ရွှယ်အန်း တစ်ယောက်တည်းကပဲ နောက်ပြန်ဆုတ်အောင် လုပ်နိုင်တယ်
Vol. 56 Ch. 834
ဤမြင်ကွင်းသည် အိပ်မက်တစ်ခုနှင့်တောင် တူသည်။
ကမ္ဘာကြီးသည် ရွှယ်အန်း၏ဓားချက်ကြောင့် နှစ်ပိုင်းကွဲသွားသလိုထင်ရသည်။
ဘုန်း...
မိုင်ပေါင်း ဒါဇင်များစွာ ဝေးသော တောင်တစ်လုံးကို ဓားအလင်းတန်းသည် ခြစ်မိသွားသည်။
ကျယ်လောင်စွာ တုန်ခါသွားသော အသံတစ်ခု ထွက်ပေါ်ပြီးနောက် ၎င်း၏ အလယ်မှ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး တောင်ကြီးသည် ဖြည်းညှင်းစွာ ပြိုကာ ထက်ပိုင်းကွဲသွားသည်။
တောင်တစ်လုံးကို ခွဲပစ်လိုက်သည်မှာ ဓားတစ်ချက်ဖြစ်သည်။
ထို့နောက် ဓားအလင်းတန်းသည် ရွှမ်ယွနှင့် အနီးဆုံးရှိ သွေးမိစ္ဆာဘိုးဘေးတို့ဆီ တိုးဝင်သွားသည်။
ရွှမ်ယွဲ ဖြစ်စေ သူ့နောက်မှ ဧရာမ ပုဂ္ဂိုလ်ကြီးဖြစ်စေ ဤဓားအလင်းတန်းကို မြင်သောအခါ ၎င်းတို့အားလုံးသည် အလွန်အမင်း တည်ကြည် လေးနက်သော အမူအရာများ ပေါ်လာကြသည်။ ထို့နောက် သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်းကို ခုခံရန် သူတို့၏ အစွမ်းထက်ဆုံး ကျင့်ကြံမှုအဆင့်များကို ထုတ်ဖော်လိုက်ကြသည်။
သို့သော် သွေးမိစ္ဆာဘိုးဘေးသည် ရွှယ်အန်း၏ ဓားတစ်ချက်တည်းဖြင့် ခြေထောက်ပြတ်သွားခဲ့သောကြောင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ များစွာ ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ အော်ဟစ်သံတစ်ချက်သာ ပြုနိုင်ခဲ့ပြီးနောက် ဓားအလင်းတန်းကြောင့် ဖုန်မှုန့်အဖြစ် ကြေမွသွားပြီး ဘုန်းခနဲ ပေါက်ကွဲကာ သွေးမြူတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
နှစ်ပေါင်းတစ်ထောင်ကျော် ကျော်ကြားခဲ့ပြီး ကောင်းကင်ဘုံအစီအစဉ်၏ ကြီးမြတ်သော ဂိုဏ်းတစ်ခုကို ထိန်းချုပ်ခဲ့သည့် စစ်မှန်အင်မော်တယ်တစ်ယောက်သည် ထိုသို့ဖြင့် ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင်ပင်...
အပြင်ဘက်ဆုံးတွင် ရှိနေသော ဖန်ချီယောင်သည် သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဓားအလင်းတန်းကို အားကုန် ခုခံနေရင်း ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
သူ၏ ကိုယ်ခန္ဓာပတ်လည်တွင် လှည့်ပတ်နေသော အရောင်စုံ အလင်းကွင်းသည် ဆပ်ပြာပူပေါင်းများကဲ့သို့ ကွဲအက်သွားသည်။ တစ်ခဏအတွင်းမှာပင် သူသည်လည်း ဓားအလင်းတန်းကြောင့် လှီးဖြတ်ခံလိုက်ရသည်။
ဤမြင်ကွင်းသည် ရွှမ်ယွဲအပါအဝင် အခြားလူလေးယောက်လုံးကို ထိတ်လန့်သွားစေသည်။
ရွှမ်ယွဲ့သည် အော်လိုက်သည်။
"စုပေါင်းတိုက်ကွက်ထုတ်ကြ"
အခြား ညီအစ်ကို သုံးယောက်လည်း သူ့နောက်သို့ အလျင်အမြန် ရောက်လာကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ရွှယ်အန်း၏ ဓားကို ခုခံရန် ကြိုးစားကြသည်။
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါ အရင်ကတည်းက ပြောဖူးတယ်၊ ဒီလောကမှာ၊ စစ်မှန်အင်မော်တယ်ဆိုတာ ဒီလောက်ပါပဲလို့၊ မင်းတို့အားလုံးကို သတ်ပစ်ဖို့ဆိုတာ ငါ့အိတ်ထဲက ပစ္စည်းကို ပြန်နှိုက်ယူတာထက်တောင် လွယ်တယ်"
ဘုန်း
ရွှယ်အန်း၏ စကားများအတိုင်း ဓားအလင်းတန်းသည် ရုတ်တရက် နှစ်ဆမက ပို၍ တောက်ပလာသည်။
ဤ မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းတန်းအောက်တွင် ဂိုဏ်းပေါင်းစုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော ထိုသူအနည်းငယ်သည် မျှော်လင့်ချက်ပျောက်ဆုံးသွားကာ အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
"မဟုတ်ဘူး..."
သူတို့၏ စကားသံများ မဆုံးသေးခင်မှာပင် ဓားအလင်းတန်းသည် ခြောက်သွေ့သောပေါင်းပင်များကို ချေမွပြီး ပုပ်ဆွေးနေသော သစ်သားများကို ထုချေလိုက်သည့်ပမာ သူတို့ အသည်းအသန် ထိန်းထားသော အကာအကွယ်ကို တိုက်ရိုက် ချိုးဖျက်လိုက်ပြီးနောက် သူတို့အပေါ်သို့ ဖြတ်သန်းသွားသည်။
ဓားအလင်းတန်းသည် အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ရွှမ်ယွဲနှင့် အခြားသုံးယောက်၏ ပုံရိပ်များသည် လေထဲတွင် ပ်ရပ်လျက်သား ရှိနေခဲ့သည်။
ထိုစဥ် လေတစ်ချက် တိုက်ခတ်သွားပြီး သူတို့၏ ကိုယ်ခန္ဓာများသည် ဂျွတ် ခနဲဆိုသေ။ အသံနှင့်အတူ ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွားပြီး လေနှင့်အတူ လွင့်ပါသွားကြသည်။
ကြောက်မက်ဖွယ် တိတ်ဆိတ်မှုတစ်ခုသည် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မည်သူမှ စကားမပြောရဲကြပေ။
တချို့လူများဆိုလျှင် တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
ယနေ့ပွဲသည် ဤသိုဘအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ မည်သူမှ မျှော်လင့်ထားခြင်းမရှိပေ။
လူတိုင်းသည် ရွှယ်အန်း သေရတော့မည်မှာ သေချာပြီဟု ထင်နေကြသည့် အချိန်တွင် ၎င်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး သွေးကွန်ယက်တောင်မှ ခေါင်းဆောင်ငါးဦးနှင့် သွေးမိစ္ဆာဘိုးဘေးကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။
အထူးသဖြင့် အစောက ကမ္ဘာမြေကြီးကို တုန်ခါသွားစေခဲ့သော ဓားချက်သည် ကျင့်ကြံသူအားလုံးကို မာန်လျှော့သွားစေခဲ့သည်။
ဤသည်မှာ မိမိတို့ထက် အဆပေါင်းများစွာ သာလွန်သော အင်အားကြီးတစ်ဦးကို ရင်ဆိုင်ရသည့်အခါ ခံစားရသော ကြောက်ရွံ့ရိုသေမှုမျိုး ဖြစ်သည်။
ဟွာယွီဘုရားကျောင်းမှ ရွှေ့မင် ဆိုလျှင် တုန်တုန်ယင်ယင်ဖြစ်နေပြီး ကြောက်လွန်းလို့ သတိလစ်မတတ်ပင် ဖြစ်နေသည်။
ကန်ကျင်း၏ မျက်နှာပင်လျှင် ကြောက်ရွံ့မှုနှင့် နောင်တတရားများဖြင့် ပြည့်နှက်နေသည်။
အဘယ်ကြောင့်ဆို သူမ မည်မျှ တန်ဖိုးရှိသော အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်ကို သူမတစ်ယောက်တည်းသာ သိသောကြောင့် ဖြစ်သည်။
အကယ်၍ သူမသာ ရွှယ်အန်းကို ပထမဆုံး တွေ့ဆုံစဉ်က ကောင်းမွန်စွာ ဆက်ဆံခဲ့မည်ဆိုလျှင် ဟွာယွီဂိုဏ်း၏ အနာဂတ်သည် မည်သို့ ဖြစ်လာမည်နည်းကို တွေးကြည့်၍ရပေသည်။
ကံမကောင်းစွာဖြင့် ဤလောကတွင် နောင်တအတွက် ဆေးဟူ၍မရှိပေ။
သူမသည် ယခုအခါ ဗလာကျင်းနေသော ကောင်းကင်ကိုသာ ဗလာသက်သက် စိုက်ကြည့်နေနိုင်သည်။
ထိုအခိုက်မှာပင်...
မြူများနှင့် တိမ်များဖြင့် ဖုံးလွှမ်းနေသော အဝေးမှ တောင်ထွတ်တစ်ခုမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
အသံသည် ကျယ်လောင်ခြင်း မရှိပေ။
သို့သော် ၎င်းသည် နျူကလီးယားဗုံးတစ်လုံးကဲ့သို့ အင်အားကြီးကို သယ်ဆောင်လာပြီး အဝေးရှိ ကောင်းကင်မှ တိုးဝင်လာသည်။
၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မျက်စိဖြင့်မြင်နိုင်သော တုန်ခါမှုလှိုင်းတစ်ခုသည် ကောင်းကင်ယံရှိ တိမ်များကို ဆုတ်ဖြဲပစ်လိုက်သည်။
အားနည်းသော ကျင့်ကြံသူများမှာ အော်ဟစ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ထိုနေရာတွင်ပင် ကြေမွသွားကြသည်။
ရွှေအင်မော်တယ်တစ်ပိုင်း အဆင့်ရှိသူများတောင် မနည်းထိန်းထားနိုင်ကြသော်လည်း သူတို့သည်လည်း ဖြူဖျော့နေပြီး ပြိုလဲတော့မည့် ပုံပေါက်နေသည်။
ရွှယ်အန်းသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်ထိပ်တွင် ရပ်နေလျက် အဝေးရှိ တောင်ထွတ်များကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်း နောက်ဆုံးတော့ မနေနိုင်တော့ဘူးပေါ့ ဟုတ်လား"
ထိုသို့ပြောပြီး ရွှယ်အန်းသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ထို ဝှေ့ယမ်းလိုက်မှုနှင့်အတူ တိုးဝင်လာသော စွမ်းအားကို သူ ချေဖျက်လိုက်သည်။
သို့သော် ထိုစဉ်မှာပင်...
လူတစ်ယောက်သည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"ကြည့်... ဟိုမှာကြည့်စ... အဲဒါ ဘာကြီးလဲ"
လူတိုင်း မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ယံရှိ တောင်ထွတ်များမှ၊ ရုတ်တရက် အတောင်ပံများပါသော မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်လာသည်။
ဤပုံရိပ်များသည် အလွန် များပြားလွန်းသဖြင့် ကောင်းကင်ကိုပင် ဖုံးကွယ်သွားစေသည်။
ထို့နောက် ဤပုံရိပ်များသည် ကောင်းကင်ကို ဖုံးလွှမ်းရင်းမှ အုံလိုက်ကျင်းလိုက် ပျံသန်းလာကြသည်။
သူတို့ အနည်းငယ် ပိုမိုနီးကပ်လာသောအခါ လူများသည် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဤအတောင်ပံပါသော သတ္တဝါအားလုံးသည် အမှန်ပင် လူများ ဖြစ်ကြသည်။
ထို့အပြင် ၎င်းတို့၏ အတောင်ပံများမှာ အမွှေးမရှိဘဲ ပါးလွှာသော အရေပြားများသာ မြင်ရပြီး လင်းနို့များ၏ အတောင်ပံများနှင့် တူနေသည်။
"ဒါ သွေးမိစ္ဆာတွေပဲ၊ ဒါ သွေးမိစ္ဆာ စစ်တပ်ပဲ"
အသိပညာ ကြွယ်ဝသော ကျင့်ကြံသူတစ်ဦးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သွေးမိစ္ဆာစစ်တပ် ဟူသော စကားကို ကြားရသောအခါ အသက်ကြီးသော ကျင့်ကြံသူအများအပြား၏ မျက်နှာများသည် ချက်ချင်းပင် စက္ကူကဲ့သို့ ဖြူစွပ်သွားကြသည်။
သွေးကွန်ယက်တောင်သည် နှစ်ထောင်ပေါင်းများစွာအတွင်း ဤသို့သော ထူးကဲသော အဆင့်အတန်းကို ရရှိခဲ့ရသည့် အကြောင်း၏ တစ်စိတ်တစ်ပိုင်းမှာ အစွမ်းထက်သော ကျင့်ကြံသူများစွာ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း ပို၍ အရေးကြီးသည်မှာ ဤနာမည်ဆိုးဖြင့် ကျော်ကြားသော သွေးမိစ္ဆာတပ်ကြောင့် ဖြစ်သည်။
ရှေးစကားများအရဆို သွေးမိစ္ဆာတပ်မတော် ပေါ်လာတိုင်း ကမ္ဘာမြေကြီးပေါ်တွင် ဘေးဒုက္ခတစ်ခု ကျရောက်လေ့ရှိပြီး သူတို့ သတ်ဖြတ်မှု အားရမှသာလျှင် နောက်ဆုတ်လေ့ရှိသည်။
သူတို့ ယနေ့ ဤနေရာမှာ တွေ့ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ကျင့်ကြံသူအများအပြားသည် မျှော်လင့်ချက်မဲ့သော အမူအရာများ ပြသနေကြပြီး ပို၍ မြန်ဆန်သူများမှာ လှည့်ကာ ထွက်ပြေးကုန်ကြသည်။
အချိန်တိုအတွင်းမှာပင် ကောင်းကင်ယံသည် လှေများဖြင့် ဖရိုဖရဲ ဖြစ်သွားပြီး လုံးဝ ပရမ်းပတာ ဖြစ်သွားသည်။
ထိုအချိန်တွင်... သွေးမိစ္ဆာတပ်သည် အနားသို့ တိုးဝင်လာခဲ့ပြီးဖြစ်သည်။
သူတို့နှင့် အနီးဆုံးရှိ ကျင့်ကြံသူများသည် ခုခံရန် အချိန်ပင် မရလိုက်ဘဲ ဤလူများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ဆံပင် မွေးညင်းထလောက်သော ဝါးစားသံတစ်ခုသည် ထွက်ပေါ်လာပြီးနောက် လတ်ဆတ်သော သွေးစက် အနည်းငယ်မှလွဲ၍ အရိုးအပိုင်းအစများပင် မြေပြင်ပေါ်သို့ မကျလာခဲ့ပေ။ သူတို့ လုံးဝ ဝါးမျိုခံလိုက်ရသည်။
ဤမြင်ကွင်းသည် ကျင့်ကြံသူများကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် သူတို့သည် အဖေ၊အမေကိုပင် တမိပြီး ဤကြောက်မက်ဖွယ် ငရဲမှ ထွက်သွားရန်မှလွဲ၍ အခြား ဘာကိုမှ မလိုလားတော့ပေ။
ထိုအချိန်တွင် သွေးမိစ္ဆာတပ်၏ အများစုသည် စင်မြင့်ဆီသို့ ဦးတည်နေကြသည်။
ရွှယ်လွေ့လီနှင့် မုယာတို့သည် ရွှယ်အန်း၏ အမိန့်ကို မစောင့်ဘဲ အော်ဟစ်သံတစ်ချက် ပြုလိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ သွေးမိစ္ဆာတပ်ကို ရင်ဆိုင်လိုက်ကြသည်။
ရွှယ်လွေ့လီသည် သူမ၏ ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ဓားတစ်ချက်တိုင်းတွင် သွေးမိစ္ဆာ ဒါဇင်ပေါင်းများစွာ ပြတ်တောက်သွားသည်။
မုယာကမူ သူမ၏ အကျီလက်စရှည်များကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ လမ်းကြောင်းရှိ သွေးမိစ္ဆာတိုင်းကို ကြေမွသွားစေသည်။
ကျန်းချီပင်လျှင် မကြောက်မရွံ့ဘဲ တိုက်ခိုက်မှုများကို စတင်လိုက်သည်။
တစ်ခဏအတွင်း ရှေးဟောင်းအင်မော်တယ် စင်မြင့်၏ ပတ်ဝန်းကျင်သည် အလောင်းများ ပြန့်ကျဲနေပြီး သွေးချောင်းစီးသွားသည်။
သို့သော် သွေးမိစ္ဆာများသည် အလွန် များပြားလွန်းသည်။
ဤသို့သော အဆုံးမရှိသော တိုက်ခိုက်မှုများအောက်တွင် ရွှယ်လွေ့လီပင်လျှင် အားအင်ကုန်ခန်းမည့် လက္ခဏာများ ပြသလာသည်။
အခြား ကျင့်ကြံသူများမှာမူ တစ်ကိုယ်လုံး သွေးများ လူးနေကြပြီး သူတို့၏ မျက်နှာများမှာ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး၊ သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။
"သွေးမိစ္ဆာတွေ ဒီလောက် အများကြီး မွေးမြူထားတာ၊ သွေးကွန်ယက်တောင်က ဒီနှစ်တွေတစ်လျှောက် အပြစ်မဲ့တဲ့ လူ ဘယ်လောက်များများရဲ့ အသက်ကို သတ်ဖြတ်ခဲ့ပြီးပြီလဲ"
သူစကားပြောနေစဉ်၊ ရွှယ်အန်း၏ အသံသည် အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
ဘုန်း
တစ်လှမ်းတည်းဖြင့်ပင် မရေမတွက်နိုင်သော သွေးမိစ္ဆာများသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
ထို့နောက် ရွှယ်အန်းသည် အဝေးရှိ တောင်ထွတ်ဆီသို့ စတင် လျှောက်လှမ်းသွားသည်။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သွေးမိစ္ဆာတပ်မတော်မှ မရေမတွက်နိုင်သော သတ္တဝါများသည် ကောင်းကင်ပေါ်မှ ထပ်မံ ပြုတ်ကျလာသည်။
တစ်စုံတစ်ယောက်သာ ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ဤမြင်ကွင်းကို ရှင်းလင်းစွာ တွေ့ရမည် ဖြစ်သည်။
ရွှယ်အန်း၏ ရှေ့သို့ တိုးလာသော ခြေလှမ်းတိုင်းတွင် နီရဲနေသောလှိုင်းသည် လည်း တစ်လှမ်းချင်းစီ နောက်ဆုတ်သွားသည်။
သူ တစ်လှမ်းတိုးတိုင်း နောက်ဆုတ်သွားကြသည်။ ထိုသို့စွမ်းအားကို ရွှယ်အန်း တစ်ဦးတည်းသာ ပိုင်ဆိုင်သည်။