← Chapters

သန့်စင်ယန်ဓားနန်းတော်

Vol. 21 Ch. 301

သန့်စင်ယန်ဓားနန်းတော်

Vol. 21 Ch. 301

ယီယွင် သိုလှောင်လက်စွပ်ထဲမှ အဝတ်တစ်စုံ ထုတ်ယူကာ အမြန်ဝတ်ပြီးနောက် နန်းတော်ဆီသို့ သွားခဲ့လေသည်။

ဓားသဏ္ဌာန်တတာင်က မမြင့်လှသော်လည်း သူ တက်ရန်ကြိုးစားချိန်၌ ထိုတောင်တွင် မှော်စွမ်းအားတစ်မျိုးမျိုး ပိုင်ဆိုင်နေသည်ဟု ယီယွင် ခံစားမိသည်။ တောင်အမြင့်က ပိုရှည်လာသည့်ဟန် ရှိနေလေသည်။ သူ နှစ်နာရီခန့် တက်ပြီးမှသာ တောင်ထိပ်သို့ ရောက်သွားခဲ့သည်။

တောင်ထိပ်တွင် လေသံများ မြည်ဟီးနေ၏။ ယီယွင် အောက်ဘက်မှ မြေပြင်အား ငုံ့ကြည့်လိုက်ရာ အရာအားလုံးက ဝေဝါးနေပြီး အသက်မဲ့နေသည့်ပမာ ရှိနေလေသည်။

နန်းတော်၏အဝင်ဝတွင် ပိတ်ထားသော ကြေးတံခါးကြီး ရှိလေသည်။ ထိုကမ္ဘာကြီးက ထပ်မံကာ သီးခြားဖြစ်နေ၏။

အမည်မသိ ဤကမ္ဘာကြီး၏ အပိုင်းအစထဲတွင် ပါရှိနေသည့် စွမ်းအားများက တိုင်အာနတ်ပြည်ထောင်ထက် များစွာသာလွန်နေသော်လည်း မထိတွေ့ရသေးသည့် ထိုစွမ်းအင်များက ဤနန်းတော်ထဲ၌သာ ရှိနေခြင်းပင်။ အရာအားလုံးက အချိန်နှင့်အတူ မှေးမှိန်ပျောက်ကွယ်နေ၏။

ယီယွင်က နန်းတော်ကို လှည့်ပတ်ကာကြည့်သည်။ နန်းတော်၏ပုံစံက ကောင်းကင်သို့ နတ်ဓားတစ်လက် ထောင်ထားသည့်အသွင် ဖြစ်လေ၏။ နန်းတော်ပတ်လည်တွင် ကျောက်စာတိုင်လေးခု ရှိလေသည်။

ယီယွင် ကျောက်စာတိုင်များဆီသို့သွားကာ ရေးထွင်းထားသည်များကို ကြည့်လိုက်လေ၏။

ကျောက်စာတိုင်များက တစ်ခုတည်းအဖြစ် ဆက်စပ်နေသည်။ အချို့သော ရုပ်လုံးဖော်မြင်ကွင်းများကြောင့် ယီယွင် တုန်လှုပ်ရသည်။

နတ်နဂါးတစ်ကောင် ခွေနေသည်ကို သူ မြင်ခဲ့လေ၏။ လူသားမဟာဧကရာဇ်များအားလုံး ဖိနှိမ်ခံထားရပြီး ပြိုင်စံရှားကျွမ်းကျင်သူတစ်ဦးက ကမ္ဘာတစ်ခုအား ဖြိုခွင်းပစ်နေသည်ကို သူ မြင်ခဲ့လေ၏။

ပုံရိပ်များထဲတွင် နှစ်ဖက်လုံး တိုက်ခိုက်နေကြသည့် မဟာစစ်ပွဲမြင်ကွင်းတစ်ခုလည်း ရှိလေသည်။ ၎င်းတို့က မျိုးနွယ်မတူသည်မှာ ထင်ရှားလေသည်။ တစ်ဖက်သည် ရှေးဦးပျက်စီးခြင်းသားရဲများ စီးနင်းထားကြပြီး အခြားတစ်ဖက်ကမူ အစွမ်းထက်သော မှော်လက်နက်များ စီးနင်းထားကြသည်။

" ဒီကမ္ဘာအပိုင်းအစ ပြုတ်ကျလာတာက ဒီပုံရိပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ မဟာစစ်ပွဲကြီးနဲ့ တစ်ခုခုပတ်သတ်လောက်လား "

ယီယွင်က ဂရုစိုက်ပင် လေ့လာနေခဲ့သည်။ ထိုကမ္ဘာကြီးက မည်မျှအထိ ကျယ်ဝန်းသည်ကို မှန်းဆရန်ခက်ခဲလေသည်။ သူ မြင်နေရသည့် ကမ္ဘာကြီးက ပင်လယ်ထဲမှ ရေတစ်စက်ဟု ခံစားနေရလေ၏။

တိုင်အာနတ်ပြည်ထောင်မှ ပညာရှိများပင် ထိုကမ္ဘာကြီးထဲတွင် မည်မျှအထိ စူးစမ်ရှာဖွေနိုင်ပါမည်နည်း။

ယီယွင် ကျောက်တိုင်ကြီးများကို ဖြတ်ကျော်ပြီးနောက် နန်းတော်ရှေ့သို့ ရောက်သွားခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ နန်းတော်အထက်တွင် ကမ္ပည်းပြားတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ကမ္ပည်းပြားပေါ်တွင် ပျက်တော့မည့်ဟန်ရှိသည့် စာလုံးများ ရှိလေသည်။ ပြတ်တောင်း ပြတ်တောင်းဖြစ်နေသည့် စုတ်ချက်များသာ ကျန်ခဲ့လေပြီး ကြမ်းတမ်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

ယီယွင် နန်းတော်နှင့် နီးကပ်လာချိန်တွင် ဖော်မပြနိုင်သော ဖိနှိမ်စိတ်တစ်ခုကို ခံစားလာရသည်။ သူ၏အသားပေါ်တွင်သာမက စိတ်ပိုင်းဆိုင်ရာတွင်လည်း ထိုဖိအားကို ခံစားနေရသည်။ ယီယွင်၏ စွမ်းအင်လည်ပတ်မှုနှင့် အသက်ဓာတ်လှုပ်ရှားမှုအားလုံးကို မမြင်ရသော အင်အားတစ်ခုက ဖိနှိမ်ထားသည့်အလားပင်။ သူ၏နှလုံး ၊ အသက်ရှုနှုန်း ၊ သွေးစီးဆင်းမှု ၊ သူ၏အတွေးများပင် နှေးကွေးသွားရလေ၏။

နန်းတော်ဝင်ပေါက်၏ရှေ့တွက် မီတာသုံးရာခန့်ရှိသည့် အနက်ရောင် ရုပ်ထုတစ်ခု ရှိလေ၏။ ရုပ်ထုသည် မီတာသုံးဆယ်ခန့်မြင့်ပြီး မြင့်မားတုတ်ခိုင်သော လူလတ်ပိုင်းတစ်ဦး ဖြစ်လေသည်။ ထိုသူးမျက်နှာကို အနီရင့်ရောင်ခေါင်းဆောင်းဖြင့် ဖုံးအုပ်ထားလေပြီး မျက်ဝန်းများကမူ စကြာဝဠာကို စူးစိုက်ကြည့်နေသည့်အလားပင် နက်နဲလှသည်။ ထိုသူက ကျောတွင် ဓားတစ်လက် လွယ်ထားလေ၏။

ယင်းက ရုပ်ထုတစ်ခုသာ ဖြစ်သည့်တိုင်အောင် ပြိုင်စံရှားကျွမ်းကျင်သူတစ်ဦး ပိုင်ဆိုင်သည့် အရိုင်းဆန်သောအရှိန်အဝါ ထွက်ပေါ်နေ၏။ ထိုအရှိန်အဝါက အရပ်မျက်နှာအားလုံးနှင့် ကောင်းကင်ထက်သို့ ပျံ့နှံ့နေသည်။ အကြောင်းအရင်းအချို့ကြောင့် ယီယွင်မှာ တုန်လှုပ်မှုကို ခံစားရသည်။

ရုပ်ထု၏နောက်တွင် ကျောက်တိုင်အပိုင်းအစတစ်ခု ရှိလေသည်။ ထိုကျောင်တိုင်ကို ဓားနှင့် ရေးထွင်းထားဟန်ရှိလေ၏။ ပြတ်သားကာ အစွမ်းထက်သောပုံစံဖြင့် ရေးထိုးထားသည်ဖြစ်ပြီး ကျောက်တိုင်ထံမှ စွမ်းအင်များ ယိုစိမ့်နေသည့်ပမာ ရှိနေလေသည်။

ယီယွင် စာလုံးများကို ဖတ်လိုက်ချိန်၌ သူ၏ရှေ့တွင် ဓားကိုင်ထားသည့် လူရည်မွန်တစ်ဦး၏ပုံရိပ် ထွက်ပေါ်လာသည့်အလားပင်။

ရုပ်ထုထဲမှ အသက်လတ်ပိုင်းလူက ကျောက်တိုင်၏ စကားလုံးများကို ရေးထိုးခဲ့လေသလော။

ယီယွင် ကျောက်တိုင်ထက်မှ စာလုံးများကို ကြည့်လိုက်လေ၏။ စာရေးသားပုံသည် မျက်မှောက်ခေတ် စာရေးသားပုံနှင့် ကွဲပြားနေသော်လည်း ယီယွင်က တိုင်အာနတ်ကျင့်စဥ်နှင့် သားရဲတစ်သောင်းပုံရိပ်ကဲ့သို့ စာအုပ်များကို ဖတ်ထားဖူးလေသောကြောင့် ထိုစာများကို ဖတ်နိုင်လေသည်။

ကျောက်တိုင်ထက်မှ စကားလုံးများက.... " သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ကို တည်ထောင်ပြီးတော့ ငါ့ရဲ့ဆန္ဒကို ကြေညာမယ်။ စကြာဝဠာထဲမှာ ဘာမှမရှိတော့ဘဲ ကောင်းကင်ဘုံ ပြိုကျသွားချိန်မှာ ငါ့ကိုယ်ငါ ကမ္ဘာအဖြစ်သမုတ်ပြီး သေခြင်းနဲ့ရှင်ခြင်းကို ထိန်းချုပ်မယ်။ ပြန်လည်မွေးဖွားခြင်းသံသရာကို ဖျက်ဆီးပြီးတော့ အရာအားလုံးရဲ့ ဝိညာဥ်တွေကို ရယူပြီး ငါ့ရဲ့ဓားကို သွန်းလောင်းမယ်။ ငါ့ရဲ့ အင်မော်တယ်သွေးကို ဖောက်ထုတ်ပြီးတော့ နတ်ဆိုးမိစ္ဆာတွေအားလုံးကို သတ်မယ်။ သတ်...သတ်...သတ်...သတ်...သတ်...သတ်...သတ်.. "

" သတ် " ဆိုသည့် စကားလုံးခုနစ်ခုက အခြားအရာများထက်ပို၍ တုန်လှုပ်ဖွယ်ကောင်းလေ၏။

သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်... ။

ယီယွင် အသက်ပြင်းပြင်း ရှုလိုက်သည်။ စာကြောင်းအနည်းငယ် ဖတ်မိရုံနှင့်ပင် သူ့အဖို့ ကြီးမားလှသော သတ်ဖြတ်လိုစိတ်ကို ကြုံတွေ့ခံစားခဲ့ရလေ၏။ ထိုသူတွင် အဆုံးမဲ့သော မုန်းတီးမှုများ ရှိနေခြင်းကြောင့် သက်ရှိအားလုံးကို ဖျက်ဆီးသည်အထိ တွန်းပို့ခံခဲ့ရပုံပင်။

" ဒါက ဘယ်လိုလူစားမျိုးလဲ။ သူက ကောင်းကင်ဘုံပြိုကျပြီး စကြာဝဠာထဲမှာ ဘာမှမရှိတော့ချိန်ကျရင် သူ့ကိုယ်သူ ကမ္ဘာတစ်ခုအဖြစ်လုပ်ပြီး သေခြင်းနဲ့ရှင်ခြင်းကို ထိန်းချုပ်မယ်ဆိုပြီး ကျောက်တိုင်ပေါ်မှာ ရေးထားတယ်။ ကြောက်ဖို့ကောင်းလိုက်တဲ့ ရည်ရွယ်ချက်..."

ယီယွင် ကျိတ်၍ ထိတ်လန့်နေသည်။ ဤကျောက်တိုင်ကို ဖန်တီးခဲ့သူက အံ့ဖွယ်ကောင်းလှချေ၏။

ယီယွင် ကျောက်တိုင်၏ထိပ်သို့ ကြည့်လိုက်သည်။ ကျောက်တိုင်သည် ကိုးမီတာခန့်ထူပြီး ထိပ်ပိုင်းသည် ဓားနှင့် ခုတ်ပိုင်းခံထားရကာ အလွန်ချောမွေ့ညီညာသော မျက်နှာပင်ပြင်တစ်ခု ကျန်ရစ်ခဲ့သည်။

ယီယွင် ကျောက်တိုင်၏နောက်သို့ ရောက်သွားချိန်တွင် ပိုမိုထိတ်လန့်သွားရလေ၏။ ကျောက်တိုင်ကို ပိုင်းဖြတ်သွားသည့် တိုက်ခိုက်မှုက ကျောက်တိုင်၏နောက် ဆက်လက်ထိုးဆင်းသွားခဲ့လေ၏။ တိုက်ခိုက်မှုက ရှည်လျားနက်မှောင်သော လျှိုမြောင်တစ်ခု ဖြစ်သွားစေပြီး ပိုနက်လေလေ ပိုကျယ်လာလေလေပင်။

ယီယွင် လျှိုမြောင်အား ငုံ့ကြည့်ကာ ပိုမိုတုန်လှုပ်သွားရသည်။ ထိုတိုက်ခိုက်မှုက ဓားသဏ္ဌာန်တောင်၏ အနောက်ဘက်ခြမ်းတွင် တောင်ခြေအထိ ဆန့်တန်းနေလေ၏။ ထိုတိုက်ခိုက်မှုက လမ်းတစ်လျှောက်ဏှိ အရာအားလုံးကို နှစ်ပိုင်းဖြတ်သွားခဲ့ချေသည်။

ထိုလျှိုမြောင်သည် မီတာထောင်ချီကာ မြင့်မားသော တောင်ကို ရှင်းလင်းစွာ ဖြတ်တောက်ကာ မြေပြင်အထိ ရောက်ရှိနေသည်။ ဓားချက်ကြောင့် အသက်မဲ့နေသော မြေပြင်သည် ဖြတ်တောက်ခံရကာ တောင်ကြားတစ်ခု ဖြစ်လာရသည်။ တောင်ကြားသည် လွန်စွာနက်ရှိုင်းကာ မျက်စိဖြင့် မမြင်နိုင်သော အတိုင်းအတာအထိ ရောက်ရှိနေသည်။ မြစ်တစ်စင်းနှင့် တောအုပ်တစ်ခုသည်လည်း ခုတ်ပိုင်းခံထားရလေ၏။

ယီယွင်က ထိုအရာက အတန်ကြာအောင်ပင် ငြိမ်သက်စွာ ကြည့်နေခဲ့၏။ ဤတိုက်ခိုက်မှုကြောင့် ဤကမ္ဘာကြီးက နှစ်ပိုင်းပြတ်သွားခဲ့ရခြင်း ဖြစ်လေသလော။ ထိုအရာက မည်ကဲ့သို့ စွမ်းအားမျိုးပေနည်း။

ထိုသူက ကျောက်စာရေးထိုးပြီးနောက် မုန်းတီးစိတ်များ လွှမ်းမိုးလာကာ ခုတ်ချလိုက်ခြင်း ဖြစ်လေသလော။

ငါ့ကိုယ်ငါ ကမ္ဘာတစ်ခုအဖြစ် လုပ်မယ် ၊ နတ်ဆိုးမိစ္ဆာတွေအားလုံးကို သတ်မယ်...။

နတ်ဆိုးမိစ္ဆာများက မည်သူများပေနည်း။ ဤဓားခုတ်ရာကို ခန်ထားခဲ့သည့် ထိုသူက မဟာစစ်ပွဲကြီးတွင် ရှုံးနိမ့်သွားခဲ့လေသလော။

ယီယွင် ဓားခုတ်ရာကို ကြည့်နေရင်းဖြင့် သိမ်မွေ့စွာခံစားမိသည်မှာ ဓားခုတ်ရာထဲတွင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ပါဝင်နေလျက်ရှိပြီး တည်ငြိမ်မှုပုံစံလည်း ရှိနေသည်ဟု ခံစားမိလေသည်။

ဓားခုတ်ရာကို ကြာရှည်စွာကြည့်နေရင်း မျက်လုံးများ နာကျင်လာသည်ဟု ယီယွင် ခံစားလိုက်ရသည်။ အရေပြားများပင် စူးရှနာကျင်လာရ၏။ ကြွက်သားများသည်လည်း အလိုလိုပင် တောင့်တင်းနေလေသည်။

ကြာကြာကြည့်လေလေ ဓားခုတ်ရာထဲမှ ဓားဆန္ဒက ပိုမိုထင်ရှားလာလေလေပင်။ ယင်းကြောင့် ယီယွင်မှာ နေရာမှ လှုပ်ရှားရဲခြင်းပင် မရှိတော့ချေ။ ရန်သူတော်ကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလားပင် သူ၏အသက်ရှုနှုန်းများ လေးလံလာရ၏။

ဓားခုတ်ရာထဲမှ ဓားဆန္ဒက နှစ်သန်းပေါင်းဆယ်ချီအထိပင် ပျောက်ကွယ်မသွားသည်မှာ မယုံကြည်နိုင်စရာပင်။

ယီယွင် သန့်စင်ယန်ချီများ ထုတ်ဖော်ကာ ထိုခံစားချက်ကို ဖြေဖျောက်လိုက်ရသည်။

" နှစ်ကာလပေါင်းများစွာ ကြာတဲ့အထိတောင် ဒီလိုစွမ်းအားမျိုး ရှိနေသေးတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် ဒီတိုက်ခိုက်မှုရဲ့စွမ်းအားက နတ်အရိုင်းမြေတစ်ခုလုံးကို နှစ်ပိုင်းဖြတ်နိုင်လောက်ဖို့များတယ်..."

ယီယွင် သက်ပြင်းချလိုက်၏။ နှစ်သန်းပေါင်းဆယ်ချီခန့်က ဓားချီအကြွင်းအကျန်ကပင် သူ့အား သတ်ဖြတ်ပစ်ရန် လုံလောက်နေပေရာ ဓားခုတ်ရာထံမှ ဓားဆန္ဒကို သူ ခံနိုင်ရည်ရှိရန် မည်မျှခက်ခဲလိမ့်မည်ကို တွေးကြည့်၍ရသည်။

ယီယွင် အသက်ပြင်းပြင်း ရှုလိုက်လေ၏။ ထိုကဲ့သို့ ဖြစ်တည်မှုမျိုးက သူ နားလည်နိုင်ရန် အလှမ်းဝေးကွာလွန်းသည်။

ယီယွင် ဓားခုတ်ရာထံမှ လှည့်ထွက်သွားကာ နန်းတော်ဝင်ပေါက်ဆီသို့ သွားလိုက်လေသည်။

ရှေးဟောင်းတံခါးကြီးတွင် မည်သည့်အဆင်တန်ဆာမျှ ရှိမနေပေ။ ယီယွင် တံခါးအနီးသို့ ရောက်သွားချိန်တွင် သူ့ထံသို့ ဓားချီ ရိုက်ခတ်လာပြီး သူ၏ခန္ဓာကိုယ်အား ဖြတ်တောက်တော့မည်ကဲ့သို့ ခံစားလိုက်ရသည်။

ယီယွင် လက်ဆန့်ကာ တံခါးဖွင့်မည်ပြုလိုက်စဥ်တွင် အလင်းတစ်ခု တောက်ပလာကာ သူ့အား စုပ်ယူသွားလေ၏။ ထိုသို့ဖြင့် ယီယွင် နန်းတော်ထဲသို့ ရောက်သွားခဲ့သည်။

ခန်းမသည် မှိန်ဖျော့ဖျော့ လင်းနေ၏။ မြေပြင်တွင် အမည်မသိ ကျောက်နက်များ ဖုံးလွှမ်းထားသည်။ ယီယွင်၏ မျက်လုံးထဲသို့ ဦးစွာဝင်ရောက်လာသည့်အရာမှာ မြေပြင်တွင် စိုက်ဝင်နေသည့် ဓားတစ်လက် ဖြစ်လေ၏။

ဓားက အလွန်ပင် အိုဟောင်းနေ၏။ ဓားဖျားသည် သံချေးများ လွှမ်းနေပြီး ဓားသွားတွင် အက်ကြောင်းများ ထွက်ပေါ်နေသည်။

" ပျက်စီးနေတာလား "

ယီယွင် သက်ပြင်းချလိုက်၏။ ယင်းက ပြိုင်ဘက်ကင်းဓားတစ်လက် ဖြစ်မည်မှာ သေချာသော်လည်း ကံမကောင်းစွာဖြင့်ပင် ဓားသွားက အက်ကွဲနေခြင်းကြောင့် ဓား၏အသက်ဝင်မှုကို ကြီးစွာပင် ထိခိုက်သွားစေခဲ့သည်။ နှစ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့ခြင်းကြောင့် ဓားက အလွန်တရာပင် ထိလွယ်ကျိုးလွယ်ဖြစ်နေခြင်းလည်း ဖြစ်နိုင်လေ၏။

ယီယွင် ဓားဆီသို့သွားကာ ဓားရိုးအား ဖြည်းညင်းစွာ ကိုင်လိုက်သည်။

ထိုစဥ် သူနှင့် မဝေးလှသောနေရာ၌ အနက်ရောင်ပုံရိပ်တစ်ခု ရပ်နေသည်ကို ရုတ်တရက်ပင် မြင်လိုက်ရလေ၏။ ယီယွင် ထိတ်လန့်သွားကာ ခုန်ဆုတ်သွားလေ၏။

ယီယွင် စူးစိုက်ကာကြည့်လိုက်ရာ အနက်ရောင်ပုံရိပ်က လှုပ်ရှားမှုမရှိပေ။ ၎င်းက ရုပ်ခန္ဓာကိုယ် မရှိလေဘဲ မီးတောက်တစ်ခု လောင်ကျွမ်းနေသည့်အလားပင်။

၎င်းက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားလေပြီး အနက်ရောင်ဝတ်ရုံအောက်မှ နီရဲသော မျက်စိနှစ်လုံးကသာ တောက်ပနေသည်။

" မင်းက..."

သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်တွင် ဖော်ပြထားသည့် နတ်ဆိုးမိစ္ဆာများဟူသော အမည်မသိသတ္တဝါများဟု ယီယွင် ထင်သွားခဲ့သည်။ သို့သော် အရိပ်နက်က သူ့ကို သတ်ဖြတ်လိုစိတ်မရှိကြောင်း လျင်မြန်စွာပင် နားလည်သွားခဲ့လေ၏။

အမှတ်တကယ်သာ သတ်လိုခဲ့လျှင် နန်းတော်ထဲတွင်ရှိသည့် ထိုဖြစ်တည်မှုက သူ့အား အတွေးတစ်ချက်နှင့်ပင် သတ်ပစ်နိုင်လေ၏။

" အချိန်တွေ အရမ်းကြာသွားခဲ့ပြီ.... တစ်ယောက်ယောက်က တကယ်ပဲ ဝင်လာခဲ့တယ် "

အရိပ်နက်၏အသံတွင် ဖော်မပြနိုင်လောက်သော အထီးကျန်ခြင်းများ ပါဝင်နေပုံပင်။

" စီနီယာက ဒီနန်းတော်ရဲ့ အစောင့်အရှောက်လား " ယီယွင်က အရဲကိုးကာ မေးလိုက်သည်။

အရိပ်နက်က ဆိုသည်..." ငါက ဓားစိတ်ဝိညာဥ်ပဲ။ ငါဟာ ငါ့သခင်နဲ့အတူ နှစ်ပေါင်းမရေနိုင်လောက်အောင် ကြာတဲ့အထိ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဖြတ်ကျော်ခဲ့တယ်။ အခု ငါ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီး ဝိညာဥ်အကြွင်းအကျန်တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ ငါက သန့်စင်ယန်ဓားနန်းတော်ထဲမှ အိပ်ပျော်နေခဲ့တာပဲ။ ဒီလိုလုပ်မှပဲ ငါ ပျောက်ကွယ်သွားရမဲ့အချိန်က နှေးကွေးသွားမှာလေ။ အခု မင်း ဝင်လာခဲ့လို့ ငါ နိုးလာတာပဲ။ ဒါပေမဲ့ အချိန်အကြာကြီး အိပ်စက်ခဲ့ရတာကြောင့် ငါ့ရဲ့သက်တမ်း အဆုံးသတ်ဖို့ ရောက်လာခဲ့ပြီ "

အရိပ်နက်၏အသံက အလွန်ပင် အားနည်းနေလေ၏။ ယီယွင်က တွေးဆကာဆိုသည်..." စီနီယာ အိပ်စက်နေခဲ့တာ နှစ်သန်းပေါင်းဆယ်ချီနေပြီလား "

" ငါ မမှတ်မိဘူး။ ငါ ဒီကမ္ဘာထဲကို ရောက်မလာခင်က ဟင်းလင်းပြင်ထဲမှာ သွားနေခဲ့ရတယ်။ တံခါးကို ဘယ်သူမှ ဖြတ်မလာတော့ဘူးလို့ အရင်က ငါ ထင်ထားမိခဲ့တယ်။ ဒါပေမဲ့ ကံကောင်းထောက်မပြီး မင်းက ဝင်လာခဲ့တာပဲ "

ဟင်းလင်းပြင်ထဲမှာ သွားနေခဲ့တာလား။

ဟုတ်သည်။ နှစ်သန်းပေါင်းဆယ်ချီက နတ်အရိုင်းမြေထဲသို့ ဤကမ္ဘာ ကျဆင်းလာသည့်အချိန် ဖြစ်လေ၏။ ထို့မတိုင်မီတွင် ဤကမ္ဘာအပိုင်းအစ လွင့်မျောနေသည်မှာ အချိန်ပိုကြာလောက်ချေမည်။

ယီယွင်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။ အနက်ရိပ်က ထိုအချင်းအရာကို ထွင်းဖောက်မြင်မိကာ ဆိုလိုက်လေ၏..." အတိတ်ကအကြောင်းတွေကို မေးနေဖို့မလိုဘူး။ ဒီကမ္ဘာကြီးအနေအထားနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မင်းက မဆိုးပါဘူး။ မင်းမှာ အဆင့်နိမ့် သန့်စင်ယန်ခန္ဓာကိုယ် ရှိတယ်။ သန့်စင်ယန်ခန္ဓာကိုယ် တစ်ခုရဖို့က မလွယ်ကူပေမဲ့ မင်းသာ ဒီကမ္ဘာကြီးရဲ့ အတော်ဆုံးသူတွေထဲက လူတစ်ဦး ဖြစ်လာချင်တယ်ဆိုရင် မလုံလောက်သေးဘူး။ မင်း ငါ့ကို မေးချင်နေတဲ့အရာတွေက အကျိုးမရှိဘူး။ ဓားနန်းတော်ထဲမှာ ငါ့သခင် ချန်ထားခဲ့တဲ့ ဓားဆန္ဒကို မင်း ထိုးထွင်းသိမြင်မှု မရနိုင်ဘူးဆိုရင် ဒီဓားနန်းတော်ရဲ့ အတွင်းပိုင်းအဆင့်တွေထဲကို ဝင်ခွင့်ရမှာမဟုတ်ဘူး။ မင်းသာ ထိုးထွင်းသိမြင်နိုင်ခဲ့မယ်ဆိုရင်တော့ ဓားနန်းတော်ကို သန့်စင်ပြီး ငါ့သခင် ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို ရနိုင်လောက်မှာပါ။ ဒါပေမဲ့ မင်း အဲ့ဟာကို လုပ်နိုင်ဖို့ကတော့ အရမ်းခက်ခဲတယ်။ အရမ်းခက်ခဲတယ်....."

ယီယွင် တိတ်ဆိတ်နေသည်။ အရိပ်နက်၏အမြင်တွင် သူက နတ်အရိုင်းမြေထဲမှ ကံကောင်းသော သာမန်လူငယ်တစ်ဦးအဖြစ်သာ ရှိနေကြောင်းကို ယီယွင် သိသည်။ သူ၏ အရည်အချင်းပြည့်မီမှုက လုပ်နိုင်သည်ဆိုရုံမျှသာ ရှိလေသည်။

သူ့အဖို့ ဓားနန်းတော်ထဲမှ ဓားဆန္ဒကို ထိုးထွင်းသိမြင်မှု ရနိုင်ပါမည်လော။

ဓားစိတ်ဝိညာဥ်က ထိုကိစ္စအတွက် ရှင်းလင်းစွာပင် မည်သည့်မျှော်လင့်ချက်မျှ ပေးမထားချေ။

ဓားလမ်းစဥ်ကို သင်ယူလိုသူတစ်ဦးက အလွန်ပင် ပါရမီမြင့်မားနေရန် လိုအပ်သည်။ ယီယွင်က ဓားလမ်းစဥ်တွင် မည်သည့်ပါရမီမျှ ရှိမနေသည်မှာ ရှင်းလင်းလှသည်။ ထို့အပြင် သူ၏လက်နက်က ဓားမောက် ဖြစ်လေ၏။

ဤကဲ့သို့ ကမ္ဘာမျိုးထဲသို့ ဝင်ရောက်လာပြီးချိန်တွင် သခင်ဖြစ်သူ၏ အမွေအနှစ်များကို အမွေဆက်ခံနိုင်သူများ ရှိလိမ့်မည်ဟု ဓားစိတ်ဝိညာဥ်က ယုံကြည်မထားပေ။

All Chapters