← Chapters

ဂိုဏ်းသခင်လေးလု၏စကား

Vol. 46 Ch. 690

ဂိုဏ်းသခင်လေးလု၏စကား

Vol. 46 Ch. 690

မည်းမှောင်နေသည့် အခန်းထဲတွင် မျက်လုံးလေးစုံက ဝံပလွေမျက်လုံးများလို အရောင်လက်နေသည်။

ဂိုဏ်းချုပ်ချင်(ဟော်ရန်)လက်ထက်မှစ၍ ကိုးငရဲဂိုဏ်းသည် ရိုးရှင်းသည့်ပတ်ဝန်းကျင်ကို အလေးပေးခဲ့သည်။ အလင်းရောင်ထဲဖြစ်စေ အမှောင်ထဲတွင်ဖြစ်စေ သူတို့အတွက် ဘာမှမကွဲပြား။ စုစည်းခြင်းအဆင့်များဖြစ်၍ မီးအိမ်မလို။

ယခု ကိုးငရဲဂိုဏ်း၏ ထိပ်သီးစည်းဝေးပွဲဖြစ်သည်။ မူပိုင်ယိနှင့် ဒုဂိုဏ်းချုပ်သုံးယောက်ရှိသည်။ သုံးလအတွင်း ဂိုဏ်းအကျိုးအမြတ်များ စုစည်းဖို့ကိစ္စဖြစ်သည်။

ကျောက်ရိုးက အသားကင်ဆိုင်တို့၏ သုံးလပတ်အစီရင်ခံစာကိုကိုင်ထားသည်။

သက်တမ်းရင့်နတ်ဆိုးတစ်ယောက်ဖြစ်သော်လည်း သုံးလအတွင်းရခဲ့သည့် အကျိုးအမြတ်က များပြားလွန်းသဖြင့် သူ့မျက်လုံးမှအပျော်ရိပ်များကို မဖုံးကွယ်နိုင်။

"ဒီစာရင်းရှင်းတမ်းတွေ အားလုံးကိုဝေပေးထားတယ်။ အစည်းဝေးမစခင် အားလုံးဖတ်ထားပြီးလောက်ပြီထင်ပါတယ်"

"အသားကင်ဆိုင်လုပ်ငန်းအမြတ်ငွေက အားတက်စရာပါပဲ။ အထူးသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းကမိတ်ဆွေ ထောင်ယော်ယဲ့နဲ့ပူးပေါင်းပြီးတော့ ပိုလို့တောင်အခြေအနေကောင်းလာတယ်။

'အိပ်မက်ပုံရိပ်'ကိုသုံးလိုက်တော့ ကျုပ်တို့ဆိုင်တွေ နာမည်ကျော်လာတယ်။ အခု လူတိုင်းက ကျုပ်တို့အသားကင်ကိုမစားဖူးရင်တောင် ကျုပ်တို့ဆိုင်တွေအကြောင်း သေချာပေါက်ကြားဖူးနေကြပါပြီ"

ထောင်ယော်ယဲ့သည် နတ်ဝိညာဉ်အဆင့်သာရှိသည်။ ကျောက်ရိုးအနေဖြင့် သူ့ကို'မိတ်ဆွေ'ဟုခေါ်ဝေါ်ဖို့ အဆင့်မမီသေး။ သို့သော် ထိုကျင့်ဝတ်စည်းမျဉ်းများကို ကျောက်ရိုးအရေးမစိုက်တော့။ သူ့ကို ငွေရှာပေးနိုင်သူမှန်သမျှ သူ့မိတ်ဆွေသာဖြစ်သည်။

အသားကင်ဆိုင်လုပ်ငန်း အောင်မြင်လာသည်နှင့်အမျှ ကိုးငရဲဂိုဏ်း၏ တစ်ခြားလုပ်ငန်းများလည်း တဖြေးဖြေးအခြေခိုင်လာသည်။ ဥပမာ တိရိစ္ဆာန်ရုံလုပ်ငန်း(နတ်ဆိုးနယ်မြေမှ နတ်ဆိုးမများကို ပြည့်တန်ဆာအဖြစ်ခေါ်သွင်းထားသည်)၊ နာရေးကူညီမှုလုပ်ငန်း၊ မှောင်ခိုအရောင်းအဝယ်လုပ်ငန်း၊ ဂူဖောက်လုပ်ငန်း။

ထိုလုပ်ငန်းများကို ကျောက်ရိုးဦးစီးနေသည်။

မှောင်ခိုလုပ်ငန်းနှင့် ဂူဖောက်လုပ်ငန်းများမှ 'ပါရမီရှင်'များကို မဟာရှားအကျဉ်းထောင်သို့ နှစ်စဉ်ပုံမှန် 'ထောက်ပံ့'ပေးသည်။

သို့သော် အခြေခိုင်ရုံသာဟန်ပြုလုပ်ခြင်းဖြစ်သည်။ လုပ်ငန်းပိတ်ချခြင်းမဟုတ်။

ကိုးငရဲဂိုဏ်း၏ စီးပွားရေးအခြေခိုင်ဖို့ အသားကင်လုပ်ငန်းတစ်ခုတည်းအားကိုး၍ မလုံလောက်ကြောင်း မူပိုင်ယိနားလည်သည်။ လုပ်ငန်းမျိုးမျိုး ပုံမှန်တိုးတက်နေဖို့လိုသည်။

ကျောက်ရိုးသည် မကြာမီ ဒုဂိုဏ်းချုပ်ရှန်နေရာကို အစားထိုးပြီး ဒုလက်ထောက်အသစ်ဖြစ်လာမည်ဟူသည့် ကောလဟာလများကြားရသည်။

ကောလဟာလလား အတွင်းသတင်းပေါက်ခြင်းလား သေချာမသိရ။

ယခုလက်ရှိတွင် ကောင်းကင်ရုံးတော်ကို အရင်ဆုံးမဆက်သွယ်မိခဲ့သည့်အဖြစ်ကို ဒုဂိုဏ်းချုပ်ရှန်က ရင်ထုမနာဖြစ်နေသည်။ ထိုသို့မလုပ်နိုင်ခဲ့၍ ကျောက်ရိုး အသာစီးရသွားခြင်းဖြစ်သည်။

အသားကင်ဆိုင်လုပ်ငန်းအမြတ်အစွန်းက လူတိုင်းသွားရည်ယိုစရာကောင်းသည်။

ကျောက်ရိုးက ထိုလုပ်ငန်းကို အရမ်းတန်ဖိုးထားသည်။ ဘယ်သူ့ကိုမှ ဝင်ရောက်ခြယ်လှယ်ခွင့်ပေးမည်မဟုတ်။

ဟာသလုပ်နေခြင်းလည်းမဟုတ်။ ထိုလုပ်ငန်းသည့် သူ့အသက်ကိုကယ်တင်နိုင်သည့်လုပ်ငန်းဖြစ်သည်။ ဘယ်သူ့ကိုမှ ထိပါးခွင့်မပေး။

"ဝင်ငွေက ဒီလောက်များလာပြီဆိုတော့ ဖုန်ဒူတည်ဆောက်မယ့်ရန်ပုံငွေကို ဘယ်အချိန်အတည်ပြုကြမလဲ"

ဒုဂိုဏ်းချုပ်ရှီက မူပိုင်ယိကို တိုက်ရိုက်မေးသည်။ ဖုန်ဒူတည်ဆောက်သည့်လုပ်ငန်းအတွက် သူတာဝန်ယူထားခြင်းဖြစ်သည်။

မူပိုင်ယိက ချောင်းတစ်ချက်ဟန့်လျက်

"ဖုန်ဒူတည်ဆောက်တဲ့လုပ်ငန်းက အရေးကြီးတာမှန်တယ်။ ဒါပေမယ့် ကျုပ်တို့ဂိုဏ်း အရှိန်နဲ့တိုးတက်နေတုန်းမှာ ပိုကောင်းတဲ့အနာဂတ်ကိုရှေးရှုပြီး ဖုန်ဒူတည်ဆောက်တဲ့ကိစ္စကို ခဏအချိန်ဆိုင်းထားဖို့ ဒုဂိုဏ်းချုပ်ရှီကို ကျုပ်တောင်းဆိုချင်ပါတယ်"

ဖုန်ဒူတည်ဆောက်ရေးလုပ်ငန်းကို ဂိုဏ်း၏အကြွေးများ လျှို့ဝှက်ပေးချေပြီးချိန်အထိ သူဆိုင်းငံ့ထားချင်သည်။

မူပိုင်ယိ၏ပြတ်သားသည့်လေသံကြောင့် ဒုဂိုဏ်းချုပ်ရှိ ဆက်မပြောတော့။

မူပိုင်ယိက မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ကျောက်ရိုးကို လှမ်းကြည့်သည်။

"ဒုဂိုဏ်းချုပ်ကျောက်ရိုး၊ ကျုပ်တို့အသားကင်ဆိုင်တွေ ပေးနေရတဲ့အခွန်က အတော်များတယ်။ သက်သာအောင်လျှော့ချနိုင်တဲ့နည်းလမ်းတစ်ခုခုရှိလား"

ကျောက်ရိုးက အခက်တွေ့နေဟန်ဖြင့် မျက်မှောင်ကျုံ့သည်။

"ကျုပ်နည်းလမ်းရှာနေပါတယ်။ ဒါပေမယ့် ကျုပ်တို့က စားသောက်ကုန်လုပ်ငန်းလုပ်နေတာလေ။ အဲဒီ့လုပ်ငန်းပိုင်းအတွက် ရှားနိုင်ငံက ထူးထူးခြားခြားအခွန်လျှော့ချပေးမယ့် မူဝါဒမျိုး ချမှတ်မထားဘူး"

"သဘောပေါက်ပါပြီ"

မူပိုင်ယိ နည်းနည်းစိတ်ပျက်သွားပြီး တစ်ခြားအစီရင်ခံစာတစ်ခု ဆွဲထုတ်သည်။

"ဒါက ချန်ကျန်းမြို့တော်ဂိုဏ်းခွဲကပို့လာတဲ့ အစီရင်ခံစာပါ။ အစည်းဝေးမတိုင်ခင်လေးကပဲ ကျုပ်ဆီရောက်လာတာ။ ဖတ်ကြည့်ကြပါဦး"

အစီရင်ခံစာကိုဖတ်ပြီးနောက် ဒုဂိုဏ်းချုပ်သုံးယောက် ထိတ်လန့်တုန်လှုပ်သွားပြီး အသံများတုန်ရင်လာသည်။

"ဒီ..ဒီဂိုဏ်းချုပ်ယွမ်ဆိုတာက မသေမျိုးပေါ့"

ထိုအစီရင်ခံစာကို သရဲမရှောင်ခွေ့က ပို့ခြင်းဖြစ်သည်။ ချန်ကျန်းတွင် အရှင်နှစ်ယောက်တိုက်ပွဲအကြောင်း၊ ဂိုဏ်းချုပ်ယွမ်က နှစ်ယောက်လုံးကိုဖမ်းသွားသည့်အကြောင်း၊ ညနန်းဆော်အဖွဲ့ဝင်များကို အသားကင်ဆိုင်မှလူများက ရဲဝံ့စွာသတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း၊ ရုံးတော်မှ ဂုဏ်ပြုတံဆိပ်ပေးကြောင်း စသဖြင့် အသေးစိတ်ရေးထားသည်။

မူပိုင်ယိထိုစာကိုဖတ်စဉ်ကလည်း ဒုဂိုဏ်းချုပ်သုံးယောက်လိုပင် အံ့ဩထိတ်လန့်ခဲ့သည်။

ပင်မအသားကင်ဆိုင်တွင် ဂိုဏ်းချုပ်ယွမ်နှင့် သူတွေ့ဆုံစဉ်က မသေမျိုးအဆင့်ဟု မထင်ခဲ့။

နာမည်ကိုပင်မသိခဲ့။

ကျောက်ရိုးက ဂိုဏ်းသခင်လုပြောသည့်စကားကို ပြန်သတိရလာသဖြင့် မျက်မှောင်ကျုံ့သွားသည်။

"မဟုတ်သေးဘူး။ ဒီအစီရင်ခံစာထဲမှာ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုရှိသေးတယ်"

"ဘာလျှို့ဝှက်ချက်လဲ"

ဒုဂိုဏ်းချုပ်ရှန်က မေးသည်။

"ဂိုဏ်းသခင်လုနဲ့ ကျုပ်ပထမဆုံးတွေ့တုန်းက သူပြောဖူးတယ်။ သူတို့ဂိုဏ်းချုပ်ဟာ တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိနဲ့ တိုက်ခိုက်ဖူးတယ်တဲ့..."

သူခဏစကားရပ်သည်။ ဆက်ပြောလျှင် အန္တရာယ်ဖိတ်ခေါ်သလိုဖြစ်မည်စိုးသည်။ သို့သော် သူဆက်ပြောသည်။

"တိုက်ပွဲရလာဒ်က သရေပဲလို့ပြောတယ်"

"ဘယ်လို...ဖြစ်နိုင်ပါ့မလား"

"လောင်ရှီ၊ တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိလည်း မသေမျိုးအဆင့်ဆိုတဲ့သဘောလား"

မူပိုင်ယိ စားပွဲကိုလက်ဖြင့်နှစ်ချက်ခေါက်သည်။

"နေကြပါဦး။ အားလုံးနေကြပါဦး။ ခင်ဗျားတို့လည်း စုစည်းခြင်းအဆင့်တွေပဲ။ ကျင့်ကြံသူတစ်ယောက်မှာရှိသင့်တဲ့ အခြေခံအကျဆုံးအချက်ကို မေ့နေကြပြီလား။

အချက်လက်မှန်တစ်ခုနဲ့ကြုံရင် လက်ခံနိုင်ရမယ်လေ။ သံသယပွားမနေသင့်ဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းက ကျုပ်တို့ကိုလုံးဝမလိမ်ခဲ့ဘူး။ ဂိုဏ်းသခင်လုက အဲလိုပြောတယ်ဆိုရင် အမှန်ပဲဖြစ်မျာပေါ့။

ဒီသတင်းက ရွှေထက်တန်ဖိုးရှိတယ်။ ဒီလောကမှာ ကျုပ်တို့ကလွဲလို့ တစ်ခြားဘယ်သူမှမသိဘူး။ ဒီသတင်းပြောပြတာ သူတို့ဘက်က စေတနာကိုပြချင်လို့ ပြောတာပဲဖြစ်မယ်။

ကျုပ်တို့ကသာအမြင်ကျဉ်းနေတာ။ ဒီနေ့အထိ သူတို့ရည်ရွယ်ချက်ကို သဘောမပေါက်ကြသေးတာလေ"

ဒုဂိုဏ်းချုပ်သုံးယောက် ရှက်ရွံ့မှုကြောင့် ခေါင်းငိုက်စိုက်ကျသွားသည်။

မူပိုင်ယိက တည်ငြိမ်သည့်လေသံဖြင့် ဆက်ပြောသည်။

"ယွမ်ကျိက မသေမျိုးဆိုရင် ရှားနိုင်ငံရဲ့အင်အားက တို့ထင်ထားတာထက် ပိုကြောက်စရာကောင်းနေတာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းက မသေမျိုးတစ်ယောက်ရှိတာတောင် နန်းပလ္လင်ကိုယှဉ်မလုဘူး။

ဒါဆို မဟာရှားမှာလည်း မသေမျိုးတွေရှိနေတဲ့သဘောပဲ"

ဒုဂိုဏ်းချုပ်သုံးယောက် အသံတိတ်နေသည်။

ထိုသို့ဆိုလျှင် သူတို့ဂိုဏ်း ဖုန်ဒူတည်ဆောက်နိုင်လျှင်ပင် တော်ဝင်လမ်းအင်အားကို ယှဉ်နိုင်ဦးမည်မဟုတ်။

မူပိုင်ယိက အတည်ငြိမ်ဆုံးဖြစ်သည်။

"အခြေအနေက အဲလောက်လည်းမဆိုးသေးပါဘူး။ တော်ဝင်လမ်းဘက်မှာ မသေမျိုးနှစ်ယောက်ရှိတယ်။ ကောင်းကင်ရုံးတော်ဂိုဏ်းမှာလည်း ကောင်းကင်ပဲဝါအရှင်နဲ့ ဂိုဏ်းချုပ်ယွမ်ရှိတယ်။

အင်အားမျှတယ်လေ။ ကျုပ်တို့အနေနဲ့ ဂိုဏ်းသခင်လုကို လက်ဆောင်တွေပေးပြီး ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ပိုရင်းနှီးအောင်ကြိုးစားလို့ရတယ်။ ပဲဝါအရှင်ရဲ့တပည့်ဆိုတော့ ဂိုဏ်သခင်လုဟာ နောင်တစ်ချိန်မှာ ကောင်းကင်ရုံးတော်ဂိုဏ်းကိစ္စတွေကို ထိန်းချုပ်ကိုင်တွယ်ရမှာပဲ။

အခုချိန် ကျုပ်တို့ဘက်က ရင်းနှီးမြှုပ်နှံထားဖို့ အကောင်းဆုံးအချိန်ပဲပေါ့"

...

"နေမင်းဂိုဏ်းကလူတွေက မင်းကိုတွေ့ချင်တယ်ပေါ့"

နေမင်းဂိုဏ်းတံဆိပ်ကိုင်ထားသည့် မုန်ကျင်းကျိုးကိုကြည့်၍ လုယန်နည်းနည်းအံ့ဩနေသည်။

ဂိုဏ်းတံဆိပ်ပေါ်တွင် ဂိုဏ်းချုပ်ချီပို့ထားသည်စာရှိနေသည်။

-ဂိုဏ်းမွေခံသူတော်။ ကျုပ်တို့ဂိုဏ်းမှာ နေစွမ်းအားစုပ်ယူတဲ့ ကျင့်ကြံနည်းတိုးတက်ဖို့ အတွေးအမြင်တစ်ချို့ရှိပါတယ်။ ခင်ဗျားစိတ်ဝင်စားရင် ယုကျိုးပြည်နယ်က ပိုယန်မြို့တော်ကို ဆွေးနွေးဖို့လာခဲ့ပါ-

"မင်းနဲ့ ကျင့်စဉ်လျှို့ဝှက်ချက်အကြောင်း ဆွေးနွေးဖို့တဲ့လား"

လုယန်ပို၍အံ့ဩသွားသည်။ တစ်ဘက်လူစေတနာက အိုဗာဖြစ်လွန်းနေသလော...

"ချန်ကျန်းမှာဖြစ်ခဲ့တဲ့သတင်းကိုကြားပြီး သူတို့က ငါ့ကိုမျက်နှာချိုသွေးချင်တာဖြစ်မယ်"

လုယန်တွေးကြည့်သည်။ ဖြစ်နိုင်သည်ဟု ယူဆသည်။ သူဘာမှပြန်မပြောနိုင်မီ သူ့အင်္ကျီလက်ထဲမှ ကိုးငရဲဂိုဏ်းတံဆိပ် လှုပ်ရှားလာသည်ကို ခံစားမိလိုက်သည်။

တံဆိပ်ကို ဆွဲထုတ်သည်။

"ဘာဖြစ်တာလဲ"

မုန်ကျင်းကျိုး ခါးကိုင်း၍ကြည့်သည်။

လုယန်က တံဆိပ်ကို ပြလိုက်သည်။

"ကိုးငရဲဂိုဏ်းက ငါ့ကိုတွေ့ချင်တယ်တဲ့"

"ဘယ်လိုလုပ်ကြမလဲ။ အတူတူလှုပ်ရှားမလား၊ လူခွဲပြီးသွားမလား"

လုယန် မေးစေ့ကိုတစ်ချက်ပွတ်သည်။

"အလျင်စလို စာပြန်စရာမလိုပါဘူး။ အကိုတိုင်ဆီ သတင်းသွားမေးရအောင်"

လီဟော်ရန်ရှိနေသဖြင့် ကိုးငရဲဂိုဏ်းအကြောင်း သူတို့အတော်များများသိထားသည်။ သို့သော် နေမင်းဂိုဏ်းအကြောင်းတော့ သိပ်မသိ။

.....

မစ်ရှင်ခန်းမ။

တိုင်ပုဖန်က သူတို့နှစ်ယောက်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။

"ကိုးငရဲဂိုဏ်းနဲ့ နေမင်းဂိုဏ်းက မင်းတို့တစ်ယောက်ချင်းစီကို သီးသန့်တွေ့ပြီး လာဘ်ထိုးချင်တယ်တဲ့လား"

*********************************

All Chapters