← Chapters

ငါ ကြက်ဥခေါင်းကို တွေ့ချင်ပါတယ်

Vol. 33 Ch. 494

ငါ ကြက်ဥခေါင်းကို တွေ့ချင်ပါတယ်

Vol. 33 Ch. 494

သတင်းကြားသိပြီးနောက် နီကိုလပ်စ်မှာ စိုးရိမ် နေခဲ့သည်။ သူ၏ လက်ထောက်က ဒန်ဂျင်အရှင်၏ စိုးရိမ်နေသော မျက်နှာကို မြင်တွေ့ပြီး အစီအစဉ်များ စတင် စဉ်းစားပေးလေသည်။

"ဒန်ဂျင်အရှင်၊ စိတ်မပူပါနဲ့။ အရှင်ရှားလော့ခ်က လူသိများထင်ရှားတဲ့ သတ္တဝါ တစ်ဦးပါ။ သူ ခရီးထွက်တုန်း သူ့ရဲ့ တည်နေရာကို လျှို့ဝှက် ထားချင်တာက နားလည်ပေး နိုင်ပါတယ်။"

လက်ထောက်က ဆက်ပြောလိုက်သည်။ "လက်ရှိ အခြေအနေကို အကဲခတ်ရသလောက် ထာဝရတိုင်းပြည်က ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ အရှင်ရှားလော့ခ်ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကြက်ဥခေါင်းက သူ့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စတင် နေပါပြီ။ အရှင်ရှားလော့ခ်မှာ အရည်အချင်း ရှိတဲ့ လက်ထောက်တွေ အများကြီး ရှိပါတယ်၊ သူက တိုက်ခိုက်ရေး အစီအစဉ်တွေ ပြင်ဆင်ထားပြီးသား ဖြစ်ရပါမယ်။ ကြက်ဥခေါင်း အဲ့ဒါတွေကို တာဝန်ယူဖို့ ရှေ့ထွက်လာခဲ့တာ မဟုတ်ဘူးလား။"

နီကိုလပ်စ် သူ၏ လက်ထောက်နှင့် အတွေးတူသည်။ အရှင်ရှားလော့ခ်က ပြင်ဆင်မှုများ မပြုလုပ်ဘဲ နေမည်မှာ မဖြစ်နိုင်ပေ။ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ ဆက်ဆံရေးမှာ ပုံမှန် မဟုတ်ပုံ ရ၏။ သူတို့ တိုက်ခိုက်ခဲ့ကြသည်မှာလည်း ဤသည်က ပထမဆုံး အကြိမ် မဟုတ်ပုံ ရ၏။ ဖြစ်နိုင်သည်မှာ အရှင်ရှားလော့ခ် ထိုအကြောင်းကို အရင်ကတည်းက သိရှိထားပြီး ဖြစ်သော်လည်း တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်ပေမည်။ အားကောင်းသော ဒန်ဂျင်အရှင်များက အကူအညီ မတောင်းဆိုခြင်းမှာ သာမန် အဖြစ်အပျက် တစ်ခုပင်။

နီကိုလပ်စ်မှာ စိုးရိမ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ သူ နောက်ထပ် အစီအစဉ်များ မချမှတ်မီ ကုန်သည် မဟာမိတ် အဖွဲ့သို့ ထိုကိစ္စရပ်ကို သတင်းပို့ရန်သာ လိုတော့သည်။

ကုန်သည် မဟာမိတ် အဖွဲ့မှာ မြေပေါ်ကမ္ဘာရှိ မည်သည့် တိုက်ပွဲကိုမျှ အားပေး ထောက်ခံနေမည် မဟုတ်ပေ။ ယင်းအစား ကုန်သည် မဟာမိတ် အဖွဲ့မှာ မြေပေါ်ကမ္ဘာနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက်ကိုပင် ဖျက်ဆီးပစ် လိုပေလိမ့်မည်။ ထိုအရာမှာ သူတို့ ဤနှစ်များ တစ်လျှောက်လုံး ပြုလုပ်ခဲ့သော အရာပင်။

မြေအောက်လောကနှင့် မြေပေါ်ကမ္ဘာတို့ ကြားမှ အကြီးအကျယ် ပျက်စီးစေသော စစ်ပွဲ တစ်ခု ဆင်နွှဲခဲ့ရအပြီးတွင် ရှုံးနိမ့်ခဲ့သော မြေအောက်လောကမှာ မြေပေါ်ကမ္ဘာနှင့် မည်သည့် ပဋိပက္ခကိုမဆို ဖြစ်ပွားခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်။

မြေပေါ်ကမ္ဘာနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက်များကို ထပ်မံ၍ ရှာဖွေ တွေ့ရှိ ခဲ့သော်လည်း ကုန်သည် မဟာမိတ် အဖွဲ့၊ နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီ သို့မဟုတ် တခြား ဒန်ဂျင်များ ကဲ့သို့သော မြေအောက်လောက အဖွဲ့အစည်းများမှ ချက်ချင်း ဖျက်ဆီးပစ်ခဲ့ကြသည်။ အကယ်၍ မည်သည့် မြေအောက်လောက သတ္တဝါမဆို မြေပေါ်ကမ္ဘာသို့ သွားရောက်နိုင်သော နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါကလည်း ၎င်းကို ချက်ချင်း ဖျက်ဆီးခြင်း ရပေလိမ့်မည်။

လက်ရှိ မြေပေါ်ကမ္ဘာနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက်မှာလည်း ဖျက်ဆီးခံရနိုင်ခြေ ရှိ၏။

သတင်း အချက်အလက်များ အရ ရှာဖွေ တွေ့ရှိ ခဲ့သော နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ ထာဝရတိုင်းပြည် ပိုင်နက်အတွင်းတွင် ရှိနေ၏။

အကယ်၍ သူတို့သာ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဖျက်ဆီးလိုခဲ့ပါက အရှင်ရှားလော့ခ်၏ ခွင့်ပြုချက်ကို တောင်းခံ ရပေမည်။ ရှားလော့ခ်ကလည်း ဒန်ဂျင်တွင် မရှိနေသောကြောင့် သူတို့ အခက်တွေ့ နေ‌ရသည်။

နီကိုလပ်စ်က ဝန်ထမ်း တစ်ဦးကို ထာဝရတိုင်းပြည်သို့ စေလွှတ်ကာ ထိုကိစ္စရပ်ကို ကူညီဖျန်ဖြေရန် ဆုံးဖြတ် လိုက်သည်။ သူက အရှင်ရှားလော့ခ် ဒန်ဂျင်တွင် မရှိနေသော်လည်း နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ပိတ်ပစ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို မေးမြန်းလိုခဲ့သည်။

သင့်တော်သော ကိုယ်စားလှယ်လောင်း တစ်ဦးက အသင့်ရှိနေ၏။ စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ ထာဝရတိုင်းပြည်တွင် စုံစမ်း စစ်ဆေးနေဆဲပင်။ သူက အရည်အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည်လည်း ရှိသောကြောင့် နီကိုလပ်စ်က သူ့ လက်ထောက်အား ထိုမစ်ရှင်ကို စီနီယာ ဗိုလ်ကြီး ချယ်ရီထံသို့ ပေးအပ်ရန် အမိန့်ပေးလိုက်သည်။

စီနီယာ ဗိုလ်ကြီး ချယ်ရီ မစ်ရှင်ကို လက်ခံ ရရှိသော် လမ်းဆုံလမ်းခွ ကင်းစခန်းမှ ထာဝရတိုင်းပြည်သို့ ပြန်လာခဲ့သည်။ ဖိုးဉာဏ်ကျယ်က ပက်ထရစ်စတားနှင့် စီနီယာ ဗိုလ်ကြီး ချယ်ရီတို့ကို ထာဝရတိုင်းပြည်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

"မင်းတို့ရဲ့ သတင်းစုဆောင်းမှုကို အနှောင့်အယှက် ပေးရတဲ့ အတွက် တောင်းပန်ပါတယ်။ အရှင်ရှားလော့ခ်က ထာဝရတိုင်းပြည်မှာ မရှိတဲ့ အတွက် ငါတို့ သတင်းစုဆောင်းမှုနဲ့ တွေ့ဆုံမေးမြန်းမှု အားလုံးကို ငြင်းပယ်ပါတယ်။" ဖိုးဉာဏ်ကျယ် သူတို့ နှစ်ဦးလုံးကို ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

"နေဦး၊ ငါတို့က တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး။ ငါက ဆောင်းတောင်ကုန်းမြို့ တပ်စောင့် စီနီယာ ဗိုလ်ကြီးပါ။ မြေပေါ်ကမ္ဘာက မွန်းစတားတွေ ထာဝရတိုင်းပြည်မှာ ပေါ်ထွက်လာတယ်လို့ ကြားသိရတဲ့ အတွက် ငါ ဒီကို ရောက်လာခဲ့တာ။ မင်းတို့က မြေပေါ်ကမ္ဘာရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်၊ ဒါကြောင့် ငါ ကုန်သည် မဟာမိတ် အဖွဲ့ကို ကိုယ်စားပြုပြီး အကူအညီ ပေးဖို့ ရောက်လာခဲ့တာ။"

ပက်ထရစ်စတားမှာ သတင်းထောက် တစ်ဦး ဖြစ်သော်လည်း စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ မဟုတ်သောကြောင့် သူ မိမိကိုယ်ကို ဖော်ထုတ်ခဲ့သည်။ ဖိုးဉာဏ်ကျယ်မှာလည်း သူ့ကို မှတ်မိနေခဲ့သည်။

သို့သော် ဖိုးဉာဏ်ကျယ်မှာ အားနာတတ်သူ မဟုတ်ပေ။ ဖိုးဉာဏ်ကျယ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "ကုန်သည် မဟာမိတ် အဖွဲ့က ပစ္စည်းတွေ ပို့ခဲ့လား။ ဒါမှမဟုတ် စစ်လက်နက်ပစ္စည်းတွေလား။"

စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ အံ့ဩ သွားခဲ့သည်။ သူ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ "ငါ ဘာအမိန့်မှ မရသေးပါဘူး၊ ပြီးတော့ ငါ ဘာပစ္စည်း ဒါမှမဟုတ် လက်နက်ပစ္စည်း အထောက်အပံ့ အကြောင်းကိုမှ မသိသေးပါဘူး။"

ဖိုးဉာဏ်ကျယ်က ခေါင်းစောင်းကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ဒါပေမဲ့ ပစ္စည်းအထောက်အပံ့ မရှိရင် မင်းတို့က ထာဝရတိုင်းပြည်ကို ကူညီနေတာ မဟုတ်ဘူး။ မင်းတို့ ဒီမှာ နေခြင်းအားဖြင့် ငါတို့ကို ဒုက္ခပေးနေပါတယ်။ အရှင်ရှားလော့ခ် ပြန်မလာမချင်း ငါတို့ ဧည့်သည် အားလုံးကို ငြင်းပယ် ရပါလိမ့်မယ်။ ငါတို့ရဲ့ ယခင်ခင်မင်မှု အရ မင်းတို့က ထာဝရတိုင်းပြည်မှာ ဆက်နေနိုင်တယ်၊ ဒါပေမဲ့ အန္တရာယ် ရှိတဲ့ ရှေ့တန်းကိုတော့ မသွားပါနဲ့။ ငါတို့ မင်းတို့ အတွက် အစောင့်အရှောက်တွေ ချထား ပေးရပါလိမ့်မယ်။"

ဖိုးဉာဏ်ကျယ် ခဏမျှ စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။ "မြေပေါ်ကမ္ဘာက မွန်းစတားတွေက သနားကြင်နာနေမှာ မဟုတ်ဘူး။ သူတို့က မင်းတို့ကို သနားလို့ ဆိုပြီး ပြန်လွှတ်ပေးမှာ မဟုတ်ပါဘူး။ သူတို့က မင်းတို့ကို အပိုင်းပိုင်း ခုတ်ဖြတ်ပြီး မင်းတို့ရဲ့ ပစ္စည်း ကိရိယာတွေကို ချွတ်ယူဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ မင်းတို့ရဲ့ အလောင်းကို ကြည့်ပြီး အားရပါးရ ရယ်မော ကြလိမ့်မယ်။ ငါ ဒီလိုအရာကို မြင်တွေ့ဖူးတာ ဒါက ပထမဆုံး အကြိမ် မဟုတ်ဘူး။ ငါတို့ မြေပေါ်ကမ္ဘာက ခြိမ်းခြောက်မှုကို မချေဖျက် နိုင်မချင်း ထာဝရတိုင်းပြည်မှာပဲ နေပါ။ ထာဝရတိုင်းပြည်က စစ်သည်တော်တွေက မင်းတို့ကို ကာကွယ်ပေးထား ပါလိမ့်မယ်။ ကံကောင်းပါစေ။"

ဖိုးဉာဏ်ကျယ်မှာ စီနီယာ ဗိုလ်ကြီး ချယ်ရီ သို့မဟုတ် ပက်ထရစ်စတားကို စကား ပြန်ပြောရန်ပင် အခွင့်အရေး မပေးခဲ့ပေ။ သူ အခန်းထဲမှ ထွက်သွားပြီး အပြင်ဘက်မှ စစ်သည်တော်များအား လှမ်းပြောလိုက်သည်။ "မင်းတို့က ပက်ထရစ်စတားနဲ့ စီနီယာ ဗိုလ်ကြီး ချယ်ရီတို့ကို ကာကွယ်ဖို့ တာဝန်ယူ ရလိမ့်မယ်။"

ပက်ထရစ်စတားက အပြင်ဘက်မှ စစ်သည်တော်များ ဖိုးဉာဏ်ကျယ်၏ ညွှန်ကြားချက်ကို အတည်ပြုသည်ကို ကြားလိုက် ရသည်။ ထို့နောက် ဖိုးဉာဏ်ကျယ်၏ ခြေသံများ အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။ သူ စီနီယာ ဗိုလ်ကြီး ချယ်ရီကို အနေရခက်စွာ ကြည့်ကာ မေးလိုက်သည်။ "စီနီယာ ဗိုလ်ကြီး ချယ်ရီ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ ဆောင်းတောင်ကုန်းမြို့ကို ပြန်ကြမလား။"

စီနီယာ ဗိုလ်ကြီး ချယ်ရီ ခေါင်းခါလိုက်သည်။ ဒန်ဂျင်အရှင် နီကိုလပ်စ်က သူ့ကို မစ်ရှင် တစ်ခု ပေးထားသောကြောင့် သူ သေချာပေါက် ပြန်ထွက်ခွာမည် မဟုတ်ပေ။ သူ၏ မစ်ရှင်ကို မပြီးမြောက် နိုင်မချင်း သူ ထာဝရတိုင်းပြည်တွင် နေထိုင် ရပေမည်။

"ငါတို့ နဂါးနက် ကြက်ဥခေါင်းကို ရှာကြစို့။ ဒီဒန်ဂျင်ကို လစ်ခ်ျက အုပ်ချုပ်နေတာ မဟုတ်ဘူး။" စီနီယာ ဗိုလ်ကြီး ချယ်ရီ ပက်ထရစ်စတားကို ပြောလိုက်သည်။ သူတို့ နှစ်ဦးလုံး ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်ခွာ သွားသည်။ အိမ်အပြင်ဘက်တွင်တော့ သူတို့ ကင်းစောင့်နေသော စစ်သည်တော်များကို မြင်တွေ့လိုက် ရသည်။ သူတို့မှာ သတိ အနေအထားဖြင့် ရပ်နေသော မြင်နေကျ လေးနက်သည့် အစောင့်များ မဟုတ်ကြပေ။ သူတို့က နံရံကို ပေါ့ပေါ့ပါးပါး မှီနေကြပြီး သူတို့ထဲမှ တစ်ဦးဆိုလျှင် သူ၏ လက်ထဲတွင် ပင့်ကူမျှင်ကို ချည်ထိုး နေခဲ့သည်။

၎င်းမှာ ထူးဆန်းသောအရာ မဟုတ်ခဲ့ပေ။ ၎င်းမှာ ထာဝရတိုင်းပြည်၏ မြင်တွေ့ရနေကျ ဟန်ပန်ပင်။

"ငါ နဂါးနက် ကြက်ဥခေါင်းကို တွေ့ချင်ပါတယ်။" စီနီယာ ဗိုလ်ကြီး ချယ်ရီ ပြောလိုက်သည်။

All Chapters