ပါရမီဆိုတာ သံခြေချင်းလိုပဲ
Vol. 56 Ch. 826
သို့သော် အခြားလူများမှာမူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တိတ်တဆိတ်ပင် မဟာအိပ်မက်မြို့တော်မှ ထွက်ခွာသွားကြသည်။ အဘယ်ကြောင့်ဆို သူတို့အမြင်တွင် ရွှယ်အန်းသည် သေလူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ရှေးယခင်ကတည်းက ယခုအထိတိုင် သွေးကွန်ယက်တောင်တန်းကို ပြစ်မှားပြီးနောက် အသက်ရှင်လွတ်မြောက်သွားသူ တစ်ယောက်မျှ မရှိခဲ့ဖူးပေ။
ရွှယ်အန်းသည် အစွမ်းထက်သော်လည်း အဆုံးတွင် သူသည် တစ်ယောက်တည်းသာဖြစ်ပြီး သွေးကွန်ယက်တောင်တန်းတွင်တော့ ပြိုင်ဘက်ကင်းလူတစ်ဦးပင် ရှိနေသေးသည်။ ဤသို့သော အင်အားကွာဟမှုကြောင့် ရွှယ်အန်း၏ကံကြမ္မာသည် သေလမ်းသာဖြစ်လိမ့်မည်ဟု လူအများက ယုံကြည်ကြသည်မှာ သဘာဝကျသည်။
ထို့ကြောင့် မဟာအိပ်မက်မြို့တော်သည် လျင်မြန်စွာပင် လူသူကင်းမဲ့သွားခဲ့ပြီး တစ်ချိန်က စည်ကားခဲ့သော မြင်ကွင်းများမှာလည်း မတွေ့ရတော့ချေ။
ထိုသိသာထင်ရှားလှသော ကွာခြားမှုကြောင်း အန်းယန်လည်း အံကိုပင်ကြိတ်မိရာ သူမ၏ဒေါသများလည်း ဆူပွက်လာသည်။
ရွှယ်အန်းသည်တော့ ပြုံးသာပြုံးလိုက်သည်။
"ဒါက အကျိုးအမြတ်ပဲလိုချင်ပြီး ဆုံရှုံးမှုကိုမခံနိုင်တဲ့ လူ့သဘာဝပဲ၊ ဒီလို ကြားနေတွေအတွက် စိတ်ထဲထားနေစရာမလိုဘူး"
"ဒါပေမဲ့ ဒီလူတွေရဲ့စိတ် ပြောင်းလဲတာက အရမ်းမြန်လွန်းတယ်၊ ခုနကပဲ သူတို့ ရင်းနှီးချင်ယောင်ဆောင်နေကြပြီး အခုတော့ ယုန်တွေထက်တောင်မြန်အောင် ထွက်ပြေးသွားကြပြီ"
အန်းယန်က မကျေမနပ်ဖြစ်နေတုန်းဖြစ်သည်။
ရွှယ်အန်းက သူမ၏ခေါင်းလေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
"ကဲပါ... စိတ်ဆိုးမနေပါနဲ့တော့၊ ငါ သွေးကွန်ယက်တောင်တန်းကို အမြစ်ကနေ ဆွဲနှုတ်လိုက်တဲ့အချိန် ဒီလူတွေက တခြားသူတွေထက် ပိုမြန်အောင် ပြန်လာကြလိမ့်မယ်ဆိုတာ မင်းယုံလား"
"ဟွန်း... အဲ့ဒီအချိန်ကျရင်တော့ အဲ့လူတွေကို လုံးဝ အဖက်မလုပ်တော့ဘူး၊ သူတို့ကို မောင်းထုတ်ဖို့ နည်းလမ်းရှာထားရမယ်"
အန်းယန်သည် ဒေါသကြောင့် ပါးများပင်မို့တက်နေသည်။
ရွှယ်အန်းက သူမ၏ပါးလေးကို ချစ်စနိုးဆွဲညှစ်လိုက်ပြီး စကားပြောမည်အပြုတွင်
ရွှယ်လွေ့လီသည် ကျန်းချီနှင့်အတူ ဝင်လာသည်။
"ဘာလဲ၊ နင်တို့လည်း ထွက်သွားမလို့လား"
အန်းယန်သည် ၎င်းတို့နှစ်ယောက်မှာ ခရီးဆောင်အိတ်များ သယ်လာသည်ကို မြင်သောအခါ သူမ၏စိတ်အလိုမကျမှုကို မဖုံးကွယ်နိုင်ဘဲ မေးလိုက်သည်။
ရွှယ်လွေ့လီလည်း ခဏမျှ ကြောင်သွားပြီးနောက် အခြေအနေကို သဘောပေါက်သွားကာ မရယ်ဘဲမနေနိုင်တော့ချေ။
"သခင်မ... ကျွန်မမှာ သခင်ကြီးရဲ့ ကျေးဇူးကြွေးတွေ အများကြီးတင်ရှိနေတာပါ၊ ဒီလိုအချိန်မှာ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ၊ အခုက ကျန့်ဟုန်အဆောက်အအုံမှာ လက်ရှိ ခေါင်းဆောင်မဲ့သူ မရှိလို့ပါ၊ ကျွန်မ အရင်ပြန်ပြီး အခြေအနေတွေ ပြန်ထိန်းဖို့လိုတယ်... ပြီးတာနဲ့ ပွဲတော်ကို တန်းလာခဲ့ပါ့မယ်၊ အဲ့ဒီမှာ ဆုံလို့ရပါတယ်"
ရွှယ်လွေ့လီ၏ ရှင်းပြချက်ကို ကြားသောအခါ အန်းယန်သည် သူမ အထင်လွဲသွားမှန်း သိလိုက်ရပြီး ရှက်ရွံ့မှုကို မထိန်းနိုင်ဖြစ်သွားသည်။
"အာ... ငါ တောင်းပန်ပါတယ်၊ နင်တို့လည်း ကြောက်လို့ ထွက်သွားကြမယ်ထင်လို့"
ရွှယ်လွေ့လီသည် ပြုံးလိုက်ပြီးနောက် ရွှယ်အန်းဘက်သို့လှည့်ကာ လေးနက်စွာ အရိုအသေပေးလိုက်သည်။
"သခင်ကြီး... ကျွန်မ အရင်သွားတော့မယ်၊ ပွဲတော်ကို ရောက်တာနဲ့ သခင်ကြီးရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ရှိနေပါ့မယ်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"သွားပါ"
ရွှယ်လွေ့လီနှင့် ကျန်းချီတို့ ထွက်သွားကြသည်။
အန်းယန်က မေးသည်။
"ယောင်္ကျား ကျွန်မတို့ရော ဘယ်တော့ ထွက်ကြမလ"
"မနက်ဖြန် သွားကြတာပေါ့"
နောက်တစ်နေ့တွင်...
ရွှယ်အန်းသည် သွေးကွန်ယက်တောင်တန်းသို့ သွားရန် သူ၏မိသားစုနှင့်အတူ ကြိုးကြာငှက်ဆွဲထားသော ရထားလုံးပေါ်သို့တက်ရန် ပြင်လိုက်သည်။
ကျီလဲ့သူတော်စင် မုယာသည် လေနှင့်အတူ လွင့်မျောလာပြီး သူ့အနားတွင် လှပစွာ ဒူးထောက်လိုက်သည်။
"အရှင်"
ရွှယ်အန်းက အနည်းငယ် အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆို ဤအချိန်တွင် မုယာသည် သူမ ပုံမှန်ဝတ်လေ့ရှိသော ဖြူလွှလွှအဝတ်အစား ၀တ်ထားခြင်းမဟုတ်ပဲ အစိမ်းရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ သူမ၏ စွဲမက်ဖွယ်ကောင်းသော ဟန်ပန်မှာ ပျောက်ကွယ်နေပြီး နူးညံ့သိမ်မွေ့သော အစေခံမလေးတစ်ယောက်နှင့်တူလှသည်။
"ဘာကိစ္စလဲ…"
"အရှင်... ဒီတစ်ကြိမ် အရှင့်အတွက် ကျွန်မ ကို ရထားလုံး မောင်းခွင့်ပြုပါ"
မုယာက ညင်သာစွာ ပြောလာသည်။
ရွှယ်အန်းက ပြန်ဖြေလိုက်သည်။
"မင်းက ငါ့အတွက် ရထားလုံး မောင်းပေးချင်တယ်ပေါ့..."
"ဟုတ်ပါတယ် အရှင်၊ သွေးကွန်ယက်တောင်တန်းက ဒီကနေ အရမ်းဝေးကွာပြီး အရင်က မရောက်ဖူးသူတွေအတွက် အဆင်မပြေမှုတွေ ရှိနိုင်ပါတယ်၊ ကံကောင်းစွာနဲ့ ကျွန်မ အရင်က တစ်ခေါက် သွားဖူးပါတယ်၊ ဒါ့ကြောင့် ရထားလုံး မောင်းဖို့ ကျွန်မက အသင့်တော်ဆုံးလူလို့ထင်ပါတယ်"
ထိုသို့ပြောပြီးနောက် မုယာ၏အကြည့်နှင့် ရွှယ်အန်း၏အကြည့်တို့ ဆုံသွားမိသည်။
ရွှယ်အန်း၏အပြုံးသည် ပိုလို့ပင် ပြုံးရွှင်လာပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းတဲ့အကြံပဲ၊ ဒါပေမဲ့ ဒါက မင်းရဲ့ဂုဏ်ပုဒ်နဲ့ မတိုက်တန်သလိုဖြစ်နေမှာစိုးမိတယ်"
မုယာ၏မျက်နှာသည် ဝမ်းသာမှုကြောင့် လင်းလက်သွားသည်။
"သခင်ကြီးကို ခံစားရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ"
ထို့နောက် ရွှယ်အန်းနှင့် သူ၏မိသားစုသည် ကြိုးကြာငှက်ဆွဲသော ရထားလုံးပေါ်သို့ တက်သွားကြပြီး မုယာသည် ကြာပွတ်ကို ယမ်းခါလိုက်ပြီး ရထားလုံးအား ကောင်းကင်သို့ ပျံတက်စေလိုက်သည်။
ရထားလုံးအတွင်းတွင် အန်းယန်သည် တက်ကြွစွာ ရထားမောင်းနေသော မုယာကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သိလိုချင်စိတ်များဖြင့် တည်ငြိမ်စွာ ထိုင်နေသော ရွှယ်အန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ယောင်္ကျား..."
"ဟမ်"
"ဒါက… နည်းနည်း မသင်္ကာစရာကောင်းသလိုပဲ"
"ဘာက မသင်္ကာစရာရှိလို့လဲ"
"ရှင့်ဘာသာစဉ်းစားလေ"
အန်းယန်သည် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောကာ သူမ၏လက်သည် ရွှယ်အန်း၏ခါးဆီသို့ ရောက်သွားပြီး ဆွဲလိမ်လိုက်သည်။
ရွှယ်အန်းက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။
သူသည် ရွှေအင်မော်တယ်အဆင့် ခန္ဓာကိုယ်ရှိသော်လည်း အန်းယန်၏ဆွဲလိမ်မှုလေးသည် နာကျင်မှုသဖြင့် မျက်နှာပျက်သွားသည်။
ရွှယ်အန်းသည် သူ၏ကျင့်ကြံမှုအဆင့်ကို ခုခံရန် မသုံးရဲချေ။ အဘယ့်ကြောင့်ဆို အန်ယန်ကို ထိခိုက်မိသွားမည်ကိုစိုးသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူသည် သည်းခံနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
"ယန်အာ... မင်း ဘာကို မသင်္ကာတာလဲ၊ ကိုယ် တကယ်နားမလည်ဘူး"
ရွှယ်အန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြစ်ကင်းစင်သောဟန်ဖြင့် မေးလိုက်သည်။
"ဟွန်း... ကျွန်မကို လာအရူးမလုပ်နဲ့၊ ဒီ မုယာဆိုတဲ့တစ်ယောက်နဲ့က ဘယ်သူလဲ၊ ဘာလို့ သူက ရှင့်အတွက် ရထားလုံးမောင်းပေးနေတာလဲ"
"မင်း ကိုယ့်ကို သက်သက် အနိုင်ကျင့်နေတာပဲ"
ရွှယ်အန်းက ကောင်းကင်ကို မော့ကြည့်ကာ မတရားခံနေရသလို ပြောလိုက်သည်။
"ရှင့်ကိုယ်ရှင် အပြစ်မရှိဘူးလို့ ခုထိ ပြောရဲသေးတာလား"
အန်းယန်သည် သူ့ခါးကို နောက်တစ်ပတ် ထပ်လိမ်လိုက်သည်။
ရွှယ်အန်း၏နဖူးမှ ချွေးစေးများပင် ကျလာသည်။
ကလေးမလေးနှစ်ယောက်သည် ရွှယ်အန်းကို မလှမ်းမကမ်းမှ သနားသောအကြည့်ဖြင့် ကြည့်ကာ တီးတိုးပြောနေကြသည်။
"ဖေဖေက အရမ်းသနားဖို့ကောင်းတာပဲ"
"ဟုတ်ပ၊ မေမေက အနိုင်ကျင့်နေပြန်ပြီ၊ ဖေဖေက ပြန်တောင်မတိုက်ခိုက်နိုင်ဘူး"
"ပြော... သူက ဘယ်သူလဲ၊ ကျွန်မ မရှိတုန်း ဒီကောင်မလေးက ချောတယ်ဆိုပြီး ရှင်က တမင်သွားကြောင်ခဲ့တာမလား"
အန်းယန်က ဒေါသထွက်နေသော ကြောင်မလေးတစ်ကောင်ပမာ ရှူးရှူးရှားရှား ဖြစ်နေသည်။
ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
"ကဲပါ... ကိုယ်ပြောပြပါ့မယ်၊ အကုန်လုံး ပြောပြပါ့မယ် ဟုတ်ပြီလား...၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ကိုယ့်ကို အရင်လွှတ်ပေးလို့ရမလား၊ ကိုယ့် ခါး ပြတ်ထွက်တော့မယ်လို့ ခံစားနေရတယ်"
ဤသည်ကို ကြားသောအခါ အန်းယန်သည် အလျင်အမြန်ပင် သူမ၏လက်ကို လွှတ်ပေးလိုက်ပြီးနောက် ရွှယ်အန်း၏ခါးသည် ပြာနှမ်းနေသည်ကို တွေ့လိုက်ရသည်။
ဤသည်ကို မြင်သောအခါ အန်းယန်လည်း လန့်သွားပြီး နောင်တရစွာ ပြောလိုက်သည်။
"နာသွားလား ယောင်္ကျား၊ ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ အားအများကြီး သုံးလိုက်မိမယ်လို့ မထင်ခဲ့ဘူး၊ ဘယ်လိုလုပ် ဒီလောက်တောင် ဆိုးသွားရတာလဲ"
ရွှယ်အန်းသည် မျက်နှာရှုံ့မဲ့လျက် ပြောလိုက်သည်။
"မနာဘဲနေမလား၊ မင်းက အားအများကြီးမသုံးဘူးပြောပေမဲ့ နောက်ထပ်တစ်ချက်တောင် ထပ်လိမ်လိုက်ရင် ကိုယ့်ခါးက တကယ် ပြုတ်တော့မှာ"
အန်းယန်က အနည်းငယ် ရှက်ရွံ့သွားပြီး အလျင်အမြန်ပင် ရွှယ်အန်း၏ခါးပေါ်ရှိ ပြာနှမ်းနေသော နေရာကို မှုတ်ပေးလိုက်သည်။
"ဘာလုပ်နေတာလဲ"
ရွှယ်အန်းက မေးသည်။
"ကျွန်မတို့ ကလေးဘဝတုန်းကလည်း ဒီလိုပဲ လုပ်လေ့ရှိတာလေ၊ ဒဏ်ရာရင် နာတာ ပျောက်သွားအောင် မှုတ်ပေးရတယ်မလား၊ ဘယ်လိုလဲ ဒါက မထိရောက်ဘူးလား"
ရွှယ်အန်းက ရယ်ရမလို ငိုရမလိုဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"အင်း၊ တကယ့်ကို မဆိုးဘူး"
ထိုအချိန်တွင် အန်းယန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ခေါင်းပြန်မတ်ကာ နှုတ်ခမ်းစူလိုက်သည်။
"ဟွန်း... ရှင် စကားလမ်းကြောက်း လွှဲပစ်မလို့ လုပ်နေတာမလား၊ မြန်မြန်ဝန်ခံစမ်း... ဒီကောင်မလေးနဲ့က ဘယ်လိုပတ်သက်နေတာလဲ"
ရွှယ်အန်းက သူ၏လက်ကိုဆန့်တန်းကာ အန်းယန်၏ဆံပင်ရှည်များကို ညင်သာစွာ ပွတ်သပ်ပေးပြီး နူးညံ့စွာ ပြောသည်။
"မင်း မမေးရင်တောင် ကိုယ်က မင်းကို ပြောပြမှာပါ၊ တကယ်တော့ ဒီကောင်မလေးက တော်တော် သနားဖို့ကောင်းတယ်"
ထိုသို့ပြောကာ ရွှယ်အန်းသည် မုယာ၏ နောက်ခံဇာတ်ကြောင်းကို ပြန်ပြောပြလိုက်သည်။
အန်းယန်သည် နားထောင်ပြီးနောက် သူမ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
"ကျီလဲ့ပြခန်းရဲ့ လူတွေက အရမ်းဆိုးဝါးတာပဲ၊ ဒီကောင်မလေးက အရမ်းသနားဖို့ကောင်းတယ်"
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟုတ်တယ်၊ အခု မင်းနားလည်ပြီလား၊ ဘာလို့ စကြဝဠာပေါင်းများစွာထဲမှာ အံ့သြဖွယ်ကောင်းတဲ့ စွမ်းရည်တွေရှိတဲ့ ပါရမီရှင်တွေ အများကြီးက အင်အားကြီးတဲ့လူတွေ ဖြစ်မလာကြတာလဲဆိုတာကို..."
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အဲ့ဒီ အားကျစရာကောင်းတဲ့ ပါရမီတွေနဲ့ စွမ်းရည်တွေက တကယ်တမ်းတော့ သူတို့ရဲ့ လည်ပင်းမှာစွပ်ထားတဲ့ သံခြေချင်းတွေလိုမို့လို့ပဲ၊ ပြီးတော့ ဒီသံခြေချင်းတွေကို သူတို့က မွေးကတည်းက ယူဆလာခဲ့ရတာ ကျီလဲ့ခန်းမရဲ့ လုပ်ရပ်တွေက နည်းနည်း အစွန်းရောက်တယ်ဆိုပေမဲ့ စကြဝဠာထဲက ဂိုဏ်းအများစုက ဒီထက်တောင် ပိုရက်စက်ပြီး ကောက်ကျစ်ကြတယ်၊ တချို့ဆို ထူးခြားတဲ့ပါရမီရှင်တွေနဲ့ စွမ်းရည်ရှိသူတွေကို ရှာတွေ့တဲ့အခါ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ပြီး စကြဝဠာနယ်နိမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ကြတယ်”