နတ်မယ်၏ ကျင့်ကြံမှုအတွေးအမြင်
Vol. 46 Ch. 680
ယခု မေ့လျော့ခြင်းကျင့်စဉ်ပညာကို လုယန်တတ်ချင်နေသည်။ သူမြင်ခဲ့သမျှအကြောင်းအရာအားလုံးကို ဖျက်ပစ်ချင်သည်။
ရှေးမသေမျိုးလေးယောက်၏ ရှက်စရာအတိတ်အကြောင်းများစွာ သိထားပြီးဖြစ်သော်လည်း ထိုအသိများက တစ်ခြားလူ၏အပြောမှတစ်ဆင့် သိခဲ့ရခြင်းဖြစ်သည်။ ခုခံချေပခွင့်ရှိသည်။
သို့သော်ယခု ငြင်းမရတော့။ ရုပ်ဝတ္ထုသက်သေရှိနေသည်။ ရှေးမသေမျိုးလေးယောက်က 'မသေမျိုးကျင့်စဉ်အတွေးအမြင်များ"နှင့်အတူ သူ့ကိုပါတစ်ခါတည်းရှင်းမပစ်ပါဟု ဘယ်သူအာမခံနိုင်မည်နည်း။
"မသေမျိုးကျင့်စဉ်အတွေးအမြင်စာအုပ်ကို ဒီမှာထားတယ်ဆိုတာ ငါမေ့နေတာ"
နတ်မယ်က စာအုပ်ကို စင်ပေါ်မှ ရဲတင်းစွာ ပြန်ယူသည်။ ထိုစာအုပ်ကို သူနှစ်သက်ဟန်ရှိသည်။
"ဒါက အတော်အဖိုးတန်တဲ့ရတနာပါ။ ယင်ထန်တို့တွေ သင်ကြားပို့ချနေတုန်းက ငါခိုးနားထောင်ပြီး သူတို့သင်ခန်းစာတွေကို ချရေးခဲ့တာ"
ယွမ်ကျိဝင်လာချိန်တွင် ရှေးဟောင်းအရှင်နှစ်ယောက်၏ လှုပ်ရှားမှုများကို ချုပ်ချယ်ကန့်သတ်မထားသဖြင့် သူတို့လည်း စာကြည့်ခန်းထဲသို့ လိုက်လာသည်။ နတ်မယ်စကားကြောင့် သူတို့မျက်လုံးများ အရောင်လက်လာပြီး "မသေမျိုးကျင့်စဉ်အတွေးအမြင်"စာအုပ်ကိုကြည့်ရင်း ရင်ခုန်နှုန်းမြန်လာကြသည်။
မသေမျိုးအတွေးအမြင်များကို မှတ်တမ်းတင်ထားသည့်စာအုပ်။ တန်ဖိုးဖြတ်မရသည့်ရတနာဖြစ်သည်။
သို့သော်ယခု အကျဉ်းသားဘဝရောက်နေပြီဖြစ်၍ ဆန္ဒရှိသော်လည်း လှမ်းမယူရဲ။
ထိုမိန်းမစကားအရဆိုလျှင် သူသည် ယင်ထန်မသေမျိုးမဟုတ်လောက်။
သူဘယ်သူလဲ...
အဲ...ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်၏အကြီးအကဲ ကောင်းကင်ပဲဝါအရှင်လော။
နတ်မယ်၏သရုပ်မှန်ကို ခန့်မှန်းမိကြသဖြင့် မသေမျိုးတစ်ဝက်နှစ်ယောက် တုန်လှုပ်သွားကြသည်။
"ဒါက စာကြည့်ခန်းလား"
ယွမ်ကျိလည်း နတ်မယ်၏စာကြည့်ခန်းထဲရောက်လာသည်။ အရောင်စုံသည့် ရှေးဟောင်းစာအုပ်များကိုကြည့်သည်။
ထိုရှေးဟောင်းခေတ်စာအုပ်များ ဘယ်လောက်တန်ဖိုးကြီးသနည်း။ တစ်အုပ်လောက်ယူသွားပြီး လေလံတင်လိုက်ရုံဖြင့် အရူးအမူးဝယ်ကြလိမ့်မည်။
"ဟုတ်တယ်၊ ဒါက ငါမသေမျိုး စာဖတ်တဲ့နေရာပဲ"
အသစ်စစ်စစ်လိုဖြစ်နေသည့် စာအုပ်များကိုကြည့်၍ လုယန်တွေးသည်။ နတ်မယ်သည် စာအုပ်များကို တကယ်ကြိုက်သည်။ ကြိုက်လွန်း၍ ဖတ်ပင်ဖတ်ရက်ဟန်မတူ။
ယွမ်ကျိလည်း သတိထားမိသည်။ သို့သော် ဘာမှမပြော။
စာကြည့်ခန်းတွင် စာအုပ်မျိုးစုံရှိသည်။ ရှေးဟောင်းယဉ်ကျေးမှုဓလေ့စရိုက်စာအုပ်များမှသည် ကျင့်စဉ်ကျမ်းများအထိ အမျိုးအစားစုံလင်သည်။
မသေမျိုးတစ်ဝက်အဆင့် ကျင့်စဉ်အတွေးအမြင်စာအုပ်များလည်း မရှားလှ။ ကျူးထန်နှင့်ကျန်းလျန်ယိတို့၏ အတွေးအမြင်စာအုပ်များပါရှိသည်။
မသေမျိုးတစ်ဝက်များ၏ ကျင့်စဉ်အတွေးအမြင်တို့သည် သူတို့သဘောဆန္ဒအလျောက်ပေးခြင်းဖြစ်သည်။ စာကြည့်ခန်းတွင် စာအုပ်အမျိုးအစားစုံလင်စေရန် အဖြည့်သဘောမျိုးသာ အဓိကရည်ရွယ်သည်။ နတ်မယ်က ထိုစာအုပ်များကိုမဖတ်။
မည်သို့ဆိုစေ သူသည် ရှေးဟောင်းခေတ်၏ ခေါင်းဆောင်မသေမျိုးဖြစ်သည်။ လမ်းကြောင်းသစ်ဖောက်ခဲ့သူဖြစ်သည်။
တစ်ခြားလူများ၏ကျင့်စဉ်အတွေးအမြင်များကို ကိုးကားစရာမလို။
"ဟင်းချက်စွယ်စုံကျမ်း"တစ်အုပ်ပင်ရှိသည်။ သို့သော် ရေးသူနာမည်က 'ယင်ထန်မသေမျိုး'ဖြစ်သည်။
"ဪ...မင်းတို့အားလုံး ဒီရောက်နေတာလား"
လျှို့ဝှက်မြေကို စူးစမ်းလေ့လာနေရင်း လူအားလုံးပျောက်သွားသည်ကို မုန်ကျင်းကျိုးသတိထားမိသည်။ ကြောက်ချွေးပြန်သွားသည်။ ယခု စာကြည့်ခန်းထဲတွင် လူအားလုံးကို မြင်လိုက်ရမှ သူစိတ်သက်သာရာရလာသည်။
"ဘယ်လိုလဲ။ ကောင်းတာတစ်ခုခုတွေ့လား"
မုန်ကျင်းကျိုး လုယန်ကို တံတောင်ဖြင့်တို့မေးသည်။
"အင်း"
လုယန် 'မသေမျိုးကျင့်စဉ်အတွေးအမြင်'ကို လှမ်းပေး၍ အလေးအနက်လေသံဖြင့်
"ဒီမသေမျိုးစာအုပ်မှာ လောကတစ်ခုလုံးခြုံငုံသုံးသပ်ပြီး မဟာတာအိုနဲ့သဟဇာတဖြစ်တဲ့ ရှေးဟောင်းမသေမျိုးလေးယောက်ရဲ့ ဩဝါဒတွေ နည်းနာတွေပါတယ်။ အရင်က ရှေးဟောင်းခေတ်မသေမျိုးတစ်ဝက်တွေနဲ့ ကူးဖြတ်ခြင်းအဆင့်တွေတောင် ဒီလိုအတွေးအမြင်တွေလေ့လာဖို့ တန်းစီစောင့်ခဲ့ကြတာ။ မင်းဖတ်ကြည့်သင့်တယ်"
"ဒီလိုရတနာမျိုးရှိတယ်ပေါ့"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။
လုယန်သည် ညီအကိုကောင်းပီသသည်။ ပစ္စည်းကောင်းရလာလျှင် အမြဲတမ်းမျှဝေတတ်သည်။
မုန်ကျင်းကျိုး စာသုံးလေးမျက်နှာလှန်ကြည့်ပြီးနောက် လုယန်ကို စာအုပ်ပြန်ပေးသည်။
"ဘာလို့ဆက်မဖတ်တော့တာလဲ"
"အားလုံး ရှေးဟောင်းဘာသာစကားနဲ့ရေးထားတာလေ။ ငါနားမလည်ဘူး"
"...အခွင့်သာတဲ့အချိန်ကျမှ ငါမင်းကိုသင်ပေးမယ်"
"ထူးဆန်းတယ်။ ငါ့ဒိုင်ယာရီ ဘယ်ရောက်သွားတာလဲ"
နတ်မယ် စာကြည့်ခန်းထဲ လှည့်ပတ်ရှာနေသည်။ သူ့ဒိုင်ယာယီကို ရှာမတွေ့။
"နတ်မယ်၊ ခင်ဗျားလည်း ဒိုင်ယာယီထားတယ်ပါ့"
လုယန် စပ်စုသည်။
"ဒါပေါ့။ မှတ်တမ်းတင်လို့ကောင်းတဲ့ကိစ္စတွေ ဒီလောက်အများကြီးရှိတာ။ ချရေးထားဖို့ ဒိုင်ယာရီတစ်အုပ် ထားတာပေါ့"
"ဒိုင်ယာယီထဲမှာ ဘာတွေရေးထားလဲ"
နတ်မယ်က လုယန်ကို သတိဖြင့်ကြည့်သည်။
"ဒိုင်ယာယီဆိုတာ တစ်ခြားလူတွေကို ဘယ်ပြလို့ရမှာလဲ"
လုယန် ပါးစပ်ဟသွားသည်။
"ပျောက်သွားတာဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ဒီဒိုင်ယာရီက ခင်ဗျားရဲ့အမြဲသုံးနေတဲ့ပစ္စည်းလေ။ နာမည်ပြောင်းရုံနဲ့ ယင်ထန်မသေမျိုးကို လွှဲချလို့ရတာမျိုးမဟုတ်ဘူး။
နောက်ကွယ်ကလူက ခင်ဗျားအကြောင်း လက်စဖျောက်ချင်တာဆိုတော့ ခင်ဗျားအကြောင်း သက်သေပြတဲ့ဒိုင်ယာရီကိုလည်း ဖျက်ဆီးပစ်လောက်တယ်"
နတ်မယ် ဒေါသထွက်လာသည်။
"အကျင့်ယုတ်တဲ့ကောင်၊ ဒီကိစ္စအတွက် ငါလက်စားပြန်ချေမယ်"
အရှင်နှစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေသည်။ ထိုနှစ်ယောက်ပြောနေကြသည့်စကားများက ကမ္ဘာတုန်လောက်သည့် ရှေးဟောင်းလျှို့ဝှက်ချက်များပါသည်။
သူတို့ နှုတ်ပိတ်ခံရတော့မလားမသိ။
"ငါ့ကျင့်စဉ်အတွေးအမြင်စာအုပ်တောင် မရှိတော့ဘူးထင်တယ်"
သူ့ကျင့်စဉ်အတွေးအမြင်စာအုပ်လည်း နတ်မယ်ရှာမတွေ့။
"နောက်ကွယ်ကလူက အဲဒါကိုပါ ဖျက်ဆီးပစ်တယ်ထင်တယ်။ ဘာပဲပြောပြော ငါ့ပါရမီက ပြိုင်ဘက်ကင်းပဲလေ။ ငါ့ကျင့်စဉ်အတွေးအမြင်စာအုပ်ကို ယင်ထန်မသေမျိုးနာမည်တပ်လိုက်ရင် အတုမှန်းအရမ်းသိသာသွားမှာပေါ့။
ယင်ထန်မှာ အဲလိုအရည်အချင်းမျိုးမှမရှိတာ"
လုယန် နတ်မယ်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
"ခင်ဗျားမှာ ကျင့်စဉ်အတွေးအမြင်မှတ်တမ်းမျိုး ရှိတယ်ပေါ့"
"ဘာလို့မရှိရမှာလဲ။ အတွေးအမြင်တွေကို စာအုပ်အထူကြီးတစ်ခု ငါရေးထားတာ။ အားလုံး အသေးစိတ်ပါတယ်။ ဘယ်လိုပျော်အောင်နေရမယ်ဆိုတာကအစ ဘယ်လိုသက်တောင့်သက်သာအိပ်ရမယ်ဆိုတာမျိုးအထိ အသေးစိတ်ရှင်းပြထားတာ။
ဂန္တဝင်ကျမ်းစာတွေကိုကိုးကားထားသလို ငါ့ကိုယ်ပိုင်အတွေ့အကြုံတွေလည်း ပေါင်းစပ်ထားတယ်"
ထိုစာအုပ်ပျောက်သွားသည်က ခပ်ကောင်းကောင်းဟု လုယန်တွေးမိသည်။ သိက္ခာကျသည်ထက် စာအုပ်ပျောက်သွားသည်က ပိုကောင်းသည်။
သို့သော် ယွမ်ကျိက နတ်မယ်အမြင်ကို ထောက်ခံသည်။
"စီနီယာက ကလေးတစ်ယောက်ရဲ့ စိတ်ထားမျိုးရှိတာပဲ။ အဲဒါက တကယ်ရှားတယ်။ အထူးသဖြင့် မသေမျိုးဖြစ်လာပြီးနောက်မှာ ကလေးတစ်ယောက်လို ဆက်ရှိနိုင်ဖို့က ပိုပြီးခက်ခဲတယ်။
ဒီကျင့်စဉ်အတွေးအမြင်စာအုပ်ဟာ လူတွေကို ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်မျိုး ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သင်ကြားပေးနိုင်မှာပဲ။ စီနီယာက အရမ်းတော်ပါတယ်"
လူယုံတစ်ယောက်ရလိုက်သကဲ့သို့ နတ်မယ်မျက်နှာ ပြုံးရွှင်၍ သွားဖြဲနေသည်။
"ရှောင်ယွမ်က တကယ်နားလည်လွယ်တာပဲ"
ထိုနောက် လုယန်ကိုလှည့်ကြည့်၍ ခပ်တင်းတင်းပြောသည်။
"နင်ကြားတယ်နော်။ ဒါကို ကလေးတစ်ယောက်ရဲ့စိတ်ထားလို့ခေါ်တယ်။ နောက်ကို ငါ့ဆီကနေ ပညာတစ်ခုနှစ်ခုယူနိုင်အောင် ကြိုးစားပါ"
လုယန် "..."
နတ်မယ်က လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။
"ရှောင်ယွမ်၊ ဒီလျှို့ဝှက်မြေကို ငါတို့ဂိုဏ်းကိုပြန်ယူသွားရအောင်"
ဂိုဏ်းသို့ ပြန်သယ်သွားလျှင် လျှို့ဝှက်မြေထဲတွင် သူအေးအေးလူလူလမ်းလျှောက်ထွက်နိုင်သည်။
အမွှာမြ်စမှစ၍ စာကြည့်ခန်းအထိ အားလုံး သူ့အပိုင်ဖြစ်သည်။ မဟာရှားကလည်း ကန့်ကွက်မည်မဟုတ်။
"ကောင်းပြီလေ"
သူတို့လူစု လျှို့ဝှက်မြေမှထွက်သည်။ အပြင်ဘက်တွင် ညရောက်နေပြီဖြစ်သည်။ တောအုပ်က မှောင်မဲနေသည်။
ယွမ်ကျိ ညာလက်ကိုဆန့်ထုတ်၍ ကျောက်ဆောင်ကိုဖိလိုက်သည်။ အလင်းရောင်မှိန်မှိန်တစ်ခု ပေါ်လာသည်။
လက်ပြန်ရုတ်လိုက်ချိန်တွင် ကွေ့ကောက်စီးဆင်းနေသည့်မြစ်တစ်ခု သူ့လက်ဝါးထဲတွင် ပေါ်လာသည်။
စကြာဝဠာလက်ဝါးပညာအစစ်ဖြစ်သည်။
"သွားစို့"
ကိစ္စပြီးသွားပြီဖြစ်၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ကြသည်။
ဂိုဏ်းသို့ရောက်ခါနီးတွင် သူတို့ဦးတည်ရာသည် တာအိုလမ်းစဉ်ဂိုဏ်းဖြစ်ကြောင်း မသေမျိုးတစ်ဝက်အရှင်နှစ်ယောက် နားလည်လာသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းသည် တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် လျှို့ဝှက်ပုန်းအောင်းနေသလော...
သို့မဟုတ် တာအိုလမ်းစဉ်ဂိုဏ်းသည် အစကတည်းက ရှေးဟောင်းကောင်းကင်ရုံးတော်က တည်ထောင်ထားခြင်းလော...
ဘယ်လိုပင်ဖြစ်စေ ရှေးဟောင်းကောင်းကင်ရုံးတော်၏ မြင့်မားသည့်ဉာဏ်ရည်ကို သက်သေခံနေသည်။
ယွမ်ကျိက အမွှာမြစ်ကို ကောင်းကင်ဂိတ်တောင်ထိပ်၏ မီးဖိုချောင်ဘေးတွင် ထားသည်။ ထို့နောက် အရှင်နှစ်ယောက်ကို အကျဉ်းထောင်တောင်ထိပ်သို့ ခေါ်သွားသည်။
သူအချိန်မီမရောက်လျှင် ထိုနှစ်ယောက် ချန်ကျန်းမြို့တော်ကို ဖျက်ဆီးသည့်ကိစ္စ အောင်မြင်ခဲ့ပေလိမ့်မည်။ ခွင့်လွှတ်၍မရ။
လုယန်နှင့်မုန်ကျင်းကျိုးတို့ သက်ဆိုင်ရာတောင်ထိပ်များသို့ ပြန်ကြသည်။
"ရှောင်ယွမ်လား။ ဒီတစ်ခါ ဘယ်သူ့ကိုဖမ်းလာတာလဲ"
ကလေးမျက်နှာနှင့် ဘိုးဘေးဆရာက ရယ်မော၍မေးသည်။ ထိုအဖြစ်မျိုးနှင့် သူအသားကျလာပြီဖြစ်သည်။
ကူးဖြတ်ခြင်းအဆင့် သက်ကြီးပိုင်းတစ်ယောက်ဖြစ်၍ ရှေးဟောင်းရာဇဝတ်သားတစ်ချို့ဖမ်းမိရုံလောက်ဖြင့် ဣန္ဒြေပျက်၍မဖြစ်။
ယွမ်ကျိက အရှင်နှစ်ယောက်ကို မြေပေါ်ပစ်ချပြီး မိတ်ဆက်ပေးသည်။
"မသေမျိုးတစ်ဝက်နှစ်ယောက် ဖမ်းမိပါတယ်။ တစ်ယောက်က အိပ်မက်ဆိုးအရှင်လို့ပြောတယ်။ နောက်တစ်ယောက်က လေဟာနယ်အရှင်လို့တဲ့"
ဘိုးဘေးဆရာ ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်သည်။ အသက်မရှူနိုင်တော့သလို ခံစားရသည်။
************************************