← Chapters

ဝူယော်

Vol. 46 Ch. 683

ဝူယော်

Vol. 46 Ch. 683

နိုင်ငံတည်ပွဲတော်မျိုးတွင် ခမ်းနားသည့်အပြင်အဆင်များ ဖန်တီးကြသည်မှာ သဘာဝဖြစ်သည်။ မဟာချန်ဖြစ်စေ၊ မဟာယုဖြစ်စေ၊ မဟာရှားပင်ဖြစ်စေ သူတို့နိုင်ငံတည်အခမ်းအနားတွင် ထူးထူးခြားခြားဖြစ်အောင် လုပ်ကြသည်။

ထိုဓလေ့၏ရင်းမြစ်ကို ခြေရာခံလျှင် ကိုးဆမသေမျိုး မသေမျိုးအဆင့်တက်ပွဲကို တွေ့ရမည်။

ထို့ကြောင့် ယွမ်ကျိရော ကျန်းပင်ကန်းပါ နိုင်ငံတည်အခမ်းအနားကို သိပ်အရေးမစိုက်ကြခြင်းဖြစ်သည်။

သို့သော် ဝူယော်က ထိုနိုင်ငံတည်အခမ်းအနားကို အသုံးချ၍ မသေမျိုးဆင်းရဲဖြတ်ကျော်ပြီး မသေမျိုးအဆင့်တက်ခဲ့သည်။

မသေမျိုးတစ်ဝက်ဟူသည့် အဆင့်အတန်းကိုအားကိုး၍ အစက အိပ်မက်ဆိုးအရှင် တွေးခဲ့သည်။ ဝူယော်နှင့်နိုင်ငံ့ဆရာကို အမှတ်မထင်ရှုံးခဲ့သော်လည်း သူပြန်၍အနိုင်ယူနိုင်ခြေ ရှိသေးသည်ဟု ထင်ခဲ့သည်။

သို့သော် ဝူယော် မသေမျိုးဖြစ်လာမည်ဟု လုံးဝမတွေးမိခဲ့။

ဝူယော်မသေမျိုးအဆင့်တက်သွားပြီဟုထင်သဖြင့် သူအမြန်နောက်ဆုတ်ခဲ့သည်။ ဝိညာဉ်အာရုံဖြင့်ပင် မစူးစမ်းရဲတော့။ ဝိညာဉ်အာရုံဖြန့်လိုက်လျှင် သူ့ကိုဖမ်းဆီးဖို့ ဝူယော်ကိုအခွင့်အရေးပေးလိုက်သလို ဖြစ်သွားမည်။ စွန့်စားဖို့လုံးဝတမထိုက်တန်။

အရိပ်ထဲတွင် အိပ်စက်နေသည်က ပိုကောင်းသည်။ ခေတ်ကာလအမျိုးမျိုးမှ အိမ်မက်အမျိုးမျိုးစုဆောင်းသည်။ နောက်ဆုံးတွင် သူလည်း မသေမျိုးအဆင့်သို့ တက်နိုင်ရမည်။

သို့သော် မထင်မှတ်ဘဲ လမ်းတစ်ဝက်တွင် သူကျရှုံးသည်။ အကျဉ်းသားဖြစ်လာသည်။ ကိုယ့်ရုပ်ခန္ဓာကိုပင် ထိန်းသိမ်းမထားနိုင်တော့။

"ဝူယော်က မသေမျိုးဖြစ်လာတယ်ပေါ့"

ယွမ်ကျိ နည်းနည်းအံ့အားသင့်သွားသည်။ ထိုအတိုင်းသာမှန်လျှင် နောက်ထပ်မေးခွန်းတစ်ခုရှိလာသည်။

ဝူယော် မသေမျိုးဖြစ်လာသည်ဆိုလျှင် မဟာယုပျက်စီးပြီး မဟာရှားအစားထိုးဝင်လာသည်ကို ဘာကြောင့် ငြိမ်၍ကြည့်နေခဲ့သနည်း။

မဟာယု၏နောက်ဆုံးနေ့ရက်များတွင် တစ်ဘက်ခန်း၌ ပိတ်လှောင်ခံထားရသည့် လေဟာနယ်အရှင်သည် အင်အားအကြီးဆုံးဖြစ်ကြောင်း သူသိလိမ့်မည်။

မသေမျိုးဟူ၍ တစ်ယောက်မှမရှိ။ အတုမဲ့စွမ်းအားရှိသည့်ဝူယော်သည် မဟာယုသက်တမ်းကို ဆွဲဆန့်နိုင်စွမ်းရှိသည်။

သူဘာကြောင့်ထိုသို့မလုပ်ခဲ့သနည်း။

ထိုအခြေအနေမျိုးတွင် မလှုပ်ရှားခြင်းသည် အစီအစဉ်တစ်ခုခုရှိ၍သာဖြစ်မည်။။ ခဏငြိမ်နေခြင်းဖြစ်မည်။ ဝူယော်၏ရည်ရွယ်ချက်ကို မသိရ။

အရိပ်ထဲတွင် မသေမျိုးတစ်ယောက် လှည့်လည်လှုပ်ရှားနေခြင်းသည် မဟာရှားအတွင် သတင်းကာင်းမဟုတ်။ မသေမျိုးမပြောနှင့်။ ဤမသေမျိုးတစ်ဝက်နှစ်ယောက်ပင် မဟာရှားကို ပွက်လောရိုက်သွားအောင် ဒုက္ခပေးနိုင်သည်။

"ဝူယော်ရဲ့ အရိယဖလကဘာလဲ"

ရန်သူအကြောင်း သိထားဖို့လိုသည်။

"ဘာအရိယဖလလဲ ကျုပ်သေချာမသိဘူး။ သူ့အရိယဖလသန္ဓေအကြောင်းတော့ သိပါတယ်"

"ပြောပါဦး"

"ဖလှယ်မှုအရိယဖလသန္ဓေပါ။ တူညီတဲ့အလဲအလှယ်မျိုး စတေးမှုမျိုး လုပ်နိုင်ပါတယ်။ မှော်ပစ္စည်းလို ဝိညာဉ်သစ်ပင်လို ဒါမှမဟုတ် တစ်ချက်ကောင်းတိုက်ခိုက်စွမ်းအားလို ရုပ်ဒြပ်ရှိတာတွေနဲ့ လဲလှယ်လိုရသလို ရုပ်ဒြပ်မရှိတဲ့ ကံကြမ္မာစွမ်းအားမျိုးနဲ့လည်း လဲလှယ်လို့ရတယ်။ အသုံးချနိုင်တာတွေး အများကြီးရှိတယ်။

သန္ဓေအဆင့်ကနေ အရိယဖလအစစ်ဖြစ်လာရင် ဘယ်အတိုင်းအတာထိ သူသုံးနိုင်မလဲ ကျုပ်မပြောတတ်ဘူး"

"ဝူယော်က ဘယ်လိုပညာရပ်တွေ တတ်ထားလဲ"

"အများကြီးပဲ။ ထူးခြားတဲ့ပညာတွေပါ။ အိပ်မက်လောကထဲ ရောက်နေချိန်မှာတောင် ဒီပညာရပ်တွေသုံးပြီး ကျုပ်နဲ့ လေးငါးကြိမ်လောက် တိုက်ခိုက်နိုင်တယ်။

ဥပမာ မှော်ခြောက်ပါးပညာပေါ့။ သရဲတွေ ဝိညာဉ်တွေကို အမိန့်ပေးညွှန်ကြားနိုင်တယ်။ မကောင်းဆိုးဝါးနှင်တာတွေ အတိတ် ပစ္စုပ္ပန် အနာဂတ်ကိုကြည့်တာတွေ လုပ်နိုင်တယ်။

နောက်တစ်ခုက အရိပ်မဲ့ပညာ။ ဝိညာဉ်အဖြစ်မျိုးကိုပြောင်းနိုင်တယ်။ တိုက်ခိုက်မှုတွေအားလုံးမသက်ရောက်တော့ဘူး။ ဒီပညာရဲ့စွမ်းအားက သန့်စင်မသေမျိုးခန္ဓာရဲ့ ပြည့်ဝတဲ့အခြေအနေနဲ့ တန်းတူရှိတယ်။

ဗုဒ္ဓရဲ့ နတ်စွမ်းအားခြောက်ပါးပညာလည်း သူတတ်တယ်။ ကောင်းကင်မျက်လုံး၊ ကောင်းကင်နားနဲ့ ကောင်းကင်ခြေလှမ်းပညာတွေသုံးခဲ့တာ ကျုပ်မှတ်မိနေတယ်။

ကျန်တဲ့ပညာသုံးခုတော့ သူတတ်မတတ်မသိဘူး။...အဲ...မသေမျိုးသတ်ဓားစက်ဝန်းပညာလည်း သူသုံးနိုင်တယ်။ အသက်သွင်းလိုက်တာနဲ့ ဓားစက်ဝန်းထဲက သက်ရှိအားလုံး စက်ဝန်းစွမ်းအားကို မလွန်ဆန်နိုင်တော့ဘူး။

ဒီတိုက်ကွက်ထဲ အမှတ်မထင်ကျုပ်ကျသွားဖူးတယ်။ အတော်လေးစွမ်းအားကြီးတယ်။ ဒီဓားစက်ဝန်းကို ရှေးဟောင်းမသေမျိုးတွေရဲ့ ပညာရပ်ကိုအတုယူပြီး ဖန်တီးထားတာလို့ပြောတယ်။ နောက်ခံဇစ်မြစ်က တကယ်အံ့ဩစရာပဲ"

ယွမ်ကျိ "..."

....

အပြင်လောကတွင် ချန်ကျန်းတိုက်ပွဲသတင်းက တော်မီးပမာပျံ့နှံ့သွားသည်။

ချန်ကျန်းမြို့တော်ကြီး ပျောက်သွားခြင်း ပြန်ပေါ်လာခြင်းသည် ငြင်းမရသည့် ကိစ္စကြီးဖြစ်သည်။

ရှေးဟောင်းအဓိပဓိနှစ်ယောက်ပေါ်လာပြီး တိုက်ပွဲဖြစ်သည့်သတင်းကို ကြားသူတိုင်းထိတ်လန့်တုန်လှုပ်ကြသည်။

သမိုင်းမှတ်တမ်းထဲမှ စွမ်းအားကြီးပုဂ္ဂိုလ်များ မျက်စိရှေ့တွင် အရှင်လတ်လတ်ပေါ်လာသည်။ အချိန်နောက်ပြန်စီးသွားသလို ခံစားကြရသည်။ နားမလည်နိုင်အောင် ဖြစ်ကြသည်။ လူပေါင်းများစွာ စိတ်ဝင်စားကြသည်။

ထို့ပြင် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် လှုပ်ရှားခဲ့သည်။ ရန်သူနှစ်ယောက်ကို တစ်ကိုယ်တော်ရင်ဆိုင်သည်။ မသေမျိုးတစ်ဝက်အဆင့်ထက် သာလွန်သည့်စွမ်းအားကို ထုတ်ပြခဲ့သည်။

ခေါင်း‌ဆောင်ယွမ်သည် တကယ်မသေမျိုးအစစ်ဖြစ်နေသည်။

မသေမျိုးတို့၏ဗီဇစွမ်းရည်ကြောင့် တိုက်ပွဲအကြောင်းအသေးစိတ်ကို လူတိုင်းမမှတ်မိကြ။ သူ့ကိုယ်သူမိတ်ဆက်ပြီး ရှေးဟောင်းစွမ်းအားရှင်နှစ်ယောက်အား အနိုင်ယူခဲ့သည့် မှတ်ဉာဏ်လောက်သာ ကျန်ခဲ့သည်။

လမ်းမတိုင်း လမ်းသွယ်တိုင်း လက်ဖက်ရည်ဆိုင်တိုင်း ဝိုင်ဆိုင်တိုင်း ကျင့်စဉ်အဆင့်နည်းနည်းရှိသူများ ထိုအကြောင်းသာ ပြောနေကြသည်။

ချင်နှလုံးဝိုင်ဆိုင်သည် အနီးအနားမြို့တော်များထဲတွင် အကြီးဆုံးဝိုင်ဆိုင်ဖြစ်သည်။ နတ်ဝိညာဉ်အဆင့်စားဖိုမှူးက ဦးစီးသည်။

ပုံမှန်အားဖြင့် အစားအသောက်များ စားပွဲပေါ်ရောက်သည်နှင့် ဧည့်သည်များက ချက်ချင်းစားသောက်ကြသည်။

သို့သော်ယနေ့ အစားအသောက်မာျးရောက်လာသော်လည်း ထိုစားပွဲမှကျင့်ကြံသူများက ချန်ကျန်းကိစ္စကိုသာ အားတက်သရောဆွေးနွေးနေသည်။

"ချန်ကျန်းမှာဖြစ်ခဲ့တဲ့ကိစ္စအကြောင်း ကြားပြီးပြီလား။ တကယ်အကြီးအကျယ်ဖြစ်ခဲ့တာ"

"ဘယ်သူမကြားဘဲနေမလဲကွာ။ မသေမျိုးတစ်ဝက်နှစ်ယောက် တိုက်ခိုက်ကြတာမဟုတ်လား။ ရှေးဟောင်းမှတ်တမ်းတွေကို ရှာကြည့်ပြီး ပညာရှင်တစ်ယောက်က အတည်ပြုခဲ့တယ်။

အဲဒီ့နှစ်ယောက်က အိပ်မက်ဆိုးအဓိပဓိနဲ့ လေဟာနယ်အရှင်တဲ့"

ထိုနာမည်များကြားသည်နှင့် အခြေအနေမသိသေးသူများ အံ့အားသင့်သွားကြသည်။ သူတို့ရှေ့တွင်ချထားသည့်အစားအသောက်ကို အာရုံမစိုက်နိုင်ကြတော့။

"ဘုရား‌ရေ။ မဟာချန်ကို ဖျက်ဆီးခဲ့တဲ့ အိပ်မက်ဆိုးအရှင်ဆိုတာလား"

"လေဟာနယ်အရှင်ဆိုတာ ငါတို့ရှားနိုင်ငံဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့တဲ့လူမဟုတ်လား"

"ဟုတ်တယ်။ အဲဒီ့နှစ်ယောက်ပဲ။ သူတို့က ချန်ကျန်းမြို့တော်ကို တစ်ခြားလေဟာနယ်ဆီ ရွှေ့ပြောင်းတယ်။ ပြီးတော့ ဘာကြောင့်မှန်းတော့မသိဘူး။ သူတို့ တိုက်ခိုက်ကြတယ်။

ဝါရင့်ကူးဖြတ်ခြင်းအဆင့်ဖြစ်တဲ့ ချီတစ်ခုအရှင်တောင် သူတို့ကိုမယှဉ်နိုင်ဘူး"

"ဒါဆို သူတို့နှစ်ယောက်မှာ ဘယ်သူနိုင်သွားလဲ"

ဇာတ်ကြောင်းပြောသူက ပြုံး၍ခေါင်းခါသည်။ ဆက်မပြော။

"မင်းရဲ့မှော်ပစ္စည်း ငါ့ကိုနှစ်ရက်ငှားပါ"

နားထောင်သူက စိတ်မရှည်ဖြစ်နေသည်။ မှော်ပစ္စည်းကိုလည်းမငှားချင်။ ဇာတ်လမ်းကိုလည်း ဆက်နားထောင်ချင်သည်။

ခဏတုံ့ဆိုင်းနေပြီးနောက် အံတင်းတင်းကြိတ်၍

"ငှားမယ်ကွာ"

"ဘယ်သူမှမနိုင်ဘူး"

"ဒါ‌တော့ဘယ်လိုဖြစ်နိုင်မှာလဲကွ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းက ဝင်လာတယ်လေ"

"ကောင်းကင်ပဲဝါအရှင်လား။ အဓိပဓိနှစ်ယောက်ရဲ့တိုက်ပွဲကို တားနိုင်တဲ့လူဟာ မသေမျိုးပဲဖြစ်မှာ။ ဒီတော့ ကောင်းကင်ပဲဝါအရှင်ပဲဖြစ်မှာပေါ့"

ဤတစ်ကြိမ်တွင် ဇာတ်ကြောင်းပြောသူက ပဟေဠိမလုပ်တော့။

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယွမ်ပါ။ တိုက်ပွဲအကြောင်းအသေးစိတ်မသိရပေမယ့် ဂိုဏ်းချုပ်ယွမ်က နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတာတော့ သေချာတယ်"

စားပွဲဝိုင်းမှကျင့်ကြံသူများ အံ့အားသင့်လွန်းသဖြင့် ဘာပြောရမှန်းမသိဖြစ်နေသည်။

"ဘယ်လို...ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆို ဂိုဏ်းချုပ်ယွမ်က-"

"မသေမျိုးပါ"

"ဒါဆို ကောင်းကင်ရုံးတော်ဂိုဏ်းမှာ မသေမျိုးနှစ်ယောက်ရှိတဲ့သဘောပေါ့"

ကျင့်ကြံသူတစ်ယောက်က တံတွေးကိုကျိတ်မျိုနေသည်။

"အင်း...ရှေးဟောင်းခေတ်ကအဖွဲ့အစည်းပီသတယ်။ မသေမျိုးနှစ်‌ယောက်ကို တစ်ပြိုင်တည်းထုတ်ပြလိုက်တာပဲ"

"မှန်တာပေါ့။ အခု ကောင်းကင်ရုံးတော်ဂိုဏ်းက လက်ရှိမှာနံပတ်တစ်အဖွဲ့အစည်းလို့ လူတွေက ပြောနေကြပြီ"

ဆိုင်ထောင့်တစ်နေရာတွင် ဧည့်သည်သုံးယောက် အေးအေးလူလူလစားသောက်နေသည်။ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို မကြားသယောင်ရှိသည်။

"အကြီးအကဲ၊ စားလို့ကောင်းရဲ့လား"

ဝစီပိတ် သတိထား၍ မေးလိုက်သည်။ ချုန်းချီခေါင်းဆောင်က ကျန်းလျန်ယိကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။

ကျန်းလျန်ယိ နှုတ်ခမ်းကိုပဝါဖြင့်သုတ်၍ အတက်အကျမရှိသည့်လေသံဖြင့်

"သာမန်ပါပဲ။ ငါချက်ပြုတ်တဲ့အစားအသောက်လောက်မကောင်းဘူး"

ဝစီပိတ် စိတ်ထဲတွင် ကျိတ်၍ညည်းညူမိသည်။ ကျန်းလျန်ယိသည် သူတို့ကို ရိုက်နှက်ပြီးနောက် သူတို့သွားလေရာသို့ တောက်လျှောက်လိုက်နေသည်။ နှင်လည်းမထုတ်ရဲ။

လိမ်ညာလှည့်စားသည့်အလုပ်ကိုမလုပ်ရသည်မှာ အတော်ကြာပြီဖြစ်သည်။

သုံးယောက်ထဲတွင် ချုန်းချီခေါင်းဆောင်သာ 'ဂိုဏ်းချုပ်ယွမ်က မသေမျိုး'ဟူသည့်စကားကို အံ့ဩနေသည်။ ကျန်းလျန်ယိက ဂရုမစိုက်။ အလွန်အကျွံလည်း အာရုံမစိုက်ရဲ။

ယွမ်ကျိနှင့် 'သရေ'တိုက်ခိုက်ခဲ့ဖူးသူဖြစ်၍ ယွမ်ကျိ၏ ကျင့်စဉ်အဆင့်ကို သူကောင်းကောင်းသိသည်။

"ဆိုးတာပဲ။ အဲဒီတုန်းက အကိုလုနဲ့သာလိုက်သွားခဲ့ရင် မသေမျိုးတစ်ဝက်တစ်ယောက်နဲ့ ငါရင်ဆိုင်ခွင့်ရမှာ"

****************************************

All Chapters