဖြစ်သည်။
"သခင်ကြီးယန်... ခင်ဗျား ဘာမှ ဖြစ်သွားသေးဘူး မဟုတ်လား။ သခင်ကြီး တစ်ခုခု ဖြစ်သွားတယ်လို့ ကြားလိုက်တာနဲ့ ကျွန်တော် ချက်ချင်း ပြေးလာခဲ့တာ.."
ဦးဆောင်လာသော ဗိုလ်ချုပ်၊ ယန်ယန်က အလျင်အမြန် မေးမြန်းလိုက်သည်။
"ငါ ဘာမှ မဖြစ်ဘူး။"
ယန်မိသားစု စစ်တပ် ရောက်ရှိလာသည်နှင့်၊ သခင်ကြီးယန်သည် အတော်အတန် စိတ်အေးသွားရသည်။
"ယန်ယန်က အခြေအနေကို ပိုမို ဆိုးရွားအောင် လုပ်နေတာပဲ မဟုတ်လား။ ဒီလောက် မဖြစ်စလောက် ကိစ္စလေးတစ်ခုအတွက်နဲ့၊ ယန်မိသားစု စစ်တပ်တစ်ခုလုံးကို ချီတက်လာအောင် လုပ်ရတယ်လို့.."
နီမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်သည်။
နီဟန်ကလည်း အေးစက်စွာ ကဲ့ရဲ့လိုက်၏။
"သူတို့ သေလမ်းရှာနေမှတော့... ငါတို့ တားစရာ မလိုပါဘူးလေ။ ယန်မိသားစုက ဒီနှစ်တွေအတွင်း တော်တော်လေးကို မောက်မာလွန်းနေပြီ.. စစ်သူကြီးချုပ်က သူတို့ကို သင်ခန်းစာ ပေးရမယ့် အချိန် တန်နေပြီ။ စစ်သူကြီးချုပ်ကို သွားစော်ကားမိရင် အကျိုးဆက်က ဆိုးရွားတယ်ဆိုတာ..မြည်းစမ်းကြည့်ခိုင်းလိုက်..."
စကား၏ အဆုံးပိုင်းတွင်၊ နီဟန်၏ မျက်နှာထက်၌ မထိန်းချုပ်နိုင်ဘဲ ညစ်ကျယ်ကျယ်နိုင်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
နီဟန်၏ စကားများ မဆုံးသေးမီမှာပင်၊ ယန်ယန်၏ အကြည့်တို့သည် သူ့ထံသို့ ဝေ့ဝဲ ရောက်ရှိလာပြီး၊ သူ၏ အသံမှာ လေးလံစွာဖြင့် ဆိုလိုက်သည်။
"နီဟန်... နီမိသားစုက ဝင်မပါဘူးဆိုရင်၊ မင်း ငါ့ကို အကြောင်းပြချက်
တစ်ခုလောက် ပေးလို့ရမလား။ သခင်ကြီးယန်သာ တစ်ခုခု ဖြစ်သွားခဲ့ရင်၊ မင်းတို့ နီမိသားစုက အကျိုးဆက်တွေကို တာဝန်ယူနိုင်လို့လား။"
နီဟန်၏ မျက်နှာမှာ အေးစက်လျက် တုံ့ပြန်မှု ကင်းမဲ့နေကာ၊ ယန်ယန်အား လုံးဝ လျစ်လျူရှုထားလိုက်သည်။
နီမိသားစု၏ အစွမ်းထက် ပုဂ္ဂိုလ်များထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ အဖြေ ပြန်မပေးခဲ့ကြပေ။
ဖုန်းဝူချန်သည်လည်း နီဟန်ကို အစောကြီးကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သော်လည်း၊ နီဟန်က ဝင်ရောက် မစွက်ဖက်သောကြောင့်၊ နီဟန် အဘယ်အရာကို ဆိုလိုသည်ကို သူ နားလည်သဘောပေါက်လိုက်သည်။
နီဟန်၏ လျစ်လျူရှုမှုကြောင့် ယန်ယန်၏ မျက်နှာအသွေးအရောင်မှာ မည်းမှောင်သွားပြီး၊ သတိမထားမိနိုင်လောက်အောင် သိမ်မွေ့သော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်စ သူ့မျက်လုံးများထဲ၌ ဖြတ်ပြေးသွားခဲ့သည်။
"မင်း... ကောင်စုတ်လေး... မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိပုံရသား... ဒါပေမဲ့ ဒီနေ့တော့ မင်း အတောင်ပံပေါက်ပြီး ထွက်ပြေးရင်တောင် လွတ်မှာ မဟုတ်ဘူး.."
ယန်ယန်သည် ဧကရာဇ်မြို့တော်၏ မြို့တော်ဝန် ဒဏ်ရာရရှိထားသည်ကို ဝေ့ကြည့်လိုက်ပြီးနောက်၊ ဖုန်းဝူချန်ထံသို့ လှည့်ကာ အေးစက်သော လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
ယန်ယန်၏ ခွန်အားမှာ ယွမ်တန်ဘုံ တတိယအလွှာ၏ အထွတ်အထိပ်၌သာ ရှိနေသေးသည်။
သူ ဤမျှ ယုံကြည်မှု ရှိစွာ ပြောဆိုဝံ့ရခြင်း၏ အကြောင်းရင်းမှာ ယန်မိသားစု စစ်တပ်ထဲ၌ ယွမ်တန်ဘုံ စွမ်းအားရှင် ဒါဇင်ကျော်မျှ ပါဝင်နေသောကြောင့် ဖြစ်သည်..။
ဖုန်းဝူချန်ကမူ သူ၏ ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် ယန်ယန်အား ဝေ့ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်သည်။
ဤတစ်ကြိမ်တွင် ဖုန်းဝူချန် အလွယ်တကူ ထွက်ခွာသွားနိုင်တော့မည် မဟုတ်သည့်ပုံ ပေါ်နေ၏။ သို့သော် သူသည် လုံးဝ စိုးရိမ်ခြင်း မရှိသလို၊ အခြေအနေ ပိုမို ဆိုးရွားသွားမည်ကိုလည်း ပို၍ပင် စိုးရိမ်ခြင်း မရှိပေ။
သခင်ကြီးယန်က ဤမျှ တင်းမာစွာ ပြုမူနေမှတော့၊ ဖုန်းဝူချန်ကလည်း မည်သည့် မျက်နှာသာမျှ ပေးတော့မည် မဟုတ်ချေ။
"အစ်ကိုကြီး... ဒီကောင်လေးက တော်တော်လေးကို မောက်မာတယ်၊ ဒါပေမဲ့ သူ အားမနည်းဘူးနော်။ မြို့တော်ဝန်တောင် သူ့ကို ယှဉ်နိုင်တာ မဟုတ်ဘူး။"
ယွမ်တန်ဘုံ ဒုတိယ တပ်မှူးတစ်ဦးက ဆိုသည်။
ယန်ယန်၏ မျက်နှာမှာ မည်းမှောင်သွား၏။ ယန်မိသားစု စစ်တပ်၏ ဗိုလ်ချုပ်တစ်ဦးအနေဖြင့်၊ သူသည် ဤကဲ့သို့ လျစ်လျူရှုခြင်းကို ဘယ်သောအခါမျှ ခံခဲ့ရဖူးပါသနည်း။
"အားလုံးပေါင်းပြီး သူ့ကို သတ်ပစ်လိုက်.."
ယန်ယန်က သူ၏ သွားများကို အံကြိတ်လျက် ဒေါသတကြီး ဆိုလိုက်သည်။ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး၊ ခိုက်ခိုက်တုန်အောင် အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပျံ့နှံ့ထွက်ပေါ်လာ၏။
"တိုက်ခိုက်.."
ဒုတိယ တပ်မှူးတစ်ဦးက ဟိန်းဟောက်လိုက်သည်နှင့်၊ ယွမ်တန်ဘုံ စွမ်းအားရှင် ဒါဇင်ကျော်တို့မှာ တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြသည်။
အစွမ်းထက်သော အစစ်အမှန်ယွမ် စွမ်းအားများသည် လှိုင်းထန် ထွက်ပေါ်လာပြီး၊ ခံ့ညားထည်ဝါကာ လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။
"သေချင်မှတော့... ငါက လိုက်လျောပေးရမှာပေါ့.."
ဖုန်းဝူချန်က အနည်းငယ် မဲ့ပြုံး ပြုံးလိုက်ပြီး၊ ညစ်ကျယ်ကျယ် အပြုံးဖြင့် ဆိုလျက် သူ၏ လက်သီးကို ဆုပ်လိုက်သည်။
"အုန်း.."
မြေပြင်ကို ဆောင့်နင်းလိုက်သည်နှင့်၊ ဖုန်းဝူချန်သည် တိုးညင်းသော ပေါက်ကွဲသံတစ်ခုကို ဖြစ်ပေါ်စေကာ၊ မြေပြင်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ် အမြန်နှုန်းအဟုန်ဖြင့် ပစ်ထွက်သွားခဲ့ပြီး ဖြစ်၏။
"ဘုန်း.."
မျက်စိတစ်မှိတ်အတွင်း၌၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ၊ ဒုတိယ တပ်မှူးတစ်ဦးသည် ဝေါ့ခနဲ သွေးများ အန်ထုတ်လိုက်ရပြီး လွင့်စင် ထွက်သွားသည်။ ထို့နောက် ပြင်းထန်စွာ ဒဏ်ရာရရှိလျက် မြေပြင်ပေါ်၌ သတိလစ် မေ့မြောသွားလေသည်။
"ဘုန်း.. ဘုန်း.. ဘုန်း.."
“အွတ်..”
ဖုန်းဝူချန်သည် ပို၍ပင် ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လိုက်ရာ၊ ဒုတိယ တပ်မှူးများစွာတို့မှာ တစ်ဦးပြီးတစ်ဦး လွင့်စင် ထွက်သွားကြပြန်သည်။ အားလုံးမှာ တူညီသော ရလဒ်တစ်ခုတည်းသာ ဖြစ်သည်... ။
ထိုနေရာ၌ပင် သတိလစ် မေ့မြောသွားကြခြင်းတည်း..။
ဖုန်းဝူချန်၏ ကိုယ်ရိပ်သည် သရဲတစ္ဆေ တစ်ကောင်နှယ် လှစ်ခနဲ လှစ်ခနဲ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြီး၊ ဒုတိယ တပ်မှူးများမှာ သူ အဘယ်နေရာ၌ ရှိနေသည်ကိုပင် မသိလိုက်ကြပေ။ သူတို့သည် သူ့ကို မမြင်တွေ့လိုက်ရမီမှာပင် လွင့်စင် ထွက်သွားခဲ့ကြရသည်။
"ကောင်စုတ်လေး.. မောက်မာမနေနဲ့..
ယန်ယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်ကို သူ၏ လက်ဖဝါးထက်၌ စုစည်းလျက်၊ ဖုန်းဝူချန်ထံသို့ တိုက်ခိုက်လိုက်သည်..။
"ဘုန်း.."
"ဂျွတ်.."
"ဖွီး.."
ဖုန်းဝူချန်သည် ရုတ်တရက် ဝေ့ဝဲ လှည့်လိုက်ပြီး၊ ထိုတိုက်ခိုက်မှုကို သူ၏ လက်ဖဝါးဖြင့် ပုတ်ထုတ်လိုက်သည်။
ထိခတ်မှု၏ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင်၊ အရိုးများ ကျိုးကြေသွားသံ ပဲ့တင်ထွက်ပေါ်လာ၏။
ယန်ယန်၏ မျက်နှာမှာ ရုတ်တရက် ရှုံ့မဲ့သွားပြီး၊ ထို့နောက် သူသည် လတ်ဆတ်သော သွေးနီ တစ်လုတ်ကို အန်ထုတ်လိုက်ရကာ လေ၌ အဟုန်ပြင်းစွာ ပျံဝဲထွက်သွားလေသည်။
ဤ ထိပ်တိုက် ရင်ဆိုင်မှုမှ၊ ယန်ယန်၏ လက်တစ်ဖက်မှာ အသုံးမဝင်တော့အောင် ပျက်စီးသွားခဲ့လေပြီ..။
“အား”
ပြင်းထန်လှသော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ယန်ယန်သည် ထိုနာကျင်မှုကို မခံမရပ်နိုင်ဘဲ စတင် အော်ဟစ်လိုက်လေတော့သည်။
"ဗိုလ်ချုပ်ယန်.."
စစ်သည်များမှာ ကြည့်ရှုရင်း ပို၍ပင် ထိတ်လန့်တုန်လှုပ်လာကြသည်။
တစ်ဦးပြီးတစ်ဦး၊ ဒုတိယ တပ်မှူးများမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြပြီး၊ ယန်ယန်ပင်လျှင် ဖုန်းဝူချန်၏ လက်ဖဝါးချက် တစ်ချက်တည်းကိုမျှ မခုခံနိုင်ခဲ့ပေ..။
သခင်ကြီးယန်မှာ ပို၍ပင် ပျာယာခတ် သွားခဲ့သည်။
အဆင့်မြင့် ယွမ်တန်ဘုံ စွမ်းအားရှင် ဒါဇင်ကျော်တို့မှာ ဖုန်းဝူချန်၏ လက်သီး တစ်ချက်စီဖြင့် တို့ဟူးများကို ထိုးကြိတ်လိုက်
သည့်အလား အလဲလဲ အပြိုပြို ဖြစ်သွားကြသည်။
စစ်သည် ရာပေါင်းများစွာတို့မှာ ရှေ့သို့ တိုးဝင်ရန် မဝံ့ရဲကြတော့ပေ။
ဤမျှ အံ့ဖွယ် ရန်သူနှင့် ရင်ဆိုင်ရာ၌၊ သူတို့သည် ချဉ်းကပ်၍ သေလမ်းရှာရန် အစီအစဉ် မရှိကြချေ။
အဆင့်မြင့် ယွမ်တန်ဘုံ စွမ်းအားရှင် ဒါဇင်ကျော်တို့မှာ ဖုန်းဝူချန်၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်
အတွင်း၌ပင် အားလုံးနီးပါး ရှုံးနိမ့်သွားကြရသည်။
ယန်ယန်၏ လက်မှာ ကျိုးသွားခဲ့ပြီး၊ အခြား ဒုတိယ တပ်မှူးများမှာလည်း အားလုံး သတိလစ်မေ့မြော
သွားကြသည်။ သူတို့သည် အမှန်တကယ်ပင် ပြိုင်ဘက် မဟုတ်ခဲ့ကြပေ။
သခင်ကြီးယန်အား အေးစက်စွာ စိုက်ကြည့်လျက်၊ ဖုန်းဝူချန်က မထီမဲ့မြင် ပြုလိုက်သည်။
"ခင်ဗျားဆီမှာ ဒီထက် ပိုသန်မာတဲ့သူ ရှိသေးလား။ ခေါ်လိုက်လေ.. ကျွန်တော် ခင်ဗျားနဲ့ ဖြည်းဖြည်းချင်း ကစားပေးမယ်.."
သခင်ကြီးယန်က ဤကိစ္စကို အဆုံးမသတ်လိုမှတော့၊ ဖုန်းဝူချန်ကလည်း သူနှင့် အဆုံးစွန်ထိတိုင် ကစားပေး
ပေတော့မည်..။
ထိုစဉ် သခင်ကြီးယန်၏ မျက်နှာမှာ မည်းမှောင် ကြမ်းတမ်းနေပြီး၊ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ထျန်းလင်ကို သွားခေါ်လိုက်.."
"ဟုတ်ကဲ့ပါ သခင်ကြီး.."
စစ်သည်တစ်ဦးက ရိုသေစွာ ဖြေကြားပြီး ထိတ်လန့်တကြားဖြင့် ပြန်ပြေးသွားလေသည်။
ထိုစစ်သည်မှာ ယခုလေးတင်မှ ထွက်ခွာသွားသည်၊ မြို့တံခါး၏ ဘယ်ဘက်ခြမ်းရှိ လမ်းမထက်တွင် လူတစ်စု ပေါ်ထွက်လာခဲ့ရာ၊ အရေအတွက်မှာ အတော်အတန် များပြားလှသည်။
"တပ်မှူး လျိုပဲ.. တပ်မှူး လျို ရောက်လာပြီ.."
"ပြီးတော့ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' လည်း ပါလာတယ်.."
လူအုပ်ကြီးနှင့် ယန်မိသားစု စစ်တပ်မှာ ဆူညံ ပွက်လောရိုက်သွားကြပြီး၊ လူတိုင်းသည် သူတို့၏ အကြည့်များကို ထို ဦးတည်ရာဘက်သို့ လှည့်လိုက်ကြသည်။
ဖုန်းဝူချန်သည်လည်း သူ၏ ဦးခေါင်းကို လှည့်၍ ကြည့်လိုက်ပြီး၊ တပ်မှူး လျိုကို အကဲခတ် ကြည့်ရှုလိုက်ရုံမျှဖြင့်၊ သူ၏ အကြည့်တို့သည် နောက်ဆုံးတွင် အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' အပေါ်၌ ကျရောက်သွားလေသည်။
"ယွမ်တန်ဘုံ ပဉ္စမအလွှာ..."
ဖုန်းဝူချန်က သူ၏ စိတ်ထဲ၌ တီးတိုး ရေရွတ်လိုက်သည်။ "ဧကရာဇ်မြို့တော်မှာတော့ အစွမ်းထက်တဲ့ သိုင်းသမားတွေ တကယ် ပေါများတာပဲ။"
ထျန်းယွင်ဂိုဏ်းနှင့် တိုက်ပွဲကြီး ဖြစ်ပွားစဉ်က၊ ဧကရာဇ်သည် သူ၏ အရာရှိများ လက်အောက်မှ အစွမ်းထက် ပုဂ္ဂိုလ်များကို ဆင့်ခေါ်ခြင်း မပြုခဲ့ပေ။ အင်ပါယာ၏ အဆင့်မြင့် အရာရှိများ ဖြစ်သည်နှင့်အညီ၊ မည်သူက အင်အား အချို့ကို ပိုင်ဆိုင်မထားဘဲ ရှိပါမည်နည်း။
တပ်မှူး လျိုသည် အရာရှိ ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ အသက် ငါးဆယ်ကျော် အရွယ်ခန့် ရှိပုံရသည်။ သူ၏ အရာရှိ ရာထူးမှာ မနိမ့်လှပေ... သခင်ကြီးယန်နှင့် တန်းတူ မဟုတ်လင့်ကစား၊ သူသည် မည်သို့ပင် ဖြစ်စေ သတ္တမအဆင့် အရာရှိတစ်ဦး ဖြစ်သည်..။
"သခင်ကြီးယန်ကို ဂါရဝပြုပါတယ် ခင်ဗျာ။"
တပ်မှူး လျိုက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် ပြောလေသည်။
"သခင်ကြီးယန် ဒုက္ခရောက်နေတယ်လို့ ကြားလိုက်တာနဲ့ ကျွန်တော် ချက်ချင်း ပြေးလာခဲ့တာပါ။"
"မင်း... ကောင်စုတ်လေး... ဧကရာဇ်မြို့တော်က မင်း ကြိုက်သလို ဝင်ထွက် သွားလာလို့ရတဲ့ နေရာ မဟုတ်ဘူး.."
သခင်ကြီးယန်က ဖုန်းဝူချန်အား ဒေါသတကြီး စူးစူးဝါးဝါး ကြည့်လိုက်သည်။
"ဒီလိုလား... ဒီလူတွေနဲ့ပဲလား။"
ဖုန်းဝူချန်က သခင်ကြီးယန်အား မထီမဲ့မြင် ကြည့်လျက်၊ အနည်းငယ် လှောင်ပြောင်သရော်သလို မေးလိုက်သည်။
အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' က အေးစက်စွာ ကြိမ်းမောင်းလိုက်၏။
"အရိုင်းအစိုင်းလေး.. လူ အများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တာ၊ မင်းမှာ အရည်အချင်း နည်းနည်းပါးပါးတော့ ရှိပုံရသား။ ဒါပေမဲ့... ဒါ မင်းအတွက် အဆုံးသတ်ပဲ.."
တဆက်တည်း၌ သူ၏ ယွမ်တန်ဘုံ ပဉ္စမ အလွှာ၏ ကြီးမားလှသော အရှိန်အဝါတို့သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်စွာဖြင့် ပေါက်ကွဲ ထွက်ပေါ်လာသည်။
"အိုး... ဒီလိုလား။"
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလျက် မေးလိုက်ရာ၊ အနည်းငယ်မျှပင် ကြောက်ရွံ့ဟန် မပြပေ။
ဖုန်းဝူချန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ဆိုလျှင်၊ သူသည် ယွမ်တန်ဘုံ ပဉ္စမအလွှာကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမှန်တကယ်ပင် မသတ်မှတ်တော့ချေ..
"ဝူ..ဝူ"
ယွမ်တန်ဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာရာ၊ မြေပြင်ကြီးမှာ အန္တရာယ်ပြုမည့်အလား တုန်ခါသွားပြီး၊ အက်ကွဲကြောင်းများမှာ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ၏ ခြေဖဝါးများမှ ပျံ့နှံ့ထွက်ပေါ်လာသည်။
ကြည့်ရှုနေသော ပရိသတ်များမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ အထိတ်တလန့် ဆုတ်ခွာသွားကြရ၏။
"အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး'... ခဏ နေဦး..."
အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်၊ ခိုက်ခိုက်တုန်အောင် အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျုပ် အဖေကို စော်ကားသွားတာ... အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ကိုယ်တိုင် လှုပ်ရှားဖို့ မလိုအပ်ပါဘူး။"
မြို့တံခါး၏ တစ်ဖက်ခြမ်းရှိ လမ်းမထက်မှ ပုံရိပ် ဒါဇင်ကျော်တို့သည် လျင်မြန်စွာ ချဉ်းကပ်လာကြ၏။
တစ်ဦးစီတိုင်း၌ အစွမ်းထက်သော အရှိန်အဝါများ ရှိနေကြကာ၊ သူတို့ထဲမှ တစ်ဦးမှာ ယွမ်တန်ဘုံ စတုတ္ထ အလွှာသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်..
ထို ယွမ်တန်ဘုံ စတုတ္ထ အလွှာမှ အစွမ်းထက် ပုဂ္ဂိုလ်မှာ အခြားသူ မဟုတ်၊ သခင်ကြီးယန်၏ သား၊ ယန်ထျန်းလင် ပင်တည်း..။