← Chapters

လွန်မြောက်ခြင်းအဆင့်နှင့် သိမြင်ခြင်းအဆင့်

Vol. 46 Ch. 684

လွန်မြောက်ခြင်းအဆင့်နှင့် သိမြင်ခြင်းအဆင့်

Vol. 46 Ch. 684

သာယာသည့်ဗျတ်စောင်းသံက ငြိမ့်ညောင်းစွာ စီးဆင်းနေသည်။ စမ်းချောင်းတစ်ခု၏ ရေပွက်သံနှင့်ပမာတူသည်။ ပေါ့ပါးသွက်လက်သည်။ ခန္ဓာကိုယ်၏ စွမ်းအင်သွေးကြေားအားလုံးထဲတွင် ဖော်ပြ၍မရနိုင်အောင် သက်တောင့်သက်သာခံစားရသည်။

လုယန် မြက်ခင်း‌ပေါ်လက်နှစ်ဘက်ခေါင်းအုံး၍ လှဲနေသည်။ ပါးစပ်ထဲတွင် မြေခွေးမြီးမြက်ပင်တစ်ပင် ကိုက်ထားသည်။

အမသုံး၏ဗျတ်စောင့်သံကို နား‌ထောင်ရသဖြင့် ချန်ကျန်းခရီးစဉ်မှ ပင်ပန်းခဲ့သမျှအားလုံးနီးပါး ပြေပျောက်သွားသည်။

ဂီတသံနားထောင်ရင်း ပန်းကန်ထဲမှ ကြာစေ့တစ်စေ့ယူ၍ ပါးစပ်ထဲပစ်ထည့်သည်။

တစ်ခြားပညာရှင်တစ်ယောက်ယောက်ရှိနေလျှင် ထိုကြာစေ့များသည် နှစ်မွှာကြာစေ့ဖြစ်ကြောင်း သိပေလိမ့်မည်။ အမွှာမြစ်၏ မျက်နှာပြင်တွင် ထိုကြာပင်များ ဖုံးလွှမ်းနေသည်။ လုယန်က ကြားဖူးတစ်ချို့ဆွတ်ယူခဲ့သည်။

ကန်ထန်သည် ဂီတပညာတွင် တကယ်ကျွမ်းကျင်သည်။

လုယန်က ဂီတအကြောင်း သိပ်မသိ။ သံစဉ်များအကြောင်း စည်းဝါးနရီများအကြောင်း နားမလည်။ သို့သော် သာမန်လူတစ်ယောက်အနေဖြင့် နားထောင်သည်ကပင် သာယာနာပျော်ဖွယ်ရှိသည်ဟု ခံစားရသည်။

"အမသုံး၊ အခုတီးနေတဲ့ တေးသွားနာမည်ကဘာလဲ"

ကန်ထန် တီးခတ်မှုရပ်နားလိုက်သည်။ သူတို့ဘေးပတ်လည်တွင် တိတ်ဆိတ်ငြိ်သက်သွားသည်။

"ဒါက အမလျန်ယိပေးထားတဲ့ ရှေးဟောင်းတေးသွားတစ်ခုပါ။ "စမ်းချောင်းဘေးမှာနားခိုတဲ့ဖီးနစ်'လို့ခေါ်တယ်။

စမ်းချောင်းတစ်ခုဘေးမှာ အနားယူရင်း စိတ်ကူးရလို့ အမလျန်ယိက ဖန်တီးခဲ့တာတဲ့"

ကျန်းလျန်ယိသည် ကျောက်စိမ်းပုလွေကို လက်နက်အဖြစ်သုံးသည်။ ဂီတနယ်ပယ်တွင် ပြိုင်ဘက်ကင်းသည်။

အမြဲတမ်းပထမနေရာယူချင်သည့် နတ်မယ်ပင် ထိုအပိုင်းတွင် အရှုံးပေးရသည်။

"အမသုံးက ဆရာ့တပည့် ဘယ်လိုဖြစ်လာတာလဲ"

လုယန် စပ်စုလိုက်သည်။

ကန်ထန် သက်ပြင်းချသည်။

"ငါ့မိဘတွေက ရွှေသန္ဓေအဆင့်ပဲရှိတဲ့ ကျင့်ကြံသူတွေပါ။ ငါတို့ဂိုဏ်းအကြောင်း သိပ်မသိဘူး။ အရင်က ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲကို ငါတို့ဆရာစီစဉ်တာ။ ငါ့မှာ ထူးခြားတဲ့ပါရမီရှိတာမြင်လို့ သူ့တပည့်အဖြစ်လက်ခံခဲ့တာ။

အဲဒီတုန်းက ငါတို့ဆရာ ဘယ်လိုလူမျိုးလဲဆိုတာ မသိသေးဘူး။ ဂိုဏ်းချုပ်ဆိုတာပဲသိတာ။ ဂိုဏ်းချုပ်က တပည့်အဖြစ်လက်ခံမယ်ဆိုတာ ငါလည်းဆန္ဒရှိတာပေါ့။ ဒါပေမယ့် သင်ခန်းစာနှစ်ခုပဲပြီးသေးတယ်။ သင်ကြားတဲ့နေရာ ပြောင်းသွားတယ်။

"ဘယ်ကိုပြောင်းသွားတာလဲ"

"အကျဉ်းထောင်ကိုလေ။ အဲဒီတုန်းက အမယွမ်က တံခါးပိတ်ကျင့်နေတာ။ အကိုနှစ်က ဗုဒ္ဓနိုင်ငံကို ထွက်သွားပြီ။

ဒီတော့ အကျဉ်းထောင်ကိုပဲသွားပြီး ဆရာ့ဆီက သင်ကြားမှုခံယူရတယ်။ တကယ်ပင်ပင်ပန်းပန်းလေ့လာရတာပါ။ ထောင်ထဲကလူတွေက ငါ့ကိုမြင်တော့ လိမ္မာသိတတ်တဲ့သမီးဆိုပြီး ချီးကျူးကြတယ်။

အမယွမ်တံခါးပိတ်ကျင့်ရာက ထွက်လာတော့မှ သင်ကြားရေးကိစ္စ အဆင်ပြေသွားတာ"

"အမယွမ်က အမကို သင်ပေးတာလား"

ကန်ထန်ခေါင်းခါသည်။

"ဆရာ့ကို အာမခံနဲ့ထုတ်ပေးတာ။ အမယွမ်က ဂီတမကျွမ်းကျင်ဘူး။ ဒါကြောင့် ငါ့ကိုသင်မပေးနိုင်ဘူး"

"ဒါဆို ဆရာကျတော့ ဂီတကျွမ်းကျင်တယ်ပေါ့"

"ကျွမ်းကျင်တယ်။ ငါ့ထက်တောင် ပိုကျွမ်းတယ်။ ဓားကစားရင်း သီချင်းဆိုနိုင်တယ်။ အသံမျိုးစုံထုတ်နိုင်တယ်။ ဂီတတူရိယာအမျိုးမျိုးရဲ့ အသံတွေကို တုပနိုင်တယ်။

သူငယ်ငယ်က ပုံပြင်ပြောရင်း ဒီပညာတွေတတ်ခဲ့တာလို့ပြောတယ်။ ပုံပြင်ပြောရင်း ပိုအသက်ဝင်အောင် ဂီတနဲ့လည်း‌ ဖျော်ဖြေခဲ့တာတဲ့"

ဆရာဝစီပိတ် ထိုမျှအဆင့်မြင့်သည့်စွမ်းရည်မျိုးရှိမည်ဟု လုယန်ထင်မထားခဲ့။

ကန်ထန် ဗျတ်စောင်းဆက်တီးသည်။ လုယန်က နားထောင်သည်။ သို့သော် ငြိမ်းချမ်းနေသည့်သူ့စိတ်ကို နှောက်ယှက်သည့်အသံများပေါ်လာသည်။

"ငါလည်းဂီတကို နားမလည်ဘူးလို့ ဘယ်သူပြောလဲ"

နတ်မယ် အစာမကြေဖြစ်နေသည်။ လုယန်သူ့ကို အထင်သေးသည်ဟု ယူဆသည်။

"ငါတီးလိုက်တဲ့တေးသွားတွေဟာ လူတွေကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်"

"နတ်မယ်၊ ခင်ဗျားလည်း ဂီတပညာတတ်တယ်ပေါ့။ ခင်ဗျား တီးတာခတ်တာ ကျုပ်တစ်ခါမှ မကြားဖူးပါလား"

အမွှာမြစ်ကို ရှာနိုင်စွမ်းရှိသည့်အတွက် နတ်မယ်အပေါ် သူ့လေးစားမှုများ ယာယီမြင့်တက်နေသည်။

"ငါတီးခတ်တဲ့ဂီတကို နတ်ဝိညဉ်အဆင့်လောက်နဲ့ နားထောင်ဖို့မထိုက်တန်ဘူး။ ငါတေးသွားတီးခတ်တဲ့အချိန်ဆို မသေမျိုးရတနာတွေမသုံးဘူး။ တာအိုသန္ဓေစွမ်းအင်ကို တူရိယာကြိုးတွေအဖြစ် သုံးတယ်။

မိုးမြေတစ်ခုလုံး တုန်ခါအောင်လုပ်တယ်။ မဟာတာအိုအသံတွေ ဟိန်းထွက်နေအောင်လုပ်တယ်၊ ငါ့တေးသွားတွေက ခမ်းနားထည်ဝါတယ်။ ခေတ်အဆက်ဆက် အလေးအမြတ်ထားကြတယ်။

ငါ့တေးသွားကို နားထောင်တဲ့လူတိုင်း စိတ်လှုပ်ရှားပြီး တုန်ရင်လာကြတယ်"

လုယန်ပို၍ပင် စိတ်ဝင်စားလာသည်။

"ခင်ဗျားက ဘယ်လိုတီးခတ်တာလဲ"

"ခန္ဓာကိုယ်ဖောက်ခွဲလိုက်တာလေ"

"...နားထောင်သူတိုင်း တုန်ရင်လာတယ်ဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။...ဒါနဲ့ ခင်ဗျားလုပ်ကြံခံရတဲ့အချိန်မှာ ခန္ဓာကိုယ်ဖောက်ခွဲဖို့ အချိန်မရခဲ့ဘူးလား"

နတ်မယ်စိတ်ဓာတ်အရ ပထမဆုံးတွေးမိမည့်စိတ်ကူးက ခန္ဓာကိုယ်ဖောက်ခွဲဖို့သာဖြစ်မည်။ ရန်သူကိုလည်း ဒဏ်ရာရ‌အောင်လုပ်နိုင်သလို သူ့အသက်သူလည်း ကယ်တင်နိုင်မည်။

"အင်း...နင်ပြောမှပဲ တွေးမိတယ်။ ဟုတ်တယ်...ငါဘာလို့ခန္ဓာကိုယ်မဖောက်ခွဲခဲ့တာလဲ"

နတ်မယ်မျက်မှောင်ကျုံ့၍ ခေါင်းငုံ့စဉ်းစားနေသည်။ သို့သော် မှတ်ဉာဏ်အားလုံး ရှုပ်ထွေးနေသည်။

လျှို့ဝှက်ရန်သူသုံးသည့် နည်းလမ်းများကြောင့်လား ထိုအချိန်က သူတစ်ခုခုဖြစ်နေ၍လား သေချာမသိတော့။

"အမြင်ကတ်တယ်...အဲဒီတုန်းက ငါသာဒုက္ခမကြုံခဲ့ရင် မသေမျိုးထက်မြင့်တဲ့အဆင့်တစ်ခုကို ရောက်ခဲ့လောက်တယ်။

ကိုးဆမသေမျိုးက မသေမျိုးတွေထဲမှာ ပထမဆုံးဖြစ်ခဲ့တယ်။ အမှန်ဆို ငါအရင်ဆုံးဖြစ်ရမှာ"

ထိုအကြောင်းကြားသည်နှင့် လုယန်၏စိတ်များ တက်ကြွလာသည်။ ပါးစပ်ထဲမှကြာစေ့ကို ဝါးဖို့ပင် မေ့သွားသည်။

"ခင်ဗျားအရင်ကပြောဖူးတဲ့ မသေမျိုးတွေထက်မြင့်တဲ့ အဆင့်တစ်ခုကို တက်ဖို့လား။ ကြောင်းကျိုးဆက်စပ်မှုအားလုံးကိုဖြတ်တော်ပြီး ကျင့်စဉ်အဆင့်မြှင့်တာလား"

နတ်မယ် မျက်စောင်းထိုးသည်။

"အဲဒါက ကိုးဆမသေမျိုးတို့လက်ခံထားတဲ့ အတွေးအခေါ်ပါ။ ငါကတော့ ကြောင်းကျိုးဆက်ဆပ်မှုများများရှိလေ ကျင့်စဉ်အဆင့်မြင့်လေးပဲလို့ ယူဆတယ်။ ဒီနည်းလမ်းနဲ့ပဲ တကယ်အဆင့်တက်နိုင်မှာလေ။

ကိုးဆမသေမျိုးတို့ရဲ့အယူအဆအရဆို မသေမျိုးတွေရဲ့အထက်မှာ လွန်မြောက်ခြင်းအဆင့်ဆိုတာရှိတယ်။ ကြောင်းကျိုးဆက်စပ်မှုကံကြမ္မာတွေအားလုံးကနေ လွတ်ကင်းတယ်။ အရာအားလုံးကို လွန်မြောက်တယ်။

ငါ့အယူအဆအရတော့ မသေမျိုးတွေရဲ့အထက်မှာ သိမြင်ခြင်းအဆင့်ဆိုတာရှိတယ်။ လောကထဲကအရာအားလုံးနဲ့ ဆက်စပ်နေတယ်။ အားလုံးသိပြီး အားလုံးကိုလွှမ်းမိုးထားတဲ့ အခြေအနေပေါ့။ ငါ့ဉာဏ်ပညာနဲ့ ကွက်တိကျလိုက်ဖက်တဲ့ အဆင့်မျိုးပဲ"

လုယန် နတ်မယ်ကို ခေါင်းအစခြေအဆုံး အကဲခတ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သိစိတ်နယ်မြေမှ ခမ်းနားသည့်နန်းတော်က ပျောက်ကွယ်သွားသည်။ အပြင်အဆင်ရိုးရှင်းသည့် အခန်းတစ်ခုပေါ်လာသည်။

မသေမျိုးများအထက်မှ အဆင့်အကြောင်းရှင်းပြနေချိန်တွင် ဘေးဘယ်ညာလူးလှိမ့်ရင်း ပြောနေခြင်းဖြစ်သည်။ ဆံပင်များဖရိုဖရဲ၊ အဝတ်အစားများက တွန့်ကြေလျက် ရယ်ရင်းမောရင်း ပြောနေသည်။

'ဉာဏ်ပညာ' သို့မဟုတ် 'သိမြင်ခြင်း'ဟူသည့်စကားလုံးနှင့် ဘယ်လိုမှဆက်စပ်ကြည့်၍မရ။

နတ်မယ်က ခြေထောက်များကို လက်နှစ်ဘက်ဖြင့်ဆုပ်ကိုင်၍ ညည်းညူရင်းထထိုင်သည်။ ခန္ဓကိုယ်ကို ဘေးဘယ်ညာလွှဲယမ်းနေသည်။

"ငါ့ကျင့်စဉ်အတွေးအမြင်စာအုပ်သာရှိနေသေးရင် သိပ်ကောင်းမှာပဲ။ အရင်ကဘာတွေဖြစ်ခဲ့လဲဆိုတာ ငါမှတ်မိလာနိုင်တယ်။...ဒါနဲ့ စကားမစပ်၊ နင်အခု ပန်းကန်ပြားကိုကိုင်ပြီး မြန်မြန်ပြေးရင်ကောင်းမယ်။ ဒါမှ နင့်ပန်းကန်ထဲကကြာစေ့တွေ အလကားမဖြစ်မှာ"

နတ်မယ်က ကောက်ကာကင်ကာပြောသည်။

"ဘာကိုပြောနေတာလဲ"

ဗျတ်စောင်းသံ ရပ်သွားသည်။ ကန်ထန်က လုယန်ကို ရုတ်တရက်လှည့်ပြောသည်။

"မောင်လေး၊ ဒီနေရာကနေ မြန်မြန်ထွက်သွားတော့ ငါအဆင့်တက်တော့မယ်"

ထိုသို့ပြောနေစဉ်မှာပင် ကောင်းကင်ဂိတ်တောင်ထိပ်၌ တိမ်မည်းများစုဝေးလာသည်။ မိုးကြိုးသံသဲ့သဲ့စပေါ်လာသည်။

လုယန်နားလည်လိုက်သည်။ ကန်ထန် လေဟာနယ်သန့်စင်အဆင့်မှ နောက်တစ်ဆင့်တက်တော့မည်။ ယခုမြင်နေရသည့်လျှပ်စီးများက သူဆင့်ခေါ်လိုက်သည့် ကောင်းကင်ဆင်းရဲဖြစ်သည်။

နတ်ဝိညာဉ်အဆင့်သို့ရောက်ပြီးလျှင် နောက်ပိုင်းအဆင့်အားလုံး ကောင်းကင်ဆင်းရဲကို ဖြတ်ကျော်ရသည်။ ယင်ထန်မသေမျိုးချမှတ်ခဲ့သည့် စည်းမျဉ်းဖြစ်သည်။

ပြေးမှဖြစ်မည်။

ဘာမှထပ်မပြောတော့။ ကြာစေ့ပန်းကန်ကိုပင် မယူတော့ဘဲ တောင်အောက်သို့ အမြန်ဆင်းပြေးသည်။

"မသေမျိုးအတွေးအမြင်"စာအုပ်ကို ဖတ်ထားပြီးဖြစ်၍ ယခုချိန်တွင် သူအကြောက်ဆုံးက ကောင်းကင်လျှပ်စီးဖြစ်သည်။

သူမြန်ပါသည်။ သို့သော် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က သူ့ထက်ပင်ပိုမြန်သေးသည်။

"..."

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က တောင်ခြေသို့ရောက်ချိန်တွင် ရပ်သွားသည်။ လုယန်လည်း ရပ်လိုက်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ရပ်သည့်နေရာသည် စိတ်အချရဆုံးဖြစ်ကြောင်း သူနားလည်သည်။

"ဘာလို့ရုတ်တရက်ကြီး အဆင့်တက်တာပါလိမ့်"

လုယန်တွေးသည်။ နတ်မယ်ကရှင်းပြသည်။

"ရုတ်တရက်မဟုတ်ပါဘူး။ ဒီကောင်မလေးက လျန်ယိလက်ဆောင်ပေးတဲ့ "စမ်းချောင်းဘေးမှာနားခိုတဲ့ဖီးနစ်"တေးသွားကို တီးခတ်နေတာ။ ငါခန္ဓာကိုယ်ဖောက်ခွဲတဲ့နည်းလမ်းနဲ့မတူဘူး။ ဒီသံစဉ်က စိတ်ကိုငြိမ်းချမ်းစေတယ်။

လေဟာနယ်သန့်စင်အဆင့်မှာ ကျင့်စဉ်စွမ်းအားက မတည်ငြိမ်တော့ ဒီတေးသွားက သူ့အခြေအနေကို ထိန်းညှိဖို့ အကောင်းဆုံးပဲ။ သူကလည်း အဆင့်တက်နိုင်တဲ့အနေအထားကို ရောက်နေပြီးသားလေ။ ဒါကြောင့် ဒီလိုဖြစ်လာတာ မဆန်းပါဘူး"

********************************

All Chapters