← Chapters

မြို့သခင်၏ မွေးနေ့ဧည့်ခံပွဲ

Vol. 21 Ch. 303

မြို့သခင်၏ မွေးနေ့ဧည့်ခံပွဲ

Vol. 21 Ch. 303

ဆောင်းဦးပိုင်းတွင် တိုင်အာနတ်မြို့မှ ပထမဆုံး နှင်းများကျလာသည်။ ယီယွင် တိုင်အာနတ်မြို့မှ ထွက်သွားခဲ့သည်မှာ ဆယ်လကြာခဲ့လေပြီ။

ယီယွင်နှင့် တစ်သုတ်တည်း တိုင်အာနတ်မြို့သို့ ရောက်လာခဲ့ကြသူများက ယခုအခါ၌ ဒုတိယနှစ်များ ဖြစ်နေကြပေပြီ။

တိုင်အာနတ်မြို့၏ ကျင့်ကြံသူအသစ်အသုတ်သည် လွန်ခဲ့သည့်သုံးလခန့်က တိုင်အာနတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး သူတို့၏ ပထမဆုံးအလုပ်များအားလုံး ပြီးမြောက်ခဲ့သည်။

ယခုတွင် တပ်သားသစ်များက တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ ဝင်ကြရတော့မည်။ တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ၏ ဆုလာဘ်ကလည်း ယခင်တစ်ခေါက်ထက် ၁၀၀% ပိုကောင်းလေ၏။ အဓိကအကြောင်းအရင်းမှာမူ မြို့သခင်၏မွေးနေ့ နီးကပ်လာခြင်းကြောင့် ဖြစ်လေ၏။

တိုင်အာနတ်မြို့၏ မြို့သခင်အဆင့် ပုဂ္ဂိုလ်တစ်ဦးက မွေးနေ့ဧည့်ခံပွဲကို နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည်။ မွေးနေ့ဧည့်ခံပွဲနေ့တွင် မြို့သခင်က သီးခြားလေ့ကျင့်နေခြင်း သို့မဟုတ် အပြင်သို့ရောက်နေခြင်းလည်း ရှိလာနိုင်လေ၏။

အမှန်တကယ်တွင် တိုင်အာနတ်မြို့၏ မြို့သခင်က အတော်ပင် ဆန်းကြယ်သည်။ လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ်အတွင်း၌ သူက မွေးနေ့ဧည့်ခံပွဲ ကျင်းပရန်ကို ဆိုမထားနှင့် လူလုံးပြရန်ပင် ခဲယဥ်းလေသည်။

အများသောအားဖြင့် တိုင်အာနတ်မြို့ကို တာဝန်ယူထားရသည်မှာ အကြီးအကဲနှစ်ဦးဖြစ်သည့် ကျန်းကဲ့နှင့် ခန်းယန်တို့ ဖြစ်လေသည်။ သူက ရုတ်တရက်ပင် မွေးနေ့ဧည့်ခံပွဲ ကျင်းပမည်ဟု ကြေညာခဲ့၍ လူအများ အံ့အားသင့်ခဲ့ရသည်။ ထူးခြားသော အကြောင်းအရင်းများ ရှိလိမ့်မည်ဟု အချို့သူများက တွက်ဆထားကြ၏။

ဟုတ်သည်။ ယင်းခန့်မှန်းချက်များကို အထက်တန်းလွှာများကသာ တွေးကြလေသည်။ သာမန်လူများအတွက်မူ ဤသည်က သတင်းကောင်းတစ်ခု ဖြစ်လေ၏။ ထိုကဲ့သို့ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦး၏ မွေးနေ့ဧည့်ခံပွဲသို့ တက်ရောက်ခွင့်ရသည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်လေသည်။

မွေးနေ့ပွဲကျင်းပစဥ် ကာလများအတွင်း တိုင်အာနတ်မြို့ထဲမှ အရင်းအမြစ်များစွာကို ဈေးလျော့ပေးမည်ဖြစ်ပြီး ဆုကြေးအများစုကိုလည်း တိုးထားပေသည်။ ယင်းတို့က လက်တွေ့ဆန်သော အကျိုးအမြတ်များ ဖြစ်လေ၏။

ဟုတ်သည်။ တပ်သားသစ်ပြိုင်ပွဲတွင် မြင့်မားစွာ အဆင့်ချိတ်နိုင်သူများက မြို့သခင်၏ မွေးနေ့ပွဲတွင် အကျိုးအမြတ်အရဆုံး ဖြစ်လာမည်။

တပ်သားသစ်များထံတွင် ပထမရရှိရေးအတွက် ၎င်းတို့က အကောင်းဆုံး စွမ်းဆောင်ကြလေ၏။

ယခုသည် အတော်ဆုံးတပ်သားသစ်က မည်သူဖြစ်မည်ကို ဆုံးဖြတ်ရပေတော့မည်။ နောက်ဆုံးတိုက်ပွဲက လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်လေသည်။

လူငယ်၏အမည် လုကျဲ ဖြစ်လေ၏။ သူက သာမန်မင်းမျိုးမိသားစုတစ်ခုမှ လာခဲ့ခြင်းဖြစ်သည်။ မိန်းကလေးက ဝမ်ယွီဖြစ်ပြီး ထင်ပေါ်သော မိသားစုတစ်ခုမှ လာခဲ့သည့် ကောင်းကင်းသမီးပျိုတစ်ဦး ဖြစ်လေသည်။

နှစ်ဦးလုံးက အသက် ၁၃ နှစ် ဖြစ်ကြလေ၏။ ၎င်းတို့၏တိုက်ပွဲ အာရုံစိုက်မှုခံရကာ စီနီယာကျင့်ကြံသူများပင် လာကြည့်ကြသည်။

လူအုပ်ထဲတွင် ချိုးနျိုနှင့် ချူရှောင်းရန်တို့လည်း ရှိနေလေ၏။ သူတို့နှစ်ဦးလုံးက တစ်နှစ်အတွင်းမှာပင် ကောင်းကင်အဆင့် အဆင့် ၁၀၀၀ အတွင်း ဝင်နိုင်ခဲ့ကြသည်။

အထူးသဖြင့် ချူရှောင်းရန် ပထမနှစ်အကုန်တွင် မြေအဆင့်၌ အဆင့် ၈၉၀ ရရှိခဲ့သည်။ ကောင်းကင်အဆင့်၌ ပိုမို၍ပင် ရယ်စရာကောင်းလေပြီး အဆင့် ၈၆၀ ဖြစ်သည်။

ပထမနှစ်တွင် တိုင်အာနတ်မြို့၏ ကောင်းကင်အဆင့်နှင့် မြေအဆင့်များတွင် အဆင့် ၁၀၀၀ အတွင်း ဝင်နိုင်ခဲ့သည်မှာ အထင်ကြီးစရာကောင်းလေ၏။

ဤတစ်သုတ် တပ်သားသစ်များအတွက် စီနီယာအစ်မချူရှောင်းရန်က ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေ၏။ သူမက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ မရောက်မီတွင် ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဥပဒေသများအပေါ် သူမ၏ သိမြင်နားလည်မှုက ရွယ်တူများထက် သာလွန်လေသည်။ တပ်သားသစ်များစွာတို့မှာ ချူရှောင်းရန်၏ ပရိတ်သတ်အကြီးစားများ ဖြစ်လာကြရလေ၏။

ချူရှောင်းရန်နှင့် ချိုးနျိုတို့ ရောက်ရှိလာခြင်းသည် အတော်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေလေပြီး တပ်သားသစ်များက သူတို့အတွက် လမ်းဖယ်ပေးကြသည်။

လုကျဲနှင့် ဝမ်ယွီတို့ကလည်း ထိုနှစ်ဦးကို လေးစားကြလေ၏။ သူတို့ကလည်း ပါရမီရှင်များ ဖြစ်ကြသည့်တိုင် ချူရှောင်းရန် ၊ ချိုးနျိုတို့နှင့် ယှဥ်လိုက်ပါက များစွာဝေးကွာနေသေးသည်။

ချူရှောင်းရန်က တပ်သားသစ်ပြိုင်ပွဲတွင် ချန်ပီယံပင်မဟုတ်ဟု သူတို့ ကြားဖူးကြသည်။ ချန်ပီယံက ယီယွင်ဟု အမည်ရသည့် လူငယ်တစ်ဦး ဖြစ်လေသည်။ သို့သော် ယီယွင်က စိတ်မြန်တတ်သော လူငယ်တစ်ဦးဖြစ်ပြီး ဥက္ကာချောက်သို့ တစ်ယောက်တည်း လေ့ကျင့်ရေးထွက်သွားခဲ့သည်။

ယီယွင် ပျောက်သွားပြီးနောက်တွင် အကြီးအကဲခန်းယန်က ယီယွင်ကို ရှာဖွေရန်အတွက် ဥက္ကာချောက်သို့ သွားခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ရပေ။ ယီယွင် ပျောက်နေသည်မှာ ဆယ်လကျော်ပေပြီ။.

ကျင့်ကြံသူများ၏ ကိုယ်ပိုင်တံဆိပ်ပြားများက ကိုယ်ပိုင်အချက်အလက်များ ၊ မှော်နဂါးကြေးပြားများ ၊ ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ရာမှရရှိလာသည့် အမှတ်များကို မှတ်တမ်းတင်ပေးခြင်းအပြင် ၎င်းတို့၏ တည်နေရာများကိုလည်း ပြပေးလေသည်။ သို့သော် ယီယွင်၏ တည်နေရာကို သွားရောက်ရှာဖွေခဲ့သည့်တိုင်အောင် မတွေ့ခဲ့ရချေ။

ထို့ကြောင့် ယီယွင်၏အခြေအနေက မကောင်းလှပေ။

ချူရှောင်းရန်နှင့် ချိုးနျိုတို့ ပြန်ယူလာခဲ့သည့် သတင်းများအရ ယီယွင်က လေ့ကျင့်ရန်အတွက် ကြယ်ကြွေဂိတ်သို့ သွားခဲ့လေသည်။ အံ့ချီးဖွယ်အကောင်းဆုံး လူများသည်ပင် ထိုနေရာတွင် ကာလကြာရှည်စွာ လေ့ကျင့်ဝံ့ခြင်းမရှိပေ။ ထို့ကြောင့် လူများစွာတို့က ယီယွင်နှင့်ပတ်သတ်ပြီး နိမိတ်မကောင်းစွာ ခံစားကြရလေသည်။

တိုင်အာနတ်ပြည်ထောင်ထဲတွင် ပါရမီရှင်များသည်သာ ပျိုးထောင်ပေးရန် အာရုံစိုက်ခံရသည်။ ပျောက်ကွယ်နေခြင်း သို့မဟုတ် သေဆုံးသွားသည့် ပါရမီရှင်များကို မေ့လျော့ပစ်ကြလိမ့်မည်။

ထို့ကြောင့် ချူရှောင်းရန် ၊ ချိုးနျိုနှင့် ဒုတိယနှစ် ကျင့်ကြံသူများကသာ ယီယွင်၏ အတိတ်ဂုဏ်သရေများကို သတိရကြသည်။ တပ်သားသစ်များကမူ ယီယွင်၏အမည်ကိုပင် မသိကြတော့ပေ။ သူတို့က ကြားဖူးခဲ့လျှင်ပင် စိတ်ဝင်စားဖွယ်ရာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဟုသာ သဘောထားကြပေလိမ့်မည်။

တိုက်ပွဲ စတင်ချေပြီ။

ဝမ်ယွီနှင့် လုကျဲတို့ အထင်ကြီးဖွယ်ရာ တိုက်ခိုက်နေကြ၏။ နှစ်ဦးလုံယက မြေအဆင့်တွင် ထိပ်ဆုံးလေးထောင်အတွင်း ဝင်ထားကြသည်။ ၎င်းတို့၏ နောက်ဆုံးတိုက်ပွဲက တပ်သားသစ်များထဲတွင် မည်သူက ချန်ပီယံဖြစ်မည်ကို ဆုံးဖြတ်ပေးလိမ့်မည်။

တိုက်ပွဲသည် လျင်မြန်စွာဖြင့်ပင် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့၏။ ချူရှောင်းရန်ကမူ ငိုင်နေလေပြီး တိုက်ပွဲထဲတွင် အာရုံမရှိပေ။

" ဘာဖြစ်နေတာလဲ ရှောင်းရန်။ ယီယွင်ကို သတိရနေတာလား " ချိုးနျိုက မေးလိုက်သည်။

" ဟုတ်တယ် " ချူရှောင်းရန် ခေါင်းညိတ်လိုက်၏။ သူမက ဝမ်ယွီနှင့် လုကျဲတို့၏ တိုက်ပွဲကို အာရုံမရပေ။ ထိုနှစ်ဦးက သူမကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

ယခင်နှစ်က သူမနှင့်ယီယွင်တို့၏ တိုက်ပွဲကို ပြန်လည်သတိရမိသဖြင့် သူမက ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သူမက တိုက်ပွဲတွင် ရှုံးခဲ့ရသော်လည်း သူမ၏ဘဝတွင် အနက်ရှိူင်းဆုံး ထင်ကျန်ရစ်ခဲ့သည် တိုက်ပွဲတစ်ခု ဖြစ်လေသည်။

" ဥက္ကာခဲချောက်မှာ လေ့ကျင့်တုန်းက ယီယွင်ကြောင့်သာ မဟုတ်ခဲ့ရင် တောင်ကြားထဲမှာ သွေးပြာမျောက်ဝံက လမ်းကြောင်းပိတ်ထားကတည်းက ငါတို့တွေ သေနေလောက်ပြီ။ ပြီးတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ငါးတွေ ဝိုင်းထားတုန်းကရောပဲ။ ယီယွင်က ငါတို့တွေကို နှစ်ကြိမ်ကယ်ခဲ့တယ်လို့ ပြောလို့ရတယ် "

" ငါတို့တွေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ဒါပေမဲ့ ယီယွင် တစ်ဦးတည်းပဲ ပျောက်နေတယ်။ အကြီးအကဲခန်းယန်ကတောင် ယီယွင် တစ်ခုခုဖြစ်နေပြီလို့ ထင်နေပေမဲ့ ငါကတော့ ယီယွင်က လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူးလို့ ထင်နေတုန်းပဲ။ သူက အကြောင်းအရင်းအချို့ကြောင့် ပြန်မလာသေးတာပဲ "ချူရှောင်းရန်က အားလျော့စွာဆိုလိုက်သည်။

ချိုးနျိုက ခေါင်းညိတ်ကာ..." ယီယွင်က ကံကောင်းတဲ့ကောင်ပါ။ ဒီကောင်က သေချာပေါက်ကို လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင့်ရဲ့ ကိုယ်ပိုင်တံဆိပ်ပြားနဲ့ ဆက်သွယ်မှု ပျက်သွားခဲ့တာကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ငါတို့ရဲ့ ဘိုးဘေးတွေက ဒီကောင့်ကို ကောင်းချီးပေးပါစေလို့ ဆုတောင်းနေရုံပဲ ရှိတော့တယ် "

................

တိုင်အာနတ်မြို့နှင့် ကီလိုမီတာငါးဆယ်အကွာ နွံတောတစ်ခုထဲတွင်။

ယင်းနွံတောက ရေနက်နွံအိုင် မဟုတ်ပေ။ ဤနေရာက တိုင်အာနတ်မြို့နှင့် အလွန်နီးလေပြီး နွံအိုင်ထဲမှ ပျက်စီးခြင်းသားရဲများကလည်း အလွန်အားနည်းကြသည်။ အများသောအားဖြင့် တပ်သားသစ်များက ဤနေရာတွင် လေ့ကျင့်ကြသည်။

လက်ရှိအချိန်၌ နွံအိုင်ထံတွင် တပ်သားသစ်တစ်ဖွဲ့က ပျက်စီးခြင်းသားရဲများ သတ်နေကြလေ၏။

" ဟိုမှာကြည့်လိုက်ဦး ခေါင်းဆောင်။ အဲ့ဒီမှာ လူတစ်ဦး " အဖွဲ့ကို စောင့်ကြည့်နေသည့် အဖွဲ့ဝင်တစ်ဦးက နွံအိုင်အဆုံးတွင် လူငယ်တစ်ဦး ဓားမောက်ကိုင်ကာ လျှောက်လာနေသည်ကို သတိပြုမိသွားခဲ့သည်။

လူငယ် ဝတ်စားထားသည်က အလွန်ထူးခြားသည်။ လူငယ်က ခန္ဓာကိုယ်ကျစ်လျစ်သော်လည်း အဝတ်များကမူ တစ်ဆိုဒ်သေးနေကြောင်း သိသာလေ၏။ ဖွတ်ဖွတ်ကျေအောင် ဝတ်ဆင်ထားသည့်အတွက် အဝတ်စုတ်ဟုပင် ခေါ်ရမလိုပင်။

လူငယ်၏ဆံပင် မညှပ်သည်မှာ ကြာမြင့်နေဟန်ရှိပြီး ပခုံးထက်သို့ မြက်ရိုင်းများပမာ ကျဆင်းနေလေ၏။ လက်ထဲမှ ဓားမောက်ကလည်း ထက်ဝက်ကျိုးနေသည်။ လူငယ်က အကျပ်အတည်းကြီးတစ်ခု ကြုံတွေ့ခဲ့ပြီး တစ်စုံတစ်ယောက်က လုယူသည်ကို ခံခဲ့ရပုံပင်။

ထိုသူက တိုင်အာနတ်မြို့မှ ဖြစ်သည်လားကို အဖွဲ့ဝင်များ သေချာမသိကြပေ။ နတ်အရိုင်းမြေထဲမှ လူရိုင်းတစ်ဦးပေလော။ လူငယ် နီးကပ်လာချိန်၌ အဖွဲ့ဝင်များက သတိရှိနေကြသည်။

" မင်းက ဘာလဲ " လူခုနစ်ယောက်က လက်နက်များကိုင်ထားလျက်ဖြင့် မေးလိုက်ကြသည်။

လူငယ်က ဖြူဝင်းသော သွားတန်းများပေါ်အောင် ပြုံးပြလိုက်လေ၏။

အချိန်များစွာ ကြာခဲ့ပြီးသည့်နောက် သူ တစ်စုံတစ်ယောက်ကို တွေ့ခဲ့ရချေပြီ။ အထီးကျန်ခြင်းသည် ပျောက်ကွယ်မသွားနိုင်သော ခံစားချက်တစ်ရပ် ဖြစ်လေ၏။ ကာလကြာရှည်စွာ ကျင့်ကြံပြီးသည့်နောက် ယီယွင်ပင် အထီးကျန်ခြင်းကို ခံစားနေရလေ၏။ ယခုတွင်မူ လူများကို မြင်လိုက်ရခြင်းကြောင့် သူ နွေးထွေးစွာ ခံစားလိုက်ရလေ၏။

" မင်္ဂလာပါ... အခုက ဘယ်နှစ် ၊ ဘယ်လလဲဆိုတာ ငါ သိလို့ရမလား "

ယီယွင်၏မေးခွန်းကြောင့် လူငယ်များ အံ့အားသင့်သွားကြသည်။ ဤသည်က အမှန်တကယ်ပင် လူရိုင်းတစ်ဦးပေလော။ ထိုသူ ပထမဆုံး မေးသည့်အရာက နှစ်နှင့်လ တဲ့လား။

" အခုက ချင်းဖုန်းနှစ် ၆၈ ၊ ဆောင်းလ ခုနစ်ရက်နေ့ "

ချင်းဖုန်းသည် နတ်ဧကရာဇ်၏ နန်းစံဘွဲ့ ဖြစ်လေ၏။ တိုင်အာနတ်ပြည်ထောင်က နန်းစံဘွဲ့ကို သက္ကရာဇ်အမှတ်အသားအဖြစ် အသုံးပြုခဲ့သည်။ အများသောအားဖြင့်ဆိုလျှင် သက္ကရာဇ်သည် ရှည်လွန်းလေသောကြောင့် လူအများက နောက်ဂဏန်းနှစ်လုံးကိုသာ ပြောလေ့ရှိသည်။

" ဆောင်းလ ခုနစ်ရက်နေ့ဆိုတော့ ၁၁ လပိုင်း ၇ ရက်နေ့ကို ဆိုလိုတာပေါ့။ ငါက သန့်စင်ယန်ဓားနန်းတော်မှာ အချိန်အကြာကြီး ကျင့်ကြံခဲ့တာပါ့လား " ယီယွင် သက်ပြင်းချလိုက်၏။ ကျင့်ကြံနေချိန်တွင် အချိန်ကာလက ဘာမျှမဟုတ်တော့ချေ။

" ဟေ့... မင်းက ဘယ်လိုလူလဲဆိုတာ ငါတို့ကို မပြောရသေးဘူးနော် " အဖွဲ့ခေါင်းဆောင်က ထပ်မံကာ မေးလိုက်သည်။

" ငါလား "

ယီယွင် ရယ်လိုက်လေပြီး..." ငါက တိုင်အာနတ်မြို့ရဲ့ ကျင့်ကြံသူတစ်ဦးပါ "

" ကျင့်ကြံသူလား " သူတို့ စိတ်ရှုပ်ထွေးသွားကာ ယီယွင်ကို အထူးတဆန်း ကြည့်လိုက်ကြလေ၏။

ဒီကောင်ကလည်း ကျင့်ကြံသူလား။ ဒီကောင့် ကြည့်ရတာ ပုံပျက်ပန်းပျက်နဲ့။

" ညီနောင်က ပျက်စီးခြင်းသားရဲတွေ ဝိုင်းတိုက်ခိုက်တာကို ခံခဲ့ရတာလား။ မင်းရဲ့ ဓားမောက်တောင် ကျိုးနေပြီးတော့ အဝတ်တွေကလည်း စုတ်ပြဲနေတယ်။ မြို့ကို အမြန်ပြန်တော့။ နောင်ကျရင် သေချာလေး ကြိုတင်ပြင်ဆင်ထားပေါ့။ အစီရင်ပြားတွေ ၊ အစီရင်မန္တာန်တွေ ၊ မိုးကြိုးပုတီးစေ့တွေ များများယူသွား။ အဲ့ဒီ တစ်ခါသုံးမှော်ပစ္စည်းတွေက ဖြုန်းတီးတယ်လို့ ထင်ရပေမဲ့ အရေးအကြောင်းဆိုရင် မင်းရဲ့အသက်ကို ကယ်ပေးနိုင်တယ်။ မင်းအနေနဲ့ မှော်နဂါးကြေးပြားတွေကို နှမြောမနေသင့်ဘူး "

တပ်သားသစ် ခေါင်းဆောင်က အလွန်ပင် စာနာမိနေသည်။ မကြာသေးမီက သူ၏အတွေ့အကြုံများအရ အကြံပြုချက်များပင် ပေးခဲ့လေသည်။

ယီယွင်က စိတ်ထဲမထားဘဲ ရယ်လိုက်လေသည်။ သူက ဆိုသည်..." ကျေးဇူးတင်ပါတယ်။ ငါ တကယ်ပဲ မြို့ကိုပြန်နေတာပဲ။ ပြန်ဆုံကြတာပေါ့ "

တိုင်အာနတ်မြို့သို့ ပြန်နေရလေသောကြောင့် ယီယွင် စိတ်ပျော်နေသည်။ သူက သန့်စင်ယန်ဓားနန်းတော်တွင် ဆယ်လနီးပါး သီးခြားလေ့ကျင့်ခဲ့သည်။ အပြန်လမ်းတွင် ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ကာ သူ၏ရှုထောင့်ပုံရိပ်ကို ခိုင်မာကျစ်လျစ်အောင် လုပ်ဆောင်ခဲ့၏။

ယခုအခါ၌ ယီယွင်၏ ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်သို့ တရားဝင်ရောက်ရှိသွားပေပြီ။

နောက်တစ်ဆင့်က ယွမ်အုတ်မြစ်ကို စတင်ဖော်ဆောင်ရမည်။

All Chapters