← Chapters

ဂိုဏ်းချုပ်ချီ

Vol. 46 Ch. 689

ဂိုဏ်းချုပ်ချီ

Vol. 46 Ch. 689

သတင်းအစီရင်ခံစာကိုကြည့်ပြီးနောက် တည်ငြိမ်သယောင် ဟန်ဆောင်နေသော်လည်း ဂိုဏ်းချုပ်ချီတာဖုန်းစိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသည်။

လက်စသပ်တော့ အသားကင်ဆိုင်တွင် သူတွေ့ဆုံခဲ့သည့် ဂိုဏ်းချုပ်ယွမ်က မသေမျိုးအစစ်ဖြစ်နေသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းတွင် မသေမျိုးနှစ်ယောက်ရှိနေသည့်သ‌ဘောဖြစ်သည်။

သွေးခွဲဖို့ကြိုးစားခြင်းသည် အကျိုးမရှိနိုင်။ ပေါ်တင်လက်တွဲဖို့သာ ကြိုးစားရမည်။

ယခု ကိုးငရဲဂိုဏ်းကလည်း အသားကင်ဆိုင်လုပ်ငန်းကိုသာ အဓိကလည်ပည်နေသဖြင့် မဟာရှားက အာရုံမစိုက်တော့။ မကြာခဏဆိုသလို နေမင်းဂိုဏ်းကို ခြေရာခံမိလုနီးပါးအခြေအနေမျိုး ကြုံနေရသည်။

ထိုအတိုင်းဆက်သွားလျှင် တစ်နေ့နေ့တွင် မဟာရှားလက်တွင်းသို့ သက်ဆင်းရလိမ့်မည်။

ဂိုဏ်းချုပ်က အစီရင်ခံစာကို ကော်ပီများပွား၍ အကြီးအကဲများကို ဝေပေးသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏စွမ်းအားကို လက်တွေ့နားလည်အောင်ပြသည်။

မသေမျိုးနှစ်ယောက် ကြီးကြပ်မှုရှိနေလျှင် မဟာရှားကို သူတို့အလွယ်တကူပြောင်းပြန်လှန်ပစ်နိုင်သည်။ လက်ရှိနတ်ဆိုးဂိုဏ်းသည် မဟာရှားကလိုက်ဖမ်းခံနေရသည့် အခြေအနေဖြစ်သည်။

ဤနေမင်းဂိုဏ်းအကြီးအကဲများသည်လည်း ဂိုဏ်းချုပ်ယွမ်၏စွမ်းအားကို ကြောက်လန့်နေကြသည်မှာထင်ရှားသည်။ ထိုပုဂ္ဂိုလ်မျိုးကိုဆန့်ကျင်ဖို့ သူတို့အရည်အချင်းမရှိ။

အကြံအစည်ထုတ်ခွင့်မရမီ အပြတ်ရှင်းခံရနိုင်သည်။ သူတို့ဝိညာဉ်များပင် ကျန်ရစ်ခဲ့မည်မဟုတ်။

"နောက်ထပ်မသေမျိုးတစ်ယောက်တဲ့လား။ ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းက တကယ်ကြောက်စရာကောင်းတာပဲ"

"ဖီးနစ်ဘိုးဘေးကိုမှတ်မိလား။ သူက တော်ဝင်ကာကွယ်သူလေးယောက်ထဲကတစ်ယောက်ပဲ။ ဒီတော့ တစ်ခြားသုံးယောက်လည်း မသေမျိုးတစ်ဝက်အဆင့်တွေပဲဖြစ်မယ်"

"ကိုးငရဲဂိုဏ်းကနေ သတင်းကြားထားတယ်။ ရှေးဟောင်းကောင်းကင်ရုံးတော်ရဲ့ ရန်သူတွေက ရှေးဟောင်းမသေမျိုးလေးယောက်တဲ့။ သူတို့စကားသာအမှန်ဆိုရင် ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ဝှက်ဖဲတွေအများကြီးရှိလောက်သေးတယ်"

"ဒါဆို ငါတို့က ကောင်းကင်ရုံးတော်ဂိုဏ်းလက်အောက်မှာ ခိုလှုံရမှာလား။ ဒါတော့ သိပ်မဟုတ်သေးဘူး။ သူတို့စွမ်းအားကြီးရုံနဲ့ ငါတို့ဂိုဏ်းရဲ့အခြေခံအင်အားကို သူတို့ဆီလွှဲပေးလိုက်ရတော့မှာလား"

"သူတို့က နေမင်းစွမ်းအားကို ယုံကြည့်လို့လား။ လူတွေအားလုံးနေမင်းစွမ်းအားကို ယုံကြည်လာအောင် သူတို့က ဝါဒဖြန့်ပေးနိုင်လို့လား"

"ငါတို့ဘာမှလွှဲမပေးပါဘူး။ အကာအကွယ်ရှာရုံလောက်ပါပဲ။ မင်းထင်သလောက်ကြီး အလေးအနက်မဟုတ်ဘူး"

"အလေးအနက်မဟုတ်ဘူးတဲ့လား။ အချိန်ကျလာတဲ့အခါ ငါတို့ဘာမှပြောခွင့်မရမှာပဲ စိုးရိမ်တယ်"

ဂိုဏ်းထိပ်သီးများ အကျိတ်အနယ်ဆွေးနွေးနေသည်။ ခံယူချက်ကိုယ်စီ စွဲကိုင်ထားသည်။ တစ်ခြားလူကို အလျှော့မပေးကြ"

ဝါအရင့်ဆုံးဂိုဏ်းအကြီးအကဲက မုတ်ဆိတ်ကိုသပ်လျက် ဖြေးညှင်းစွာပြောသည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းက စွမ်းအားကြီးတာမှန်တယ်။ ဒါပေမယ့် ငါတို့က သူတို့နဲ့သဘောအတိုင်းလိုက်ရမယ်လို့ မဆိုလိုဘူးလေ။ နေမင်းဂိုဏ်းဟာ သူ့ဂုဏ်မာနနဲ့သူရှိတယ်။ တစ်ခြားလူလက်အောက်မှာ ဘယ်လိုနေနိုင်မှာလဲ။

သူတို့ဂိုဏ်းလက်အောက်မှာ ခိုဝင်လိုက်ရင် သူတို့ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်။ ဒါမှမဟုတ် သူတို့အသုံးချခံတွေပဲ ဖြစ်လာမယ်"

သူ့စကားကို လူအတော်များများသဘောတူသည်။

"ဟုတ်တယ်။ ငါတို့ကံကြမ္မာကို တစ်ခြားလူတွေလက်ထဲ အပ်လိုက်လို့မဖြစ်ဘူး"

"ပြီးတော့ ငါတို့က အကျိုးရလာဒ်ပေါ်အောင်စွမ်းဆောင်ပြီး တစ်လောကလုံး နေမင်းစွမ်းအားကို ယုံကြည်အောင်လုပ်နိုင်ရင် ရှေးဘိုးဘေးတွေရဲ့လမ်းစဉ်အတိုင်း ယုံကြည်မှုစွမ်းအားနဲ့ နေမင်းကိုအသက်ဓာတ်အားဖြည့်ပေးနိုင်မှာပဲ။

ငါတို့ကိုကာကွယ်မယ့် နေမင်းနတ်ဘုရားရှိလာတဲ့အချိန်ရောက်ရင် ငါတို့ဂိုဏ်းလည်း ကောင်းကင်ရုံး‌တော်ဂိုဏ်းထက် စွမ်းအားမလျော့နိုင်ပါဘူး"

နေမင်းဂိုဏ်းကို တည်ထောင်ခဲ့သည့်ဘိုးဘေးသည် သမိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ရှေးဟောင်းမသေမျိုးလေးယောက်ထက်ပင် ရှေးကျသည့်ခေတ်က ရှေးမျိုးဆက်တို့သည့် ကျင့်စဉ်စနစ်များကို စူးစမ်းခဲ့သည်။ ဒြပ်ဝတ္ထုဖြစ်တည်မှုများကို 'နတ်ဘုရား'များအဖြစ် ကိုးကွယ်ယုံကြည်ခဲ့ကြသည်။

ထို့မှတစ်ဆင့် 'နတ်အသွင်ပြောင်းသည့်အဆင့်'သို့ တိုးတက်သွားသည်။

ထိုစဉ်ကတည်းက နေမင်းဂိုဏ်းသည် နေမှတစ်ဆင့် စွမ်းအားရယူနိုင်ဖို့ ရည်မှန်းချက်ချခဲ့သည်။ နေမင်း၏ဂုဏ်သရေကိုဖြန့်ကျက်ပြီး လူအားလုံး နေမင်းကိုယုံကြည်လာအောင်လုပ်ဖို့ ကြိုးစားသည်။ နေမင်းကို နတ်ဘုရားအစစ်တစ်ပါးအသွင်ပြောင်းဖို့ ကြိုးစားခဲ့သည်။

ထိုအချက်သည် ယုတ္တိတော့ကျသည်ဟု ဂိုဏ်းချုပ်ချီက ယူဆသည်။

"ငါတို့ ဒီကိစ္စကို ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုတော့ တစ်ဆင့်လျှော့ပြီးလုပ်ကြတာပေါ့။ အမွေခံသူတော် လုန်ကျင်းကျိုးနဲ့ဆက်သွယ်ပြီး ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ရင်းနှီးမှုရအောင် ကြိုးစားမယ်လေ။ ဘယ်လိုသဘောရကြလဲ"

ဂိုဏ်းထိပ်သီးများအားလုံး ထိုအဆိုပြုချက်ကို လက်ခံကြသည်။

စည်းဝေးပွဲပြီးသွားပြီးနောက် ဂိုဏ်းချုပ်ချီ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီသောက်ရေးမပါတဲ့ ဂိုဏ်းချုပ်တာဝန်က ဘယ်အချိန်ကျမှအဆုံးသတ်မလဲမသိဘူးကွာ"

တစ်ချိန်က သူသည် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ ညဘက်တွင် လနှင့်ကြယ်များကြည့်ရသည်ကို သူနှစ်ခြိုက်သည်။ သို့သော် တစ်ချိန်ကသူ့ကျင့်စဉ်အဆင့် နိမ့်လွန်းသဖြင့် သေခြာရှင်းလင်းအောင် မကြည့်နိုင်ခဲ့။

မှန်ဘီလူးခုံးနှစ်ခုဖြင့်ကြည့်လျှင် အရာဝတ္ထုများ ပိုကြီးလာကြောင်း သူတွေ့ရှိခဲ့သည်။

ထိုတွေ့ရှိချက်ပေါ်အခြေခံ၍ ကြယ်များကိုရှင်းလင်းစွာမြင်နိုင်သည့် အဝေးကြည့်မှန်ပြောင်း(တယ်လီစကုတ်)ကို တီထွင်နိုင်ခဲ့သည်။

မူပိုင်ခွင့်လျှောက်ပြီးနောက် နေလကြယ်တာရာများကိုစိတ်ဝင်စားသည့် အဖွဲ့တစ်ခုအကြောင်းသူကြားသည်။ ထိုအဖွဲ့နှင့်ဆက်သွယ်ဖို့ သူခြေရာခံစုံစမ်းသည်။

အဖွဲ့အစည်းထဲဝင်ပြီးနောက်မှ နတ်ဆိုးဂိုဏ်းတစ်ခုဖြစ်မှန်း သိလိုက်ရသည်။

အစက ခပ်လျှိုလျှိုဖြင့် အေးအေးလူလူနေထိုင်ဖို့ သူရည်ရွယ်ခဲ့သည်။ သို့သော် ဂိုဏ်းထိပ်သီးများက တယ်လီစကုတ်ကို သူတီထွင်ခဲ့ကြောင်းသိသွားသည်။ ကျင့်စဉ်လမ်းအတွက် ပါရမီရှိသူဟု ယူဆကြသည်။

သူ့ကိုချက်ချင်းရာထူးတိုးပေးသည်။ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ဂိုဏ်းအကြီးအကဲတစ်ယောက်ဖြစ်လာသည်။

အကြီးအကဲဖြစ်ပြီးနောက်တွင်လည်း ရေလိုက်ငါးလိုက်နေဖို့သာ တွေးခဲ့သည်။

သို့‌သော် ဂိုဏ်းချုပ်ရာထူးရွေးသည့်အချိန်တွင် မထင်မှတ်ဘဲ သူထောက်ခံမဲအများဆုံးရသည်။ ပြောင်နေသည့်သူ့ဦးခေါင်းသည် နေမင်းနှင့်အလားသဏ္ဌာန်တူသည်ဟု အားလုံးကယူဆသောကြောင့်ဖြစ်သည်။

ဂိုဏ်းချုပ်ရာထူးလည်း သိပ်မဆိုးလှဟု သူဖြေတွေးတွေးခဲ့ပါသည်။ အနည်းဆုံးတော့ ဘယ်သူမှသူ့ကိုဆရာမလုပ်ကြ။

သို့သော် နောက်ပိုင်းတွင် ထိုရာထူးသည် ချောက်နက်ကြီးတစ်ခုဖြစ်ကြောင်းနားလည်လာသည်။ ကြားကောင်းအောင်သာ ဂိုဏ်းချုပ်ဟုခေါ်ခြင်းဖြစ်သည်။ ရိုင်းရိုင်းပြောလျှင် ယာဇ်ပူဇော်ခံရခြင်းဖြစ်သည်။

နေမင်းအကြောင်းလေ့လာမှု မအောင်မြင်ခြင်း၊ ရှားနိုင်ငံက သူတို့အမာခံစခန်းများကိုဖြိုချခြင်း၊ စသည့်အခက်အခဲများကြုံတိုင်း ထိုဖြစ်စဉ်တို့ကို နေမင်းနတ်ဘုရားကပြစ်ဒဏ်ခတ်သည်ဟု ဂိုဏ်းထိပ်သီးများကယူဆသည်။ ဂိုဏ်းချုပ်ကို ကောင်းကင်သို့ ယာဇ်ပူဇော်ဖို့ တောင်းဆိုသည်။

ယာဇ်ပူဇော်ခြင်းဆိုသည်က နေမင်းကို သုံးလေးကြိမ်ရှိခိုးဦးခိုက်ရုံလောက်ကို မဆိုလို။ ဂိုဏ်းချုပ်ကိုယ်တိုင် ယာဇ်ပူဇော်ခံသားကောင်အဖြစ်လုပ်ဆောင်ဖို့ တောင်းဆိုခြင်းဖြစ်သည်။

ပထမဆုံးဂိုဏ်းချုပ်က ထိုထုံးတမ်းဓလေ့ကို သတ်မှတ်ခဲ့သည်ဟုဆိုသည်။

နေမင်းဆီတက်၍စူးစမ်းလေ့လာကြသည့်ဖြစ်ရပ်ကို ဥပမာကြည့်ပါ။ ယခုတစ်ကြိမ်ကျရှုံးလျှင် နောက်တစ်ကြိမ် သူကိုယ်တိုင်တက်ရမည်။

ဂိုဏ်းချုပ်ရာထူးရလာသည်က မြန်ဆန်လွန်းသဖြင့် ယခင်ဂိုဏ်းချုပ် ဘယ်လိုသေသွားသည်ကိုပင် သူမသိခဲ့။

ဂိုဏ်းချုပ်ဖြစ်ပြီးနောက်မှ ကောင်းကင်ကိုလွှမ်းမိုးထားသည်က နေမင်းသာရှိကြောင်း၊ ကြယ်တာရာများက ပုံရိပ်သက်သက်သာဖြစ်ကြောင်းသိလာသည်။ ထိုအဖြစ်ကို နေမင်း၏ကြီးမြတ်မှုလက္ခဏာဟု သူတို့ဂိုဏ်းဝင်များက ယုံကြည်ကြသည်။

ထိုနောက်ပိုင်း တစ်နေ့တွင် ကြယ်တာရာများသည့် အရိပ်သက်သက်မဟုတ်တော့ဘဲ အစစ်အမှန်ဒြပ်ထုများဖြစ်နေကြောင်း သိလာကြသည်။

(**ယွမ်ကျိ၏ ရွှေသန္ဓေများကိုညွှန်းပါသည်)

ထိုဖြစ်ရပ်ကြောင့် နေမင်းဂိုဏ်းဝင်များ ထိတ်လန့်ခြောက်ခြားခဲ့သည်။ မကောင်းသည့်နိမိတ်ဟု ထင်လာကြသည်။ ထိုကိစ္စကြောင့်ပင် သူ့အရင်ဂိုဏ်းချုပ် 'စတေးခံ'လိုက်ရခြင်းဖြစ်သည်။

အကြောင်းစုံသိရပြီးနောက် တစ်နေ့နေ့သူ့အလှည့်ရောက်မည်ကို သူကြောက်လာသည်။ သို့သော် ဂိုဏ်းထိပ်သီးများက စဉ်းစားဆင်ခြင်တတ်သည်။ ဂိုဏ်းချုပ်များကိုစတေးသည့်ဓလေ့ကို ဆက်မလုပ်တော့။

ဂိုဏ်းအကြီးအကဲများအားလုံး စုစည်းခြင်းအဆင့်ဖြစ်သည်။ ဝါအရင့်ဆုံးအကြီးအကဲက ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ သူလွန်ဆန်နိုင်စွမ်းမရှိ။

သူရာထူးရခဲ့သည့်ကာလအတွင်း ဂိုဏ်းချုပ်ကိုစတေးသင့်သည့် အဖြစ်အပျက်များစွာကြုံခဲ့ပါသည်။

သို့သော် သူ့ကိုယ်ပိုင်နည်းလမ်းများသုံး၍ အသက်ရှင်သန်အောင်လုပ်နိုင်ခဲ့သည်။

တယ်လီစကုတ်ကို တီထွင်ထားသည်။ မူပိုင်ကြေးများ လှိမ့်ဝင်သည်။ ငွေကြေးကြွယ်ဝသည်။

စည်းမျဉ်းအရ သူအခွန်ပေးရသည်။

ဂိုဏ်းချုပ် 'စတေးခံ'ရမည့်အဖြစ်မျိုးကြုံတိုင်း မဟာရှားကသူ့ကိုလာဖမ်းအောင် တမင်အခွန်မဆောင်ဘဲနေသည်။ သူ့ကို နတ်ဆိုးဂိုဏ်းချုပ်မှန်းမသိကြသဖြင့် မဟာရှားကလည်း အခွန်ရှောင်သည့် သာမန်စုစည်းခြင်းကျင့်ကြံသူတစ်ယောက်လိုသာ အပြစ်ပေးသည်။

ပုံမှန်အားဖြင့် သူထောင်ဆယ်နှစ်လောက်ကျသည်။ ထောင်မှလွတ်လာလျှင် ဂိုဏ်းချုပ်အဖြစ်ဆက်နေသည်။ အကြီးအကဲများကလည်း စတေးဖို့ကိစ္စကို ဆက်မပြောကြတော့။

"ကောင်းကင်ရုံးတော်ကိုသာ ငါအညံ့ခံလိုက်နိုင်ရင် သိပ်ကောင်းမှာပဲ"

သူတွေးမိသည်။

ကျိန်စာသင့်နေသည့် ဤဂိုဏ်းချုပ်ရာထူးထက် ထိုသို့လုပ်သည်က ပိုစိတ်ချရသည်။

တံဆိပ်တစ်ခု သူထုတ်လိုက်သည်။ နေမင်းဂိုဏ်းတံဆိပ်ဖြစ်သည်။ ကိုးငရဲဂိုဏ်းတံဆိပ်လိုပင် အဝေးသို့ဆက်သွယ်နိုင်စွမ်းရှိသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ထိုတံဆိပ်မျိုး တစ်ခုစီသူပေးခဲ့သည်။

"ဂိုဏ်းမွေခံသူတော် မုန်ကျင်းကျိုးကို ဆက်သွယ်မယ်"

***************************************

All Chapters