အနောက်ဘက်ဒေသမှ ဟွာယွီနန်းတော်
Vol. 56 Ch. 828
အနီရောင်ဝတ် အမျိုးသမီး၏ နှလုံးသားသည် တုန်လှုပ်သွားပြီး မမေးဘဲ မနေနိုင်ဖြစ်သွားသည်။
"သခင်မလေး လက်ကောက်မှာ ဝတ်ဆင်ထားတဲ့ လက်ကောက်က ဘယ်ကလာသလဲဆိုတာ သိခွင့်ရှိမလား"
အန်းယန်က အနည်းငယ် ကြောင်သွားပြီး သူမ၏လက်ကို မြှောက်ကြည့်ပြီး မရယ်ဘဲမနေနိုင်ဖြစ်သွားသည်။
"ဒါကို ပြောတာလား၊ ဒါက သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတာပါ"
အနီရောင်ဝတ် အမျိုးသမီးသည် အသက်ပြင်းပြင်းရှူလိုက်သည်။
"အဲ့ဒီသူငယ်ချင်းရဲ့ မျိုးရိုးနာမည်က ပိုင်များလား"
အန်းယန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်လေ၊ ဘာပြဿနာရှိလို့လဲ"
အနီရောင်ဝတ်အမျိုးသမီးသည် အတည်ပြုချက်ရသောအခါ သူမ နှလုံးသားမှာ တုန်ရီသွားပြီး တိတ်တဆိတ် ဝမ်းသာမိသွားသည်။
တကယ်ဟုတ်နေတာပဲ...
ကံကောင်းလို့ သူမ သေသေချာချာ အာရုံစိုက်မိလို့မဟုတ်ရင် ဒုက္ခရောက်သွားနိုင်သည်။
ဤအနီရောင်ဝတ် အမျိုးသမီး၏ အမည်မှာ ကန်ကျင်း ဖြစ်ပြီး ခရမ်းရောင်ဝတ် မိန်းကလေးငယ်မှာ သူမ၏ ဂျူနီယာညီမဖြစ်သူ ရွှေ့မင်ဖြစ်သည်။ နှစ်ယောက်စလုံးသည် ကွေ့ယီ အနောက်ဘက်ဒေသရှိ ဟွာယွီဂိုဏ်းမှ ဖြစ်ကြသည်။
ထို့အပြင် လေလံပွဲအစည်းအရုံး အင်အားအကြီးဆုံးနေရာသည်လည်း အနောက်ဘက်ဒေသတွင် ဖြစ်သည်။
အကယ်၍ ထိုတစ်ခုတည်းဆိုလျှင် ကန်းကျင်းအား ဤမျှ အာရုံစိုက်မိစေရန် လုံလောက်မည်မဟုတ်ပေ။
သို့သော် သူတို့၏ဂိုဏ်းသည် အခြားဂိုဏ်းများနှင့် မတူပေ။
သူတို့ကို ဟွာယွီဂိုဏ်းဟု ခေါ်တွင်ရခြင်းအကြောင်းမှာ သူတို့၏ဂိုဏ်းသည် ကျောက်စိမ်းတံဆိပ်တုံးများနှင့် ကျောက်စိမ်းချပ်များ ထုတ်လုပ်ခြင်းဖြင့် ကျော်ကြားသောကြောင့်ဖြစ်သည်။
အဆောင်လက်ဖွဲ့များ အထူးပြုကျင့်ကြံသူတစ်ယောက်အတွက် ကောင်းမွန်သော ကျောက်စိမ်းတံဆိပ်တုံးတစ်ခုသည် ၎င်းတို့၏ စွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။
ထို့အပြင် ကျောက်စိမ်းချပ်များ၏ အသုံးဝင်မှုက ပိုလို့ပင် ကြီးမားလှသည်။
ဂိုဏ်းများအကြား ကျင့်ကြံခြင်းနည်းစနစ်များ လွှဲပြောင်းခြင်းနှင့် လုပ်ဆောင်ချက်အမျိုးမျိုးကို မှတ်တမ်းတင်ခြင်းတို့အားလုံးသည် ကျောက်စိမ်းချပ်များကို အသုံးပြုရန် လိုအပ်သည်။
ဤအကြောင်းကြောင့်ပင် ဟွာယွီဂိုဏ်းသည် ဤမျှ ချမ်းသာကြွယ်ဝနေခြင်းဖြစ်သည်။
သို့သော် ထိုအကြောင်းကြောင့်လည်း လေလံပွဲအစည်းအရုံးသည် ဟွာယွီဂိုဏ်းအတွက် အလွန်အရေးကြီးသည်။
အဘယ်ကြောင့်ဆို ဟွာယွီဂိုဏ်းမှ နှစ်စဉ်ထုတ်လုပ်သော ကျောက်စိမ်းတံဆိပ်တုံးများနှင့် ကျောက်စိမ်းချပ်များ၏ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းကို လေလံပွဲအစည်းအရုံးက ဝယ်ယူသောကြောင့်ဖြစ်သည်။
လေလံပွဲအစည်းအရုံးသာ မရှိလျှင် ဟွာယွီဂိုဏ်း၏ ဂိုဏ်းစီးပွားရေးသည် ချက်ချင်း ပြိုလဲသွားနိုင်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ကန်ကျင့်သည် အန်းယန်မှာ ပိုင်ချင်းအာနှင့် သူငယ်ချင်းဖြစ်ကြောင်း ပြောသည်ကို ကြားသောအခါ သူမ၏ သဘောထားသည် ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။
"ရှင်က လေလံပွဲအစည်းအရုံးက မစ္စပိုင်ရဲ့ သူငယ်ချင်းကိုး၊ ကျွန်မတို့ ခုနက တော်တော်လေး ရိုင်းစိုင်းမိသွားပါတယ်၊ တကယ့်ကို လေးလေးနက်နက် တောင်းပန်ပါတယ်ရှင်"
သူမ ပြောနေရင်းမှ သူမ၏ ဂျူနီယာညီမ ရွှေ့မင်ကိုပါ ဆွဲခေါ်ပြီး ရွှယ်အန်းနှင့် အခြားသူများကို ဦးညွှတ် တောင်းပန်ခိုင်းလိုက်သည်။
ဤသို့အပြင်အမှုသည် မုယာအား စကားမှ ဆက်ပြောစရာ မရှိတော့အောင် ဖြစ်သွားစေသည်။
အန်းယန်သည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသော်လည်း သူမသည် မျိုးရိုးမြင့်မိသားစုမှ လာသူဖြစ်သောကြောင့် ဤသို့သော မြင်ကွင်းငယ်များကို အလွယ်တကူ ကိုင်တွယ်နိုင်သည်။
"မတ်တပ်ရပ်ကြပါ... နောက်ဆို သတိထားကြပေါ့ရှင်"
ကန်ကျင့်သည် ထို့နောက်မှ ပြန်မတ်တပ်ရပ်လိုက်သည်။
ဤအချိန်တွင် အန်းယန်သည် ထွက်သွားရန် ပြင်လိုက်သည်။
ကန်ကျင်းသည် သူမအား အလျင်အမြန် လှမ်းခေါ်လိုက်သည်။
"သခင်မလေး ကျေးဇူးပြုပြီး ခဏစောင့်ပါဦး"
"ဟင်၊ တခြားကိစ္စရှိသေးလို့လား"
အန်းယန်က မေးလိုက်သည်။
ကန်ကျင့်၏ မျက်နှာသည် ရိုးသားမှုတို့ဖြင့် ပြည့်နေကာ ပြောလိုက်သည်။
"ရှင်က လေလံပွဲအစည်းအရုံးက တစ်စုံတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်နေမှတော့ ကျွန်မတို့ ဟွာယွီဂိုဏ်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်လည်း ဖြစ်ပါတယ်၊ အဆင်ပြေမယ်ဆိုရင် ကျွန်မတို့ရဲ့ သင်္ဘောပေါ်ကို ခဏတက်ပြီး စကားပြောဖို့ ဖိတ်ခေါ်ပါရစေ"
အန်းယန်က မျက်မှောင်အနည်းငယ်ကြုံ့လိုက်မိသည်။ သူမသည် ဤလူများကို မသိသဖြင့် သွားချင်စိတ်မရှိပေ။
"ဒီကိစ္စက မလိုလောက်ဘူးထင်တယ်"
"သခင်မလေး... လေလံအစည်းအရုံးကသာ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်မတို့က ဒီအတိုင်း လွှတ်ပေးလိုက်တာကို သိသွားရင် သူတို့ ကျွန်မတို့ကို အပြစ်တင်ကြမှာ သေချာတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး သင်္ဘောပေါ်ကို တက်ခဲ့ပါ၊ လက်ဖက်ရည်တစ်ခွက် သောက်ရုံဆိုပဲ အဆင်ပြေပါပြီ"
အန်းယန်က ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။
ရွှယ်အန်းက ခေါင်းအသာငြိမ့်ပြသည်။
အန်းယန်သည် ထိုအခါမှ မလွှဲသာမရှောင်သာ သဘောတူလိုက်သည်။
"ကောင်းပြီလေ"
ထိုသို့ဖြင့် သူတို့အားလုံးသည် ဟွာယွီဂိုဏ်း၏ ခမ်းနားသော သင်္ဘောကြီးပေါ်သို့ တက်သွားကြသည်။
သင်္ဘောပေါ် တက်ပြီးနောက်မှသာ သူတို့သည် သင်္ဘော၏ ဇိမ်ခံပစ္စည်းများနှင့် ကျယ်ပြန့်မှုကို သေချာသိနိုင်တော့သည်။
ကလေးမလေးနှစ်ယောက်သည် စပ်စုစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး အရာအားလုံးကို စိတ်ဝင်စားနေကြသည်။
ထိုအချိန်တွင် ကန်ကျင်းသည် အန်းယန်ကို သင်္ဘောခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
ထိုထဲတွင် သူတို့အား ကောင်းမွန်သော လက်ဖက်ရည်ဖြင့် ဧည့်ခံရန် အသင့်ရှိနေကညသည်။
သို့သော် ကန်းကျင်း၏ အာရုံစိုက်မှုနှင့် ထက်သန်မှုအားလုံးသည် အန်းယန်ဆီသို့သာ ဦးတည်နေသည်။
သူမ၏ အမြင်တွင် အန်းယန်သည် ဤအဖွဲ့တစ်ခုလုံး၏ အဓိကဖြစ်သည်မှာ ရှင်းလင်းလှသည်။
ရွှယ်အန်းနှင့် ထိုမုယာဆိုသူတို့အတွက်မူ သူတို့သည် နောက်လိုက်တစ်ယောက်နှင့် အစေခံမလေးတစ်ယောက်ထက် မပိုလောက်ချေ။
ထို့ကြောင့် ပတ်ဝန်းကျင်အခြေအနေသာ် အနည်းငယ် နေရခက်စရာ ဖြစ်နေသည်။
အန်းယန်သည် သူမမှာ ဆူးများပေါ်တွင် ထိုင်နေရသလို ခံစားနေရသည်။
သို့သော် ၎င်းတို့သည် ဧည့်ဝတ်ကျေပွန်စွာ နေသောကြောင့် ဟွာယွီဂိုဏ်း၏ ခမ်းနားသော သင်္ဘောကြီးသည် အမှန်တကယ် ထွက်ခွာသွားခြင်းမရှိဘဲ ကြိုးကြာငှက်ရထားလုံး၏ နောက်မှ တောက်လျှောက်လိုက်ကာ သွေးကွန်ယက်တောင်တန်းဆီသို့ ဦးတည်နေသည်။
ထို့အပြင် ခရီးတစ်လျှောက်တွင် ကန်ကျင့်သည် အန်းယန်ကို ရံဖန်ရံခါ စကားပြောရန် စကားစလေ့ရှိသည်။
ပြုံးနေသော မျက်နှာကို ဖြတ်မရိုက်ရ ဆိုသလို နှစ်ကြိမ် သုံးကြိမ် အပြန်အလှန် ပြောဆိုပြီးနောက် သူတို့၏ ဆက်ဆံရေးသည် တဖြည်းဖြည်း နွေးထွေးလာသည်။
သို့သော် အစမှအဆုံးတိုင် ကန်ကျင့်ဖြစ်စေ၊ သူမ၏ ဂျူနီယာညီမ ရွှေ့မင်ဖြစ်စေ၊ သူတို့သည် ရွှယ်အန်းအား လေထဲမှ အမှုန်အမွှားပမာ လျစ်လျူရှုထားကြသည်။
အထူးသဖြင့် ရွှေ့မင်သည် ရံဖန်ရံခါဆိုသလို ရွှယ်အန်းဘက်သို့ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ကြည့်လေ့ရှိသည်။
အဘယ်ကြောင့်ဆို သူမ၏ အမြင်တွင် ဤ အသုံးမကျသော ယောက်ျားသည် အလကားကပ်စားနေသူတစ်ယောက်ဟုသာ ထင်မိသည်။
သို့သော် ရွှယ်အန်းကမူ ထိုသည်အား ပြုံးသာပြုံးကြည့်နေပြီး မျက်နှာသာလိုချင်သောကြောင့် တွယ်ကပ်နေသော ညီအစ်မနှစ်ယောက်ကို အာရုံစိုက်နေရန် စိတ်မဝင်စားကြပေ။
ထို့အပြင် သူသည် အန်းယန်ကို ဤညီအစ်မနှစ်ယောက်အား အမှန်တရားကို မဖော်ထုတ်ရန် တမင်တကာပင် ပြောထားသည်။
မကြာမီပင်...
သူတို့သည် အလယ်ပိုင်းဒေသ၏ အစိတ်အပိုင်းအတော်များများကို ဖြတ်ကျော်လာခဲ့ပြီး တောင်တန်းများသည် ပိုလို့ပင် စုစည်းလာကာ မြေပြင်အနေအထားသည် တဖြည်းဖြည်း မြင့်တက်လာသည်။
ရှေ့သို့ အနည်းငယ် ဆက်သွားလျှင် သူတို့သည် ရုတ်တရက် မြင့်မားသော ကုန်းပြင်မြင့်တစ်ခုဆီကို ရောက်ရှိလာပြီး ၎င်းသည် တိမ်တိုက်များကြားသို့ ထိုးတက်နေသော်လည်း အလွန် ကျယ်ပြန့်လှသည်။
ဤအချိန်တွင် သူတို့အားလုံးသည် ဟွာယွီကျောင်းတော်၏ ခမ်းနားသော သင်္ဘောကြီးပေါ်တွင် ရှိနေကြသည်။
ကုန်းပြင်မြင့်ထဲသို့ ဝင်ရောက်ပြီးနောက် ကြိုးကြာငှက်ရထားလုံးနှင့်တူသော ရထားလုံးငယ်လေးများသည် ဝိညာဉ်စွမ်းအင်၏ ပြင်းထန်သော လှိုင်းတုန်ခါမှုများကို မခံနိုင်တော့သဖြင့် ရွှယ်အန်းနှင့် အခြားသူများသည် သင်္ဘောကြီးပေါ်သို့ တက်လိုက်ခဲ့ကြသည်။
"ဒီ တိမ်တိုက်မြူခိုးတွေကို ဖြတ်ကျော်ပြီးရင် သွေးကွန်ယက်တောင်တန်းရဲ့ ထိန်းချုပ်ဧရိယာထဲကို ဝင်ရောက်သွားပြီလို့ ယူဆလို့ရတယ်၊ ဒါပေမဲ့ လူတွေက ဒီနေရာကို မူလဟင်းလင်ပြင်လို့ ခေါ်ကြတယ်"
မုယာက ရှင်းပြသည်။
ရွှယ်အန်းက သဘောတူခြင်း၊ မတူခြင်း မပြဘဲ သင်္ဘောဦးပိုင်းတွင် ရပ်နေကာ သူ၏ အကြည့်သည် မြူခိုးအလွှာများကို ထိုးဖောက်သွားပုံရပြီး အတွင်းရှိ အရာအားလုံးကို လှမ်းမြင်နေရသည်။
ရုတ်တရက်ဆိုသလို...
သူ၏ မျက်စိရှေ့မှ မြူခိုးများ ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ကြည်လင်ပြတ်သားသွားသည်။
သူတို့သည် အဆုံးအစမရှိသော ကုန်းပြင်မြင့်ကြီးတစ်ခုကို မြင်လိုက်ရသည်။
ဤကုန်းပြင်မြင့်ပေါ်တွင် ရှားပါးပန်းများနှင့် ဆေးဖက်ဝင်အပင်များ၊ ရှေးကျသော သစ်တောကြီးများ၊ တောင်ထိပ်များမှ ဝိညာဉ်ရေတံခွန်များ စီးကျနေသော ပြန့်ကျဲနေသည့် တောင်တန်းများပင် ရှိနေသည်။ ရေတံခွန်များကြောင့် လွှင်စင်လာသော ဝိညာဉ်စွမ်းအင် အစက်အပေါက်လေးများ၏ မြူခိုးများသည် နေရောင်ခြည်နှင့် ထိတွေ့ကာ သက်တံများပင် ဖြစ်ပေါ်လာပြီး ၎င်းသည် စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်းမရှိအောင် အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
ထို့အပြင် ဤလောကရှိ ဝိညာဉ်စွမ်းအင်၏ ပေါများမှုသည် အပြင်လောကထက် အဆပေါင်းများစွာ မြင့်မားနေသည်။
တမင်တကာ ရှူသွင်းစရာမလိုဘဲ ဝိညာဉ်စွမ်းအင်များသည် ချွေးပေါက်များမှတစ်ဆင့် ဝင်ရောက်ရန် အပြိုင်အဆိုင် ကြိုးစားကြပြီး လူတစ်ယောက်ကို လန်းဆန်းတက်ကြွစေကာ သက်တောင့်သက်သာ ဖြစ်စေသည်။
ဤသို့သော ကောင်းချီးမင်္ဂလာပြည်သည် ရွှယ်အန်းကိုပင် သဘောကျစွာဖြင့် အနည်းငယ် ခေါင်းညိတ်မိစေသည်။
ဤသို့သော နေရာမျိုးကသာ အစွမ်းထက်သော ဂိုဏ်းများကို မွေးဖွားပေးနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် ဤအချိန်တွင် မူလဟင်းလင်ပြင်၏ ကောင်းကင်ယံတွင် အလင်းတန်းများ ဖြတ်သန်းသွားလာနေကြပြီး ပျံသန်းနေသော လှေများသည် ကောင်းကင်ကို ဖုံးလွှမ်းထားကာ ရောက်ရှိလာကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ထိုဧရိယာကို ပိုလို့ပင် သက်ဝင်လှုပ်ရှားစေသည်။
ထိုအချိန်တွင် အနည်းငယ် အေးစက်သော အသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
"မေးမြန်းခြင်း ပွဲတော်ကြီးကို တက်ရောက်ဖို့ လာကြတဲ့ ကျင့်ကြံသူအားလုံး၊ ရှေးဟောင်းအင်မော်တယ် စင်မြင့်ဆီကို လာကြပါ"
ထိုစကားတွင် သြဇာအာဏာများ ပါဝင်ခြင်းမရှိသော်လည်း ကျင့်ကြံသူတိုင်း၏ နားထဲတွင် ကြားနေရပြီး ဤတို့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသည်။
၎င်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် ကျင့်ကြံသူအများအပြားကို တုန်လှုပ်စေခဲ့သည်။
"ဒါက သခင်မလေး ရွှမ်ယွဲ့ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်၊ အမှန်တရား ရှာဖွေခြင်း စာရင်းမှာ အဆင့်လေးချိတ်တဲ့ ရွှမ်ယွဲ့ တစ်ယောက်တည်းကပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်မှာ"
"တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ဂိုဏ်းကြီးဆိုတာနဲ့ ထိုက်တန်ပါပေတယ်၊ ရွှမ်ယွဲ့ သခင်မရဲ့ ဒီစွမ်းအားတစ်ခုတည်းနဲ့တင် သူတို့ရဲ့ တန်ခိုးအင်အားကို ပြသဖို့ လုံလောက်နေပြီ"
ကျင့်ကြံသူများသည် လေးစားစွာဖြင့် ချီးကျူးပြောဆိုကြပြီးနောက် ရှေးဟောင်းအင်မော်တယ် စင်မြင့်ဆီသို့ သွားကြသည်။
ဤ ရှေးဟောင်းအင်မော်တယ် စင်မြင့်သည် မူလဟင်းလင်ပြင်၏ အလယ်တွင် တည်ရှိသည်။
ရှေးခေတ်က ထူးခြားသော တန်ခိုးရှင်တစ်ဦးသည် ဤနေရာတွင် တရားအားထုတ်ခဲ့ပြီးနောက် အင်မော်တယ်သခင်အဆင့်ကို ထိတွေ့နိုင်ပြီး အင်မော်တယ်သခင်အဆင့်ကို ရောက်ရှိနိုင်သောကြောင့် ဤသို့ အမည်တွင်ခဲ့သည်ဟု ဆိုကြသည်။
အတိတ်က မေးမြန်းခြင်း ပွဲတော်ကြီးများနှင့် အခြားသော ခမ်းနားကြီးကျယ်သည့် ပွဲလမ်းသဘင်များကိုလည်း ဤနေရာတွင် ကျင်းပခဲ့သည်။
များပြားလှသော ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့်အမျှ ရှေးဟောင်းအင်မော်တယ် စင်မြင့်၏ ကျယ်ပြန့်မှုသည် ထင်ရှားလာသည်။