နာမည်ပြဿနာ
Vol. 46 Ch. 682
လေဟာနယ်အရှင် အံ့ဩမှုနှင့်ဒေါသ ရောထွေးနေသည်။
"သောက်သုံးမကျတဲ့ကျန်းပင်ကန်း၊ မင်းတကယ်အရှက်မရှိဘူးလား။ မသေမျိုးဖြစ်ပြီးမှ ငါ့ကိုနှစ်ယောက်ချင်းတိုက်ဖို့ စိန်ခေါ်တယ်ပေါ့"
ယွမ်ကျိ သိပ်ကြာကြာမစောင့်လိုက်ရ။ လေဟာနယ်လောက ပျက်စီးသွားသည်။ လေဟာနယ်အရှင်ကို ကျန်းပင်ကန်းက ဖူးယောင်ညိုမဲအောင် ရိုက်နှက်ထားသည်။ လူရုပ်ပင်မပေါ်တော့။
ဒဏ်ရာကုသသည့်စွမ်းရည်လည်း ယခုအလုပ်မဖြစ်တော့။ လေဟာနယ်အရှင်၏ ဒဏ်ရာများက တဖြေးဖြေးပိုဆိုးလာသည်။ သူ့ဘာသာ မကုသနိုင်တော့။
"ဘုန်း"
လေဟာနယ်အရှင် မြေကြီးပေါ်ပစ်ချခံရသည်။ ကျန်းပင်ကန်း သက်ပြင်းရှည်တစ်ချက်ချပြီး အသေအကြေတိုက်ပွဲမျိုးနွှဲခဲ့ရဟန်ဖြင့် နဖူးတွင် 'မရှိ'သည့်ချွေးများကို သုတ်လိုက်သည်။
"လေဟာနယ်။ ငါဘာလှည့်ကွက်မှမသုံးခဲ့ဘူးနော်။ မျှမျှတတ တစ်ယောက်ချင်းတိုက်တာ။ စွမ်းရည်အစစ်ကိုပဲ အားကိုးခဲ့တာ။
ဒီတစ်ခါ မင်းအပြတ်အသတ်ရှုံးတာကို လက်ခံနိုင်လောက်ပါပြီ"
မသေမျိုးဖြစ်လာပြီးနောက် ကျန်းပင်ကန်းသည် သူ့အသိအကျွမ်းများရှေ့တွင် တစ်ခါမှကြွားလုံးထုတ်ခွင့်မရခဲ့။
ဤအခွင့်အရေးမျိုးကြုံဖို့ နှစ်တစ်သိန်းကြာအောင် သူစောင့်ခဲ့ရသည်။ ယနေ့မှ အကောင်အထည်ပေါ်သည်။
စိတ်ကျေနပ်သည်။
လေဟာနယ်အရှင် မတ်တပ်ပင်မရပ်နိုင်လောက်အောင် ဖြစ်နေသည်။ ထိုအခြေအနေသာမဟုတ်လျှင် ကျန်းပင်ကန်းကိုခုန်အုပ်ပြီး လည်ပင်းကိုကိုက်မိမည်သာဖြစ်သည်။
"ဒီထိုင်ခုံက မဆိုးဘူး။ ဘယ်သူလုပ်တာလဲ"
ကျန်းပင်ကန်းက ယွမ်ကျိထိုင်နေသည့် အင်ပါယာပလ္လင်ကို သတိထားမိသည်။ ရိုးရှင်းသည့်ဘဝတွင်နေဖို့သာ မဆုံးဖြတ်ထားလျှင် သူ့အတွက်လည်း ထိုပလ္လင်မျိုးတစ်ခုလိုချင်သည်။
"နတ်ဆိုးနယ်မြေရဲ့ အထူးလက်ရာပါ။ ကျွန်မမောင်လေး လက်ဆောင်ပေးတာ"
"မင်းမောင်လေးနာမည်က လုယနော်"
ကျန်းပင်ကန်း အပြင်လောကကို သိပ်အရေးမစိုက်ခဲ့။ ယွမ်ကျိနှင့် ပုံမှန်အတိုင်းပြောဆိုဆက်ဆံရင်း ထိုနာမည်ကို ရင်းနှီးလာခြင်းဖြစ်သည်။
"ဟုတ်တယ်။ သူအများကြီးတိုးတက်လာမယ်လို့ ကျွန်မမျှော်လင့်ထားတယ်။ ကျွန်မအံ့ဩလောက်အောင် သူစွမ်းဆောင်ခဲ့တာတွေ အတော်များပြီ။
ဥပမာပြောရရင် အခုတစ်ခေါက် လေဟာနယ်အရှင်ကိုဖမ်းတဲ့ကိစ္စမှာလည်း သူတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်။ မဟာကပ်အပြိုင်အဆိုင်ကာလမှ သူနေရာတစ်ခုရမှာ သေချာပါတယ်"
ကျန်းပင်ကန်း ရယ်သည်။
"လူတစ်ယောက်ကို မင်းဒီလောက်ချီးကျူးတာ အရင်ကငါတစ်ခါမှမကြားဖူးဘူး"
လေဟာနယ်အရှင်ကိုဖမ်းဖို့ ကူညီခဲ့သည်ဟု သိရသဖြင့် တစ်ခါမှမတွေ့ဖူးသည့် ထိုကျင့်ကြံသူကို ကျန်းပင်ကန်းသဘောကျသွားသည်။
"သူ့လိုပဲ ကံထူးတဲ့ နောက်တစ်ယောက်ရှိပါသေးတယ်"
"ဘယ်သူလဲ"
"မုန်မိသားစုက မျိုးဆက်သစ်တစ်ယောက်ပါ"
ကျန်းပင်ကန်း အံ့ဩအားကျစိတ်ဖြင့် စုပ်သပ်သည်။
"ငါတို့ကျန်းမိသားစုက ဒီလိုပါရမီရှင်မျိုး ဘာလို့ထွက်မလာတာလဲ"
ရှေးခေတ်ဘိုးဘေးဖြစ်သည့် ကျန်းပင်ကန်းမှပြီးလျှင် ကျန်းမိသားစုတွင် အထူးချွန်ဆုံးမှာ နှစ်တစ်ထောင်မပြည့်မီ စုစည်းခြင်းအဆင့်သို့ရောက်ခဲ့သည့် မင်းသားကျန်းချွန်ဖြစ်သည်။ သို့သော် ယွမ်ကျိပြောသည့် 'ထူးခြားသည်'ဟူသည့်အဆင့်နှင့် အလှမ်းဝေးလွန်းသေးသည်။
သူတို့ပြောနေသည့်စကားကို နားထောင်ရှင်း ချန်ကျန်းတွင်တွေ့ခဲ့သည့် မုန်မိသားစုမျိုးဆက်ကို လေဟာနယ်အရှင် ပြန်သတိရလာသည်။
သူများလား....
မုန်ကျန်းဇီ ဘယ်လိုကံကြမ္မာမျိုးရှိသည်မသိ။ သူအကျင့်မကောင်းသော်လည်း ထူးချွန်သည့်ထိုမျိုးဆက်မျိုး ရှိနေသည်။
ထိုစဉ်က မုန်ကျင်းကျိုးကို မုန်မိသားစု၏ သာမန်မျိုးဆက်တစ်ယောက်ဟုသာ တွေးခဲ့သည်။ သိပ်အရေးမစိုက်ခဲ့။
ယွမ်ကျိစကားကြားမှ သူပြန်တွေးမိသည်။ ထိုမုန်မျိုးရိုးကောင်လေးသည် ကျင့်စဉ်လမ်းပါရမီရှင်တစ်ယောက်ဖြစ်ရမည်။ အနည်းဆုံး သူ့လို မသေမျိုးတစ်ဝက်အဆင့်ဖြစ်မည်။
"လေဟာနယ်အရှင်ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"
"သူ့စိတ်ဓာတ်ကမမှန်ဘူး။ သူ့ကိုလွှတ်ပေးလိုက်ရင် ကျားကိုတောထဲပြန်လွှတ်သလိုဖြစ်မယ်။ အဆုံးမရှိတဲ့ ပြဿနာတွေဖြစ်လာမယ်။ သူ့ရုပ်ခန္ဓာကိုယ်ခွာထုတ်ပြီး သူ့ဝိညာဉ်ကို အကျဉ်းထောင်တောင်ထိပ်မှာ ထိန်းချုပ်ထားမယ်လို့ တွေးထားတယ်"
ထာဝရအရှင်လို အရင်ကပြစ်မှုမှတ်တမ်းမရှိခဲ့ဘဲ ပြုပြင်ပြောင်းလဲလိုစိတ်ရှိသည့် မသေမျိုးတစ်ဝက်မဟုတ်။ လေဟာနယ်အရှင်သည် အင်အားမယှဉ်နိုင်၍သာ ယာယီအညံ့ခံခဲ့ခြင်းဖြစ်သည်။ လွှတ်ပေး၍မဖြစ်။
ကျန်းပင်ကန်း ခေါင်းငြိမ့်သည်။ ယွမ်ကျိကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းကို သူကန့်ကွက်စရာမရှိ။
သူသာဆိုလျှင်လည်း ထိုသို့ပင်ဆုံးဖြတ်မည်။
လေဟာနယ်အရှင်သည် သူ့စည်းမျဉ်းကို ပေါ်တင်ဆန့်ကျင်ခဲ့သည်။ အပြင်လောကသို့ လွှတ်ပေးလိုက်လျှင် အလွယ်တကူ ဒုက္ခပေးလာနိုင်သည်။ နိုင်ငံ့ကံကြမ္မာ မတည်မငြိမ်ဖြစ်မည်။ တစ်ခြားအဖွဲ့အစည်းများကို အသုံးချဖို့ အခွင့်အရေးပေးသလိုဖြစ်မည်။
"တစ်ခြားကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ရှင့်အမြင်ကိုသိချင်တယ်"
"ဘာကိစ္စလဲ"
ကျန်းပင်ကန်း နည်းနည်းအံ့အားသင့်သွားသည်။ ယွမ်ကျိ နည်းနည်းမျက်မှောင်ကျုံ့နေသည်ကို သူသတိထားမိသည်။ ထိုအမူအရာမျိုး သူတစ်ခါမှမမြင်ဖူး။
"ကျွန်မမှာ ယွမ်မုန်မုန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူဟာ ပုံမှန်အတိုင်း သူ့မိဘတွေကမွေးလာတဲ့ကလေးမဟုတ်ဘူးဆိုတာ မကြာသေးခင်ကမှ သိခဲ့တယ်။ အသက်ဓာတ်ကိုပေးနိုင်တဲ့ မသေမျိုးတစ်ယောက်ရဲ့ မှော်ရတနာတစ်ခုကနေ မွေးဖွားခဲ့တယ်။
ဒီမှော်ရတနာစွမ်းအားကြောင့် ယွမ်မုန်မုန်ရဲ့အမေက သူ့ကိုမွေးခဲ့တာ။ ဒီတော့ အဲဒီ့မသေမျိုးကိူ သူ့အနေနဲ့ ဘယ်လိုခေါ်သင့်သလဲ"
ကျန်းပင်ကန်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူနှစ်တစ်သိန်း နေထိုင်ခဲ့သည်။ ထိုအဖြစ်မျိုး တစ်ခါမှမကြားဖူး။
"ငါမပြောတတ်ဘူး"
အတော်ကြာအောင်စဉ်းစားသော်လည်း သူအဖြေမတွေ့။
နန်းတော်သို့လာသည့်ရည်ရွယ်ချက် ပြီးဆုံးပြီဖြစ်၍ ယွမ်ကျိ ဆက်မနေတော့။
လေဟာနယ်အရှင်ကို တာအိုလမ်းစဉ်ဂိုဏ်းအကျဉ်းထောင်တောင်ထိပ်သို့ ပြန်ခေါ်သွားသည်။ မသေမျိုးတစ်ဝက်နှစ်ယောက်ကို သူစစ်ဆေးမေးမြန်းရဦးမည်။
အထထူးသဖြင့် မဟာချန်ခေတ်နှောင်းပိုင်းမှ မသေမျိုးတစ်ဝက်ဖြစ်သည့် အိပ်မက်ဆိုးအရှင်။ တစ်ခြားလူများမသိသည့် လျှို့ဝှက်ချက်များစွာ သူသိထားလိမ့်မည်။
တစ်ခြားရှေးကျသည့်ကိစ္စများမဆိုထားနှင့်။ အမွှာမြစ်အကြောင်းကိုပင် ယွမ်ကျိမသိခဲ့။
ကျန်းပင်ကန်း လက်ပြနှုတ်ဆက်သည်။
"ဂရုစိုက်ပြီးသွားပါ။ အခွင့်သာတဲ့အချိန် အကျဉ်းထောင်ကို ငါလာလည်ပါ့မယ်"
......
ယွမ်ကျိပြန်ရောက်လာသည်ကိုမြင်သဖြင့် အကျဉ်းသားများ ရင်တစ်ထိတ်ထိတ်ဖြစ်နေသည်။
ယွမ်ကျိ စကားတစ်ခွန်းမှမပြောဘဲ အိပ်မက်ဆိုးနှင့်လေဟာနယ်အရှင်တို့၏ငယ်ထိပ်ပေါ် လက်ဖြင့်ဖိ၍ ညင်သာစွာတစ်ချက်ဆွဲလိုက်သည်။ အရှင်နှစ်ယောက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူတို့ဝိညာဉ်က ခန္ဓာကိုယ်နှင့် ကင်းကွာသွားသည်။
ဘိုးဘေးဆရာက ပြုံး၍ 'အလောင်းခွံ'များကို ဆွဲယူသွားသည်။
မှော်ရတနာလုပ်ဖို့ အလွန်ကောင်းသည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည်။
ယွမ်ကျိ အရှင်နှစ်ယောက်ကို အေးစက်စက်ကြည့်သည်။
"အခု ရှင်တို့မှာ ရွေးစရာနှစ်ခုရှိတယ်။ သိထားတဲ့အချက်အလက်တွေကို အမှန်အတိုင်းပြောပြပါ။ အဲလိုမဟုတ်ရင် ရှင်တို့ဝိညာဉ်ကို ထိန်းသိမ်းထားဖို့ စိတ်မကူးနဲ့။ အဲဒါတွေက မှော်လက်နက်သန့်စင်ဖို့အတွက် ကွက်တိပဲ။
မသေမျိုးတစ်ဝက်အဆင့် ဝိညာဉ်တွေကို မှော်ရတနာဖန်တီးဖို့ ကုန်ကြမ်းအဖြစ်သုံးတာဟာလည်း ပစ္စည်းသန့်စင်ပညာနယ်ပယ်အတွက် အကျိုးပြုတာပဲ"
လူကဲခတ်ကျွမ်းကျင်သူများဖြစ်၍ ယွမ်ကျိ စကားအဖြစ်ပြောနေခြင်းမဟုတ်ကြောင်း သူတို့ရိပ်မိသည်။
"အားလုံးပြောပါ့မယ်"
ယွမ်ကျိခေါင်းငြိမ့်သည်။ သူတို့စိတ်သဘောထားကို ကျေနပ်သည်။ တစ်ယောက်စီသီးခြားခွဲ၍ စစ်ဆေးရန်ပြင်သည်။
အိပ်မက်ဆိုးအရှင်ကို စတင်စစ်ဆေးမေးမြန်းည်။
"အမွှာမြစ်အကြောင်း ဘယ်ကနေသိတာလဲ"
"ရှေးဟောင်းစာအုပ်တစ်အုပ်မှာ တွေ့ခဲ့တာပါ။ အမွှာမြစ်အကြောင်းရော သားအမိမြစ်အကြောင်းရော မှတ်တမ်းတင်ထားတယ်။ ကျုပ်က အမွှာမြစ်ရဲ့တည်နေရာပဲသိတယ်။ သားအမိမြစ်ဘယ်မှာလဲဆိုတာတော့ မသိဘူး"
"အဲဒီ့စာအုပ်ကို ဘယ်ကရတာလဲ"
"ကျုပ်တပ်ဖွဲ့ကို ဦးဆောင်ပြီး မဟာယုအင်ပါယာနန်းတော်ကို ဝင်တိုက်ခိုက်တုန်းက တော်ဝင်စာကြည့်တိုက်ထဲမှာ တွေ့ခဲ့တာပါ"
အိပ်မက်ဆိုးအရှင်သည် ကိုယ့်ကိုယ်ကို အင်ပါယာဟုကြေညာ၍ မဟာယုအင်ပါယာနန်းတော်ကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်။ တော်လှန်ပုန်ကန်သည်ဟု အကြောင်းပြ၍ လောကအုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်သည်။
နောက်ဆုံးတွင် တက်သစ်စယုအင်ပါယာက သူ့ကိုအနိုင်ယူခဲ့သည်။
မဟာယုခေတ်သည် မဟာရှားထက် ရှေးဟောင်းခေတ်နှင့် ပိုနီးစပ်သည်။ တော်ဝင်စာကြည့်တိုက်မှ ရှေးဟောင်းစာအုပ်များသည် တစ်လောကလုံးမှ ရှေးဟောင်းစာအုပ်များထက်ပင် ပိုများပြားလောက်သည်။
"အခု ရှေးဟောင်းစာအုပ်တွေ ဘယ်မှာလဲ"
"ကျုပ်အလွတ်ရအောင်မှတ်ပြီးတော့ အားလုံးမီးရှို့ပစ်ခဲ့တယ်"
အိပ်မက်ဆိုးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ဖြေသည်။
"ဘာရယ်"
ထင်သည့်အတိုင်းပင် ထိုအဖြေကို ယွမ်ကျိ သိပ်စိတ်တိုင်းမကျ။
အိပ်မက်ဆိုးက အမြန်ရှင်းပြသည်။
"အဲဒါအမှန်ပါ။ ကျုပ်လက်အောက်ငယ်သားတွေ သက်သေခံနိုင်ပါတယ်။ အဲဒီတုန်းက လောကအုပ်ချုပ်ခွင့် မရခဲ့ရင်တောင် အချက်အလက်တွေကို ကျုပ်ခေါင်းထဲမှာ သိမ်းထားတဲ့အတွက် ကျုပ်ပြိုင်ဘက်တွေက ကျုပ်ကိုအသက်ရှင်လျက်ထားမှာပဲလို့ ကျုပ်တွေးခဲ့တာပါ"
မှန်သည်။ အင်ပါယာယုနှင့်နိုင်ငံ့ဆရာက သူ့ကိုတိုက်ခိုက်ချိန်တွင် ထိုသို့စဉ်းစားခဲ့သည်။ အသေမသတ်ဘဲ ထွက်ပြေးခွင့်ပေးခဲ့သည်။
"ပထမယုအင်ပါယာနဲ့ ပထမနိုင်ငံ့ဆရာရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ"
"သူတို့ကျူပ်ကို တိုက်ခိုက်တုန်းက မသေမျိုးတစ်ဝက်အဆင့်တွေပါ။ နောက်ပိုင်းမှာသူတို့ မသေမျိုးဖြစ်လာသလားဆိုတာတော့ ကျုပ်မသိဘူး"
"ဘာကိုပြောချင်တာလဲ"
"အဲဒီတိုက်ပွဲကနေ အသက်ရှင်လျက်လွတ်လာပြီးနောက်မှာ ကျုပ်ချက်ချင်းဂူအောင်းအိပ်စက်တာ မလုပ်သေးဘူး။ ဝူယော် ပလ္လင်ပေါ်တစ်ဆင့်ချင်းတက်သွားတာကို အရိပ်ထဲကနေ ပုန်းအောင်းပြိး စောင့်ကြည့်ခဲ့တယ်"
ဝူယော်သည် ပထမယုအင်ပါယာဖြစ်သည်။
"ဝူယော်က နိုင်ငံတည်ထောင်ပွဲအခမ်းအနား ကျင်းပါတယ်။ ပွဲတော်အတွင်းမှာ လေထုနဲ့တိမ်တိုက်တွေ အပြောင်းအလဲဖြစ်တယ်။ သဘာဝနိမိတ်မျိုးစုံပေါ်လာတယ်။ မိုးခြုန်းသံကလည်း အဆက်မပြတ်မြည်နေတယ်။
မိုးမြေတစ်ခုလုံး လျှပ်စီးအလင်းကြောင့် လင်းထိန်နေတယ်။ သမိုင်းဆရာတွေက ဝူယော်ရဲ့ရဲဝံ့ထက်မြက်တဲ့ အရည်အသွေးတွေကြောင့် မဟာယုမင်းဆက်တည်ထောင်တဲ့အချိန် မိုးမြေဆန္ဒနဲ့ကိုက်ညီလို့ ဒီလိုနိမိတ်တွေပေါ်တာလို့ ရေးသားဖော်ပြတယ်။
ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ဒါဟာ ရှေးဟောင်းစာအုပ်ထဲတွေမှာပြောထားတဲ့ မသေမျိုးအဆင့်တက်တဲ့ ကောင်းကင်ဆင်းရဲလားလို့ သံသယဝင်မိတယ်"
****************************************