← Chapters

သူရဲကောင်းတို့အား ခြိမ်းခြောက် နှိမ်နင်းခြင်း

Vol. 11 Ch. 162

သူရဲကောင်းတို့အား ခြိမ်းခြောက် နှိမ်နင်းခြင်း

Vol. 11 Ch. 162

~ပုံရိပ် ဒါဇင်ကျော်တို့သည် အလျင်အမြန် ဝေဝါးစွာ ပေါ်ထွက်လာကြပြီး၊ သခင်ကြီးယန်၏ ဘေး၌ နေရာယူလိုက်ကြသည်။

အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်စုကို ဦးဆောင်လာသူမှာ ယန်ထျန်းလင်ပင် ဖြစ်၏။

သူတို့သည် ဧကရာဇ်မြို့တော်မှ သူ၏ သစ္စာခံ နောက်လိုက်များ ဖြစ်ကြသည်မှာ ထင်ရှားလှသည်။

ယန်ထျန်းလင်သည် ခံ့ညားထည်ဝါသော အနက်ရောင် ပိုးထည်ဝတ်ရုံကို ဆင်မြန်းထား၏။ သူက တည်ကြည်ခန့်ညားသော ရုပ်သွင်နှင့် လူကြီးလူကောင်း တစ်ဦး၏ ဟန်ပန် အမူအရာ ရှိကာ၊ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါတို့ကို ထုတ်လွှင့်လျက် ရှိနေ၏။

"ယန်သခင်လေး ရောက်လာပြီ.."

"ယန်မိသားစုရဲ့ ပါရမီရှင်... ယန်ထျန်းလင်ပဲ.."

"ယန်သခင်လေးက အင်ပါယာရဲ့ တော်ဝင်မင်းသား သမက်လောင်း ဖြစ်လာဖို့ အလားအလာ အရှိဆုံးသူလို့ ဆိုကြတယ်... တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်ပဲ.."

လူအုပ်ကြီးမှာ အံ့အားတသင့် အော်ဟစ်လိုက်ကြပြီး၊ သူတို့၏ အကြည့်အားလုံးမှာ ရုတ်တရက် ယန်ထျန်းလင်ထံသို့ တညီတညွတ်တည်း ပြောင်းရွှေ့သွားကြသည်။

ထိုအခါ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် သူ၏ စွမ်းအားကို ချုပ်တည်းလိုက်ပြီး၊ ထို့နောက် ခပ်ရေးရေးပြုံးကာ ဆိုလိုက်သည်။

"ယန်သခင်လေး ကိုယ်တိုင် လှုပ်ရှားမှတော့... ဒီအဘိုးကြီး ဝင်စွက်ဖက်ဖို့ မသင့်တော်တော့ဘူးပေါ့လေ။"

"လင်အာ... ဒီကောင်စုတ်လေးကို ငါ့အတွက် သတ်ပစ်လိုက်.."

မိသားစု ခေါင်းဆောင် သခင်ကြီးယန်က ထိုသို့ ဒေါသတကြီး အမိန့်ပေးလိုက်၏။

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော စွမ်းအားရှင်များကို ဝေ့ဝဲ ကြည့်ရှုလိုက်ပြီးနောက်၊ ယန်ထျန်းလင်၏ အေးစက်သော အကြည့်တို့သည် နောက်ဆုံးတွင် ဖုန်းဝူချန်ထံသို့ ကျရောက်သွားကာ မောက်မာစွာ ပြောလိုက်သည်။

"ဒီလောက် များတဲ့ လူတွေကို ဒဏ်ရာရအောင် လုပ်နိုင်မှတော့... မင်း သိပ်တော့ အားမနည်းလှဘူးပဲ... ဟန်တူပါရဲ့။"

"အစ်ကိုကြီးယန်... သူ့ရဲ့ ကျင့်ကြံမှုက နက်နဲပြီး တကယ့်ကို ဖုံးကွယ်ထားတာ... ပေါ့ဆလို့ မဖြစ်ဘူးနော်။"

သူ၏ လူများထဲမှ တစ်ဦးက တီးတိုး သတိပေးလိုက်သည်။

"နီဟန်နဲ့ သူ့လူတွေ ဝင်မလှုပ်ရှားကြဘူး.. သူတို့ တကယ် သခင်ကြီးယန်ကို အလေးမထားတာပဲ။"

အခြား လူတစ်ဦးက လေသံ ခပ်လေးလေးဖြင့် ဆိုလိုက်၏။

ယန်ထျန်းလင်သည် နီဟန်နှင့် အခြားသူများကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောလေသည်။

"ငါတို့ သူတို့နဲ့ ပတ်သက်နေစရာ မလိုဘူး။ ငါသာ တော်ဝင်မင်းသား သမက် ဖြစ်လာခဲ့ရင်... နီမိသားစုက ငါ ပထမဆုံး နှိပ်ကွပ်ပစ်မယ့် မိသားစုပဲ.."

ယန်ထျန်းလင်သည် ယန်မိသားစု၏ ပါရမီရှင် ဖြစ်ပြီး၊ ထက်မြက်လှသော ခွန်အားကို ပိုင်ဆိုင်ထားကာ၊ အင်ပါယာအတွက် တော်ဝင်မင်းသား သမက် ဘွဲ့ထူးကို ရယူရန် အလားအလာ အရှိဆုံးသူ ဖြစ်လေသည်..။

ဝမ်းနည်းစရာ ကောင်းသည်မှာ၊ ယန်ထျန်းလင်သည် သူ လက်ရှိ မည်သူ့ကို စော်ကားမိနေသည်ကို မသိရှိခဲ့ခြင်းပင် ဖြစ်ပြီး၊ တော်ဝင်မင်းသား သမက် ဖြစ်လာရန် သူ၏ အိပ်မက်များမှာလည်း ပျက်စီးသွားဖွယ် ရှိနေခဲ့လေသည်။

"အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး'... ခင်ဗျား ဒီလူငယ်ကို တော်တော်လေး အလေးထားပုံပဲနော်။ ခင်ဗျား လူငယ်တစ်ယောက်ကို ရင်ဆိုင်ဖို့ အစွမ်းကုန် ထုတ်သုံးတာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။"

တပ်မှူးလျိုက လေသံ ခပ်တိုးတိုးဖြင့် ဆိုလိုက်ပြီး၊ သူ၏ အကြည့်မှာ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' အပေါ်၌ စူးစိုက်နေခဲ့သည်။

ဤစကားကို ကြားသော်၊ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' က လေးနက်စွာ ပြောပြလိုက်သည်။

"ဒီကလေးက သာမန်မဟုတ်ဘူး။ သူ့ရဲ့ ကျင့်ကြံမှု အတိမ်အနက်ကို ကျွန်တော် မမြင်နိုင်သလို၊ သူ့ကိုလည်း ကျွန်တော် ထွင်းဖောက် မမြင်နိုင်ဘူး။ ဒီလောက် များတဲ့ ယွမ်တန်ဘုံ စွမ်းအားရှင်တွေ သူ့လက်ချက်နဲ့ ဒဏ်ရာရ

သွားတာတောင်... သူက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတယ်... သူ့ရဲ့ ခွန်အားက သိပ်ကို ကြီးမားတယ်... ယန်သခင်လေးထက်တောင် မနည်းလောက်ဘူး။ ဧကရာဇ်မြို့တော်မှာ ဒီလိုမျိုး လူငယ်တစ်ယောက်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီကလေးက ဧကရာဇ်မြို့တော်က မဟုတ်လောက်ဘူး။ ဝမ်းနည်းစရာကောင်းတာကတော့... သူ သခင်ကြီးယန်ကို သွား စော်ကားမိတာပဲ။"

တပ်မှူးလျိုက ခေါင်းညိတ်လိုက်ပြီး၊ နောက်ထပ် စကား မဆိုတော့ပေ။

"ဟား.."

"ဘဇ်.."

ယန်ထျန်းလင်သည် ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး၊ သူ၏ အစစ်အမှန်ယွမ်ကို အရူးအမူး လှုံ့ဆော်လိုက်သည်။ ယွမ်တန်ဘုံ စတုတ္ထအလွှာ၏ စွမ်းအားများသည် လုံးဝ ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ တောက်ပသော အပြာရောင် အလင်းတန်းများ သူ၏ ကိုယ်ပေါ်၌ ဖြတ်ပြေးသွားသည်။ မြေပြင်ကြီး တုန်ခါသွားလျက်၊ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ပျံ့နှံ့ထွက်ပေါ်လာ၏။

ယန်ထျန်းလင်၏ အရှိန်အဝါမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။

တရကြမ်း တိုက်ခတ်လာသော လေပြင်းနှယ် ဖြစ်ကာ၊ ပတ်ဝန်းကျင်မှ လူအုပ်ကြီးနှင့် စစ်သည်များကို တုန်လှုပ် ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်သွားစေခဲ့သည်။

"ယန်မိသားစုရဲ့ ပါရမီရှင် ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ယန်သခင်လေးရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းတာပဲ.."

"ယန်သခင်လေးကို လူတွေ အများကြီးက အကောင်းမြင်နေကြတာ မဆန်းတော့ပါဘူး။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ခွန်အားနဲ့ဆိုရင်... တော်ဝင်မင်းသား သမက် နေရာက သူ့အတွက် ဖြစ်ပြီးသားလိုပါပဲ.."

"ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားနဲ့ဆိုရင်... သာမန် ယွမ်တန်ဘုံ စတုတ္ထအလွှာ ကျင့်ကြံသူတွေ ယန်သခင်လေးရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်နိုင်တော့ဘူး.."

လူအုပ်ကြီးမှာ အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး၊ ယန်ထျန်းလင် ထုတ်လွှတ်လိုက်သော စွမ်းအားကြောင့် လုံးဝ ခြောက်လှန့်လိုက်ကြရသည်..

"ယန်သခင်လေးရဲ့ အစွမ်းက တကယ် မဆိုးဘူးပဲ။"

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ကလည်း သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်အတန့်၌ ယန်ထျန်းလင်က အေးစက်သော အကြည့်ကို ဖုန်းဝူချန်ထံသို့ ပစ်လွှတ်လျက်၊ အေးစက်စွာ မေးလိုက်သည်။

"မင်း... ငါ့အဖေကို စော်ကားမိခြင်းရဲ့ အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား။"

"ဒါဆိုလည်း... ငါ ဘယ်လို အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ မင်း ပြောပြကြည့်လေ။"

ဖုန်းဝူချန်က မထီမဲ့မြင် ပြုလိုက်သည်။

"ဘုန်း.."

ယန်ထျန်းလင်၏ မျက်လုံးများ မှေးစင်းသွားပြီး၊ မြေပြင်ကို ဆောင့်နင်းလိုက်သည်နှင့်၊ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်၌ သူသည် ကြီးမားသော အရှိန်အဝါဖြင့် ရှေ့သို့ ပစ်လွှတ် ထွက်ခွာသွားရာ၊ အမြန်နှုန်းအဟုန်မှာ အံ့မခန်းဖွယ်ရာ ကောင်းလှသည်။

"နက်နဲခြင်း... အလယ်အလတ်အဆင့် သိုင်း.. 'စိန်သွား နတ်ဘုရား လက်သီး'.."

ယန်ထျန်းလင်သည် အစကတည်းက အစွမ်းကုန် ထုတ်သုံးလိုက်ပြီး၊ အစွမ်းထက်သော သိုင်းကွက်တစ်ခုကို ထုတ်ဖော်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌၊ လက်သီး တစ်လုံး ဖုန်းဝူချန်ထံသို့ ပြင်းထန်စွာ ပစ်သွင်းလိုက်သည်။

လက်သီးသည် အပြာရောင် အလင်းတန်းများဖြင့် ယှက်ဖြာသွားပြီး၊ အလွန်တရာ ကြောက်မက်ဖွယ်

ကောင်းသော စွမ်းအားများ ပါဝင်နေ၏။

ဤမျှ ပြင်းထန်သော အရှိန်အဝါကို မြင်တွေ့ရသည်နှင့်၊ အကယ်၍ ထိမှန်သွားခဲ့ပါက ဖုန်းဝူချန် တစ်ယောက် သွေးများ အန်ထုတ်ရမည်မှာ သံသယ ရှိဖွယ် မရှိချေ။

ယန်ထျန်းလင်၏ ဤသို့ ရက်စက် ကြမ်းတမ်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာ၌၊ ဖုန်းဝူချန်သည် တည်ငြိမ်လျက် ရှိနေဆဲ ဖြစ်ပြီး၊ ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အရိပ်အယောင် တစ်စုံတစ်ရာမျှ မပြသခဲ့ပေ။

"ကိုယ့်အဆင့်ကိုယ် မသိဘူး.."

နီဟန်က ခေါင်းခါလိုက်သည်။

"ဘုန်း.."

ယန်ထျန်းလင်၏ လက်သီးချက် မိုးကြိုးပစ်သကဲ့သို့ ကျရောက်လာစဉ်၊ ဖုန်းဝူချန်က ညာလက်ကို ဆန့်ထုတ်လိုက်ပြီး၊ "ဘုန်း" ဟူသော အသံကြီးနှင့်အတူ၊ ယန်ထျန်းလင်၏ လက်သီးကို ဖမ်းဆုပ်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအားတို့ကြောင့် မြေပြင်ကြီးမှာ တုန်ခါသွားပြီး၊ လက်မောင်းလုံးခန့် ထူထဲသော အက်ကွဲကြောင်းများ သူတို့၏ ခြေဖဝါးများအောက်မှ ကွဲအက်လာခဲ့သည်။

"ဘာ... ဘာတုန်း။"

ယန်ထျန်းလင်၏ မျက်နှာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပြီး၊ ဖုန်းဝူချန်အား ကြည့်နေသော သူ၏ မျက်လုံးများမှာ အစွမ်းကုန် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ရ၏။

"ရှူး.."

ကြည့်ရှုနေသော လူအုပ်ကြီးနှင့် စစ်သည်များမှာ ကြောက်ရွံ့ တုန်လှုပ်မှုကြောင့် အသက်ကို ပြင်းစွာ ရှူသွင်းလိုက်မိကြသည်..

ယန်ထျန်းလင်သည် သူ၏ အစွမ်းအကုန် ထုတ်သုံးပြီး အစွမ်းထက်သော သိုင်းကွက်ကိုပါ အသုံးပြုခဲ့သော်ငြား၊ သူသည် ဖုန်းဝူချန်အား အနည်းငယ်မျှပင် တုန်ခါသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ..

ဖုန်းဝူချန်သည် ယန်ထျန်းလင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မျက်မှောင် တစ်ချက်မျှပင် မကြုတ်ဘဲ ပိတ်ဆို့ထားလိုက်လေသည်။

"ဒါ... ဒါ ဘယ်လိုကြီးလဲ၊ မဖြစ်နိုင်ဘူး."

ယန်ထျန်းလင်သည် အလွန်အမင်း တုန်လှုပ်သွားပြီး၊ ဖုန်းဝူချန်က သူ၏ အစွမ်းကုန် တိုက်ခိုက်မှုကို ဤမျှ အလွယ်တကူ ပိတ်ဆို့ထားနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။

ယန်ထျန်းလင်ကို ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည့် အချက်မှာ၊ ဖုန်းဝူချန်သည် မည်သည့် အစစ်အမှန်ယွမ်ကိုမျှ လှုံ့ဆော်ခြင်း မရှိဘဲ၊ သူ၏ စွမ်းအား အားလုံးကို သက်သက် ရုမ်ခန္ဓာ ခွန်အား တစ်ခုတည်းဖြင့်သာ ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်သည်..

"ငါ... ငါ မယုံနိုင်ဘူး။”

တပ်မှူးလျိုမှာ မှင်တက် အံ့ဩစွာ ရပ်နေမိပြီး၊ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

"ဒီလူငယ်ရဲ့ ခွန်အားက ယန်သခင်လေးထက်တောင် တကယ် သာလွန်နေပါလား.. သူ... သူ ယွမ်တန်ဘုံ ပဉ္စမအလွှာမှာ ရှိနေရမယ်.. သူ ဘယ်သူလဲ။"

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' က တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ အိုမင်းသော မျက်နှာထက်၌ အလွန်အမင်း လှုပ်ရှားသွားဟန်များ ထင်ဟပ်နေ၏။

အဘယ်ကြောင့် ဖုန်းဝူချန်သည် သူတို့ကို မကြောက်ရွံ့ဘဲ ရှိနေသည်ကို အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' နောက်ဆုံးတွင် နားလည် သဘောပေါက်သွားခဲ့ချေပြီ... ။

အဘယ်ကြောင့်ဆိုသော် ဖုန်းဝူချန်၌ ၎င်းကို ထောက်ပံ့ပေးနိုင်မည့် ခွန်အား ရှိနေသောကြောင့်ပင်တည်း..။

ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ကြောက်လန့်လွန်းသဖြင့် စကားတစ်ခွန်းမျှ မဆိုနိုင်ကြတော့ဘဲ၊ သူတို့၏ တောင့်တင်းနေသော မျက်နှာများမှာ နေရာတွင်ပင် ခဲ သွားကြသည့်အလား ဖြစ်နေ၏။

ယန်ထျန်းလင်၏ ဒါဇင်ခန့်သော နောက်လိုက်များမှာမူ အားလုံး မှင်တက် အံ့ဩနေကြတော့သည်..

"ဒါ... မင်း ပြောလိုက်တဲ့ အကျိုးဆက် ဆိုတာလား။"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

"မင်း... မင်း တကယ်ပဲ ဘယ်သူလဲ။"

ယန်ထျန်းလင်က ထိတ်လန့်တကြား မေးလိုက်ပြီး၊ ယခုအခါ အနည်းငယ် စိတ်မလုံမခြုံ ဖြစ်လာမိတော့သည်။

ဖုန်းဝူချန်သည် စကား မဆိုပေ။

သူသည် ယန်ထျန်းလင်၏ လက်သီးနှင့် လက်မောင်းကို ဖျစ်ညှစ်ထားရာမှ နောက်သို့ ကြမ်းတမ်းစွာ ဆွဲလိုက်သည်။

ထိုအခါမှာ ယန်ထျန်းလင်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ရုတ်တရက် ယိုင်သွား၏။

"ဘုန်း.."

"ဖွီး.."

ယန်ထျန်းလင်၏ ခန္ဓာကိုယ် ရှေ့သို့ ယိုင်ကျသွားစဉ်၊ ဖုန်းဝူချန်သည် လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။

ကြမ်းတမ်းသော စွမ်းအားကြောင့် ယန်ထျန်းလင် သွေးများ အန်ထုတ်လိုက်ရပြီး၊ သူ့ကိုယ်မှာ အနက်ရောင် အလင်းတန်း

တစ်ခုအဖြစ် ပစ်လွှတ် ထွက်သွားလေသည်။

"လင်အာ.."

သခင်ကြီးယန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး၊ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"သခင်လေး.."

စစ်သည်များအားလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးလဲ။"

ယန်ထျန်းလင်သည် အတိုင်းအတာတစ်ခုထက် ကျော်လွန်၍ ထိတ်လန့်သွားခဲ့ပြီး၊ သူ၏ ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကြောင့် အသက်ရှူပင် ကြပ်သွားမတတ် ဖြစ်နေ၏။

ဖုန်းဝူချန်၏ ခွန်အားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ယန်ထျန်းလင် တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။

ထိုသူ၏ ရုပ်ခန္ဓာသက်သက်ဖြင့်ပင်၊ လက်သီးတစ်ချက်တည်းဖြင့် ဤမျှ ပြင်းထန်သော ထိုးနှက်ချက်ကို ပေးစွမ်းနိုင်ခဲ့သည်တကား..။

အကယ်၍ သူသာ အစစ်အမှန်ယွမ်ကို အသုံးပြုခဲ့ပါလျှင်၊ သူ့ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်လိမ့်မည် မဟုတ်လော။

လွင့်စင် ထွက်သွားသော ယန်ထျန်းလင်သည် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့လေပြီ..။

လက်သီးတစ်ချက်တည်းဖြင့် ယွမ်တန်ဘုံ စတုတ္ထအလွှာ၌ ရှိသော တစ်စုံတစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေနိုင်သည့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့်၊ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ပင်လျှင် တုန်လှုပ်သွားခဲ့ရပြီး၊ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင်တစ်ခု သူ၏ အိုမင်းသော မျက်လုံးများထဲ၌ ဖြတ်ပြေးသွားခဲ့သည်။

နေရာတစ်ခုလုံးမှာ သစ်သားဖြင့် ထွင်းထုထားသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွား၏။ ဤရလဒ်မှာ လူတိုင်း၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်လျက် ရှိနေခဲ့သည်။

"မင်း... ကောင်စုတ်လေး.. မင်း... မင်း ငါ့သားကို ဒဏ်ရာရအောင် လုပ်ရဲတယ်.."

သခင်ကြီးယန်သည် အတိုင်းအတာ တစ်ခုထက် ကျော်လွန်၍ ဒေါသထွက်သွားပြီး၊ သူ၏ မျက်လုံးများမှာ သွေးလို ရဲနီနေကာ ဟိန်းဟောက်လိုက်သည်။

"သတ်... သူ့ကို သတ်ကြလေဟ.. မင်းတို့ ဘာတွေ ရပ်ကြည့်နေကြတာလဲ။"

သခင်ကြီးယန်၏ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသော်ငြား၊ ထိုနေရာ၌ ရှိနေသော စစ်သည်များနှင့် ဧကရာဇ် အစောင့်အကြပ်များမှာ ရှေ့သို့ မတိုးဝင်ရဲကြတော့ပေ။

ယွမ်တန်ဘုံ စတုတ္ထ အလွှာမှ ယန်မိသားစု၏ ပါရမီရှင်အား လက်သီး တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားအောင် စွမ်းဆောင်နိုင်သည်ကို သိရှိလျက်သားနှင့်၊ မည်သူက သေလမ်းရှာရဲပါမည်နည်း။

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ကိုယ်တိုင်ပင် မှင်တက်နေခဲ့လျှင်၊ ဤ စစ်သည်များနှင့် အစောင့်အကြပ်များက အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' ထက် ပို၍ အစွမ်းထက်နိုင်ပါမည်လော။

"တခြားလူ မရှိတော့ဘူးလား။"

ဖုန်းဝူချန်က သခင်ကြီး ယန်အား အေးစက်စွာ မေးလိုက်သည်။

"ခင်ဗျားက ဒီလောက် မြင့်တဲ့ အရာရှိ ရာထူးကို ယူထားပြီး၊ ခင်ဗျားဆီမှာ ဒီလူတွေပဲ ရှိတာလား။ ခင်ဗျား ကျွန်တော့်ကို သတ်ချင်တယ်မလား... ဒါပေမဲ့ နောက်ထပ် တစ်ထောင်လောက် ထပ်ခေါ်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ ခင်ဗျားပဲ အခြေအနေကို ပို ကြီးအောင် လုပ်ချင်နေတာ မဟုတ်လား။ ဒါဆိုလည်း... ခင်ဗျား ခေါ်နိုင်သမျှ လူတွေ အကုန်လုံးကို ခေါ်လိုက်လေ။"

"မင်း... စော်ကားလှချည်လား.."

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သားဖြစ်သူ ယန်ထျန်းလင်သည် ဒေါသတကြီး အံကြိတ်လိုက်၏။

ထို့နောက် သူ၏ ကြမ်းတမ်းသော အကြည့်တို့သည် နီဟန်နှင့် အခြားသူများအား ခြိမ်းခြောက်စွာ စူးစိုက်ကြည့်လျက်၊ ဟိန်းဟောက်လိုက်သည်။

"မင်းတို့ ဘာလို့ ဝင်မတိုက်ခိုက်ကြသေးတာလဲ.."

ဤစကားကို ကြားသော်၊ နီဟန်က အေးစက်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။

"မင်းတို့ဘာသာ သေလမ်းရှာတာ... နီမိသားစုနဲ့ ဘာမှမဆိုင်ဘူး။"

နီဟန်၏ စကားကို ကြားသောအခါ၊ တပ်မှူးလျိုသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး၊ သူ၏ အကြည့်တို့မှာ မလွှဲမရှောင်သာဘဲ ဖုန်းဝူချန်အား နောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုလိုက်မိသည်။

"နီမိသားစုက ဧကရာဇ်မြို့တော်ထဲမှာပဲ ရှိနေတာ... သခင်ကြီးယန်သာ ဒုက္ခရောက်နေရင် သူတို့ ဘယ်တော့မှ ဘေးမှာ ရပ်ကြည့်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့... ဘာလို့ နီဟန်က ဒီကောင်လေးကို ဒီလောက် သတိထားနေရတာလဲ... ပြီးတော့... ဘာလို့ နီမိသားစုရဲ့ မိသားစုခေါင်းဆောင် ပေါ်မလာသေးတာလဲ။"

တပ်မှူးလျိုသည် စိတ်ထဲ၌ တွေးတောနေမိပြီး၊ မလုံမခြုံ ဖြစ်သော ခံစားချက်တစ်ခု သူ၏ နှလုံးသားထဲ၌ စတင် မြင့်တက်လာခဲ့သည်။

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် သူ၏ တုန်လှုပ်မှုမှ သတိပြန်လည် ဝင်လာပြီးနောက် ဖြည်းညင်းစွာ ရှေ့သို့ ခြေတစ်လှမ်း တိုးလျက် ဆိုလိုက်သည်။

"မင်းရဲ့ ခွန်အားကို ဒီအဘိုးကြီးက စမ်းသပ်ကြည့်ခွင့် ပေးပါ။"

"ဂျိန်း..ဂျိန်း.."

သူ၏ စကားဆုံးသည်နှင့်၊ ကြောက်မက်ဖွယ် စွမ်းအားများသည် နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ မြေပြင်ကြီး တုန်ခါသွားလေသည်။

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် တပ်မှူးလျို၏ အစွမ်းထက် လက်အောက်ခံ တစ်ဦး ဖြစ်ပြီး၊ ဖုန်းဝူချန်အား သတိထားနေမိသော်ငြား၊ သခင်ကြီးယန်၏ ရာထူးမှာ ပို၍ မြင့်မားနေသောကြောင့်၊ သူ့ထံ၌ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

"အဘိုးကြီး... ခင်ဗျား ဘာစကားမှ မပြောဘဲ ငြိမ်ငြိမ်လေး နေနေတာက ပိုကောင်းလိမ့်မယ် မဟုတ်ဘူးလား။"

ဖုန်းဝူချန်က အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' အား ဝေ့ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' က လေးနက်စွာ ဆိုသည်။

"မင်း ဧကရာဇ်မြို့တော်မှာ ရိုင်းစိုင်းရဲတယ်ပေါ့။ မင်းရဲ့ အထက်လူကြီးတွေကို ဆန့်ကျင် စိန်ခေါ်တာက သေဒဏ်ထိုက်တဲ့ ပြစ်မှုတစ်ခုပဲ.."

"အထက်လူကြီးတွေကို ဆန့်ကျင် စိန်ခေါ်တယ်.. သေဒဏ်ထိုက်တဲ့ ပြစ်မှု.."

ဖုန်းဝူချန်က သူ့စကားအား သံ‌ယောင်လိုက်ကာ ၏ မျက်နှာထက်၌ မထီမဲ့မြင် ပြုသော အေးစက်သည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ရွှစ်.."

ရုတ်တရက်၊ ဖုန်းဝူချန်၏ ကိုယ်ရိပ်သည် လှစ်ခနဲ ပျောက်ကွယ်သွားပြီး၊ သူ ရပ်နေခဲ့သော နေရာ၌ ပြင်းထန်သော လေပွေဝဲတစ်ခုကို ချန်ထားရစ်ခဲ့သည်။

ဖုန်းဝူချန် ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင်၊ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

"ဘုန်း..”

"အွတ်..”

ရုတ်တရက်၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ၊ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် သွေးများ အန်ထုတ်လိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်လို လွင့်စင် ထွက်သွားကာ၊ မြို့ရိုးနှင့် ပြေးဝင် ဆောင့်မိလျက်၊ မြို့ရိုး၌ တွင်းနက်ကြီး တစ်ခု ဖြစ်တည်သွားစေခဲ့သည်။

ဖုန်းဝူချန် ပြန်လည် ပေါ်ထွက်လာသောအခါ၊ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး ဖြစ်လေသည်။

တစ်ဖန်၊ မြင်ကွင်းတစ်ခုလုံးသည် သေမတတ် တိတ်ဆိတ်သွားပြန်ပြီး၊ လူတစ်ဦးစီတိုင်းမှာ ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်လျက်၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော အကြည့် အားလုံးမှာ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' အပေါ်သို့ ကျရောက်သွားကြသည်။

ဖုန်းဝူချန်သည် မည်သည့် အချိန်က ဝင်ရောက် လှုပ်ရှားလိုက်သနည်း။

အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် အဘယ်သို့သော အကြောင်းကြောင့် ထိမှန် လွင့်စင်သွားခဲ့ရသနည်း။

မည်သူမျှ မသိရှိကြပေ၊ မည်သူမျှ မမြင်တွေ့လိုက်ကြပေ။

ယွမ်တန်ဘုံ ပဉ္စမအလွှာမှ အကြီးအကဲ 'ကြယ်စင်ဆွတ်ခူး' သည် ဖုန်းဝူချန်၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်..။

အကယ်၍ ယွမ်တန်ဘုံ ပဉ္စမအလွှာပင်လျှင် ဖုန်းဝူချန်၏ တိုက်ခိုက်မှု တစ်ချက်တည်းကိုမျှ မခံမရပ်နိုင်ခဲ့ပါလျှင်၊ ထိုစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်

ကောင်းလိုက်ပါသနည်း။

"စစ်သူကြီးချုပ်ရဲ့ ခွန်အားက တဖြည်းဖြည်း ပိုပြီး ကြောက်စရာကောင်းလာတာပဲ။"

နီဟန်သည် သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော သတိထားမှုတို့ဖြင့် ပြည့်နှက်နေကာ မျက်မှောင်ကြုတ်လျက် တီးတိုး ရေရွတ်လိုက်၏။

အင်ပါယာ၌ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူငယ်တစ်ဦး ဘယ်အချိန်က ရှိခဲ့ဖူးပါသနည်း။

ထိုနေရာ၌ ရှိနေသော လူတိုင်းသည် အင်ပါယာမှ မည်သည့် လူငယ်တစ်ဦးက ဤမျှ ကြောက်မက်ဖွယ်

ကောင်းနိုင်မည်ကို အရူးအမူး တွေးတော မှန်းဆနေကြသည်..။

ဤမေးခွန်း၏ အဖြေမှာ ခန့်မှန်းရန် ခက်ခဲလှသည် မဟုတ်ပေ။

ပါရမီရှင် အဆင့်သတ်မှတ်ပွဲ ပြီးဆုံးခဲ့သည်မှာ တစ်လကျော်မျှသာ ရှိသေးပြီး၊ ဖုန်းဝူချန်၏ အမည်သည် အင်ပါယာကို ဖိန့်ဖိန့်တုန်သွားစေခဲ့ပြီး ဖြစ်သည်။

ယခုအခါ အင်ပါယာမှ လူတိုင်းသည် ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၏ ပထမနေရာ ဆုရှင် ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်သည်ကို သိရှိထားကြပြီး ဖြစ်သည်..

စစ်သူကြီးချုပ်သည် နန်းတွင်း အကြံပေးနှင့် တော်ဝင်မင်းသားတို့၏ ဆရာ သခင် ဖြစ်ပြီး၊ အင်ပါယာ၌ သာမန်ထက် ထူးကဲသော အဆင့်နေရာလညတစ်ခုကို ပိုင်ဆိုင်ထားကာ၊ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အောက်၊ လူပေါင်း မြောက်များစွာ၏ အထက်၌ ရှိနေသူ ဖြစ်သည်..

အင်ပါယာ၏ အိမ်ရှေ့စံမင်းသားပင်လျှင် စစ်သူကြီးချုပ်၏ ရှေ့မှောက်၌ ရိုသေလေးစားစွာ နေထိုင်ရပေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ၊ စစ်သူကြီးချုပ်၏ ဦးဆောင်မှုအောက်တွင်၊ အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်းဖြစ်သော ထျန်းယွင်ဂိုဏ်းသည် အမြစ်ဖြတ် ချေမှုန်းခြင်း ခံခဲ့ရသည်..။

ထိုသတင်း ပျံ့နှံ့သွားပြီးနောက်၊ အင်ပါယာ တစ်ခုလုံးသည် ဧကရာဇ် စစ်တပ်ကို ဦးဆောင်၍ ထျန်းယွင်ဂိုဏ်းအား ချေမှုန်းခဲ့သူမှာ ဖုန်းဝူချန် ဖြစ်သည်ကို သိရှိသွားခဲ့ကြသည်..

ဤအခိုက်အတန့်တွင်၊ ကြည့်ရှုနေသော လူအုပ်ကြီးနှင့် စစ်သည်များမှာ ဖုန်းဝူချန်၏ အသွင် လက္ခဏာကို မှန်းဆမိသွားကြသည့်အလား၊ အားလုံး ကျောက်ရုပ်များလို ထိတ်လန့်သွားကြသည်။

"သူ... သူက... စစ်.. စစ်သူကြီးချုပ်.."

တစ်စုံတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့ တစ်ကိုယ်လုံး တုန်ယင်လျက်၊ သူ၏ မျက်နှာမှာ မည်သည့် အရောင်အသွေးမျှ မကျန်ရှိတော့ပေ။

"စစ်သူကြီးချုပ်.. သူ... သူက အင်ပါယာရဲ့ စစ်သူကြီးချုပ်ပဲ.."

ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့သည် သခင်ကြီးယန်နှင့် တပ်မှူးလျိုတို့၏ မျက်နှာများထက်၌ လွှမ်းခြုံသွားပြီး၊ စတင် ဝင်ရောက်လာခဲ့လေတော့သည်။

All Chapters