← Chapters

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ၏ ထောက်လှမ်းရေး

Vol. 33 Ch. 495

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ၏ ထောက်လှမ်းရေး

Vol. 33 Ch. 495

ဂိမ်းမာများမှာ စီနီယာ ဗိုလ်ကြီး ချယ်ရီက ကြက်ဥခေါင်းကို သွားရောက် တွေ့ဆုံခြင်းကို မတားဆီး ခဲ့ပေ။ သူတို့က ပိုလီယိုအား စီနီယာ ဗိုလ်ကြီး ချယ်ရီ ကြက်ဥခေါင်းကို တွေ့ဆုံလိုကြောင်း တောင်းဆိုချက်ကိုပင် သတင်းပို့ ပေးခဲ့ကြသည်။

"ဘာလဲ။ အဲ့ဒီ စီနီယာ ဗိုလ်ကြီး အော့ခ်က ငါ့ကို တွေ့ချင်လို့လား။ သူ ဘာဖြစ်လို့ ငါ့ကို တွေ့ချင်ရတာလဲ။"

ကြက်ဥခေါင်းမှာ သူ၏ မောက်စ်နှင့် ကီးဘုတ်ကို အသုံး ပြုနေရင်း ပိုလီယို၏ ပြောစကားကို နားထောင် နေခဲ့သည်။ ကြက်ဥခေါင်းရှေ့မှ ကွန်ပျူတာ မျက်နှာပြင်တွင်တော့ ဆင့်ခေါ်သူ၏ ချောက်ကမ်းပါး နှင့် လူးလူးနောက်သို့ လိုက်နေသော အက်ဇရီယယ် သူရဲကောင်းကို ပြသ နေခဲ့သည်။ ကြက်ဥခေါင်းမှာ တစ်ချိန်တည်းတွင် အလုပ် များစွာ လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ယုံကြည်ချက် ရှိသည်။ သူ၏ ဂိမ်းဇာတ်ကောင် ထွက်ပြေးနေစဉ် မှာပင် သူက ဝင်းဒိုးများ တလှည့်စီ ပြောင်းကာ ပိုလီယိုနှင့် စကားပြော နေခဲ့သည်၊ အားလုံးက တစ်ချိန်တည်းတွင်ပင်။

ထိုအရာမှာ သာမန် သတ္တဝါ တစ်ဦးက ယှဉ်ပြိုင်နိုင်ခြင်း မရှိသော နဂါးနက် တစ်ကောင်၏ ဂိမ်းကစားစွမ်းရည်ပင်။

ပိုလီယိုမှာတော့ ကြက်ဥခေါင်း ဘေးတွင် ထိုင်နေသည်။ သူ ကြက်ဥခေါင်း၏ ဂိမ်းကို စိတ်မဝင်စားဘဲ သူ၏ ခြေသည်းကိုသာ အဆက်မပြတ် လျက် နေခဲ့သည်။

"ငါ ထင်တယ် ဒါက ငါတို့နဲ့ ဗစ်တိုးရီးယားမြို့နဲ့ စစ်ပွဲကြောင့်ပဲ။ မြေပေါ်ကမ္ဘာ မွန်းစတားတွေက အဲ့ဒီ အော့ခ်တွေ အတွက် ကြောက်စရာ ကောင်းပုံရတယ်၊ အထူးသဖြင့် ငါတို့က ဗစ်တိုးရီးယားမြို့နဲ့ စစ်ပွဲကြီး ဖြစ်နေချိန်မှာပေါ့။ လမ်းဆုံလမ်းခွ ကင်းစခန်းက တိုက်ပွဲမှာ စစ်သည်တော် ရာပေါင်း များစွာ ပါဝင်နေတယ်၊ ဒါကြောင့် သူတို့ စိုးရိမ်နေကြတာက သဘာဝကျပါတယ်။ သူတို့က ငါနဲ့ မတူဘူးဟ။ ငါက မိုက်ကယ်အိန်ဂျယ်လို နဲ့အတူ မြေပေါ်ကမ္ဘာမှာ မဟာစစ်ပွဲ တစ်ခု ဝင်တိုက်ခိုက် ခဲ့ဖူးတယ်။" ပိုလီယို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကြက်ဥခေါင်းမှာ ပိုလီယို ကြွားဝါနေသည်ကိုပင် မသိပေ။ သူက သူ၏ ဂိမ်းအပေါ်တွင်သာ ဆက်လက်၍ အာရုံစိုက် နေခဲ့သည်။

"အရှင်ရှားလော့ခ်က ငါ့ကို ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မပြောသွားဘူး။ ငါတော့ ချယ်ရီကို မတွေ့ချင်ဘူးလို့ ထင်တယ်။"

"အင်း၊ ငါလည်း အဲ့လို ထင်သားပဲ။ လစ်ခ်ျကိုပဲ ကိုင်တွယ် ခိုင်းလိုက်ပါ။"

ပိုလီယို ပြောလိုက်သည်။ "သူက သံတမန် ဆက်ဆံရေးကို ကိုင်တွယ်တဲ့ နေရာမှာ အကောင်းဆုံး သတ္တဝါပဲ။"

"ဟုတ်တယ်။ ငါ့ ဂိမ်းကို ဆက်ဆော့တော့မယ်။ ဒီတစ်ခေါက် လမ်းဆုံလမ်းခွ ကင်းစခန်းကို တိုက်ခိုက်ဖို့ စစ်သည်တော်တွေကို ဦးဆောင်ရမှာ မင်း အလှည့်ပဲ။"

"ငါ နားလည်ပါတယ်၊ ငါ နားလည်ပါတယ်..."

...

ကြက်ဥခေါင်းနှင့် ပိုလီယိုတို့ ဒန်ဂျင်အရှင် ခန်းမဆောင် အထဲတွင် စကားပြောဆို နေစဉ် စီနီယာ ဗိုလ်ကြီး ချယ်ရီမှာတော့ အပြင်ဘက်တွင် စောင့်ဆိုင်း နေခဲ့သည်။ သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ခဲ့သော်လည်း ကြက်ဥခေါင်းနှင့် မတွေ့ခဲ့ရပေ။ ယင်းအစား ဖိုးဉာဏ်ကျယ်သာ ထွက်ပေါ် လာခဲ့သည်။

"ငါ မင်းကို ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား။ မင်းက မြေပေါ်ကမ္ဘာနဲ့ စစ်ပွဲထဲမှာ ဝင်မပါရဘူး။ မင်း ကြက်ဥခေါင်းကို သွားရှာရင်တောင် အသုံးမဝင်ဘူး။ မင်း ပိုသိချင်ရင် အရှင်ရှားလော့ခ် ပြန်လာတာကို စောင့်ရမယ်။" ဖိုးဉာဏ်ကျယ်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ပေ။ သူ အကောင်းဆုံး ကြိုးစား ခဲ့သော်လည်း မျှော်လင့်ချက် များများစားစား မရှိခဲ့ပေ။ လစ်ခ်ျမှာ အလွန် ခေါင်းမာလှ၏။ အရှင်ရှားလော့ခ်က အမိန့် ပေးခဲ့သောကြောင့် ဖိုးဉာဏ်ကျယ်မှာ သေချာပေါက် ယင်းကို အကောင်အထည် ဖော်ရပေလိမ့်မည်။

ချယ်ရီ သူ၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အရှင်ရှားလော့ခ် ပြန်လာသည်အထိ စောင့်ဆိုင်း ရမည်လော။ ချယ်ရီမှာ အရှင်ရှားလော့ခ် ခရီး ထွက်သွားကြောင်းသာ ကြားခဲ့ရ၏။ အရှင်ရှားလော့ခ် ထာဝရတိုင်းပြည်သို့ မည်သည့် အချိန်တွင် ပြန်လည် ရောက်ရှိလာမည်ကို မည်သူမျှ မသိခဲ့ပေ။

စီနီယာ ဗိုလ်ကြီး ချယ်ရီ လက်လျှော့ရန် စဉ်းစားနေစဉ် ဖိုးဉာဏ်ကျယ်က ခဏ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "ငါ နားလည်ပါတယ်။ ငါ သေချာ မစဉ်းစားခဲ့မိဘူး။ ငါ မင်းကို လမ်းဆုံလမ်းခွ ကင်းစခန်းက အခြေအနေကို သွားရောက် စူးစမ်းလေ့လာဖို့ စီစဉ်ပေးမယ်။ မြေပေါ်ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ချိတ်ပိတ်ဖို့ ကိစ္စ အတွက်တော့ မင်း အရှင်ရှားလော့ခ် ပြန်လာပြီး ဆုံးဖြတ်ချက် ချပေးတာကို စောင့်ရမယ်။"

စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ ဖိုးဉာဏ်ကျယ်က နားလည်ပေး လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ သူက မြေပေါ်ကမ္ဘာနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ချိတ်ပိတ်ရန် ခွင့်ပြုချက် မရခဲ့သော်လည်း မြေပေါ်ကမ္ဘာ မွန်းစတားများ၏ အင်အားကို လေ့လာရန် လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ပြန်လည် သွားရောက် နိုင်ပေသည်။ သူ သူ၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အခွင့်အရေး တစ်ခု ရှာတွေ့နိုင်လောက်သည်။

ပက်ထရစ်စတားမှာလည်း ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူ ချယ်ရီ နောက်သို့ လိုက်ကာ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ သွားရောက်ရန် ခွင့်ပြုချက် တောင်းဆို လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ဂိမ်းမာများ အစား ဖိုးဉာဏ်ကျယ်က သူတို့ကို ကင်းစခန်းသို့ ခေါ်ဆောင်သွား ပေလိမ့်မည်။

...

ဂိုးလ်ရှိုင်းယားမြို့တွင်။

ဗိုလ်ချုပ်ရှီဒန် သူ၏ အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း သူ၏ နောက်ထပ် မဟာဗျူဟာမြောက် လှုပ်ရှားမှုကို စီစဉ် နေခဲ့သည်။

ဤအခန်းမှာ ဂိုးလ်ရှိုင်းယားမြို့၏ မြို့တော်ဝန်ထံမှ ငှားရမ်းထားခြင်း ဖြစ်၏။ ယခင်က ဂိုးလ်ရှိုင်းယားမြို့မှာ နတ်ဘုရား တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့် နတ်ဘုရား တိုင်းပြည်၏ စစ်တပ်မှာ ငှားရမ်းခ ပေးဆောင်ရန် မလိုအပ်ခဲ့ပေ။ သို့သော် ယခုမူ ဂိုးလ်ရှိုင်းယားမြို့မှာ ဗစ်တိုးရီးယားမြို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေလေပြီ။ နတ်ဘုရား တိုင်းပြည်မှာ ယော့ခ်နယ်မြေ အတွက် ဗစ်တိုးရီးယားမြို့နှင့် တိုက်ခိုက်လု နီးပါး ဖြစ်ခဲ့သည်။ သို့သော် မြေအောက်လောက သတ္တဝါများ၏ ကျူးကျော်မှုကြောင့် နတ်ဘုရား တိုင်းပြည်မှာ ဗစ်တိုးရီးယားမြို့ကို မတိုက်ခိုက်ခဲ့ပေ။ ဗိုလ်ချုပ်ရှီဒန်မှာလည်း ဗစ်တိုးရီးယားမြို့ကို အင်အားဖြည့်တင်း ပေးရန်အတွက် ဤနေရာတွင် ရှိနေခြင်း ဖြစ်၏။

ဗိုလ်ချုပ်ရှီဒန် ဂိုးလ်ရှိုင်းယားမြို့သို့ ရောက်ရှိ လာသည့်အခါ ပြဿနာ တစ်ခုနှင့် ကြုံတွေ့ ခဲ့ရသည်။

သူ ဘုရင်မ ဗစ်တိုးရီးယားနှင့် ဆက်သွယ်ရန် နည်းလမ်း တစ်ခု စဉ်းစား ရပေမည်။

ဗိုလ်ချုပ်ရှီဒန်မှာ ဂိုးလ်ရှိုင်းယားမြို့တွင် ရက်အနည်းငယ်ကြာ နေထိုင်နေ ခဲ့သော်လည်း ဗစ်တိုးရီးယားမြို့မှ မည်သည့် အရာရှိမျှ သူ့ကို ဆက်သွယ်လာခြင်း မရှိခဲ့ပေ။ သူ ဗစ်တိုးရီးယားမြို့မှ သာမန် လူများမှ တစ်ဆင့် ဘုရင်မ ဗစ်တိုးရီးယားထံသို့ သူ၏ ရည်ရွယ်ချက်ကို ပေးပို့ရန် ကြိုးစားခဲ့သည်။

သို့သော် ဗိုလ်ချုပ်ရှီဒန်မှာ မည်သည့် ပြန်ကြားချက်မျှ မရသေးပေ။ သူ သတင်း အချက်အလက် စုဆောင်းရန် သူ၏ ကင်းထောက်များကို စေလွှတ်ရန် သို့မဟုတ် တိုက်ပွဲအခြေအနေကို စူးစမ်းလေ့လာရန် ဗစ်တိုးရီးယား မြို့သားများနောက်သို့ သူ၏ သူရဲကောင်းများကို လိုက်ပါစေရန် စဉ်းစားမိခဲ့သည်။

သို့သော် သူ၏ ကြိုးပမ်းမှု အားလုံး ကျရှုံးခဲ့သည်။ သူ ဖြန့်ကျက် စေလွှတ်ခဲ့သော ကင်းထောက်များက ပြန်မလာခဲ့ကြပေ။ ဗစ်တိုးရီးယား မြို့သားများနောက်သို့ လိုက်ပါခဲ့သော သူရဲကောင်းများပင်လျှင် လမ်းတစ်ဝက်တွင် အသတ် ခံခဲ့ရသည်။

တစ်ကြိမ်တွင်တော့ ကင်းထောက် တစ်ဦးက ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လည် ရောက်ရှိ လာနိုင်ခဲ့သည်။ သူက ဗိုလ်ချုပ်ရှီဒန်အား သစ်တောတွင်း အပြည့်အနှက် နေရာအပြည့်ယူထားသော အော့ခ်များနှင့် မြေအောက်လောက သတ္တဝါများအကြောင်း အသိပေး ခဲ့သဖြင့် ဗိုလ်ချုပ်ရှီဒန်မှာ သစ်တောအတွင်းသို့ ဝင်ရောက်ရန် အလွန် သတိထား လာခဲ့သည်။

ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား တောအုပ်၏ သတင်း အချက်အလက် ရရှိရန် ဖြေရှင်းချက် တစ်ခု စဉ်းစား နေခဲ့သည်။

သူ ဂိုးလ်ရှိုင်းယားမြို့တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ စစ်တပ်မှာ အစားအစာ နှင့် တည်းခိုရန် နေရာ လိုအပ်သောကြောင့်ပင်။

ဗိုလ်ချုပ်ရှီဒန် စိုးရိမ်နေစဉ် သူ့ အခန်းအပြင်ဘက်သို့ ဂျော့ခ်ျက လျှောက်လာပြီး အစောင့်များထံသို့ မိမိကိုယ်ကို ဖော်ထုတ်ခဲ့သည်။ သူ့ကို အခန်းအတွင်းသို့ ဖိတ်ခေါ်ခံခဲ့သည်။

ဗိုလ်ချုပ်ရှီဒန်က ဂျော့ခ်ျ သူ၏ အခန်းထဲသို့ လမ်းလျှောက် ဝင်လာသည်ကို မြင်တွေ့သောအခါ သူ တွေဝေနေရာမှ အသိပြန်ဝင် လာခဲ့သည်။ သူက ထရပ်ကာ တွေဝေနေစဉ် ယိုကျခဲ့သော တံတွေးများကို သုတ်လိုက်သည်။ သူက ဂျော့ခ်ျအား လေးနက်စွာ မေးလိုက်သည်။ "ဆာဂျော့ခ်ျ၊ ဒီအချိန်ကြီးကျမှ အရှင်မှာ ဘာကိစ္စရပ်တွေ ရှိနေလို့လဲ။"

ဂျော့ခ်ျ အံ့ဩ သွားခဲ့သည်။ သူ အပြင်ဘက်မှ ပူပြင်းသော နေကို တစ်ချက်မျှ ကြည့်ပြီးနောက် ယဉ်ကျေးစွာ မေးလိုက်သည်။ "ဗိုလ်ချုပ်ရှီဒန်၊ အရှင် ညက အိပ်စက်ခဲ့သေးလား။"

ဗိုလ်ချုပ်ရှီဒန်မှာ ကြောင်သွားခဲ့သည်။ သူ ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက်မျှ ကြည့်ပြီးနောက် သူ၏ နဖူးကို ဖုံးအုပ်ကာ ပြောလိုက်သည်။ "အာ၊ နေ့ခင်းတောင် ရောက်နေပြီပဲ။ ငါ တစ်ညလုံး ထိုင်စဉ်းစား နေခဲ့မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

"ကျွန်တော် ဗိုလ်ချုပ် ရှီဒန်ကို အလွန် လေးစားပါတယ်။ ကျွန်တော် အရှင့် အနားယူမှုကို မနှောင့်ယှက် သင့်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ အရှင်နဲ့ ဆွေးနွေးစရာ ကိစ္စရပ် တစ်ခု ရှိနေလို့ပါ။"

ဂျော့ခ်ျ ရှေ့သို့ လျှောက်သွားပြီး ဗိုလ်ချုပ်ရှီဒန်အား တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော့် သတင်း အချက်အလက်အရ ကျွန်တော်တို့ တစ်ယောက်ယောက်ကို ဗစ်တိုးရီးယား မြို့သားတွေ အနောက်ကနေ လိုက်စေတိုင်း မြေအောက်လောက သတ္တဝါတွေက တနည်းနည်းနဲ့ သိသွားကြတယ်။ ကျွန်တော်တို့ ကြားထဲမှာ သစ္စာဖောက် တစ်ယောက် ရှိနေတာပဲ။ ဗစ်တိုးရီးယား မြို့သားတွေက ကျွန်တော့်ကို ခုနကမှ လာရှာပြီး ကြိုပြင်ဆင်ထားဖို့ ပြောခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ဗစ်တိုးရီးယားမြို့ရဲ့ မြို့အတွင်းပိုင်းထဲ လိုက်ပို့ပေးဖို့ လူအုပ်ကြီး တစ်ခု စုစည်း ထား,ထားကြပြီ။"

ဗိုလ်ချုပ်ရှီဒန် အံ့ဩတကြီး ခုန်ထကာ ပြောလိုက်သည်။ "တကယ်လား။"

ဗိုလ်ချုပ်ရှီဒန်မှာ ထိတ်လန့် နေခဲ့သည်။ သူက ၎င်းမှာ ဗစ်တိုးရီးယား မြို့သားများ ထောင်ချောက် ဆင်ထားခြင်းလည်း ဖြစ်နိုင်သည် ဟူသော အချက်ကို အလျင်အမြန် စဉ်းစားမိသည်။ ၎င်းမှာ ဗစ်တိုးရီးယားမြို့ကို သစ္စာဖောက်ခဲ့သော လူသားများ ထောင်ချောက် ဆင်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။

အကယ်၍ သူတို့သာ ဤအခွင့်အရေးကိုသာ အသုံးမချခဲ့ပါက ၎င်းအခွင့်အရေးကို ဆုံးရှုံးသွားပြီး အချိန်ကြာမြင့်စွာ ထပ်စောင့်ဆိုင်း ရပေလိမ့်မည်။ သူတို့တွင် အချိန် များများစားစား မကျန်နေတော့ပေ။

All Chapters