လမ်းဆုံလမ်းခွ ကင်းစခန်းသိမ်းပိုက် အောင်နိုင်ခြင်း
Vol. 33 Ch. 483
"မင်း ဘာပြောလိုက်တာလဲ။ ဗစ်တိုးရီးယားမြို့က မြေအောက်လောက သတ္တဝါတွေနဲ့ တိုက်ခိုက်နေတာလား။"
နတ်ဘုရား တိုင်းပြည်၏ ညီလာခံ ခန်းမတွင် ဘုရင်အာလူး ၂ သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်ကာ မြို့စားပေါက်စီ နှင့် ဂျော့ခ်ျတို့ကို မယုံနိုင်စွာ ကြည့်နေ ခဲ့သည်။
လူများစွာ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သော ပေါက်စီနှင့် ဂျော့ခ်ျတို့ မနေ့က နတ်ဘုရား တိုင်းပြည်၏ မြို့တော်တွင် ပြန်၍ ပေါ်ထွက်လာ ခဲ့ကြသည်။ ဘုရင်အာလူး ၂မှာ အသက်ရှင်ကျန်ရစ်သော သူကောင်းမျိုး နှစ်ဦးကို ချက်ချင်း ခေါ်ယူ တွေ့ဆုံခဲ့သည်။
သူ သူတို့၏ သတင်းများကို ကြားသိပြီးနောက် မယုံနိုင် ဖြစ်နေခဲ့သည်။ သူ အနိုင်ယူ သိမ်းပိုက်လိုခဲ့သော ဗစ်တိုးရီးယားမြို့မှာ ထာဝရတိုင်းပြည်မှ မြေအောက်လောက သတ္တဝါများနှင့် တိုက်ခိုက် နေခဲ့သည်။ အကယ်၍ သူသာ ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်ခဲ့ပါက သူက တခြား လူသားတိုင်းပြည်များ အားလုံး၏ ဘုံရန်သူ ဖြစ်လာ ပေလိမ့်မည်။ အင်ပါယာမှာ သူ၏ တိုင်းပြည်ကို ဝိုင်းဖျက်ဆီးရန် တခြား နိုင်ငံများကိုပင် ဦးဆောင် လာနိုင်ပေသည်။
၎င်းမှာ နှစ်ထောင်ပေါင်း များစွာ အကြာက မြေပေါ်ကမ္ဘာကို ကျူးကျော်ခဲ့သော ဒဏ္ဍာရီပါ မြေအောက်လောကပင်။ မဟာနတ်ဆိုး မိုက်ကယ်အိန်ဂျယ်လိုမှာ မြေပေါ်ကမ္ဘာ တစ်ခု လုံးကို သိမ်းပိုက် အောင်နိုင်လု နီးပါး ဖြစ်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် မြင့်မြတ်သော အရှင်သခင်၏ ဘုရားကျောင်းတော် နှင့် ကောင်းကင်ဘုံမှ ကောင်းကင်တမန်များ ဝင်ရောက် စွက်ဖက်ကာ မြေပေါ်ကမ္ဘာကို ဘေးအန္တရာယ်မှ ကယ်တင် ပေးခဲ့ကြသည်။
ထိုအရာမှာ သမိုင်းစာအုပ်များ အထဲတွင် ရေးသားထားသော အရာပင်။ ဘုရင်မှာ နှစ်ထောင်ပေါင်း များစွာ အကြာက စစ်ပွဲတွင် မပါဝင်ခဲ့ ရသောကြောင့် ထို ဒဏ္ဍာရီ မှန်ကန်ခြင်း ရှိ၊ မရှိကို သူ မသိရှိနိုင်ပေ။ ဘုရားကျောင်းတော်မှာ မြေအောက်လောက၏ တည်ရှိမှုကို သေချာပေါက် အတည်ပြု ပေလိမ့်မည်။
ဘုရင်အာလူး ၂မှာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူ ဗစ်တိုးရီးယားမြို့ကို သိမ်းပိုက် အောင်နိုင်ရန် အလွန် ယုံကြည်ချက် ရှိနေခဲ့သည်။ သို့သော် သူ့အနေဖြင့် မြေအောက်လောက သတ္တဝါများက ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်နေခြင်း ဟုတ်၊ မဟုတ်ကို အရင်ဦးဆုံး စုံစမ်း စစ်ဆေး ရပေမည်။ သူ ထို့နောက် ဘာလုပ် ရမည်ကို ဆုံးဖြတ် ပေလိမ့်မည်။
သူက အရည်အချင်း မရှိသော မင်း တစ်ပါး မဟုတ်ပေ။ သူ ယော့ခ်နယ်မြေကို ဆုံးရှုံး ခဲ့သော်လည်း ၎င်းမှာ ကံကောင်းခြင်း တစ်ခုပင် ဖြစ်နိုင်ပေသည်။ သူ သူ၏ တော်ဝင်မျိုးနွယ်စုကို အားကောင်းစေရန်နှင့် သူ၏ နယ်နိမိတ်များရှိ သူကောင်းမျိုးများကို နှိမ်နင်းရန် ပို၍ အာရုံစိုက် နိုင်ပေသည်။ ထို့နောက် သူ နောက်ပိုင်း ဒေသများသို့ ကြီးမားသော သိမ်းပိုက် အောင်နိုင်ရေး တစ်ခု ဆင်နွဲခြင်း ပြုလုပ်နိုင်ပေသည်။
"မင်း ဘုရားကျောင်းတော်ကို အကြောင်းကြား ပြီးပြီလား။" ဘုရင်အာလူး ၂ စဉ်းစားကာ မေးလိုက်သည်။
"အကြောင်း မကြားရသေးပါဘူး။ ဘုရားကျောင်းတော်ကို အကြောင်းကြားဖို့ သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။" ဂျော့ခ်ျမှာ ဘုရင်အာလူး ၂ သူ့ကို နားလည်မှု လွဲမည်ကို စိုးရွံ့ နေသောကြောင့် ထပ်ပြောလိုက်သည်။ "အမှောင်မျိုးနွယ်တွေ၊ ယုတ်ညံ့တဲ့ သတ္တဝါတွေ ကျွန်တော်တို့ ကမ္ဘာမှာ ပေါ်ထွက်လာတာကို ကျွန်တော်တို့ အချိန်ကြာကြာ ဖုံးကွယ်ထားလို့ မရပါဘူး။ ဘုရားကျောင်းတော်ကို စောစောစီးစီး အကြောင်းကြားတာက ပိုကောင်းပါတယ်။"
ဂျော့ခ်ျမှာ ဘုရင်အာလူး ၂ ဗစ်တိုးရီးယားမြို့ကို သိမ်းပိုက်ရန် ရည်ရွယ်နေဆဲ ဖြစ်မည်ကို စိုးရိမ် နေခဲ့သည်။ ယော့ခ်နယ်မြေက ဗစ်တိုးရီးယားမြို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းမှာ ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် တိုက်ခိုက်နေ နေဆဲပင်။ ဤအချိန်တွင် မည်သူမျှ ဗစ်တိုးရီးယားမြို့ကို လာရောက် အပြစ်တင်မည် မဟုတ်ပေ။
ထို့အပြင် ယော့ခ်နယ်စားကြီးမှာ ဗစ်တိုးရီးယားမြို့ကို ယခင်က ရန်ငြိုး ဖွဲ့ခဲ့သည်။ လူများစွာအမြင်တွင် ဗစ်တိုးရီးယားမြို့က ယော့ခ်နယ်မြေကို မိမိကိုယ်ကို ကာကွယ်ရန် တိုက်ခိုက်ခဲ့သည်ဟုသာ ထင်ကြ ပေလိမ့်မည်။ ဗစ်တိုးရီးယားမြို့မှာ ယခု ဆိုးယုတ်သော သတ္တဝါများကို ခုခံနေသော ခံတပ် တစ်ခု ဖြစ်နေပြီ ဖြစ်သောကြောင့် လူသားတိုင်းပြည်များ အားလုံး သူတို့ကို ထောက်ခံ အားပေးကြ ပေလိမ့်မည်။ ဗစ်တိုးရီးယားမြို့နှင့် တိုက်ခိုက်ခြင်းမှာ မိမိကိုယ်ကို သေကြောင်းကြံနေခြင်းနှင့် တူပေလိမ့်မည်။
ဘုရင်အာလူး ၂ ခဏမျှ စဉ်းစားပြီးနောက် သူ၏ မျက်ခုံးများကို ဖြေလျှော့လိုက်သည်။ ထို့နောက် သူ သူတို့ နှစ်ဦးလုံးကို ပြောလိုက်သည်။ "ဒါက ငါ လုပ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ အရာပဲ။ ဗိုလ်ချုပ်ကြီး ရှီဒန်။"
သူ ခေါ်လိုက်ရာ ဗိုလ်ချုပ်ကြီး တစ်ဦး ရှေ့ထွက်လာပြီး ဘုရင်ရှေ့တွင် ဒူးထောက်လိုက်သည်။
"ဗိုလ်ချုပ်ကြီးရှီဒန် ငါတို့ အင်အား စုစည်းထားတဲ့ စစ်တပ်နဲ့ အတူ ဗစ်တိုးရီးယားမြို့ကို ထွက်ခွာသွားတော့။ ငါ ဗစ်တိုးရီးယားမြို့ရဲ့ မြို့တော်ဝန်ဆီကို စာတစ်စောင် ရေးလိုက်မယ်။ ငါတို့ မြေအောက်လောက သတ္တဝါတွေနဲ့ သူတို့ရဲ့ တိုက်ပွဲကို ထောက်ပံ့ ကူညီပေးမယ်။"
ဘုရင်အာလူး ၂မှာ ဘုရင်မ ဗစ်တိုးရီးယားကို အမည်တပ် မခေါ်ဆိုခဲ့ပေ။ ယင်းအစား သူက ဗစ်တိုးရီးယားမြို့ကို လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံ အဖြစ် အသိအမှတ် မပြုလိုသောကြောင့် ဗစ်တိုးရီးယားမြို့၏ မြို့တော်ဝန် ဟုသာ ဖော်ပြခဲ့သည်။
ဗစ်တိုးရီးယားမြို့ကို အင်အား ဖြည့်တင်းပေးရန် ဆန္ဒ ရှိသရွေ့ သူက သူမကို ဘုရင်မ ဗစ်တိုးရီးယားဟု ခေါ်ခေါ် မြို့တော်ဝန်ဟု ခေါ်ခေါ် မည်သူမျှ ဂရုစိုက်နေမည် မဟုတ်ပေ။
"ဟုတ်ကဲ့ အရှင်မင်းကြီး။" ဗိုလ်ချုပ်ကြီးရှီဒန် အသိအမှတ် ပြုကာ ထွက်ခွာ သွားခဲ့သည်။
"ဆာဂျော့ခ်ျနဲ့ မြို့စားပေါက်စီ။"
ဘုရင် သူတို့ နှစ်ဦးလုံးကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံး နတ်ဘုရား တိုင်းပြည်ကို အခုမှ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပြီး ပင်ပန်းနေကြလိမ့်မယ် ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အခုက မြေအောက်လောက သတ္တဝါတွေ ငါတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ရှင်သန်ရေးကို ခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ အချိန်ပဲ။ ငါတို့ ဗစ်တိုးရီးယား မြို့သားတွေနဲ့ ဆက်ဆံရေး မကောင်းခဲ့ပေမဲ့ ငါ သူတို့ကို ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းတို့က ပတ်ဝန်းကျင် မြေပြင်နဲ့ အကျွမ်းတဝင် ရှိပြီး မင်းတို့ရဲ့ တပ်ဖွဲ့တွေကို အဲ့ဒီကို ဦးဆောင် သွားရောက် ခဲ့ဖူးတယ်။ မင်းတို့က ငါ့ စစ်တပ်မှာ ပါဝင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ဒါက မင်းတို့ အတွက်လည်း ဂုဏ်သိက္ခာ ရှိတဲ့ အခွင့်အရေး တစ်ခုပဲ။ ငါတို့ နယ်မြေ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားတွေ အတွက် တိုက်ခိုက် နေကြတာ မဟုတ်ဘူး၊ ငါတို့ အလင်းရဲ့ လူမျိုးစုတွေ အားလုံး အတွက် ကိုယ်စားပြု တိုက်ခိုက် နေကြတာ။ ငါတို့ရဲ့ နာမည်တွေကို သမိုင်းမှတ်တမ်းတွေမှာ အမှတ်ရ နေကြလိမ့်မယ်။ ငါတို့ရဲ့ ရုပ်တုတွေကို မြို့တွေရဲ့ ဝင်ပေါက်တွေမှာ ဖန်တီး ထုလုပ်ထား ကြလိမ့်မယ်။"
သူ ကျယ်လောင်စွာ ပြောလိုက်ရာ ဂျော့ခ်ျ ချက်ချင်း ထွက်လာပြီး ပြန်ပြောသည်။ "ကျွန်တော် အရှင့်အမိန့်ကို အမြဲတမ်း နာခံပါ့မယ် အရှင်မင်းကြီး။"
"ကျွန်တော် အရှင့်အမိန့်ကို နာခံပါတယ်။ ကျွန်တော် အရှင်နဲ့ အတူ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ ဆန္ဒ ရှိပါတယ်။" မြို့စားပေါက်စီ ထွက်လာပြီး ဖြေလိုက်သည်။
"အရမ်း ကောင်းတယ်။ သွားပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ကြတော့၊ ပြီးရင် စစ်တပ်နောက် လိုက်ပြီး ဗစ်တိုးရီးယားမြို့ကို သွားကြ။"
ပေါက်စီနှင့် ဂျော့ခ်ျတို့ ဗိုလ်ချုပ်ကြီးရှီဒန် နောက်သို့ လိုက်သွား ခဲ့ကြသည်။
လူအားလုံး ထွက်ခွာသွားသည့်အခါ ဘုရင်က ကျေနပ်စွာ ပြုံးလိုက်သည်။
ဘုရင်မှာ မြေအောက်လောက သတ္တဝါများကို ယခင်က မမြင်ဖူးခဲ့သော်လည်း အခုက သူတို့ကို တိုက်ခိုက်ရန် အချိန်ကောင်းပင်။ သူ ဗစ်တိုးရီးယားမြို့ကို တိုက်ရိုက် တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း မြေအောက်လောက သတ္တဝါများက ဗစ်တိုးရီးယားမြို့၏ တိုးချဲ့ကျူးကျော်မှုကို ဟန့်တား ထားပေးခဲ့သည်။ ဗစ်တိုးရီးယားမြို့မှာ ယော့ခ်နယ်မြေကို သိပ်မကြာသေးမှီက သိမ်းပိုက်ခဲ့ပြီး ၎င်းကို သူ့ဘက်မှ ကာကွယ် တားဆီးထားနိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍ သူသာ သူ၏ စစ်တပ်ကို စေလွှတ်ကာ ဗစ်တိုးရီးယားမြို့ကို ပြန်သိမ်းပိုက်လိုပါက သူ အောင်ပွဲ အတွက် ဈေးကြီးပေး ပြန်ပေးဆပ် ရပေလိမ့်မည်။
သူ ဗစ်တိုးရီးယားမြို့ကို ကူညီဟန် ဆောင်ရင်း သူ၏ တပ်ဖွဲ့များကို ရှေ့တန်း၏ နောက်ဘက်တွင်သာ နေရာချထားခြင်း သို့မဟုတ် သူတို့ကို ဗစ်တိုးရီးယားမြို့ကို နောက်ကွယ်မှ ဖျက်ဆီးခြင်းသာ ပြုလုပ် ခိုင်းလိမ့်မည်။ ထို့နောက်တွင်မူ ဗစ်တိုးရီးယားမြို့က ယခင်က လူသားတိုင်းပြည်များ အားလုံးကို ဖျက်ဆီးလု နီးပါး ဖြစ်ခဲ့သော အားကောင်းသော မြေအောက်လောက သတ္တဝါများကို တားဆီး ထားနိုင်ခဲ့ကြောင်း မည်သူမျှ သိရှိတော့မည် မဟုတ်ပေ။
ဗစ်တိုးရီးယား မြို့သားများ နှင့် မြေအောက်လောက သတ္တဝါများ နှစ်ဘက်လုံး ပြင်းထန်သော ဆုံးရှုံးမှုများ ခံစားရသည့်အခါတွင်တော့ သူက ဗစ်တိုးရီးယားမြို့ နှင့် ယော့ခ်နယ်မြေကို တရားနည်းလမ်း ကျစွာ ဝင်ရောက် သိမ်းပိုက် နိုင်ပေမည်။
ဘုရင်မှာ သူ၏ အစီအစဉ်ကြောင့် ပျော်ရွှင် နေခဲ့သည်။
"ကောင်းကင်ဘုံက ငါ့ ဘက်မှာရှိနေတာပဲ။"
...
ထာဝရတိုင်းပြည် ဒန်ဂျင်တွင်။
"အမလေး။ အဲ့ဒီ ဗစ်တိုးရီးယား ခွေးတွေ ငါ့ကို လွင်ပြင်မှာ ချောင်းမြောင်း တိုက်ခိုက်ကြတယ်။ ငါ ပင့်ကူတွေကို အမဲလိုက်နေတုန်း ရှိသေး သူတို့က ငါ့ကို ဝင်တိုက်ခိုက်ကြတယ်။ သူတို့ ရူးနေကြပြီ။"
ရင်မွှေးမီးလောင် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်ပေါ် လာခဲ့သည်။ သူ၏ ပစ္စည်း ကိရိယာများမှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီး သွားခဲ့ရသည်။
သူ ပြင်းထန်သော တိုက်ပွဲ တစ်ခုကို လတ်လတ်ဆတ်ဆတ် ကြုံတွေ့ ခဲ့ရသည်။
နေရာရွှေ့ပြောင်း ဝင်ပေါက်တွင် စောင့်ဆိုင်းနေကြသော တခြား ဂိမ်းမာများ သူ့ကို ဝိုင်းနှစ်သိမ့် ခဲ့ကြသည်။
"မင်း အနည်းဆုံးတော့ အသက်ရှင်နေသေးတယ် မဟုတ်လား။ ပြီးတော့ မင်း အခြေအနေ ဆိုးဆိုးဝါးဝါးကြီးနဲ့ ပြန်ရောက်လာတယ်ရော။ ငါတို့ကျ ဒီမှာ ပြန်လည် ရှင်သန်လာခဲ့ကြတာ။ မင်း ဘယ်လို ထွက်ပြေးလွတ်မြောက် ခဲ့တာလဲ။"
"ဟုတ်တယ်၊ ဗစ်တိုးရီးယား ခွေးတွေ အများကြီး ရှိနေခဲ့တာ။ မင်း ဘယ်လိုလုပ် ထွက်ပြေးလွတ်မြောက် ခဲ့တာလဲ။"
"ငါ သူတို့ရဲ့ မြင်းတွေကို ခိုးယူပြီး ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ မြင်းတွေက လမ်းမှာ ပစ်သတ် ခံခဲ့ရတာ။ ငါ လုံခြုံရေးဇုန်ထဲကို ထွက်ပြေးဖို့ ကလွဲ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။"
ရင်မွှေးမီးလောင် သူတို့ကို ရိုးရှင်းသော စကားလုံးများဖြင့် ပြန်ပြောပြ ခဲ့သော်လည်း လူတိုင်းက အခြေအနေများ ဆိုးရွားနေကြောင်း သိနေ ခဲ့ကြသည်။
အကြောင်းအရာ အသစ် အပ်ဒိတ်များကြောင့် ဗစ်တိုးရီးယားမြို့ နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ကြားမှ ပဋိပက္ခမှာ ပိုမို ပြင်းထန်လာပြီး မကြာမကြာ ဖြစ်ပွား လာခဲ့တော့သည်။ ပဋိပက္ခမှ ရရှိသော ဂုဏ်သတင်း ရမှတ်များနှင့် ပစ္စည်း ကိရိယာများမှာ ရက်ရောလှ၏။ ထို့ကြောင့် ဂိမ်းမာများ ပိုမို များပြားစွာ ကစားသူ အချင်းချင်း ပြိုင်ဆိုင်မှု တိုက်ပွဲများတွင် ပါဝင် ခဲ့ကြသည်။ ကစားသူ အချင်းချင်း ပြိုင်ဆိုင်မှုတွင် ရရှိသော ပစ္စည်း ကိရိယာများကို ကစားသူနှင့် ပတ်ဝန်းကျင် (ဇာတ်လမ်းသွား ဂိမ်းကစားနည်း) တိုက်ခိုက်မှု တွင်လည်း အသုံးပြုနိုင်ပေသည်။ ဤသည်မှာ "ဒန်ဂျင်-ထာဝရတိုင်းပြည်" နှင့်တခြား အွန်လိုင်းဂိမ်းများ ကြားမှ ကွာခြားချက် တစ်ခုပင်။
"ထပ်မပြောနဲ့တော့ အာသာ။ ငါတို့ ဗစ်တိုးရီးယား ခွေးတွေကို သတ်ဖို့ အဖွဲ့ တစ်ခု ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့တယ် မဟုတ်လား။ ငါတို့ အမြန် လုပ်ကြစို့။ ငါ ပြန်ရောက်လာပြီပဲ။" ရင်မွှေးမီးလောင် အလျင်အမြန် ပြောလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို သူ၏ ပစ္စည်း ကိရိယာများ ပြန်ပြုပြင်ရန် ပန်းပဲဆိုင်သို့ ဆွဲခေါ် သွားခဲ့သည်။ ရင်မွှေးမီးလောင်၏ ပစ္စည်း ကိရိယာများမှာ အကြီးအကျယ် ထိခိုက် ပျက်စီးနေခဲ့ပြီး ပစ္စည်း ကိရိယာများ ထပ်မံထိခိုက်မှု ခံစားရပါက ပြုပြင်၍ မရနိုင်လောက်တော့ပေ။
ဤသည်မှာ ရှေ့ဆောင်လမ်းပြ မဟာမိတ် အဖွဲ့ဝင်များနှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ကြားမှ တိုက်ပွဲငယ် တစ်ခု မျှသာ ရှိသေး၏။ အလားတူ ပဋိပက္ခများက ထာဝရတိုင်းပြည် တစ်ဝှမ်းတွင် ဆက်တိုက် ဖြစ်ပွား နေခဲ့သည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကလည်း လက်ပိုက်ကြည့် မနေခဲ့ကြပေ။ သူတို့သည်လည်း ယော့ခ်နယ်မြေမှ သူတို့၏ အင်အားစုများကို စုစည်းကာ ထာဝရတိုင်းပြည်နှင့် တိုက်ခိုက်ရန် အာရုံစိုက် ခဲ့ကြသည်။
အကယ်၍ ဂိမ်းမာများ လွင်ပြင်တွင် အချင်းချင်းသာ တိုက်ခိုက်နေခဲ့ ရပါက သူတို့၏ စိတ်ဝင်စားမှုမှာ အချိန် ကြာလာသည်နှင့်အမျှ လျော့နည်းသွား ပေလိမ့်မည်။
ထို့ကြောင့် ရှားလော့ခ်က အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေးကို ဖန်တီး ပေးခဲ့သည်။
ပထမတိုက်ပွဲ စစ်ဆင်ရေးမှာ လမ်းဆုံလမ်းခွ ကင်းစခန်းအား သိမ်းပိုက် အောင်နိုင်ခြင်းပင်။
လမ်းဆုံလမ်းခွ ကင်းစခန်းမှာ မြေပေါ်ကမ္ဘာသို့ ဦးတည်သော ဥမင်လိုဏ်ခေါင်း အနီးရှိ မြေအောက်လောက ပိုင်နက်ထဲတွင် တည်ရှိ နေခဲ့သည်။ ၎င်းမှာ ဂိမ်းမာများက တည်ဆောက် ထားသော ခံတပ် တစ်ခု ဖြစ်ပြီး စက်ရုံ အရေအတွက် အများဆုံး ရှိနေ၏။ ဂိမ်းမာများ စက်ရုံများတွင် အလုပ်,လုပ်ကာ ဆုလာဒ်များ ရယူနိုင် ကြသည်။ ပထမတိုက်ပွဲ စစ်ဆင်ရေးမှာ လမ်းဆုံလမ်းခွ ကင်းစခန်းအား သိမ်းပိုက် အောင်နိုင်ခြင်းပင်။ ရှားလော့ခ်မှာ ဂိမ်းမာများ စက်ရုံများတွင် အလုပ်,လုပ်ရန် အချိန်နည်းပါး သွားသောကြောင့် အနစ်နာခံမှုများ ပြုလုပ်ခဲ့ရသည်။ ယင်းအစား သူက သူတို့ကို လမ်းဆုံလမ်းခွ ကင်းစခန်း သိမ်းပိုက် အောင်နိုင်ရေးအတွက် ပြင်ဆင်ရန် အချိန်နှင့် ကြိုးပမ်းမှုများ ပြုလုပ်ခွင့် ပေးခဲ့လိုက်သည်။
အုပ်စုနှစ်ခု ကြားမှ ပဋိပက္ခ ၁၀၀%သို့ ရောက်ရှိသည့်အခါ ပထမ အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေး စတင်ခဲ့လာသည်။
စည်းမျဉ်းများမှာ ရိုးရှင်းလှ၏။ သတ်မှတ်ထားသော အချိန်အတွင်း လမ်းဆုံလမ်းခွ ကင်းစခန်းကို သိမ်းပိုက်ထားနိုင်သူ မည်သူမဆိုက အုပ်ချုပ်ခွင့် ရရှိ ပေလိမ့်မည်။ ပြိုင်ဘက်အုပ်စုမှ ဂိမ်းမာများက ကင်းစခန်းတွင် အလုပ် ဝင်လုပ်သည့် အခါ ရရှိမည့် ဆုများ လျှော့ချခြင်း ခံရ ပေလိမ့်မည်။ နှုတ်ယူထားသော ဆုများကို အနိုင်ရသော အုပ်စုမှ ဂိမ်းမာများ ထံသို့ အချိုးကျ ခွဲဝေပေး ပေလိမ့်မည်။ အုပ်စုများ၏ ပဋိပက္ခ ၁၀၀% သို့ နောက်တစ်ကြိမ် ရောက်ရှိသည့်အခါ လမ်းဆုံလမ်းခွ ကင်းစခန်း သိမ်းပိုက် အောင်နိုင်ရေး တိုက်ပွဲအသစ် တစ်ခု ထပ်ဖန်တီးပြီး အနိုင်ရသော ဂိမ်းမာများမှာ အုပ်ချုပ်သော အုပ်စုအသစ် ဖြစ်လာ ပေလိမ့်မည်။
တခြားသော အဓိက တိုက်ပွဲ စစ်ဆင်ရေးများလည်း ရှိနေသေးသော်လည်း ရှားလော့ခ်မှာ ယင်းတို့ကို မိတ်ဆက်ပေးရန် အလျင်လိုခြင်း မရှိခဲ့ပေ။ သူက သူတို့ကို တစ်ကြိမ်လျှင် တစ်ခုစီဖြင့် စမ်းသပ်ကြည့်တော့မည် ဖြစ်၏။ သူ၏ အစီအစဉ်မှာ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည် ကြားမှ စစ်ပွဲကို အသုံးချ၍ လူသားတိုင်းပြည်များ၏ ဗစ်တိုးရီးယားမြို့အပေါ် ရန်လိုနေမှုကို လျှော့ချရန်ပင်။ ၎င်းမှာ ထာဝရတိုင်းပြည်ကို အကာအကွယ် ပေးထားရန်လည်း ဖြစ်၏။
ဗစ်တိုးရီးယားမြို့က ၎င်း၏ လက်ရှိ တည်နေရာကို သိမ်းပိုက်ထားသရွေ့ လူသားများမှာ ဗစ်တိုးရီးယားမြို့၏ ခွင့်ပြုချက် မရှိဘဲ ထာဝရတိုင်းပြည်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားများတွင် မြေအောက်လောက ဥမင်လိုဏ်ခေါင်း၏ ဝင်ပေါက်ကို ရှာဖွေနိုင်ရန် နည်းလမ်း မရှိပေ။
ဗစ်တိုးရီးယား မြို့သားများ အနေဖြင့်လည်း ဤလျှို့ဝှက်ချက်များကို တခြား လူသားဘုရင်များထံသို့ ဖွင့်ချကာ အခြား ဂိမ်းမာများကို သစ္စာဖောက်နိုင်ခြင်း မရှိပေ။ ဘရုမှာ သူတို့အား စကားတစ်ခွန်းမျှ ဖွင့်ဟ ပြောဝံ့ခဲ့ပါက သူတို့ကို ချက်ချင်းလက်ငင်း သေမင်းတမန် အခြေအနေသို့ ပို့ဆောင် ပေလိမ့်မည်။