ဘယ်လိုဆွဲဆောင်ခဲ့သလဲ
Vol. 46 Ch. 678
"နောက်ဆုံးတော့ ပြီးသွားပြီပဲ"
လုယန် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲကြောင့် သူအတော်ထိတ်လန့်ခဲ့သည်။
"နင်ဘယ်အချိန်ကတည်းက ဒီလိုသူရဲဘောကြောင်သွားတာလဲ"
နတ်မယ်က တွေးရခက်ဟန်ဖြင့် လုယန်ကိုကြည့်သည်။
"ရှောင်ယွမ်နဲ့ငါ တိုက်ခိုက်တုန်းကတောင် နင်ဒီလောက်မကြောက်တတ်ပါဘူး"
ထိုတိုက်ပွဲသည် မသေမျိုးတိုက်ပွဲအစစ်ဖြစ်သည်။ သူတို့တိုက်ပွဲကို ဤမသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲနှင့် နှိုင်းယှဉ်၍ပင်မရ။
ရွာသားချင်း ရန်ဖြစ်သလောက်သာရှိသည်။
လုယန် "..."
ဟုတ်တော့ဟုတ်ပါသည်။ သို့သော် တစ်ခုခုတော့ လွဲနေသလိုရှိသည်။
"အမယွမ်ကို မင်းခေါ်လိုက်တာ တော်သေးတယ်"
မုန်ကျင်းကျိုးလည်း တုန်လှုပ်စိတ်မပြေသေး။ ယွမ်ကျိသာမရှိလျှင် အန္တရာယ်ဆိုးနှင့် သူတို့ဇာတ်သိမ်းရနိုင်သည်။ ရှီချန်းက ဗုဒ္ဓမန္တာန်ရွတ်သည်။
"အော်မီတော်ဖော်၊ အမယွမ်ကို ကျုပ်မနိုင်တာ မဆန်းတော့ပါဘူး"
သူ့ဆရာကျဲ့ရှားက ယွမ်ကျိကို ရန်မစဖို့ ဘာကြောင့်ပြောခဲ့သည်ကို ရှီချန်း နားလည်လာသည်။ လုယန်က ရှီချန်းကို ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း မိတ်ဆက်ပေးထားသည်။ ယွမ်ကျိသည် ဂိုဏ်းချုပ်ဖြစ်ကြောင်း သိထားသည်။
ရှီချန်းစကားကြောင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ သူ့ကိုပြိုင်တူလှည့်ကြည့်ကြသည်။ သူတို့မျက်နှာတွင် အံ့ဩရိပ်သန်းနေသည်။
"ကိုယ်တော်က အမယွနဲ့ တိုက်ခိုက်ခဲ့တယ်ပေါ့"
မေးခွန်းတိုင်းကို ဖြေလေ့ရှိသည့်ရှီချန်းက တည်ငြိမ်စွာပြောသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကို လေ့လာဖို့သွားတုန်းက အမယွမ်ကို ကျုပ်ိစန်ခေါ်ခဲ့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျုပ်လုံးဝမနိုင်ဘူး"
တကယ်အဆင့်မြင့်ဘုန်းကြီးပီသသည်။ သတ္တိက ဩချလောက်ပေသည်။
"အခုအားလုံး အဆင်ပြေသွားပြီလား သူရဲကောင်းတို့"
ဖူလင်းက သတိဖြင့်မေးသည်။ တိုက်ပွဲဖြစ်နေချိန်က သူတို့ အသက်ပင်မရှူရဲခဲ့ကြ။
လုယန် ခေါင်းငြိမ့်သည်။
"ချန်ကျန်းက အခုဘေးကင်းပါပြီ"
အမယွမ်ရှိနေလျှင် ဘယ်နတ်ဆိုး ဘယ်မကောင်းဆိုးဝါးမှ ဒုက္ခပေးနိုင်မည်မဟုတ်။
"ကိုယ်တော်က ဒီမှာဆက်ပြီး စိတ်သမာဓိလေ့ကျင့်ဦးမှာလား"
လုယန် ရှီချန်းကိုမေးသည်။
ရှီချန်း ခေါင်းခါသည်။
တိုက်ပွဲကိစ္စပြီးသွားသော်လည်း ဆောင်ကြာမြိုင်သည် လောလောဆယ် ပြန်ဖွင့်ဦးမည်မဟုတ်။ သူလည်း သွားချင်စိတ်မရှိ။
ထို့ကြောင့် သူ့စိတ်သမာဓိလေ့ကျင့်ဖို့ နေရာသစ်တစ်ခု သူရှာဖို့လိုသည်။
"ဒါဆို ကိုယ်တော်အောင််မြင်ပါစေလို့ ကျုပ်ကြိုတင်ဆုတောင်းပေးပါတယ်"
လုယန်ပြုံး၍ ပြောသည်။
သူနှင့်လောင်မုန်က အမယွမ်ကို သွားတွေ့ရဦးမည်။ ရှီချန်းနှင့်အတူ မလိုက်နိုင်တော့။
"အကိုတော်တို့စေတနာအတွက် ကျေးဇူးတင်ပါတယ်"
တည်းခိုခန်း၏ဒုတိယထပ်က လေဟာပြင်လုံးလုံးဖြစ်နေသည်။ သစ်သားစများ နေရာတိုင်းတွင် ပွစာကျဲနေသည်။
လုယန် သစ်သားစတစ်ခုကိုကောက်လိုက်သည်။ ခေါင်မိုးအစိတ်အပိုင်တစ်ခု ဖြစ်ဟန်ရှိသည်။ လက်ချောင်းကို ဓားအဖြစ်သုံး၍ သစ်သားဓားတစ်လက်ဖြစ်အောင် ဖန်တီးလိုက်သည်။ 'လုယန်'ဟူသည့် စာလုံးကို ဓားလက်ကိုင်ရိုးတွင် ရေးထွင်းသည်။
သစ်သားဓားနှစ်ခုလုပ်သည်။ ဖူလင်းညီအမကို တစ်ခုစီပေးသည်။
"ဒီသစ်သားဓားမှာ ကျုပ်ရဲ့ ဓားစွမ်းအင်တွေပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အသုံးဝင်ပါတယ်။ မကောင်းဆိုးဝါးဝိညာဉ်တွေ အနားကိုမကပ်နိုင်ဘူး။
အန္တရာယ်တစ်ခုခုကြုံရင် နတ်ဝိညာဉ်ထိပ်ဆုံးအဆင့် တိုက်ခိုက်စွမ်းအားမျိုး တစ်ချက်ထုတ်လွှတ်နိုင်တယ်။ နောင်တစ်ချိန် အခက်အခဲတစ်ခုခုကြုံရင်လည်း ဒီသစ်သားဓားကိုယူပြီး တာအိုလမ်းစဉ်ဂိုဏ်းမှာ ကျုပ်ကိုလာရှာလို့ရပါတယ်"
နတ်မယ်စကားအတိုင်း ထိုညီအမ၏ ဆက်သွယ်မှုကိုသုံး၍ မှော်ပညာတစ်ခုဖြင့် အမွှာမြစ်ကိုလျှို့ဝှက်ရှာရမည်။ ထိုညီအမလည်း သတိပြုမိမည်မဟုတ်။
အမွှာမြစ်အကြောင်း သူတို့ကိုပြောမပြသည်က အကောင်းဆုံးဖြစ်သည်။ သိသွားလျှင် အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်နေမည်။
ညီအမနှစ်ယောက်က သစ်သားဓားများကို ဂရုတစိုက်သိမ်းဆည်းပြီး လုယန်ကို ကျေးဇူးတင်စကားဆိုသည်။
ထိုဓားများသည် သေရေးရှင်ရေးကြုံချိန်တွင် သူတို့အသက်ကိုကယ်တင်နိုင်သည့် အဖိုးဖြတ်မရသည့် အကာအကွယ်မှော်အဆောင်များပင်ဖြစ်သည်။
လုယန်က ထိုမျှအလေးအနက်ထား၍ လက်ဆောင်ပေးနေသဖြင့် မုန်ကျင်းကျိုးလည်း တစ်ခုခုပေးချင်စိတ်ပေါ်လာသည်။
သို့သော် သူပြန်တွေးကြည့်သည်။ ယန်အားတိုးသွေးသန္ဓေနှင့် ဝိညာဉ်ကျောက်များမှလွဲ၍ လက်ဆောင်ပေးဖို့သင့်တော်သည့် တစ်ခြားပစ္စည်းမျိုး သူ့တွင်မရှိ။
ထို့ကြောင့် သူကတိတစ်ခုပေးသည်။
"နောင်တစ်ချိန် ဝိညာဉ်ကျောက်လိုအပ်ရင် မုန်မိသားစုကနေ အားမနာတမ်းချေးယူလို့ရပါတယ်"
သုံးယောက်သား ညီအမနှစ်ယောက်ကို နှုတ်ဆက်ကြသည်။ ထို့နောက် ရင်ကွဲပက်လက်ဖြစ်နေသည့် တည်းခိုခန်းပိုင်ရှင်ကို မြင်ရသည်။
ကောင်းမွန်သည့် တည်းခိုခန်းတစ်ခုက ယခု ပထမထပ်သာ ဧည့်သည်ထားနိုင်တော့မည်။
တည်းခိုခန်းပြန်တည်ဆောက်ဖို့ ရှားနိုင်ငံက ကူညီရေးရန်ပုံငွေ ပေးမည်ဖြစ်သော်လည်း အချိန်အတော်ကြာဦးမည်။
သဘောကောင်းသည့် မုန်သခင်လေးက တည်းခိုခန်းပိုင်ရှင် ဆုံးရှုံးသွားသည့် အခန်းများအတွက် လျော်ကြေးအနေဖြင့် ဝိညာဉ်ကျောက်တစ်ချို့ပေးသည်။
ထို့နောက် သူတို့သုံးယောက် မြို့တော်သခင်လျိုကို သွားနှုတ်ဆက်သည်။
ချန်ကျန်းတွင် ယခုလိုအဖြစ်မျိုး ကြုံရပြီးနောက် ဖိတ်ကြားထားသည့်ညစာကိစ္စလည်း ပြောစရာအကြောင်းမရှိတော့။
မြို့တော်သခင်လျို အတော်လေးအလုပ်များနေသည်။ မြို့တော်အတွင်း အစီအစဉ်တကျဖြစ်ဖို့နှင့် မြို့ခံများစိတ်သက်သာရာရစေဖို့ ထိန်းသိမ်းဆောင်ရွက်ရသည်။ အထက်အရာရှိများဆီသို့လည်း တရားဝင်အစီရင်ခံစာများရေးရသည်။
သူတို့သုံးယောက် သွားတွေ့ချိန်တွင် ချီတစ်ခုအရှင်က စွမ်းအားပြသနေသည်ကို တိုက်တိုက်ဆိုင်ဆိုင်မြင်ရသည်။ ညနန်းဆောင်ဂိုဏ်းမှ စုစည်းခြင်းအဆင့်ဒုဂိုဏ်းချုပ်နှင့် အပြင်းအထန်တိုက်ခိုက်နေသည်။ ဒုဂိုဏ်းချုပ် အလဲလဲအကွဲကွဲဖြစ်နေသည်။
မြို့တော်အပြင်ဘက််တွင် သူတို့သုံးယောက်လမ်းခွဲကြသည်။ လုယန်နှင့်မုန်ကျင်းကျိုးက မြို့အရှေ့ဘက်မိုင်သုံးဆယ်အကွာမှ တောင်ကုန်းငယ်တစ်ခုဆီ သွားကြသည်။
ထိုတောင်ကုန်းသို့ရောက်ချိန်တွင် အမယွမ်က ရှေးဟောင်းအဓိပဓိနှစ်ယောက်၏နောက်ခံကို စစ်ဆေးမေးမြန်းချိန်နှင့်ကြုံရသည်။
ယွမ်ကျိက တောင်ကုန်းပတ်လည်တွင် မှော်စက်ဝန်းတစ်ခုကာထားသည်။ အပြင်လူများ ထိုနေရာသို့ ဝင်မလာနိုင်အောင် ကာကွယ်ထားခြင်းဖြစ်သည်။
"ဒါဆို တစ်ယောက်က မဟာချန်ခေတ်နှောင်းပိုင်းက အိပ်မက်ဆိုးအဓိပဓိ၊ နောက်တစ်ယောက်က မဟာယုခေတ်နှောင်းပိုင်းက လေဟာနယ်အရှင်ပေါ့"
"အဲလိုပုံစံကျဘွဲ့နာမည်တပ်ပြီးခေါ်စရာမလိုပါဘူး။ ကျုပ်ကို အိပ်မက်ဆိုးလို့ပဲခေါ်ပါ"
"ကျုပ်ကိုလည်း လေဟာနယ်လို့ပဲခေါ်ပါ"
နှစ်ယောက်လုံး တတ်နိုင်သမျှ စိတ်အားထက်သန်မှုပြကြသည်။
တစ်ခြားတစ်ယောက်၏ ခေါင်မိုးအောက်သို့ရောက်လျှင် ခေါင်းငုံ့ထားရမည်။ သူတို့နှစ်ယောက်လုံး သူတို့ခေတ်သူတို့အခါက ထူးချွန်ထင်ရှားသည့် အဓိပဓိများဖြစ်သည်။ သို့သော် အပိုးကျိုးရမည့်အချိန်တွင် ခေါင်းမမာကြ။
ခေတ်ကာလအရကြည့်လျှင် ဂိုဏ်းချုပ်ယွမ်သည် ရှေးဟောင်းခေတ်မှလူဖြစ်သည်။ သူတို့ထက် အရင်ကျသည်။ ကျင့်စဉ်အဆင့်အရလည်း ဂိုဏ်းချုပ်ယွမ်သည် မသေမျိုးဖြစ်သည်။ သူတို့ထက်အဆင့်မြင့်သည်။
စီနီယာဟုသတ်မှတ်ခြင်းသည် သဘာဝမကျစရာအကြောင်းမရှိ။
"အမယွမ်၊ ကျုပ်တို့ဘက်ကကိစ္စတွေ ဖြေရှင်းပြီးပါပြီ"
ယွမ်ကျိက နတ်ဆိုးမြို့တော်မှ လုယန်ယူလာသည့် တော်ဝင်ပလ္လင်ကိုထုတ်သည်။
ထိုင်ခုံတွင်ထိုင်ပြီးနောက် ဖြစ်ခဲ့သည့်ကိစ္စများအကြောင်း တည်ငြိမ်စွာမေးမြန်သည်။
"အဖြစ်အပျက်ကို ပြန်ပြောပြပါဦး။...ရှောင်မုန်၊ မင်းထွက်မသွားခင် မောင်လေးတိုင်ပုဖန်ကို မှောင်ခိုဈေးအချက်အလက်တွေ မေးမြန်းခဲ့တာငါသိတယ်။ အနည်းဆုံး နောက်ခြောက်လအတွင်း ဘာပြဿနာမှ မဖြစ်စေရဘူးလို့တောင် ကတိပေးသွားတယ်တဲ့"
ထိုစကားများကို တိုင်ပုဖန်ထံမှ သူအမှတ်မထင်ကြားခဲ့ရခြင်းဖြစ်သည်။
ယခု ခြောက်လမဟုတ်။ လဝက်ပင်မပြည့်သေး။ မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲဖြစ်လာသည်။
မုန်ကျင်းကျိုးက သူအပြစ်မရှိကြောင်း အထပ်ထပ်ပြော၍ အဖြစ်အပျက်ကို ရှင်းပြသည်။
"အမယွမ်၊ အဖြစ်မှန်ကို အမရိပ်မိမှာပါ။ ကျုပ်နဲ့လောင်လုနှစ်ယောက်လုံးက နစ်နာသူတွေပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှောင်ခိုဈေးကို ကျုပ်သွားခဲ့တာပါ။ ကျုပ်ဘဝရဲ့ ပထမဆုံးဝင်ငွေကို ရခဲ့တယ်။ ပြီးတော့ အပြင်ဘက်လမ်းပေါ်မှာ အလှူခံနေတဲ့ ရှီချန်းနဲ့တွေ့တယ်။
သူငွေကြေးပြတ်လပ်ပြီး နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာမြင်တော့ မသေမျိုးဂိုဏ်းတပည့်ချင်းကိုယ်ချင်းစာပြီး လောကီနယ်မှာ သူစိတ်သမာဓိကျင့်ကြံတာကို အဖော်ပြုပေးဖို့ ကျုပ်တို့ဆုံးဖြတ်တယ်။
ချန်ကျန်းမှာ ကျုပ်တို့သုံးယောက် တရားမျှတဲ့ကိစ္စတွေ လုပ်ခဲ့တယ်။ ညီအမနှစ်ယောက်ကို အကြိမ်ကြိမ်ကယ်ခဲ့တယ်။ အစိုးရရုံးတာ်ကို လူသတ်အဖွဲ့အစည်းတစ်ခုအကြောင်း သဲလွန်စပေးတယ်။
နတ်ဝိညာဉ်အဆင့်နတ်ဆိုးတွေပါဝင်ပတ်သက်နေတဲ့ ပြဿနာကို ငြိမ်ငြိမ်းချမ်းချမ်း ဖြေရှင်းပေးခဲ့တယ်။ သူတို့အားလုံး တစ်နေရာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေနိုင်အောင် ကူညီခဲ့တယ်။
မြို့တော်သခင်က ကျုပ်တို့လုပ်ရပ်တွေကိုသိသွားတော့ ကျုပ်တို့ကို ညစာစားဖို့တောင် ကိုယ်တိုင်လာဖိတ်ပါတယ်"
ထို့နောက် ခိုင်မာသည့်စွပ်စွဲချက်ဖြင့် မြေပေါ်တွင်ဒူးထောက်နေသည့် အဓိပဓိနှစ်ယောက်ကို မုန်ကျင်းကျိုး လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။
"ဘာမှအကြောင်းရင်းမရှိပဲ ဒုက္ခပေးပြီး ချန်ကျန်းမြို့တော်ထဲမှာ အတင်းတိုက်ခိုက်ကြတာ သူတို့နှစ်ယောက်ပါ။ ကျုပ်တို့က နစ်နာသူအစစ်ပါ။ သူတို့မဆင်မခြင်တိုက်ခိုက်ကြလို့ ကျုပ်တို့နေတဲ့ တည်းခိုခန်းခေါင်မျိုး ပျက်စီးသွားတယ်။ တည်းခိုခန်းပိုင်ရှင် ဘယ်လိုခံစားရမလဲဆိုတာလည်း သူတို့ထည့်မတွက်ဘူး။
တန်းခိုခန်းပိုင်ရှင်ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက်တောင် သူတို့ကိုယ်စား ကျုပ်ကပဲ လျော်ကြေးပေးခဲ့တာပါ"
လုယန်လည်း အလိုက်သင့်ဝင်ထောက်ခံသည်။
"ဟုတ်ပါတယ်၊ ဒီနှစ်ယောက်က လူထူထပ်တဲ့နေရာမှာ တိုက်ခိုက်ရုံတင်မဟုတ်ဘူး။ ရာဇဝတ်သားတွေကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ရာဇဝတ်အဖွဲ့အစည်းတွေကို ကာကွယ်ပေးပြီး ရှေးဟောင်းရတနာတွေကို ခိုးယူဖို့ကြိုးစားခဲ့တာပါ။
သူတို့က အချိန်နဲ့အမျှ ရာဇတ်မှုကျူးလွန်နေတာ။ သူတို့ပြစ်မှုတွေက များလွန်းလို့ မှတ်တမ်းတင်ရင်တောင် တစ်သီတစ်တန်းကြီးဖြစ်နေမှာပါ"
****************************************