← Chapters

နတ်မြို့သို့ ပြန်ခြင်း

Vol. 21 Ch. 302

နတ်မြို့သို့ ပြန်ခြင်း

Vol. 21 Ch. 302

" ငါ ပြန်ပြီးအိပ်မောကျတော့မယ်။ ဒီတစ်ကြိမ်မှာ ငါက နက်နက်နဲနဲ အိပ်မောကျနေမှာဖြစ်ပြီး ဘယ်အချိန်ကျမှ ပြန်နိုးလာမယ်ဆိုတာ မသိဘူး။ မင်းက သန့်စင်ယန်ဓားနန်းတော်ထဲကို ဝင်လာတယ်ဆိုမှတော့ မင်းနဲ့ငါက ကံပါတယ်လို့ ဆိုလိုတာပဲ။ ဒီဓားကျိုးက မင်းအတွက်ပဲ။ မင်း ထွက်ချင်တဲ့အချိန် ထွက်သွားလို့ရတယ်။ မင်းအနေနဲ့ သန့်စင်ယန်ဓားနန်းတော်ထဲမှာ လေ့ကျင့်လို့လဲရတယ်။ မင်းမှာ သန့်စင်ယန်ခန္ဓာကိုယ် ရှိနေတယ်ဆိုတော့ ဒီမှာကျင့်ကြံတာက ပိုပြီးလွယ်ကူလိမ့်မယ် "

အရိပ်နက်က စကားပြောပြီးသည်နှင့် ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင် ဝေဝါးလာကာ လုံးဝပျောက်ကွယ်သွားလေ၏။

ခန်းမထဲတွင် ယီယွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ဂျစ်...ဂျစ်...။

အသံပျော့ပျော့နှင့်အတူ မူလက မြေပြင်ထဲသို့ စိုက်ဝင်နေသည့် ဓားကျိုးသည် တဖြည်းဖြည်းချင်း ကြွတက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ယီယွင်မှာ ဓားကျိုးကိုကြည့်ကာ ပြောစရာမဲ့နေ၏။ သူ အသက်စွန့်ကာ မီးငရဲထဲသို့ ဝင်ရောက်ခဲ့ပြီး ကျားကစားကွက်ကို ဖြိုခွင်းကာ ပျက်စီးနေသော ဤကမ္ဘာထဲသို့ ဝင်ခဲ့ရသည်။ သို့သော် သူ နန်းတော်အတွင်းပိုင်းထဲသို့ ဝင်ခွင့်မရခဲ့ဘဲ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ဓားကျိုးတစ်လက်ကိုသာ ရခဲ့ချေ၏။

သို့သော် အရိပ်နက်က ပေးခဲ့သည့် ဓားကျိုးက သာမန်မဖြစ်နိုင်သည်ကို သူ သိလေသည်။ မေးခွန်းထုတ်စရာမှာ ဓားကျိုးက မည်သည့်အရာ ထူးခြားနေလေသနည်း။

ယီယွင် ဓားကျိုးကို ကောက်ယူကာ စူးစမ်းကြည့်လိုက်သည်။ ဓားသွားများက ထက်ရှခြင်းမရှိတော့ဘဲ အလွန်ပင် အားနည်းနေချေ၏။

" ရှေးခေတ် အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ ဓားတွေက နှစ်ပေါင်းသန်းချီပြီး ကြာသွားရင်တောင် အရမ်းကို သန်မာနေတုန်းပဲ။ ဒီဓားက မထက်တော့ပေမဲ့ တပ်တစ်ထောင်ဓားမောက်ထက်တော့ အားပိုကောင်းနေသေးတယ် "

ယီယွင်က လက်ထဲမှ တပ်တစ်ထောင်ဓားမောက်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။ တပ်တစ်ထောင်ဓားမောက်အား ကိုင်ဆောင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ရွှေကျီးကန်းမျိုးစိတ်နှင့် တိုက်ပွဲတွင် တပ်တစ်ထောင်ဓားမောက် ကျိုးသွားခဲ့၏။ ခြောက်ပေရှည်သော ဓားမောက်က သုံးပေသာ ကျန်တော့သည်။

သူ တိုင်အာနတ်မြို့သို့ ပြန်ရောက်လျှင် အခြားဓားမောက်နှင့် လဲလှယ်ရမည်။ ဤဓားမောက်က အတော်ပင် အကျိုးပြုခဲ့သည်ဟု ဆိုနိုင်လေသည်။

ယီယွင်က ဓားကျိုးကို လက်ချောင်းများနှင့် ပွတ်ကြည့်လိုက်လေ၏။ ဓားကျိုး၏ ကြမ်းတမ်းသော မျက်နှာပြင်ကို ခံစားမိကာ ယီယွင် စိတ်အပြောင်းအလဲ ဖြစ်သွားရလေ၏။

" အရိပ်နက်က ငါ့ကို ဓားမောက်အသုံးပြုသူလို့ ထင်သွားခဲ့တာကြောင့် သူ့သခင်ရဲ့ ဓားဆန္ဒကို ငါက နားမလည်နိုင်ဘူးလို့ ထင်သွားခဲ့ပုံပဲ။ ဒါပေမဲ့ ငါက ကြိုးစားကြည့်ချင်သေးတယ်။ ငါ ဘာသိမြင်နားလည်မှုမှ မရနိုင်ခဲ့ရင်တောင် အနာဂတ်ကျရင် တဖြည်းဖြည်းချင်း နားလည်လာလိမ့်မယ် "

ယီယွင် ဓားကျိုးကို လက်ထဲတွင်ကိုင်ကာ သန့်စင်ယန်ဓားနန်းတော်ထဲမှ ထွက်လာခဲ့သည်။

သူက ဓားနန်းတော်သခင်နှင့် ကဏ္ဍတစ်ခုတွင် နီးစပ်လေသည်။ သူတို့နှစ်ဦးလုံး သန့်စင်ယန်ဥပဒေသကို ကျင့်ကြံလေ၏။ ယင်းကြောင့်ပင် ဤကမ္ဘာအပိုင်းအစကြောင့် ဖြစ်လာခဲ့သည့် ဥက္ကာချောက်က သန့်စင်ယန်နယ်မြေ ဖြစ်နေခဲ့ရခြင်းပင်။

ဓားနှင့်ဓားမောက် အကြားမှ ကွာခြားချက်ကိုမူ ယီယွင်က များစွာအလေးမထားပေ။ ဓားနှင့်ဓားမောက်က လောကကြီး၏ အစွမ်းအထက်ဆုံး ဘုံလက်နက်များ ဖြစ်လေ၏။ ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ရွေးချယ်ခဲ့သည်မှာလည်း တပ်တစ်ထောင်ဓားမောက်နှင့် ဆက်သွယ်မှုရှိနေ၍ မဟုတ်လေဘဲ တပ်တစ်ထောင်ဓားမောက်က အလွန်အစွမ်းထက်သည့်ပုံစံ ရှိနေခြင်းကြောင့် ဖြစ်လေ၏။

ဓားမောက်က အလုပ်ဖြစ်ခဲ့လျှင် ဓားသည်လည်း အလုပ်ဖြစ်ပေလိမ့်မည်။ ယီယွင်အတွက်မူ ၎င်းတို့က အတူတူသာ ဖြစ်လေ၏။

ယီယွင် ဥပဒေသအမှန်တရားကျမ်းကို ဖတ်ပြီးသည့်နောက်တွင် ဓားမောက်အမှန်တရားပင်ဖြစ်စေ ၊ ဓားအမှန်တရားပင်ဖြစ်စေ အားလုံးက လက်နက်တာအို၏ ကိုင်းအခွဲများသာဖြစ်သည်ကို သိခဲ့ရသည်။ လက်နက်တာအိုသည် မဟာတာအိုသုံးထောင်အနက်မှ တစ်ခုသာဖြစ်လေ၏။

သိုင်းပညာကို အထွတ်အထိပ်အထိ ကျင့်ကြံလိုပါက တာအိုတစ်မျိုးတည်း လိုက်စားခြင်းက ကျဥ်းမြောင်းလွန်းလေ၏။

သူ့တွင် အစွမ်းအစရှိပါက မဟာတာအိုများကို ပိုမိုလေ့လာပြီး ကောင်းကင်တာအိုဇာစ်မြစ်ကို ပိုမိုနီးကပ်စွာ ချဥ်းကပ်နိုင်ပေလိမ့်မည်။

" ငါက ဓားအမှန်တရားနဲ့ ဓားမောက်အမှန်တရားကို အတူလေ့လာမယ်ဆိုရင်တောင် ထိခိုက်စရာမရှိဘူး " ယီယွင် စိတ်ပိုင်းဖြတ်ကာ ဓားနန်းတော်သခင် ချန်ထားခဲ့သည့် သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်၏ ရှေ့သို့ လျှောက်သွားလိုက်လေ၏။

ယီယွင်က ကမ္ဘာကြီးကို နှစ်ပိုင်းဖြတ်ထားသည့် ဓားခုတ်ရာကို ကြည့်လိုက်သည်။

ယီယွင်က ဓားကျိုးကို ခပ်စောင်းစောင်း ကိုင်ထားပြီး ဓားခုတ်ရာအတိုင်း ဓားကျိုးကို လေထဲတွင် လွှဲယမ်းကြည့်လိုက်သည်။

တစ်ချိန်တည်းမှာ ယီယွင် စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်လေ၏။ စွမ်းအင်မြင်ကွင်းထဲတွင် စွမ်းအင်စီးဆင်းမှုက ဇာစ်မြစ်ကို ယီယွင် မြင်နေရသည်။

ဓားမောက်သင်္ချိုင်းထဲတွင် ရှိခဲ့စဥ်က ယီယွင်သည် စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု၏ ဓားမောက်အမှန်တရားဇာစ်မြစ်ကို မြင်နိုင်ခဲ့သည်။ ယနေ့တွင်လည်း ယီယွင်က တူညီသောအရာကို လုပ်နေလေ၏။

စွမ်းအင်မြင်ကွင်းထဲတွင် သဏ္ဌာန်အားလုံး ပျောက်ကွယ်သွားခဲ့သည်။

သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ပေါ်မှ " သတ် " ဆိုသည့် စကားလုံးတစ်ခုချင်းစီတိုင်းက သာမန်မျက်စိနှင့်ဆိုလျှင် အတူတူသာဖြစ်သော်လည်း စွမ်းအင်မြင်ကွင်းထဲတွင်မူ လုံးဝပင် ကွဲပြားနေလေ၏။

ဓားနန်းတော်သခင်က သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ကို ရေးထိုးခဲ့ချိန်တွင် ဓားဆန္ဒကိုပါ ထည့်သွင်းထားခဲ့သည်။ " သတ် " ဆိုသည့် စကားလုံးတိုင်းက မတူညီသော ဓားဆန္ဒတစ်ခုကို ရုပ်လုံးဖော်ထားပြီး ကွဲပြားသော မဟာတာအိုများနှင့် ရေးထွင်းထားလေသည်။

ယီယွင်က ဓားနန်းတော်သခင်၏ အမွေကို မရခဲ့သည့်တိုင်အောင် သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ကပင် ရတနာတစ်ခု ဖြစ်နေလေ၏။ သို့သော် ဓားနန်းတော်သခင်၏ နယ်ပယ်ကို ယီယွင် မှန်းဆနိုင်ခြင်းမရှိပေ။ သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ထဲတွင် ချန်ထားခဲ့သည့် ဓားဆန္ဒ၏ဇာစ်မြစ်များကို မြင်နေရသည့်တိုင်အောင် ယီယွင်အတွက် ခက်ခဲလွန်းနေသည်။ ဓားဆန္ဒက ဓားအမှန်တရား၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေသည်သာ ဖြစ်ဖို့များလေ၏။

ယီယွင်က သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်နှင့် ဓားခုတ်ရာတို့၏ ရှေ့တွင် တစ်ရက်နှင့်တစ်ညလုံး ရပ်နေခဲ့ပြီး ဓားအမှန်တရား၏ဇာစ်မြစ်ကို တွေးဆနေခဲ့သည်။ သို့သော် သူ၏အဆင့်က အလွန်နိမ့်လေသောကြောင့် အလွန်သေးငယ်သော အစိတ်အပိုင်းလေးကိုသာ တွေးဆနိုင်ခဲ့သည်။

ယီယွင်၏ ယွမ်ချီများ ကုန်ခမ်းသွားပြီး စွမ်းအင်မြင်ကွင်းကို မဖွင့်နိုင်တော့မှသာ သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ထံမှ ထွက်ခွာလာခဲ့သည်။ သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်၏ ရှေ့နေခြင်းသည် သူ၏ဇွဲကို စမ်းသပ်ကြည့်နေခြင်း ဖြစ်လေ၏။ ယီယွင်က ဓားဆန္ဒမှ ထွက်ပေါ်လာသည် ဖိအားများကို သန့်စင်ယန်စွမ်းအင်များ အဆက်မပြတ်လည်ပတ်စေကာ တောင့်ခံခဲ့သည်။

လက်ရှိတွင် ယီယွင် အလွန်ပင်ပန်းနေ၏။ သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်၏ ဓားအမှန်တရားကို သူ နားလည်ခဲ့သည်မှာ အလွန်တရာပင် အကန့်အသတ်ရှိသည်။ ယင်းသည် အဆုံးစွန်အထိ ရောက်ရှိနေသည့် မဟာတာအိုတစ်ခု ဖြစ်လေ၏။

သို့သော် ယီယွင်က စိတ်ပျက်အားလျော့ခြင်း မရှိပေ။ သိုင်းပညာလမ်းကြောင်းတွင် အခက်အခဲများ ပြည့်နေသည်ကို သူ သိလေ၏။

သိုင်းပညာကို ကျင့်ကြံရာတွင် မှန်းဆမရန်လောက်သော အထီးကျန်မှုများကို သည်းခံရသည်။ ကျွမ်းကျင်သူများစွာတို့က ဆယ်စုနှစ်နှင့်ချီကာပင် သီးသန့်ကျင့်ကြံတတ်ကြလေ၏။

သို့သော် သိုင်းပညာလမ်းစဥ် လိုက်စားလျှင် ထိုအထီးကျန်မှုကို မမှုကြပေ။ ယီယွင်ကို ထောက်ပံ့နေသည်မှာ သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်၏ ဓားအမှန်တရား ဖြစ်လေ၏။

..........

ယီယွင် သန့်စင်ယန်ဓားနန်းတော်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ ဓားနန်းတော်ထဲတွင် သူ သွားနိုင်သည်မှာ နေရာနှစ်ခုသာ ရှိလေသည်။ တစ်ခုသည် ခန်းမဆောင်ဖြစ်ပြီး အခြားတစ်ခုက ကျင့်ကြံရေးအခန်း ဖြစ်လေ၏။

ယီယွင် ကျင့်ကြံရေးအခန်းထဲသို့ ဝင်သွားလိုက်ချိန်တွင်မူ သန့်စင်ယန်ဓားနန်းတော်က သူ့အတွက် ကျင့်ကြံရေးရတနာမြေဖြစ်သည့် အရိပ်နက်က အဘယ့်ကြောင့် ပြောခဲ့သည်ကို ယီယွင် နားလည်သွားလေ၏။

ကျင့်ကြံခြင်းအခန်းထဲမှ သန့်စင်ယန်အစီရင်က နှစ်သန်းပေါင်းများစွာ ကြာသည်အထိပင် ပျောက်ကွယ်မသွားဘဲ မိုးမြေယွမ်ချီများကို စုစည်းနိုင်နေဆဲပင်။ အခန်းထဲမှ ယွမ်ချီများ အံ့ဩဖွယ်ကောင်းအောင် သန့်စင်လေသည်။ ဤနေရာတွင် ကျင့်ကြံပါက နှစ်ဆအကျိုးရှိလေမည်။ ထို့အပြင် အခန်းထဲမှ သမထထိုင်ရန် ကျောက်စင်မြင့်ကလည်း ရတနာတစ်ခု ဖြစ်လေ၏။ ယီယွင် စင်မြင့်ပေါ်တွင် ထိုင်လိုက်ချိန်တွင် စိတ်များ ပိုမိုကြည်လာပြီး ခန္ဓာကိုယ်ထဲမှ ယွမ်ချီလည်ပတ်မှုများ ပိုမိုမြန်ဆန်လာသည်ဟု ခံစားလိုက်ရသည်။

ယီယွင်က သန့်စင်ယန်ဓားနန်းတော်ထဲတွင် ကာလကြာရှည်စွာနေရန် ဆုံးဖြတ်လိုက်လေ၏။

ဤကမ္ဘာပျက်ထဲတွင်လည်း နေ့နှင့်ည ရှိလေသည်။ ယီယွင် နေ့စဥ်လိုပင် သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်၏ ရှေ့တွင် ရပ်နေခဲ့ပြီး ဓားဆန္ဒကို လေ့လာဆင်ခြင်နေခဲ့၏။ ညအချိန်တွင် သူ ကျင့်ကြံရေးအခန်းထဲတွင် သမထထိုင်ခဲ့သည်။

သူ ဆာလာလောင်လာလျှင် သိုလှောင်လက်စွပ်ထဲမှာ ရေနှင့်စားစရာကို ထုတ်စားခဲ့လေ၏။ သူ နတ်အရိုင်းမြေထဲတွင် ခရီးသွားခဲ့စဥ် ပျက်စီးခြင်းသားရဲအသားများစွာ ရရှိခဲ့သေးသည်။ ယင်းတို့က သူ စားသုံးရန် လုံလောက်လေသည်။

ထိုသို့ဖြင့် ယီယွင်၏ သိုင်းသမားဘဝတွင် ပထမဆုံးအကြိမ် သီးခြားလေ့ကျင့်ခြင်းကို စတင်ခဲ့သည်။

သူ သီးခြားလေ့ကျင့်နေချိန်တွင် ကျင့်ကြံမှုအဆင့်ကို ခိုင်မာအောင်လုပ်ပြီး ဓားနှင့်ဓားမောက်က ကျင့်ကြံခြင်းနှစ်ခုလုံးတွင် အခြေခံအုတ်မြစ်တစ်ခု ချလိုခဲ့သည်။

နွေရာသီကုန်ဆုံးကာ ဆောင်းဦးသို့ ရောက်လာခဲ့၏။ အချိန်များ မည်မျှကုန်ဆုံးသွားခဲ့ကြောင်းကို ယီယွင် မသိတော့ပေ။ သူ၏ဆံပင်များ ရှည်လာကာ အရပ်သည်လည်း ဆက်တိုက် မြင့်မားလာသည်ကိုသာ သူ သိလေ၏။

အသက် ၁၃ နှင့် ၁၄ အရွယ် ကလေးများက ကြီးထွားနှုန်း ကောင်းကြသည်။ တိမ်ရိုင်းနယ်မြေထဲတွင် အာဟာရချို့တဲ့ခြင်းကြောင့် ယီယွင်၏ ကြီးထွားနှုန်းက နှေးကွေးခဲ့လေ၏။ သို့သော် ပျက်စီးခြင်းသားရဲအသားနှင့် အရိုးအမတေများကို စားသုံးခြင်းက အာဟာရဖြစ်ခဲ့လေပြီး သူ၏အရပ်က နေ့စဥ်လိုပင် ရှည်လာခဲ့သည်။ သူ ယူလာခဲ့သည့် အဝတ်များကလည်း တစ်ဆိုဒ်ခန့် သေးနေခဲ့ပေပြီ။

ယီယွင်က အဆက်မပြတ်ပင် ကြီးထွားလာခဲ့ပြီး သာမန်အရွယ်ရောက်ပြီးသူများထက်ပင် အရပ်ပိုမြင့်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း ကြွက်သားများနှင့် တောင့်တင်းလာခဲ့လေ၏။ ယီယွင်တွင် ကလေးမျက်နှာ ရှိနေသည်မှလွဲ၍ နောက်ကျောမှကြည့်မည်ဆိုပါက အရွယ်ရောက်ပြီး လူတစ်ဦးနှင့် မခြားတော့ပေ။

အချိန်များစွာ ကြာခဲ့သည့်တိုင်အောင် ယီယွင်က သတ်ဖြတ်ခြင်းခုနစ်ပါးကျောက်တိုင်ထဲမှ ဓားဆန္ဒကို နားမလည်နိုင်သေးသော်လည်း ဓားဆန္ဒ၏ ဆေးကြောသန့်စင်ပေးခြင်းကို ခံခဲ့ရလေ၏။ တဖြည်းဖြည်းချင်းဖြင့် ယီယွင်က ဓားဆန္ဒကို တောင့်ခံရန်အတွက် တိုင်အာနတ်ကျင့်စဥ်ကို အသုံးပြုရန် မလိုအပ်တော့ပေ။

ဓားနန်းတော်သခင် ချန်ထားခဲ့သည့် တုန်လှုပ်ဖွယ်ရာ ဓားချက်သည် ခရမ်းရောင်သလင်းကျောက်နှင့် မသိလိုက်ဘဲ ပေါင်းစည်းမိသွားကာ ယီယွင်၏ စိတ်ဝိညာဥ်ပင်လယ်ထဲတွင် သိမ်မွေ့စွာပင် အမှတ်အသားဖြစ်လာ၏။ ယင်းက ဖော်မစွမ်းနိုင်သော ခံစားချက်တစ်ရပ် ဖြစ်လေသည်။

ယီယွင်က ထိုကဲ့သို့ ဓားဆန္ဒမျိုးကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသော်လည်း ဓားဆန္ဒထဲတွင် ပါဝင်နေသည့် ဥပဒေသအားလုံး၏ ဖွဲ့စည်းပုံများကို မှတ်မိနေသည်။

ယခုတွင် သူ ပြန်ချိန်တန်ပြီဟု ခံစားရသည်။ သူ တိုင်အာနတ်မြို့သို့ပြန်ရန် စီစဥ်လိုက်လေ၏။ တိုင်အာနတ်မြို့၏အောက်တွင် ဓားမောက်သင်္ချိုင်းအပြင် ဓားသင်္ချိုင်းလည်း ရှိသည်။

ဓားသင်္ချိုင်း၏ ဓားအဆင့်က သန့်စင်ယန်ဓားနန်းတော်ထက် နိမ့်လိမ့်မည်ကို ယီယွင် သိလေ၏။ ပြောရမည်ဆိုလျှင် ဓားသင်္ချိုင်းထဲမှ ဓားအမှန်တရားကို နားလည်ရန်မှာ သန့်စင်ယန်ဓားနန်းတော်ထက် ပိုမိုလွယ်နေပေမည်။

သူ ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်ပြီး ဓားအခြေခံအုတ်မြစ်တစ်ခု ချပြီးမှသာ သန့်စင်ယန်ဓားနန်းတော်သို့ ပြန်လာပြီး ဓားဆန္ဒကို နားလည်အောင်လုပ်ရမည်။ ထိုသို့ဆိုလျှင် သူ၏ဓားဆန္ဒကို အသုံးပြုကာ နန်းတော်ထဲသို့ ဝင်နိုင်လောက်လေ၏။ သူ့အဖို့ သန့်စင်ယန်ဓားနန်းတော်ကို သန့်စင်ကာ သူ့အပိုင်အဖြစ်ပင် လုပ်နိုင်လောက်သည်။

ထိုအတွေးကြောင့် ယီယွင် သွေးများဆူပွက်လာ၏။ ဤနန်းတော်၏ ရတနာအဆင့်က သူ မှန်းဆနိုင်သည်ထက် ကျော်လွန်လေသည်။

သူ့အဖို့ ဤနန်းတော်နှင့် စာချုပ်လုပ်ကာ ခန္ဓာကိုယ်ထဲတွင်ပင် သိမ်း၍ရနိုင်လောက်သည်။ သူသာ ထိုကဲ့သို့နန်းတော်မျိုးကို ရရှိခဲ့ပါက နတ်အရိုင်းမြေထဲတွင် အလွယ်တကူပင် သွားလာနိုင်ပေလိမ့်မည်။

ယနေ့တွင် ယီယွင် ထွက်ခွာသွားခဲ့လေပြီး ဓားစိတ်ဝိညာဥ်ကမူ အိပ်မောကျနေဆဲပင်။ ဤကာလများအတွင်း ဓားစိတ်ဝိညာဥ်က ယီယွင်ကို အရေးမလုပ်သလို မေးခွန်းထုတ်ခြင်းလည်း မရှိပေ။ ဓားစိတ်ဝိညာဥ်အတွက်မူ ယီယွင်ကဲ့သို့ လူငယ်လေးက အရေးစိုက်ရန် မထိုက်တန်ပေ။

ယီယွင် ပစ္စည်းများသိမ်းဆည်းကာ ဓားနန်းတော်တောင်ပေါ်မှ ဆင်းလာခဲ့လေ၏။ သူ ကြေးတံခါးကြီးအ နီးသို့ရောက်ချိန်တွင် တံခါးက ပွင့်သွားခဲ့သည်။ ထို့ကြောင့် ယီယွင်က မီးငရဲသို့ အောင်မြင်စွာ ပြန်ရောက်သွားခဲ့သည်။

အချိန်ကာလများစွာ ကြာပြီးသည့်နောက်တွင် မီးငရဲထဲသို့ စိတ်လှုပ်ရှားစွာ ပြန်ဝင်လာသည့် ယီယွင်က ခွန်အားပင်ဖြစ်စေ ၊ စိတ်ခံယူချက်ပင်ဖြစ်စေ လုံးဝပင် ကွဲပြားခြားနေခဲ့ပေပြီ။

ယီယွင်က ပြန်လည်မွေးလာသည်ဟုပင် ဆိုနိုင်လေ၏။

All Chapters