← Chapters

ကြိုမမြင်နိုင်သော အဖြစ်အပျက်

Vol. 81 Ch. 1172

ကြိုမမြင်နိုင်သော အဖြစ်အပျက်

Vol. 81 Ch. 1172

"ကျန်းဝေ့ကို တွေ့ပြီလား..."

"မတွေ့သေးဘူး... ဟိုသောက်ကောင် ဘယ်ပျောက်သွားမှန်း မသိဘူး... ဖုန်းဆက်တော့လည်း မကိုင်ဘူး... တွေ့လို့ကတော့ ငါသေချာပေါက် ဆော်ပစ်ဦးမှာ..."

"မင်းတို့ လူကြီးတွေကလည်း သောက်သုံးမကျလိုက်ကြတာ... အရေးအကြောင်းဆို ဖေဖေရှုန်ကိုပဲ အားကိုးနေရတယ်... အာဝေ့ကို ရှာတဲ့ကိစ္စ ငါ့ကို လွှဲလိုက်... ခဏလေးနဲ့ တွေ့အောင် ရှာပေးမယ်..."

သူတို့ ထွက်ခွာရန် ပြင်ဆင်လိုက်ကြချိန် အားလုံးအဆင်သင့် ဖြစ်နေကြသော်လည်း ကျန်းဝေ့ ပျောက်နေသည်ကို သတိထားမိလိုက်ကြသည်။

နောက်ဆုံးတော့ ရှုန်ဝမ်ဝမ်က ကျန်းဝေ့ကို ကူညီရှာဖွေပေးမည်ဟု ပြောလာခဲ့သည်။

"လူရှာဖို့အတွက် ကြိုတင်သိမြင်နိုင်စွမ်းကို သုံးမလို့လား... မင်း တော်တော် ဖြုန်းတီးနိုင်တာပဲ..."

ယန်ကျန့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ရှောင်ယန်ရာ... မင်းကလည်း ဖေဖေရှုန် အခုဘယ်လောက်ထိ စွမ်းလဲဆိုတာ မမြင်ဖူးသေးလို့ပါ... ကြိုတင်သိမြင်နိုင်စွမ်းကို ဒီလို သုံးလေးခါလောက် သုံးလိုက်တာ ဘာမှမဖြစ်ပါဘူး... ပြီးတော့ လက်စားချေတစ္ဆေကို ရှာတာမှ မဟုတ်တာ... ကျန်းဝေ့ကို ရှာရုံလေးပဲဟာ... သဘာဝလွန် နှောင့်ယှက်မှု မရှိရင်လေ ဖေဖေရှုန်က ဒီနေ့ မင်း ဘာအရောင် အတွင်းခံ ဝတ်ထားလဲဆိုတာတောင် ပြောပြနိုင်သေးတယ်..."

ရှုန်ဝမ်ဝမ်က မာန်တက်နေသည့် ပုံစံဖြင့် လူပုံအလယ်တွင် ယန်ကျန့်ကို ရှောင်ယန်ဟု ခေါ်ကာ ပြောလိုက်သည်။

ယန်ကျန့်က ကလေးတစ်ယောက်နှင့် သွားပြီး ရန်မဖြစ်ချင်ပေ။ ပြီးတော့ ရှုန်ဝမ်ဝမ်က ပါးစပ်သာ ကြမ်းတာ၊ အရေးကြီးချိန်ကျရင် တကယ် အားကိုးရသည်။

မကြာမီ ရှုန်ဝမ်ဝမ်က ကြိုတင်သိမြင်နိုင်စွမ်းကို ချက်ချင်း အသုံးပြုလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ထူးခြားသော သဘာဝလွန် ဖြစ်ရပ်များ မရှိပေ။ လေထုထဲတွင် အနည်းငယ် အေးစိမ့်နေရုံသာ ရှိသည်။

သို့သော် မထင်မှတ်ဘဲ ရှုန်ဝမ်ဝမ်က ရုတ်တရက် မျက်လုံးပြူးသွားပြီး အလွန်အမင်း ထိတ်လန့်သွားသည်။

"ဟာ... ဘာလဲဟ... ငါ့အစွမ်းက သူ့အပေါ် သက်ရောက်မှု မရှိဘူးလား... ဘယ်လိုဖြစ်တာလဲ... အာဝေ့ ဘာဖြစ်သွားတာလဲ... တစ္ဆေတစ်ကောင်ကောင်များ နှောင့်ယှက်နေလို့ ငါ ဘာမှ မမြင်ရတော့တာလား..."

"မဖြစ်နိုင်တာ..."

ဘေးနားတွင် ရှိနေသည့် ကျန်းကျန့်က ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း စိတ်ပူသွားတော့သည်။ ကျန်းဝေ့ ဘေးကင်းပါ့မလားဟု ချက်ချင်း စိုးရိမ်သွားသည်။

"မင်းရဲ့ အစွမ်းက ခဏခဏ လွဲနေကျပဲဟာ... ဒီတစ်ခေါက် ကျန်းဝေ့ကို မမြင်ရတာလည်း ပုံမှန်ပါပဲကွာ..."

ယန်ကျန့် ဝင်ပြောလိုက်သည်။

"ရှောင်ယန်... မင်း ဖေဖေရှုန်ကို အထင်သေးနေတာလား... မယုံရင် နောက်တစ်ယောက် ထပ်စမ်းခိုင်းကြည့်လေ... ငါမှန်အောင် ဟောနိုင်မဟောနိုင် ကြည့်ကြတာပေါ့..."

ရှုန်ဝမ်ဝမ် ပြန်ပြောလိုက်သည်။

"ကဲ... တော်ကြပါတော့... စကားများမနေနဲ့... ငါပဲ ရှာလိုက်တော့မယ်..."

ယန်ကျန့် ပြောပြီးသည်နှင့် တစ္ဆေမျက်လုံးကို ချက်ချင်း ဖွင့်လိုက်ပြီး တစ္ဆေနယ်မြေကို ဖြန့်ကျက်လိုက်သည်။

တစ္ဆေနယ်မြေသည် တာရှင်းဖျော်ဖြေရေးမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၁၀ ကီလိုမီတာ အဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံမိသွားသည်။

ကျန်းဝေ့ကို ရှာဖွေနေရင်း တစ်ဖက်တွင်လည်း ယန်ကျန့်သည် ရှုန်ဝမ်ဝမ်၏ ကြိုတင်သိမြင်နိုင်စွမ်း မအောင်မြင်ရသည့် အကြောင်းအရင်းကို စဉ်းစားနေမိသည်။

ကြိုတင်သိမြင်နိုင်စွမ်း ဆိုသည်မှာ သဘာဝလွန်စွမ်းအားတစ်ခု ဖြစ်သောကြောင့် သာမန်လူများအပေါ် အလုပ်မဖြစ်စရာ အကြောင်းမရှိပေ။ တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျန်းဝေ့သည် သာမန်လူ မဟုတ်တော့၍ ဖြစ်ပေလိမ့်မည်။ သူသည် တစ္ဆေမှန်ကနေတဆင့် ပြန်လည်ရှင်သန်လာခဲ့သူ ဖြစ်သောကြောင့် မှန်၏ သဘာဝလွန်စွမ်းအားများ ကူးစက်ခံထားရခြင်း သို့မဟုတ် သူသည် သာမန်လူစစ်စစ် မဟုတ်တော့ခြင်းကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့် ရှုန်ဝမ်ဝမ်၏ စွမ်းအားက သူ့အပေါ် သက်ရောက်မှု မရှိခြင်း ဖြစ်မည်။

တစ္ဆေနယ်မြေကို အသုံးပြုပြီး လူရှာရသည်မှာ အမြဲတမ်း လွယ်ကူလှသည်။

ယန်ကျန့် ကျန်းဝေ့ကို အမြန်ပင် ရှာတွေ့သွားသည်။ လမ်းကြားလေးတစ်ခုထဲတွင် လူတစ်စု ဝိုင်းရိုက်ခံနေရသည့် ကျန်းဝေ့ကို တွေ့လိုက်ရသည်။ သူ့ဆီပါသမျှ ပစ္စည်းတွေ အကုန် အလုခံလိုက်ရပြီ ဖြစ်သည်။ တာရှင်းဖျော်ဖြေရေးမြို့တော်မှ ရရှိလာသည့် ဆုကြေးတိုကင်ပြား အများအပြားလည်း ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။ ထိုလူစုက အတော်လေး လက်ရဲဇက်ရဲ နိုင်လှသည်။ ကျန်းဝေ့၏ အဝတ်အစားများကိုပါ ချွတ်ယူနေကြသဖြင့် ကျန်းဝေ့ခမျာ ကိုယ်လုံးတီးနီးပါး ဖြစ်နေရှာသည်။

"ဒါ ဓားပြတိုက်ခံရတာများလား..." ယန်ကျန့် တွေးလိုက်မိသည်။

သို့သော် သူ ဇဝေဇဝါ ဖြစ်သွားသည်။

"မဖြစ်နိုင်ပါဘူး... ကျန်းဝေ့ဆီမှာ သေနတ် ပါတယ်လေ... ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လောက်တော့ လုပ်နိုင်ရမှာပေါ့... ဘယ်လိုလုပ် ဒီကောင်တွေလက်ထဲ မိသွားရတာလဲ..."

သို့သော် အကြည့်ကို အနည်းငယ် ရွှေ့လိုက်သည့်အခါ ကျန်းဝေ့၏ ပစ္စတို နှစ်လက်စလုံးသည် လူတစ်ယောက်၏ လက်ထဲ ရောက်နေသည်ကို ယန်ကျန့် တွေ့လိုက်ရသည်။

သို့သော် ထိုအချိန်တွင် ကျန်းဝေ့က အရှုံးမပေးသေးဘဲ အော်ဟစ်နေဆဲပင် ဖြစ်သည်။

"ငါ့ဘောင်းဘီကို မချွတ်နဲ့ကွ... မင်းတို့ သတ္တိရှိရင် တစ်ယောက်ချင်း ချလေ... ငါ မင်းတို့ကို အသေမဆော်ဘူးလား ကြည့်... မပြေးနဲ့လေကွာ... မင်းတို့ကို အသေမရိုက်နိုင်ရင် ငါ့နာမည် အာဝေ့ မဟုတ်တော့ဘူး မှတ်..."

သူ့ကို ဝိုင်းရိုက်နေသည့် လူများက ပိုက်ဆံလိုချင်၍ လုပ်နေကြခြင်း ဖြစ်သည်။ ကျန်းဝေ့ကို ချုပ်နှောင်ထားပြီး တန်ဖိုးရှိသည့် ပစ္စည်းများကို ဆက်တိုက် ယူဆောင်နေကြသည်။

အဓိက ပစ်မှတ်မှာ သူ ပိုင်ဆိုင်ထားသည့် ဆုကြေးတိုကင်ပြားများပင် ဖြစ်၏။

ကျန်းဝေ့သည် တိုကင်ပြား အများစုကို ကျန်းကျန့်ဆီ အပ်နှံထားသော်လည်း သူ့လက်ထဲတွင် ကျန်နေသေးသည့် ပမာဏမှာ မနည်းလှပေ။ တစ်ခုလျှင် တစ်သန်းတန်ကြေးရှိပြီး သူ့အိတ်ကပ်ထဲတွင် တစ်ပုံတစ်ပင် ရှိနေသေးသဖြင့် တန်ဖိုးမည်မျှ ရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ထို့အပြင် တိုကင်ပြားများသည် ငွေသားမဟုတ်သဖြင့် ပြဿနာ တက်နိုင်ခြေ နည်းပါးသည်။ တာရှင်းဖျော်ဖြေရေးမြို့တော်တွင် သွားရောက် လဲလှယ်လိုက်သည်နှင့် ခြေရာခံ၍ မရနိုင်တော့ပေ။

ထို့ကြောင့် လူအချို့သည် တိုကင်ပြားများ လိုချင်သဖြင့် ဧည့်သည်များကို သီးသန့် ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိကြသည်။

ကျန်းဝေ့က အလွန် ချမ်းသာလွန်းသဖြင့် ထိုလူစုက မနေနိုင်တော့ဘဲ ဝင်ရောက်လုယက်ကြခြင်း ဖြစ်သည်။ ဒီတစ်ခါသာ အောင်မြင်သွားလျှင် တစ်သက်လုံး စားမကုန်တော့ဘူးဟု တွေးနေကြပုံရသည်။

"ဒီကောင်က ဘယ်ကောင်မို့လို့ သေနတ်တွေ ဆောင်ထားရတာလဲကွ..."

လေးလံလှသည့် ပစ္စတိုသေနတ်ကို ကိုင်ထားသည့် လူတစ်ယောက်က ခေတ္တမျှ ကြောင်အသွားသည်။

ဒါက အရုပ်သေနတ် မဟုတ်ပေ

ကိုင်ကြည့်လိုက်သည်နှင့် အစစ်မှန်း သူ သိလိုက်သည်။

"ငါ့ပစ္စည်းတွေကို မရှုပ်နဲ့... တိုကင်ပြားတွေ ယူသွားရင် ယူသွား... ငါ့သေနတ်တွေ ပြန်ပေး..."

ကျန်းဝေ့က တောင်းဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုလူသည် အသိပြန်ဝင်လာပြီး သေနတ်ကို အင်္ကျီထဲ ကမန်းကတန်း ထိုးထည့် ဝှက်လိုက်ကာ လောလောလောလော ပြောလိုက်သည်။

"မြန်မြန်လုပ်ကြ... ယူစရာရှိတာယူပြီး ပြေးကြစို့... ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး... တစ်ယောက်ယောက် မြင်သွားရင် ပြဿနာ တက်လိမ့်မယ်..."

"အေး... သွားကြစို့..."

ကျန်တဲ့လူတွေကလည်း ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည့် တိုကင်ပြားများကို ကောက်ယူပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။

သူတို့သည် လမ်းကြားလေးထဲမှ ထွက်ခွာကာ လူစုခွဲ၍ ထွက်ပြေးရန် စီစဉ်လိုက်ကြသည်။

သို့သော် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လမ်းကြားဝ၌ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်က သူတို့သွားမည့် လမ်းကို ပိတ်ရပ်ထားသည်။

"ဖယ်စမ်း..."

လူတစ်ယောက်က ဘာမှမစဉ်းစားဘဲ ရှေ့သို့ ပြေးထွက်သွားပြီး တွန်းဖယ်ပစ်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုလူငယ်ကို တွန်းဖယ်ပစ်မည့်အစား အုတ်နံရံကို ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လူငယ်လေးက မတုန်မလှုပ် ရှိနေသော်လည်း ဝင်တိုက်သည့်လူမှာမူ နောက်သို့ လွင့်ထွက်သွားတော့သည်။

"အာဝေ့... မင်း အရိုက်ခံရပြန်ပြီလား..."

မှောင်မဲနေသည့် လမ်းကြားထဲတွင် မျက်လုံးများမှ အနီရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည့် ယန်ကျန့်က ဖြည်းညှင်းစွာ မေးလိုက်သည်။

ကျန်းဝေ့သည် ဘောင်းဘီကို ဆွဲတင်ရင်း ထလာခဲ့သည်။

"သောက်ကျိုးနည်း... ဒီကောင်တွေလေ ဖျော်ဖြေရေးစင်တာမှာတုန်းက ငါ့ကို မြှောက်ပင့်ပြောနေကြတာ... ငါက နိုင်လည်းနိုင်တယ်၊ ကံကောင်းတယ်၊ ရုပ်ချောတယ်၊ စတိုင်ကျတယ် ဘာညာပေါ့ကွာ... ငါကလည်း သူတို့ကို လူကောင်းတွေပဲ ထင်ပြီး အသားကင် လိုက်ကျွေးမလို့ စီစဉ်လိုက်တာ... သူတို့က အရသာစစ်စစ် ရမယ့်ဆိုင် ရှိတယ်ဆိုပြီး ဒီနေရာကို ခေါ်လာကြတာ... ငါ သတိမထားမိလိုက်ခင်မှာပဲ ရုတ်တရက် ငါ့ကို ဖမ်းချုပ်ပြီး အဝတ်အစားတွေရော ဘောင်းဘီတွေရော ချွတ်ပစ်လိုက်ကြတယ်..."

"ကံကောင်းလို့ ငါ အသေအလဲ ပြန်ခုခံလိုက်လို့ အတွင်းခံလေးတစ်ထည် ချန်ထားနိုင်ခဲ့တာ... မဟုတ်ရင် ငါ တကယ် ဒုက္ခရောက်တော့မှာ..."

"သြော်... ဒါကြောင့် ဖုန်းမကိုင်တာကိုး..."

ယန်ကျန့်ကတော့ ဒီလိုကိစ္စမျိုး ကြုံရတာ မဆန်းတော့သည့်ပုံဖြင့် ပြောလိုက်သည်။

အရင်ကလည်း ဒီလိုမျိုး ဖြစ်ဖူးသည်။

အမှတ် ၇ အလယ်တန်းကျောင်းမှာ တက်တုန်းက ကျန်းဝေ့ကို လူမိုက်အချို့က ပိုက်ဆံတောင်းပြီး ရန်ရှာခဲ့ဖူးသည်။

ကျန်းဝေ့ကလည်း ခေါင်းမာသည့်လူစား ဖြစ်ပြီး တစ်ပြားမှ မပေးဘဲ ပြန်လည် ခုခံခဲ့သည်။ သေချာပေါက် ဝိုင်းရိုက်ခံရပြီး ယန်ကျန့်နှင့် ကျောက်လေ့တို့ ဝင်ကူညီမှသာ ပြဿနာ ပြေလည်သွားခဲ့ရသည်။

"ဒီတစ်ခါ ဝင်ပါစရာမလိုဘူး... ငါ့ဘာသာ ရှင်းနိုင်တယ်... တစ်ယောက်ချင်းဆိုရင်တော့ ငါ လုံးဝ မကြောက်ဘူး..."

ကျန်းဝေ့ ဘောင်းဘီဝတ်ပြီးသည်နှင့် ဒေါသတကြီး လျှောက်လာကာ လက်စားချေရန် ပြင်လိုက်သည်။

"အပြင်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်... လျှောက်သွားမနေနဲ့... တာချန်းမြို့မှာဆိုရင်တော့ မင်းမှာ သက်တော်စောင့်တွေ ရှိတယ်... ဒီမှာတော့ မင်းတစ်ယောက်တည်းပဲ ရှိတာ..."

ယန်ကျန့်က ဆက်ပြောသည်။

"နည်းနည်းတော့ ဆင်ခြင်ဦး... မဟုတ်ရင် ထပ်အရိုက်ခံရလိမ့်မယ်..."

ထိုသို့ ပြောပြီးနောက် ယန်ကျန့်သည် ထိုလူစုဆီသို့ ခြေထောက် မြှောက်လိုက်သည်။

သူ ကန်ချက်တစ်ချက် ထုတ်လိုက်သည်။

အကွာအဝေးတစ်ခု ရှိနေသဖြင့် တကယ်တမ်း ထိမိခြင်း မရှိသော်လည်း လူတိုင်း၏ ရင်ဘတ်များကို တစ်စုံတစ်ရာဖြင့် ကန်ကျောက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားကြတော့သည်။

ကန်ချက်က အလွန် ပြင်းထန်လှသဖြင့် အရိုးများ ကျိုးကုန်ကြပြီး မည်သူမျှ ကြမ်းပြင်ပေါ်မှ ပြန်မထနိုင်ကြတော့ပေ။

"ပြီးသွားပြီ..." ယန်ကျန့် ပြောလိုက်သည်။

ကျန်းဝေ့ မျက်လုံးပြူးသွားသည်။

"မင်း အဲဒီလို လုပ်တတ်တယ်လား... ငါ့ကို သင်ပေးပါလား... ငါ အဲဒါ သင်ချင်တယ်..."

"မင်း သင်လို့မရဘူး... လက်လျှော့လိုက်တော့... အချိန်မဖြုန်းနဲ့... ငါတို့ သွားရတော့မယ်... ဒီကိစ္စ ပြီးပြီ... ဒီည တာချန်းမြို့ကို ပြန်ကြမယ်... ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး..."

ယန်ကျန့် လျှောက်သွားပြီး ကြမ်းပြင်ပေါ် ကျနေသည့် သေနတ်နှစ်လက်ကို ကောက်ယူကာ ကျန်းဝေ့ကို ပြန်ပေးလိုက်သည်။

သေနတ်များကို ပြန်ရသည်နှင့် ကျန်းဝေ့က ပြောလိုက်သည်။

"ဒီအတိုင်း လွှတ်ပေးလိုက်ရင် သူတို့အတွက် သက်သာလွန်းရာ ကျမနေဘူးလား..."

"သတ်ပစ်ချင်လို့လား... မင်း လုပ်လိုက်လေ... အလောင်းတွေကို ငါ ရှင်းပေးမယ်..."

ယန်ကျန့် ပြောလိုက်သည်။

သူ့အတွက် သာမန်လူအနည်းငယ်ကို ဖြေရှင်းရသည်မှာ အလွန် လွယ်ကူလွန်းလှသည်။ သို့သော် သူသည် စိတ်ကို ထိန်းချုပ်ထားပြီး သာမန်လူများကို တတ်နိုင်သမျှ မသတ်ဖြတ်ရန် ရှောင်ကြဉ်သည်။ လူသတ်တာ များသွားလျှင် စိတ်ဓာတ်များ ထုံထိုင်းသွားပြီး နောင်တွင် အကြောင်းမဲ့ သက်သက် လူသတ်ချင်စိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"ထားလိုက်ပါတော့... သူတို့က ငါ့ကို ရုပ်ချောတယ်လို့ ခဏခဏ ပြောခဲ့ဖူးတာကို ထောက်ထားပြီး ဒီကိစ္စကို ဒီမှာတင် ကျေအေးပေးလိုက်ပါ့မယ်..."

ကျန်းဝေ့က သေနတ်ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ထိုလူများ တစ်ယောက်ချင်းစီနား လျှောက်သွားပြီး ပေါင်ကြားခွဆုံကို လိုက်ကန်တော့သည်။ ထိုသို့ ပြုလုပ်ပြီးမှသာ ကျေနပ်သွားပုံရသည်။

"ကဲ... ဒါဆို ရပြီ..."

"မင်း ရန်ဖြစ်တိုင်း တကယ်ပဲ တစ်ခါမှ မနိုင်ဖူးဘူးလား..."

ယန်ကျန့်က ပြောလိုက်သည်။

"နောက်တစ်ခါ သတိထားနေ... သေနတ်သာ ကြိုထုတ်လိုက်ရင် သူတို့ မင်းကို ထိရဲမှာ မဟုတ်ဘူး..."

"သတိထားနေပါတယ်ကွ... ငါက ခဏလောက် ပေါ့သွားလို့ပါ... ငါ ရှုံးတာ မဟုတ်ဘူးနော်... သူတို့က ငါ့ဘောင်းဘီကို အရင်လာဆွဲချကြတာကိုး... ငါကလည်း ဘောင်းဘီမကျွတ်အောင် ပြန်ဆွဲထားရမှာပေါ့..."

ကျန်းဝေ့က အသံကျယ်ကြီးဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။

ယန်ကျန့် ဘာမှ ပြန်မပြောတော့ပေ။

ကျန်းဝေ့ ရန်ဖြစ်တိုင်း ဝင်ကူညီနေရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့။ သူလည်း ကျင့်သားရနေပြီ ဖြစ်သည်။

All Chapters