ဖော်ရွေသောလူများ
Vol. 33 Ch. 489
"ကျွန်တော် ပြောမယ်ဗျာ၊ ကျွန်တော်တို့ ဗစ်တိုးရီးယား မြို့သားတွေက ခင်ဗျားတို့လို ဖော်ရွေတဲ့ လူတွေကို ကြိုဆိုပါတယ်။"
ဗစ်တိုးရီးယားမြို့သားမှာ ဗိုလ်ချုပ်ကြီး ရှီဒန်ရှေ့မှ ဦးဆောင် ပေးနေရင်း မရပ်မနား စကားပြောဆို နေခဲ့သည်။
"ဖော်ရွေ...တဲ့ လူတွေလား။" ဗိုလ်ချုပ်ကြီး ရှီဒန်၏ ဘေးမှ သူရဲကောင်း တစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။ ဗစ်တိုးရီးယား မြို့သားများ၏ စကားများမှာ ထူးဆန်းလှ၏။ သူက သူတို့ကို လူသားများအဖြစ် မဆက်ဆံနေ သကဲ့သို့ပင်။
နတ်ဘုရား တိုင်းပြည်မှ တခြား သူရဲကောင်းများမှာလည်း အလားတူ အတွေးများ ရှိနေ ခဲ့သော်လည်း ဗစ်တိုးရီးယားမြို့သား အနားတွင် ရှိနေသောကြောင့် သူတို့က စကားဖြင့် ထုတ်မပြောခဲ့ကြပေ။ သူတို့က ဗစ်တိုးရီးယားမြို့သား မရပ်မနား စကားပြောဆို နေစဉ် အချင်းချင်းသာ ကြည့်နေ ခဲ့ကြသည်။
"ဟုတ်တယ်လေ။ မင်းတို့လို ဖော်ရွေတဲ့ လူတွေက ရှားပါးတယ်ဟ။ ငါတို့က အမြဲတမ်း ဓားတွေနဲ့ ငါတို့ကို ပြေးဝင် တိုက်ခိုက်တဲ့ လူတွေနဲ့ အမြဲတမ်း တွေ့နေရတယ်။ ငါတို့လည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြတာပေါ့။ ဖြစ်နိုင်ရင် ငါတို့လည်း မစ်ရှင်တွေ ပိုပို လုပ်ပြီး တခြား လူတွေကို ကူညီပေးချင်တယ်၊ သားရဲကောင် တချို့ကို အမဲလိုက်တာမျိုးပေါ့ကွာ။"
ဗစ်တိုးရီးယားမြို့သားမှာ သူ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အကျိုးပြုလို နေသကဲ့သို့ ပြောဆို နေခဲ့သည်။
သူ၏ စကားပြောပုံစံမှာ ထူးဆန်းနေခြင်း မရှိခဲ့ပါက သူရဲကောင်းများက သူ့ စကားကို ယုံကြည်ကောင်း ယုံကြည်မိ ပေလိမ့်မည်။
သို့သော် ဗစ်တိုးရီးယားမြို့သား ဟူ၍ သူ တစ်ဦးတည်း သာရှိနေ၏။ သူရဲကောင်းများမှာ သတင်း အချက်အလက်များ ပိုမိုရရှိနိုင်ရန် နောက်ထပ် ဗစ်တိုးရီးယားမြို့သား တစ်ဦးကို မရှာတွေ့နိုင်ခဲ့ကြပေ။
"အဲ့လိုဆိုရင် မင်းတို့ ခေါင်းဆောင်နဲ့ တွေ့ဖို့ ငါတို့ကို ခေါ်သွားပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါတို့က နတ်ဘုရား တိုင်းပြည်က ကိုယ်စားလှယ်တွေ ဖြစ်ပြီး မင်းတို့ကို ကူညီဖို့ ဒီကို ရောက်လာခဲ့ကြတာ။" ဗိုလ်ချုပ်ကြီး ရှီဒန် ပြောလိုက်သည်။
ထို့နောက် သူ မေးလိုက်သည်။ "တခြား ဗစ်တိုးရီးယား မြို့သားတွေရော ဘယ်ရောက်နေကြတာလဲ။ ဘာဖြစ်လို့ ငါ သူတို့ တစ်ယောက်မှ မတွေ့မိတာလဲ။ မင်းတို့က သစ်တောထဲမှာ ကာကွယ်ရေး ခံစစ်စည်းတွေ ဖြန့်ထားဖို့ မလိုဘူးလား။"
"တခြား ဗစ်တိုးရီးယား မြို့သားတွေလား။ သူတို့ လမ်းဆုံလမ်းခွ ကင်းစခန်းမှာ တိုက်ခိုက် နေကြတယ်ဗျ။"
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့ဗျ၊ ကျွန်တော့် ဒုဥက္ကဌက ဗစ်တိုးရီးယားမြို့မှာ ရှိနေတုန်းပဲ။ ကျွန်တော် သူ့ကို အကြောင်း လှမ်းကြားထားပြီးပြီ။"
ဒုဥက္ကဌတဲ့လား။ ထိုသူက ဘယ်သူနည်း။ သူ ဘယ်အချိန်က တခြား လူတွေကို လှမ်းအကြောင်းကြား ခဲ့သနည်း။ ငါးမိနစ် အိပ်စက်ခဲ့ခြင်းမှ လွဲ၍ ဗိုလ်ချုပ်ကြီး ရှီဒန်မှာ ထိုသူက သူ၏ မျက်စိရှေ့မှ ထွက်သွားခြင်း မရှိကြောင်း သေချာ နေခဲ့သည်။
ဗိုလ်ချုပ်ကြီး ရှီဒန်မှာ ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း ထိုဗစ်တိုးရီးယားမြို့သားမှာ အားကောင်းပုံ ရ၏။
သူက ဘုရင်မ ဗစ်တိုးရီးယားနှင့် တွေ့ဆုံလို ခဲ့သော်လည်း ဤသည်မှာ ကောင်းမွန်သော အစပျိုးခြင်း တစ်ခုပင်။ ဒုဥက္ကဌနှင့် သွားရောက် တွေ့ဆုံခြင်းမှာလည်း ကောင်းသော အရာ တစ်ခု ဖြစ်၏။
ဗစ်တိုးရီးယားမြို့သားမှာ သူတို့က နတ်ဘုရား တိုင်းပြည်၏ အကူအညီလိုအပ်ပုံကို ပြောဆိုနေရင်း သူ၏ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမှုကို ကြွားဝါ နေခဲ့သည်။ သူမှာ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အကျိုးပြုလိုသော နတ်ဘုရား တိုင်းပြည် ကဲ့သို့ပင်။ သူက ငယ်စဉ်ကတည်းက နတ်ဘုရား တိုင်းပြည်ကို အားကျ လေးစားခဲ့ပြီး နတ်ဘုရား တိုင်းပြည် အတွက် မည်သည့် အရာမဆို ပြုလုပ်ရန် ဆန္ဒ ရှိခဲ့သည် ဟူ၍ပင် ပြောခဲ့သည်။
ဗိုလ်ချုပ်ကြီး ရှီဒန် နှင့် တခြား သူရဲကောင်းများမှာ ထိုသူက မြှောက်ပင့်နေသည်ဟုသာ ယူဆခဲ့သည်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းလား။ နတ်ဘုရား တိုင်းပြည် အတွက်မည်သည့် အရာမဆို ပြုလုပ်ပေးရန် ဆန္ဒရှိခြင်းလား။ သူက လာနောက်နေခြင်းသာ ဖြစ်ရမည်။ ဗစ်တိုးရီးယား မြို့သားများ ဆိုသည်မှာ မကြာသေးမီကပင် ယော့ခ်နယ်စားကြီးကို သတ်ဖြတ်ခဲ့သော သူများပင်။
သို့သော် သူတို့ တိတ်ဆိတ် နေခဲ့ကြသည်။
"ငါတို့ ငြိမ်းချမ်းရေးရဲ့ သံလွင်ခက်ကို ယူလာခဲ့ကြတယ်။"
ဗိုလ်ချုပ်ကြီး ရှီဒန်က ဂုဏ်ယူစွာ ပြောလိုက်ရာ ဗစ်တိုးရီးယားမြို့သား လေးစားစွာ ပြန်တုန့်ပြန်လိုက်သည်။ "ဒါက တကယ်ပဲ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အာ၊ ငါတို့ ရောက်ပြီ။ မြို့က ရှေ့မှာပဲ ရှိနေတယ်။"
ဗစ်တိုးရီးယားမြို့သား ဗိုလ်ချုပ်ကြီး ရှီဒန်နှင့် သူ၏ လူများကို ဗစ်တိုးရီးယား တောအုပ်ရှိ နေရာ တစ်ခုသို့ ဦးဆောင် သွားခဲ့သည်။
၎င်းမှာ ဗစ်တိုးရီးယား တောအုပ်၏ အတွင်းပိုင်း မဟုတ်ခဲ့ပေ။ သူတို့က ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်အစွန်းတွင် တစ်နာရီကြာအောင် လမ်းလျှောက် သွားခဲ့ကြသည်။
သစ်တောထဲတွင် စောင့်ဆိုင်းနေသော လူအုပ်စု တစ်စု ရှိနေ၏။ သူတို့၏ ခေါင်းပေါ်တွင်လည်း အစိမ်းရောင် သင်္ကေတများ ရှိနေပြီး အလွန် သပ်ရပ် နေခဲ့ကြသည်။
ရှေ့ဆုံးမှ လူတစ်ယောက် ရှေ့သို့ လမ်းလျှောက် လာခဲ့သည်။ သူ၏ ကျောပေါ်တွင်တော့ လက်နက် အမျိုးမျိုး ရှိနေ၏။ သူ၏ အသွင်အပြင်အရ ထိုသူမှာ ပရော်ဖက်ရှင်နယ် စစ်သည်တော် တစ်ဦး ဖြစ်ရမည်။
"သူက ငါတို့ရဲ့ ဒုဥက္ကဌ၊ လှံထိုးခံရသူပါ။" ဗစ်တိုးရီးယားမြို့သား လမ်းပြက ပြောလိုက်သည်။
လှံထိုးခံရသူ ခြေလှမ်းနှစ်လှမ်း ရှေ့သို့ တက်ကာ သူ၏ လက်များကို သူရဲကောင်းများဆီ ဆန့်ထုတ်လိုက်သည်။ "နှုတ်ခွန်းဆက်ပါတယ်၊ မင်းတို့က ငါတို့ကို ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးဖို့ ဒီကို ရောက်လာခဲ့ကြတယ်လို့ ငါ ကြားရတယ်။ ငါတို့ ပစ္စည်း ကိရိယာ အထောက်အပံ့ အားလုံးကို ကြိုဆိုပါတယ်။"
"ဒုဥက္ကဌ လှံထိုးခံရသူ..."
ဗိုလ်ချုပ်ကြီး ရှီဒန် ခဏမျှ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူက ထိုအမည်မှာ ထူးဆန်းလွန်းသည်ဟု ခံစားလိုက် ရသည်။
"နေပါဦး၊ မင်းက ... နဂါးမျိုးနွယ်သားနဲ့ အတူရှိနေတဲ့ လူ မဟုတ်လား။"
သူတို့ စကားပြောဆို နေစဉ် ဂျော့ခ်ျက ရုတ်ချည်း ထွက်လာပြီး လှံထိုးခံရသူကို ကြည့်လိုက်သည်။ သူက သိသိသာသာပင် အံ့ဩ နေခဲ့သည်။
ယခင်တိုက်ပွဲအတွင်းတွင် သူက လှံထိုးခံရသူကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ် ခဲ့သည်။ ၎င်းမှာ တစ်ဦးချင်း တိုက်ခိုက်မှု တစ်ခု ဖြစ်သောကြောင့် သူ လှံထိုးခံရသူကို ရှင်းလင်းစွာ မှတ်မိနေသည်ပင်။
"မင်းတို့က ငါတို့ ဥက္ကဌ၊ နဂါးမျိုးနွယ်သားကို မှတ်မိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
"နဂါးမျိုးနွယ်သားက အရမ်း အားကောင်းတာပဲ။ သူသာ ဒီမှာ ရှိနေခဲ့ရင် သူက ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် တစ်ခု ဖြစ်စေနိုင်လောက်တယ်။"
"ထပ်မပြောနဲ့တော့။ အဲ့ဒီ ကောင်က သူ့ရဲ့ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို နေ့စဉ် လုပ်ဆောင်နေတယ်ဟ။"
"ဒါက စိတ်ပျက်စရာကြီးကွာ။ ငါ သူ့ကို အရမ်း အားကျတာပဲ။"
"ဘာကောင်လဲ။ မင်း သူ့ကို ဥက္ကဌလို့ ခေါ်သင့်တာ။"
"မင်းက ရန်သူ့ဘက်ကကောင်ပဲ။"
ဗစ်တိုးရီးယား မြို့သားများမှာ ပျော်ရွှင်စွာ စကားပြောဆို နေခဲ့ကြပြီး သူတို့က သံတမန်ရေးရာ တွေ့ဆုံပွဲတွင် ပါဝင်နေပုံပင် မရပေ။ သူတို့၏ ပေါ့ပေါ့ပါးပါး ဖြစ်နေသည့် အပြုအမူမှာ ဗိုလ်ချုပ်ကြီး ရှီဒန်နှင့် သူ၏ သူရဲကောင်းများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
"အဟမ်း၊ အဟမ်း။ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ။" လှံထိုးခံရသူ လူတိုင်းကို တိတ်ဆိတ်ရန် အော်ပြော လိုက်သည်။
သူ သူ၏ လက်နှစ်ဖက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်မှ ဂိမ်းမာများကို ကျေနပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ ဗိုလ်ချုပ်ကြီး ရှီဒန်ကို ပြန်လှည့် ကြည့်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ငါတို့ လူတွေက အရမ်း ဖော်ရွေတတ်ကြတယ်။ ငါတို့ အရေးကြီးတဲ့ ကိစ္စတွေ အကြောင်း ပြောကြတာပေါ့။ ပစ္စည်း ကိရိယာတွေရော ဘယ်မှာလဲ။"
ဗိုလ်ချုပ်ကြီး ရှီဒန်က အဖွဲ့ဝင် ၁၀၀ ပါသော အုပ်စု နှင့် ပြုံးပြနေသော လှံထိုးခံရသူကို ကြည့်လိုက်သည်။
သူ အရင်က လှံထိုးခံရသူမှာ ပရော်ဖက်ရှင်နယ် စစ်သည်တော် တစ်ဦး ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယခု သူ ထိုသို့ မထင်တော့ပေ။
"မင်းတို့ အထင်လွဲနေပြီ။ ငါတို့က ငါတို့ရဲ့ ပစ္စည်း ကိရိယာတွေကို အလွယ်တကူ မပေးနိုင်ဘူး။ ငါတို့က မြေအောက်လောက သတ္တဝါတွေကို အနိုင်ယူဖို့ အဲ့ဒါတွေကို အသုံးချရမှာ။ မင်းတို့က သူတို့ကို ထာဝရတိုင်းပြည်က သတ္တဝါတွေလို့ ခေါ်ကြတယ် မဟုတ်လား။" ဗိုလ်ချုပ်ကြီး ရှီဒန် ပြောလိုက်သည်။ ဗစ်တိုးရီးယားမြို့သား လမ်းပြက ဗိုလ်ချုပ်ကြီး ရှီဒန်အား ထာဝရတိုင်းပြည် အကြောင်း ပြောပြခဲ့သည်။
"ငါတို့ မြေအောက်လောက သတ္တဝါတွေနဲ့ တိုက်ခိုက် နေကြတာပဲလေ။" လှံထိုးခံရသူ ကျယ်လောင်စွာ ပြောလိုက်သည်။
"အိုး။ မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိသလဲ။"
ဂိမ်းမာ တစ်ဦး လျင်မြန်စွာ ဖြေလိုက်သည်။ "ငါတို့ ဗုံး အမျိုးမျိုး လုပ်ထားပြီးပြီ။"
"ငါ့ အစီအစဉ်က ဥမင်လိုဏ်ခေါင်း တစ်ခု တူးဖို့ပဲ။"
"အမှိုက်တွေ၊ သူတို့ မြေအောက်မှာ ရှိနေပြီးသားဟ။"
"မင်းတို့ ဘာပြောနေကြတာလဲ။ ငါတို့ ဟန်ဆောင်တိုက်ခိုက် နေကြတာ။ ဒါက ၃၆ နည်းဗျူဟာတွေထဲက တစ်စိတ်တစ်ပိုင်းပဲ။"
ပွက်ပွက်ညံနေသော စကားဝိုင်း ကြားမှ အော်ပြောသံ တစ်သံ ထွက်ပေါ် လာခဲ့သည်။ "ဘာဖြစ်လို့ ဒီလောက် ဒုက္ခခံနေကြတာလဲ။ ငါတို့ အဲ့ဒီ ထာဝရဝက်တွေကို ဖမ်းဆီးပြီး သတ်ပစ်လိုက်မယ်ကွ။ စစ်မှန်တဲ့ စစ်သည်တော် တစ်ယောက်က အမြဲတမ်း တိုက်ရိုက် တိုက်ခိုက်ကြတယ်။"