ယီယွင်၏ ရှုထောင့်ပုံရိပ်
Vol. 21 Ch. 300
ထကြွနေသော ရွှေရောင်အလင်းများထဲတွင် နေမင်း ထွက်ပေါ်လာသကဲ့သို့သော ထူထဲလှသည့် သန့်စင်ယန်ချီများကို ယီယွင် ခံစားမိနေသည်။ သူ အသက်အောင့်ထားပြီး ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုပြီး သားရဲအမှတ်အသားကို ထိန်းချုပ်ရန်ကာ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာပေါင်းစည်းလေသည်။
ရှဲ...။
သန့်စင်ယန်စွမ်းအင်များ လောင်ကျွမ်းနေလျက်ရှိပြီး ယီယွင်မှာ နေမီးတောက် မီးပြင်းဖိုထဲသို့ ပစ်ချခံလိုက်ရသည့်ပမာ ခံစားလိုက်ရလေ၏။ ခန္ဓာကိုယ်တစ်လုံးမှ သွေးကြောများနှင့် ချွေးပေါက်များတွင် သန့်စင်ယန်ချီများ တိုးထွက်လာနေသည်ဟု ယီယွင် ခံစားနေရလေ၏။
ဒါက နာလွန်းတယ်။
ကိုယ့်ကိုယ်ကိုယ်အား မီးပြင်းဖိုထဲသို့ထည့်ကာ လောင်ကျွမ်းခံရသည့် နာကျင်မှုကို ဖော်ပြရန်ပင်မလိုပေ။
ယီယွင် နာကျင်နေသော်လည်း အံကျိတ်ထား၏။ သူ၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် ရှေးဦးမျိုးစိတ်၏ သားရဲအမှတ်အသားက သူ၏သွေးကြောများထဲတွင် တိုးဝင်သွားနေသည်မှာ အဘယ်သို့များ မနာကျင်ဘဲ နေပါမည်နည်း။
ယီယွင် တင်ပျဥ်ခွေကာ ထိုင်လိုက်သည်။ သူ၏ကြွက်သားများအားလုံး တဆက်ဆက်တုန်ယင်နေ၏။ သူ၏ကျောဘက်တွင် ခုနစ်ရောင်ခြယ်အလင်းများ တောက်ပလာပြီး ရွှေကျီးကန်းတစ်ပုံရိပ် ထွက်ပေါ်လာသည်။ ထို့နောက် ထိုပုံရိပ်က ယီယွင်၏ခန္ဓာကိုယ်နှင့် တဖြည်းဖြည်းချင်း ပေါင်းစည်းသွားလေ၏။
ရုတ်ခြည်းမှာပင် ယီယွင်မှာ သွေးနှင့် အရိုးတွင်းခြင်ဆီများထဲမှ နာကျင်မှုကို ခံစားလိုက်ရလေ၏။ သွေးကြောများထဲတွင် စီးဆင်းနေသည့် သွေးများနေရာတွင် ချော်ရည်ပူများ အစားထိုးဝင်ရောက်လာသည့်အလားပင်။
ရွှေကျီးကန်းမျိုးစိတ်၏ သန့်စင်ယန်စွမ်းအင် ပမာဏများစွာကို စုပ်ယူပြီးနောက်တွင် သူ၏သူငယ်အိမ်များက အနည်းငယ်ခန့် ရွှေရောင်သမ်းလာခဲ့လေ၏။ သူ၏ အရိုးခြင်ဆီများလည်း ရွှေရောင်တောက်ပလာသည်။
ဖြစ်နိုင်တာက...။
ယီယွင်၏စိတ်ထဲတွင် လင်းခနဲ ဖြစ်သွားလေ၏။
သန့်စင်ယန်ခန္ဓာကိုယ်... ။
ဤသည်ကား အကြီးအကဲခန်းယန် ပြောခဲ့ဖူးသည့် သန့်စင်ယန်ခန္ဓာကိုယ် ဖြစ်လေ၏။
သန့်စင်ယန်စိတ်ဝိညာဥ်က လူတစ်ဦး၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်ပြီး နောက်ဆုံးရလဒ်အဖြစ် သန့်စင်ယန်ခန္ဓာကိုယ် ဖြစ်လာစေလေသည်။ ဓာတ်နှစ်မျိုးပေါင်းနေသည့် ရွှေကျီးကန်းမျိုးစိတ်၏ သားရဲအမှတ်အသားကို ဝါးမျိုပြီးနောက်တွင်မူ သန့်စင်ယန်ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ပိုင်ဆိုင်လာခဲ့လေ၏။
ခန်းယန် တိုင်အာနတ်ကျင့်စဥ်၏ ကျင့်စဥ်မှတ်တမ်းကို မိတ်ဆက်ပေးခဲ့စဥ်က သန့်စင်ယန်အင်မော်တယ်အား ပြောခဲ့ဖူးသည်ကို ယီယွင် ပြန်တွေးမိသည်။ သန့်စင်ယန်အင်မော်တယ်တွင် ခရမ်းရောင်သလင်းကျောက် မရှိသော်ငြားလည်း တိုင်အာနတ်ကျင့်စဥ်ကို ရက်နှစ်ဆယ်ဖြင့် တတ်ကျွမ်းခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ ထိုသူတွင် သန့်စင်ယန်ခန္ဓာကိုယ်ရှိနေပြီး တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရာတွင် လွယ်ကူသွားခဲ့ခြင်း ဖြစ်လေသည်။
ထိုသူက နောက်ပိုင်းတွင် သန့်စင်ယန်နန်းတော်ကို တည်ထောင်ကာ တိုင်အာနတ်ပြည်ထောင်ထဲရှိ အင်အားကြီးပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
သန့်စင်ယန်ခန္ဓာကိုယ်တွင် ကွဲပြားသောအဆင့်များ ရှိလေသည်။ ခန္ဓာကိုယ်က ပိုမိုစင်ကြယ်လေလေ လူတစ်ဦး၏ ကျင့်ကြံမှုပါရမီက ပိုမြင့်လေလေပင်။
သန့်စင်ယန်ခန္ဓာကိုယ်၏ အစပျိုးအဆင့်၌ ရှိနေသည်ကို ယီယွင် သိသည်။ သန့်စင်ယန်အင်မော်တယ်၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက သူသည် များစွာပင်လိုသေးလေ၏။ သို့သော် ယင်းကပင် ယီယွင် များစွာစိတ်လှုပ်ရှားနေရန် လုံလောက်လေသည်။
အစပိုင်းတွင် အရာအားလုံးက ခက်ခဲလေ၏။ သန့်စင်ယန်ခန္ဓာကိုယ် အစပျိုးအဆင့်နှင့်ဆိုလျှင် သူ၏ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ အနာဂတ်တွင် သန့်စင်ယန်ရတနာများကို ရှာနိုင်မည်ဖြစ်လေသည်။ ထိုသို့ဆိုလျှင် သူ၏ခန္ဓာကိုယ် ပိုမိုသန့်စင်လာကာ အဆုံးစွန်အထိ ရောက်နိုင်ပေလိမ့်မည်။
လင်ရှင်းထုံ၏ သန့်စင်ယင်ခန္ဓာကိုယ်က အဆုံးစွန်ဆုံး ဖြစ်လေ၏။
အနာဂတ်တွင် သူကလည်း အဆုံးစွန်ဆုံး သန့်စင်ယန်ခန္ဓာကိုယ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယီယွင် ယုံကြည်ထားသည်။ အရေးအကြီးဆုံးအရာမှာ သန့်စင်ယန်ခန္ဓာကိုယ်ကို ရရှိပြီနောက်တွင် သူ၏ပါရမီက တဖြည်းဖြည်းချင်း ပြောင်းလဲလာမည်ဖြစ်လေ၏။
သူက ဤလောကထဲသို့ ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ရောက်ရှိလာကာ တောရိုင်းနယ်မြေထဲမှ လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိခဲ့ရသည်။ ထိုလူငယ်၏ အရိုးအဆစ်များနှင့် ရုပ်ခန္ဓာကိုယ်တို့က အလွန်တရာပင် သာမန်ဆန်လေသည်။
ခရမ်းရောင်သလင်းကျောက်၏ အကူအညီကြောင့် ယီယွင်တွင် စွမ်းအင်ချို့တဲ့ခြင်း မရှိပေ။ သို့သော် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်တရာပင် အကန့်အသတ်ရှိနေသည်။ လောကထဲတွင် စွမ်းအင်မျိုးစုံ ရှိနေသည့်တိုင်အောင် လူတစ်ဦး ကိုင်တွယ်နိုင်သည်မှာ အကန့်အသတ်ရှိလေ၏။ ယခုတွင်မူ သန့်စင်ယန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်၍ အနာဂတ် ကျင့်ကြံမှုလမ်းကြောင်းက ထူးခြားတော့မည်ကို ယီယွင် ခံစားမိနေ၏။
အချိန်ကုန်လာသည်နှင့်အမျှ သန့်စင်ယန်မီးတောက်များက သူ၏သွေးကြောများကို လောင်ကျွမ်းနေသည့် နာကျင်မှုမျာသလည်း အားပျော့လာခဲ့သည်။ သန့်စင်ယန်စွမ်းအင်များက ယီယွင်၏ မူလစွမ်းအင် တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့လေ၏။
သူ၏ခွန်အားသည် ခရမ်းသွေးနယ်ပယ် အလယ်အဆင့်မှ နောက်ပိုင်းအဆင့်သို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့လေ၏။ ထိုမျှမကသေးဘဲ စွမ်းအင်များက ထကြွနေလျက်ရှိပြီး ခရမ်းသွေးနယ်ပယ် နောက်ပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိမှသာ စွမ်းအင်များ အရှိန်အဟုန်ကုန်ဆုံးသွားခဲ့သည်။
ယင်းသည် သူ၏ ကောင်းမွန်သော အခြေခံအုတ်မြစ်ကြောင့်ဟု ဆိုရချေမည်။ ယီယွင် ခရမ်းသွေးနယ်ပယ် အလယ်အဆင်၌ ရှိနေခဲ့သည်မျာ ကြာခဲ့ပြီဖြစ်၍ ချိုးဖျက်ချိန်တွင် ခရမ်းသွေးနယ်ပယ် နောက်ပိုင်းအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ခြင်း ဖြစ်လေသည်။
ယီယွင်၏ကျင့်ကြံမှု ခရမ်းသွေးနယ်ပယ် နောက်ပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်သွားချိန်တွင် သူ၏ကျောဘက်၌ မီးလောင်ကျွမ်းနေသည့် ဝေဝါးသာပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းသည် ရွှေကျီးကန်းတစ်ကောင်၏ ဝေဝါးသောပုံရိပ် ဖြစ်လေ၏။ ပုံရိပ်က ကြီးမားလာခဲ့ပြီး ကြည်လင်သည်ထက် ကြည်လင်လာကာ ခန္ဓာကိုယ်သည် ဆယ်မီတာအရွယ်အစားသို့ ရောက်ရှိသွားခဲ့သည်။ တောင်ပံဖြန့်လိုက်ချိန်တွင်မူ မီတာသုံးဆယ်ကျော် ရှည်လျားလေ၏။
ယင်းသည် ကျီးကန်းဦးခေါင်း ၊ သိမ်းငှက်နှုတ်သီး ၊ ခြေထောက်သုံးချောင်းရှိသည့် ရွှေကျီးကန်းတစ်ကောင်ဖြစ်ပြီး ဒဏ္ဍာရီလာ ရွှေကျီးကန်းနှင့် ဆင်တူသည်။
ယင်းက ယီယွင်၏ရှုထောင့်ပုံရိပ် ရှေးဟောင်းခြေသုံးချောင်းရွှေကျီးကန်း ဖြစ်လေ၏။
ယီယွင် ထရပ်လိုက်သည်။ သူ၏အဝတ်များအားလုံး လောင်ကျွမ်းခံထားရလေ၏။ သူက တောအုပ်သေထဲတွင် ကိုယ်လုံးတီး ရပ်နေလျက်ရှိပြီး ကျောဘက်မှ ရွှေကျီးကန်းပုံရိပ်က တောင်ပံများဖြန့်ထားကာ ပျံသန်းတော့မည့်ပမာ ရှိနေလေသည်။ ထိုမျှအသက်ဝင်လှသော ရှုထောင့်ပုံရိပ်က ရွှေကျီးကန်းအစစ်တစ်ကောင် ရပ်နေသည်နှင့် ဆင်တူလှပြီး ကြီးမားလှသော ဖိနှိမ်မှုကို ပေးနေလေသည်။
ယီယွင်၏ကျောဘက်မှ ရွှေကျီးကန်းက ရပ်နေလျက်ရှိပြီး မျက်ဝန်းများက တောက်ပနေသည်။ ၎င်း၏ခန္ဓာကိုယ်တွင် မီးတောက်များ လောင်ကျွမ်းနေလေ၏။ ယင်းက ဖော်မစွမ်းနိုင်အောင် တုန်လှုပ်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။
" ဒါက ငါ့ရဲ့ ရှုထောင့်ပုံရိပ် ၊ သားရဲတစ်သောင်းပုံရိပ်ကနေ ဖြစ်တည်လာတဲ့ ရှုထောင့်ပုံရိပ် "
ယီယွင်က ခြေသုံးချောင်းရွှေကျီးကန်းကိုကြည့်ကာ ဂုဏ်ယူနေမိသည်။
" သားရဲတစ်သောင်းပုံရိပ်က တကယ်ကို ထိပ်တန်းအဆင့် ဆန်းကြယ်ပုံရိပ်နည်းစနစ်တစ်ခုပဲ။ ငါ ရှေးဦးမျိုးစိတ်သားရဲတစ်ကောင်ကို သတ်နိုင်တာနဲ့တင် ဒီလိုအားကောင်းတဲ့ ရှုထောင့်ပုံရိပ်တစ်ခုကို ဖွဲ့စည်းနိုင်နေပြီ။ ဒါပေါ့လေ ဒီလိုအာနိသင်မျိုး ရှိနေတာကလည်း ခရမ်းရောင်သလင်းကျောက်နဲ့ အများကြီးပတ်သတ်နေတယ်။ ပြီးတော့ ငါက သန့်စင်ယန်စိတ်ဝိညာဥ်ရဲ့ အဆီအနှစ်တွေကိုလည်း စုပ်ယူထားတာကလည်း အကြောင်းအရင်းတစ်ခုပဲ "
" ဟုတ်သား... သန့်စင်ယန်စိတ်ဝိညာဥ် "
လက်ရှိတွင် ယီယွင်က သားရဲအမှတ်အသားကိုသာ ဖွဲ့စည်းရသေးသည်။ သူက သန့်စင်ယန်စိတ်ဝိညာဥ်၏ အဆီအနှစ်ပမာဏများစွာကို စုပ်ယူထားသော်လည်း သန့်စင်ယန်စိတ်ဝိညာဥ်၏ ခန္ဓာကိုယ်ကို မစုပ်ယူရသေးပေ။
ယီယွင် စွမ်းအင်မြင်ကွင်းကိုဖွင့်ကာ ဘေးပတ်လည်အား ကြည့်လိုက်သည်။ ရွှေကျီးကန်းမျိုးစိတ်၏ အလောင်းထဲတွင် ပုန်းအောင်းနေသော သန့်စင်ယန်စိတ်ဝိညာဥ်ကို သူ လျင်မြန်စွာ ရှာတွေ့သွားခဲ့လေ၏။ သန့်စင်ယန်စိတ်ဝိညာဥ်က အသက်စွမ်းအင်များစွာ ဆုံးရှုံးထားပုံပင်။
ယီယွင်က စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်ထဲ ထည့်သွင်းကာ သန့်စင်ယန်စိတ်ဝိညာဥ်ကို စုပ်ယူလိုက်သည်။ လက်ရှိတွင် သန့်စင်ယန်စိတ်ဝိညာဥ်မှာ လုံးဝပင် ခုခံနိုင်စွမ်းမရှိပေ။
" ဒါက..."
သန့်စင်ယန်စိတ်ဝိညာဥ်က ခရမ်းရောင်သလင်းကျောက်ဆီသို့ ပျံသန်းသွားနေသည့်ကို ကြည့်နေသည့် ယီယွင်မှာ တုန်လှုပ်သွားရ၏။ ခရမ်းရောင်သလင်းကျောက်ပေါ်တွင် အမှတ်အသားတစ်ခု ထူးဆန်းစွာပေါ်လာသည်ကို သူ သတိပြုမိသွားခဲ့သည်။ ထိုအမှတ်အသားက ရွှေကျီးကန်းတစ်ကောင် ဖြစ်လေသည်။
" ငါ ရွှေကျီးကန်းရဲ့ သားရဲအမှတ်အသားကို စုပ်ယူပြီးတော့ ခရမ်းရောင်သလင်းကျောက်ပေါ်မှာ ရွှေကျီးကန်းအမှတ်အသား ပေါ်လာတယ်။ ဒီလိုမျိုးလဲ ရှိသေးတာပဲ..."
ယီယွင် အထူးတဆန်း ဖြစ်နေသည်။ ခရမ်းရောင်သလင်းကျောက်တွင် သူ ဖော်ထုတ်လာမည်ကို စောင့်ဆိုင်းနေသည့် လျှို့ဝှက်ချက်များစွာ ရှိနေသေးပုံပင်။
သန့်စင်ယန်စိတ်ဝိညာဥ်ကို ခရမ်းရောင်သလင်းကျောက်ထဲသို့ စုပ်ယူလိုက်ချိန်တွင် သန့်စင်ယန်စိတ်ဝိညာဥ်သည် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များနှင့် ပျိုးထောင်ပေးသည်ကို ခံခဲ့ရကာ ယွမ်ချီအချို့ ပြန်ရလာခဲ့သည်။ ထို့ကြောင့် သန့်စင်ယန်စိတ်ဝိညာဥ်က တဖြည်းဖြည်းချင်း ပြန်လည်လောင်ကျွမ်းလာခဲ့၏။ ထိုခံစားချက်က ထူးဆန်းလေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အပိုမီးတောက်တစ်ခု ရှိနေသည့်ပမာ ယီယွင် ခံစားနေရလေ၏။
" သန့်စင်ယန်စိတ်ဝိညာဥ်က ခရမ်းရောင်သလင်းကျောက်ထဲမှာ အပိတ်ခံလိုက်ရပြီ " ယီယွင် ပျော်ရွှင်သွားခဲ့၏။ ခရမ်းရောင်သလင်းကျောက်ထဲတွင် သန့်စင်ယန်စိတ်ဝိညာဥ် ရှိနေပါက သူ့အဖို့ သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ စွမ်းအားများကို အဆက်မပြတ် ထုတ်ယူ၍ရပေပြီ။
ခရမ်းရောင်သလင်းကျောက်ကလည်း သန့်စင်ယန်စိတ်ဝိညာဥ် အားကောင်းလာစေရန် ပျိုးထောင်ပေးနေမည် ဖြစ်လေ၏။ ယင်းက သူ၏ အခြားဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။
ရွှေကျီးကန်း ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းချိန်တွင် သူ၏ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ ယခုအခါ သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ စွမ်းအင်များ ထပ်တိုးလာသာ်ဖြစ်၍ မီးငရဲဆီသို့ ခရီးစဥ်တွင် ယီယွင်၏ခွန်အားများ အဆများစွာ တိုးပွားလာခဲ့သည်။
" ငါက မြေအဆင့်ကို ထပ်စိန်ခေါ်မယ်ဆိုရင် ငါ့အဆင့်က ဘယ်လောက်ဖြစ်လာမလဲဆိုတာ သိချင်နေပြီ "
ယီယွင် မျှော်လင့်နေမိသည်။ ယခုက သူ တိုင်အာနတ်မြို့သို့ ပြန်ချိန်မတန်သေးပေ။ သူက ဆန်းကြယ်ကမ္ဘာကို ဆက်လက်၍ စူးစမ်းရှာဖွေရပေဦးမည်။
ယီယွင် မိုးမြင့်တောင်၏ ထိပ်ပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ နန်းတော်တစ်ခု ဝင့်ကြွားစွာရှိနေလေ၏။ နန်းတော်တွင် ရစ်ဝဲနေသည့် ဆန်းကြယ်မှုများကြောင့် နန်းတော်ထဲတွင် မိုးကောင်းကင်နှင့်ညီမျှသော အမှန်တရားများ ရှိနေလိမ့်မည်ဟု သူ ခံစားမိသည်။