← Chapters

သခင်စစ်ကန်ထန်

Vol. 46 Ch. 686

သခင်စစ်ကန်ထန်

Vol. 46 Ch. 686

ကန်ထန်လုံးဝထိန်းချုပ်မထား။ ဝစီပိတ်ကိုမြင်သည်နှင့် နတ်ဆိုးနယ်မြေမှာပင် မသုံးခဲ့သည့် မသေမျိုးကောင်းကင်မျက်လုံးစွမ်းအားကိုထုတ်လွှတ်သည်။

"ဘုန်း"

အတွင်းနတ်ဆိုးပုံရိပ်ဖြစ်သည့် တာအိုရှင်ဝစီပိတ် တုံ့ပြန်ချိန်မရလိုက်။ ကောင်းကင်မျက်လုံး၏ ရွှေအလင်းစွမ်းအားကြောင့် လက်တစ်ဘက်ပြတ်ထွက်သွားသည်။ တိုက်ခိုက်စွမ်းအား သိသိသာသာလျော့သွားသည်။

ကန်ထန်က အသာစီးရချိန်တွင် ဖိတိုက်သည်။ မျက်လုံးများက သွေးနီရောင်သန်းနေသည်။ ကောင်းကင်မျက်လုံးစွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးသည့်လက္ခဏာဖြစ်သည်။

ပိုသိပ်သည်းပြီး ပိုပြင်းထန်သည့် ရွှေရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ နတ်ဆိုးပုံရိပ်ဖြစ်သည့်ဝစီပိတ်က ဘေးသို့အမြန်လှိမ့်ရှောင်သည်။ ကန်ထန်က ဦးခေါင်းကိုလှည့်၍ အဆက်မပြတ်လိုက်သွားပြီး ခုန်အုပ်သည်။

"အဲ..."

အောက်ဘက်မှ လုယန်နှင့်မုန်ကျင်းကျိုးတို့ ပင့်သက်ကိုယ်စီရှိုက်မိကြသည်။

အမသုံးသည် လုံးဝအငဲ့အညှာမရှိ။

"အမသုံး နတ်ဆိုးနယ်မြေကို တစ်ကိုယ်တော်စွန့်စားရဲတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒီတိုက်ကွက်ကို ခုခံရဲမယ့် စုစည်းခြင်းအဆင့်တွေ များများမရှိလောက်ဘူးထင်တယ်"

"အဲဒါ ညီကိုးရဲ့တပည့်ဖြစ်ရတဲ့ အားသာချက်ပဲ"

သူတို့နောက်ဘက်မှ စတုတ္ထအကြီးအကဲက သက်ပြင်းချရင်းပြောသည်။

"အတွင်းနတ်ဆိုးဆင်းရဲကို ရင်ဆိုင်တဲ့အခါ လုံးဝတုန့်ဆိုင်းနေလို့မရဘူး။ အရင်က ယဲ့ဇီကျင်း ဖြတ်ကျော်ခဲ့သလိုပေါ့။ ဒါပေမယ့် မသေမျိုးတာအိုကောင်းကင်မျက်လုံးကလည်း တကယ်စွမ်းအားကြီးပါတယ်။ မသေမျိုးခန္ဓာရဲ့ထူးခြားစွမ်းရည်တွေနဲ့ တန်းတူအဆင့်ရှိတယ်။ အထင်သေးလို့မရဘူး"

အတွင်းနတ်ဆိုးဆင်းရဲသည် လူတစ်ယောက်၏ မိဘများကိုလည်း ထုတ်ပြလာနိုင်သည်။ သို့သော် ကန်ထန်၏မိဘများက ရွှေသန္ဓေအဆင့်သာရှိသဖြင့် စုစည်းခြင်းအဆင့်တက်သည့်အချိန် အတွင်းနတ်ဆိုးအဖြစ်ထုတ်ပြလျှင် ကန်ထန်အတွက် သင့်တော်သည့်စမ်းသပ်မှုမမည်တော့။

လုယန် "..."

ယခု သူ့အလှည့်ရောက်လျှင် အတွင်းနတ်ဆိုးဆင်းရဲထဲတွင် သူ့ဆရာပေါ်လာမည်ကိုမကြောက်ပါ။ ပေါ်လာသည့်လူက သူ့ဆရာမဟုတ်မည်ကိုသာ ကြောက်သည်။

"ညီမသုံးရဲ့အတွင်းနတ်ဆိုးဆင်းရဲက မောင်လေးနှစ်နဲ့ အတူတူပဲ။ ငါတို့ဆရာပဲ"

ယွမ်ကျိစကားသံက ဘေးတွင်ကပ်၍ ပေါ်လာသဖြင့် လုယန်လန့်သွားသည်။

"အမယွမ်၊ ဘယ်တုန်းက ဒီကိုရောက်လာတာလဲ"

ယွမ်ကျိက သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။

"ညီမသုံးကောင်းကင်ဆင်းရဲဖြတ်ကျော်နေလို့ ငါထွက်ကြည့်တာ ဘာဆန်းလို့လဲ"

"မသေမျိုးတစ်ဝက်နှစ်ယောက်အတွက် ပြစ်ဒဏ်သတ်မှတ်ပြီးပြီလား"

"မသတ်မှတ်ရသေးဘူး။ ဒီနှစ်ယောက်က လျှို့ဝှက်ချက်တွေအများကြီးသိထားတယ်။ သူတို့ကိုစစ်ဆေးမေးမြန်းတာ အချိန်အတော်ကြာဦးမှာ။ ဒါပေမယ့် အများကြီးတိုးတက်လာပါပြီ။ မင်းသင်ထားတဲ့ မသေမျိုးဓားစက်ဝန်းရဲ့ မူလပိုင်ရှင်ကိုသိပြီလေ"

"ဘယ်သူလဲ"

လုယန်မှတ်မိသလောက် ဓားစက်ဝန်းပိုင်ရှင်ကို သတ်ခဲ့သူမှာ ယွမ်ကျိဖြစ်သည်။

ထိုအချိန်က အခြေအနေများအရ အရှင်ဖမ်းဖို့လည်း ခက်ခဲသည်။ ထို့ကြောင့် အသေသတ်လိုက်သည်။ ဓားစက်ဝန်းပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မခွဲခြားနိုင်လိုက်။

"ပထမယုအင်ပါယာ ဝူယော်ပါ"

"ဘယ်လို"

လုယန်မင်သက်မိသွားသည်။

လုယန်သေချာမကြားလိုက်ဟုယူဆသဖြင့် ယွမ်ကျိ ထပ်ပြောသည်။

"ပထမယုအင်ပါယာ ဝူယော်"

လုယန် ကြားပါသည်။ နားမလည်ခြင်းသာဖြစ်သည်။

မဟာယုနိုင်ငံတည်ထောင်ခဲ့သည့် ဘိုးဘေးကို ယွမ်ကျိက လူမသိသူမသိသတ်လိုက်သည်။

ထိုဘိုးဘေးသည် ကိုယ့်ကိုယ်ကို မသေမျိုးဟု ခေါ်ရသည်ကို မရှက်လေသလော။

ထာဝရနတ်မယ်သည်ပင် သူ့ထက်ပိုစွမ်းအားကြီးသေးသည်။

"အကိုလု၊ အကိုမုန်၊...မတွေ့ရတာကြာပြီနော်"

အပျော်ရိပ်သန်းနေသည့်စကားသံ ထွက်လာသည်။

နှစ်ယောက်သား လှည့်ကြည့်သည်။

ထောင်ယော်ယဲ့ဖြစ်သည်။

"ဟုတ်တယ် ညီမထောင် မတွေ့ရတာတကယ်ကြာပြီပဲ"

တကယ်လည်းကြာခဲ့သည်။ နတ်ဆိုးနယ်မြေသို့သွားသည့်အချိန်မှ ချန်ကျန်းမြို့တော်တွင် တိုက်ပွဲဖြစ်သည့်အချိန်အထိ ခြောက်လကျော်ကြာသည်။ အချင်းချင်းမတွေ့ဖြစ်ကြ။

ကျင့်ကြံသူတို့သည် နှစ်ကာလများကုန်လွန်သွားသည်ကို မသိကြဟူသည့်စကားသည် အပြောသက်သက်မဟုတ်။

ထောင်ယော်ယဲ့က ပို၍ပင်လှလာသည်။ ကျောက်စိမ်းရုပ်ထုတစ်ခုလို ကြွကြွရွရွရပ်နေသည်။ နူးညံ့သည့်သူ့အပြုံးက ဆွဲ‌ဆောင်မှုရှိသည်။ ဘုံကြိုးပြတ်သည့် နတ်သမီးတစ်ယောက်ဟု ထင်ရသည်။

ရုပ်ရည်တစ်ခုတည်းကပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။

"ညီမရဲ့ ငှက်အသွင်းပြောင်းမသေမျိုးခန္ဓာကျင့်ကြံတာ တိုးတက်လာပြီလား"

နတ်ဆိုးနယ်မြေသို့မသွားမီ ထောင်ယော်ယဲ့ကို လုယန်သွားဖိတ်ခေါ်ခဲ့သည်။ သို့သော် မသေမျိုးခန္ဓာကျင့်ကြံမှု အရေးကြီးသည့်အချိန်သို့ရောက်နေသဖြင့် မလိုက်နိုင်ခဲ့။

ယခု ကျင့်ကြံမှုအောင်မြင်သွားဟန်ရှိသည်။ နတ်ဝိညာဉ်အဆင့်သို့လည်း ရောက်လာသည်။ ဟန်ပန်အမူအရာအားလုံး အရင်နှင့်မတူတော့။

လုယန်စကားကြောင့် ထောင်ယော်ယဲ့ပျော်သွားသည်။ သူ့မျက်ဝန်းနှစ်ခုက လခြမ်းကွေးအသွင်ပြောင်းသွားသည်။

"ဟုတ်တယ်"

လုယန်နတ်ဆိုးနယ်မြေမှပြန်လာပြီဟုကြားစဉ်က သူတွေ့ချင်ခဲ့သည်။ သို့သော် အခွင့်မသာခဲ့။ ယခု ကန်ထန်အဆင့်တက်ချိန်ရောက်မှ ဂိုဏ်းတပည့်အားလုံးဆုံဖြစ်သည်။ လုယန်ကိုတွေ့ခွင့်ရလာသည်။

ငှက်အသွင်ပြောင်းခန္ဓာသည် အနာဂတ်မှစွမ်းအားငှားယူသုံးစွဲနိုင်သည့် မသေမျိုးခန္ဓာအမျိုးအစားတစ်ခုဖြစ်သည်။

စွမ်းအားငှားယူချိန်တွင် ခန္ဓာကိုယ်အသွင်ပြောင်းလာမည်။ မသေမျိုးတစ်ယောက်လို သန့်စင်ကြည်လင်လာမည်။

ကျင့်ကြံမှုစနစ်စတည်ထောင်ချိန်တွင် ငှက်မသေမျိုးခန္ဓာပိုင်ရှင်များသည် အနာဂတ်မှအလင်းရောင်ငှားယူသုံးစွဲပြီး ငှက်မွှေးများဖန်တီး၍ မသေမျိုးကဲ့သို့ဖြစ်လာကြသည်။

ထို့ဖြစ်စဉ်ကို 'ငှက်မသေမျိုးအဆင့်တက်သည်'ဟုခေါ်သည်။ ထိုမှတစ်ဆင့် ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာဟူသည့်နာမည်တွင်လာသည်။

သို့သော် အသွင်ပြောင်းဖြစ်စဉ်သည် ပေးဆပ်ရသည့်တန်ကြေးတစ်ခုရှိသည်။ အသွင်ပြောင်းပြီးနောက်ပိုင်း အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းနေမည်။ အနာဂတ်ခန္ဓာကိုယ်လည်း အားနည်းမှုကြုံရမည်။

ထိုအနာဂတ်ကာလတွင် တိုက်ပွဲတစ်ခုခုနှင့်ကြုံလျှင် သေချာပေါက်သေလိမ့်မည်။ ထို့ကြောင့်လည်း ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာပိုင်ရှင်တို့သည် သူတို့စွမ်းအားကို တော်ရုံထုတ်မသုံးကြ။

"ဒီကောင်မ‌လေးရဲ့ပါရမီက မဆိုးဘူး။ ငါကြုံဖူးတဲ့ ငှက်အသွင်ပြောင်းခန္ဓာပိုင်ရှင်ထက် ပိုအားကောင်းလောက်တယ်"

ထာဝရနတ်မယ်က တွေးတွေးဆဆပြောသည်။

"နတ်မယ်၊ ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာပိုင်ရှင်နဲ့ ခင်ဗျားကြုံဖူးတယ်ပေါ့"

သဘာဝကျသည်ဟု လုယန်တွေးမိသည်။ ရှေးဟောင်းခေတ်သည် ပါရမီရှင်များ ပေါများသည်။ ရုပ်ခန္ဓာအမျိုးအစားပေါင်းစုံ ပေါ်ထွက်ခဲ့ပေလိမ့်မည်။

"ကြုံဖူးတာပေါ့။ အဲဒီ့လူက တော်ဝင်မြေတစ်ခုက သူတော်စင်အမွေခံလေ။ သူ့နာမည်တော့ မေ့နေပြီ။ မျက်နှာလေးလှပေမယ့် စည်းမဲ့ကမ်းမဲ့လူပါ။ အဲဒီတုန်းက ငါနာမည်ကျော်နေတာကို သူမနာလိုဖြစ်တယ်။ ငါ့ကိုအသုံးချပြီး နာမည်ရဖို့ သူကြိုးစားတယ်။

နောက်ဆုံးတော့ သူ့ကိုယ်သူအထင်ကြီးလွန်းနေတာ အဖြေပေါ်သွားတယ်။ ငါ့ကို အပြတ်အသတ်ရှုံးသွားတယ်လေ။ ငါ့ကိုမနိုင်မှန်းသိတော့ စိတ်ပျက်ပြီး သူ့ငှက်မသေမျိုးခန္ဓာကို အသက်သွင်းတယ်။ သူ့အနာဂတ်ကနေ စွမ်းအားယူသုံးတယ်။ သူ့ကျင့်စဉ်အဆင့်က နတ်ဝိညာဉ်အဆင့်ကနေ လေဟာနယ်သန့်စင်အဆင့်ထိ ထိုးတက်သွားတယ်လေ"

လုယန် "..."

နတ်မယ်ဆက်မပြောလည်း ဆက်ဖြစ်မည့်အခြေအနေကို လုယန် အကြမ်းဖျင်းခန့်မှန်းနိုင်ပါသည်။

(။။လေဟာနယ်သန့်စင်အဆင့်သည် ကျင့်စဉ်အဆင့်မတည်ငြိမ်)

သူတို့စကားပြောနေစဉ် အတွင်းနတ်ဆိုးပုံရိပ်ဖြစ်သည့် တာအိုရှင်ဝစီပိတ်ရှုံးသွားသည်။ ကောင်းကင်ဆင်းရဲ ပျောက်ကွယ်သွားသည်။ ကန်ထန်၏ကျင့်စဉ်အဆင့်လည်း စုစည်းခြင်းအဆင့်တွင် တည်ငြိမ်သွားသည်။

စုစည်းခြင်းအဆင့်သို့ရောက်သည့် မျိုးဆက်တူတပည့်များကြားတွင် ငါးယောက်မြောက်တပည့်ဖြစ်လာသည်။

လူအုပ်ကြီးက သူ့ကိုဝိုင်းချီးကျူးကြသည်။

တိုင်ပုဖန်လည်း ရှေ့ထွက်လာပြီး လက်နှစ်ဘက်ဆုပ်ဂုဏ်ပြုသည်။

"ဂုဏ်ယူပါတယ်ညီမကန်ထန်၊ အခုချိန်ကစလို့မင်းကို သခင်စစ်ကန်ထန်လို့ ခေါ်လို့ရပြီပေါ့"

"ညီမကန်ထန်က တကယ်ထူးခြားတာပဲ"

"အမကန်က အရမ်းအံ့ဩစရာကောင်းပါတယ်"

"အမမျက်လုံးတွေက အရမ်းတောက်ပနေတယ်"

ကန်ထန်က တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားဆိုသည်။ ပလွှားခြင်း၊နှိမ့်ချခြင်းမရှိ။

ယွမ်ကျိက ကန်ထန်ရှေ့တွင်လာရပ်သည်။

"ကဲ၊ညီမသုံးက အဆင့်တက်ပြီးစဆိုတော့ သူ့စိတ်တွေတည်ငြိမ်ဖို့လိုတယ်။ ကျင့်စဉ်အခြေခံခိုင်မာအောင်လုပ်ဖို့လည်းလိုတယ်"

သူ့စကားသံက ငြင်သာသော်လည်း ဘယ်သူမှ မငြင်းဆန်ရဲ။

အားလုံးက ဂုဏ်ပြုစကားပြောပြီးနောက်ပြန်သွားကြသည်။

ကန်ထန်အဆင့်တက်သည့်ကိစ္စ အမှားအယွင်းမရှိချောမွေ့သဖြင့် အကြီးအကဲများလည်း ပြန်သွားသည်။

ကောင်းကင်လျှပ်စီး ပြီးဆုံးသွားသဖြင့် မြစ်ဝိညာဉ်လည်း ဟ,ထားသည့် အကာအကွယ်မှော်စက်ဝန်းကို ပြန်ပိတ်သည်။

"ဒီဗျတ်စောင်းကိုနှမျောလိုက်တာ"

မဲတူးနေသည့် ဗျတ်စောင်းကိုပွတ်သပ်လျက် ကန်ထန် ရင်ထုမနာဖြစ်နေသည်။

အတွင်းနတ်ဆိုးဖြတ်ကျော်နေစဉ်အတွင်း ထိုဗျတ်စောင်းအကြိမ်ရေအတော်များများအထိနာခဲ့သည်။ ကြိုးများ လုံးဝပြတ်ထွက်သွားသည်။

"စိတ်မပူပါနဲ့၊ အခုနင်လည်း ကူးဖြတ်ခြင်းအဆင့်ကိုရောက်ပြီဆိုတော့ သင့်တော်တဲ့ပစ္စည်းရှာပြီး ဗျတ်စောင်းအသစ်တစ်ခု လက်ဆောင်ပေးပါ့မယ်"

ယွမ်ကျိက အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။

မသေမျိုးတစ်ဝက်အရှင်နှစ်ယောက်က သူတို့ရတနာတိုက်များ၏ တည်နေရာကိုပြောပြခဲ့သည်။ မသေမျိုးတစ်ဝက်တစ်ယောက်၏ ပိုင်ဆိုင်မှုက တကယ်များသည်။ ထိုပိုင်မှုများထဲတွင် ဗျတ်စောင်းဖန်တီးဖို့သင့်တော်သည့် ကုန်ကြမ်းများ ဧကန်ရှိနေလိမ့်မည်။

အမှန်တော့ ဗျတ်စောင်းလုပ်ဖို့ အကောင်းဆုံးကုန်ကြမ်းပစ္စည်းက အချိန်မသေမျိုး(လောကသစ်ပင်)ဖြစ်သည်။ သို့သော် ကြီးမြတ်သည့်ထိုပုဂ္ဂိုလ်မျိုး၏ရုပ်ခန္ဓာကို အသုံးပြုလျှင် မလေးစားရာရောက်သည်ဟု ယွမ်ကျိယူဆသည်။ ထို့ကြောင့် သူထုတ်မပြောတော့။

**************************************

All Chapters