ကျွမ်းကျင်သူများ စုဝေးကြခြင်း
Vol. 21 Ch. 305
ယီယွင် တိုင်အာနတ်မြို့သို့ ပြန်ရောက်လာသည့်သတင်းက နေ့တစ်ဝက် မပြည့်မီတွင် အလျင်အမြန် ပျံ့နှံ့သွားလေ၏။
တပ်သားသစ်များက ယီယွင်၏အမည်ကို များစွာရင်းနှီးကြခြင်း မရှိပေ။ သို့သော် ဒုတိယနှစ် ကျင့်ကြံသူများစွာအတွက်မူ ထိုအမည်က အဓိပ္ပါယ်ရှိလေ၏။ အထူးသဖြင့် ယီယွင်၏ ရန်သူများအတွက် ဖြစ်လေသည်။
ထိုအမည်က မမေ့နိုင်စရာပင်။
" ဒီလူယုတ်မာ တကယ်ကို မသေသေးဘူးပဲ "
ခြံဝန်းငယ်တစ်ခုထဲတွင် လူအနည်းငယ်ခန့်သည် သုန်မှုန်နေသော မျက်နှာများနှင့် စုစည်းကာရှိနေကြ၏။ ထိုင်ခုံများတွင် ထိုင်နေကြသည့် ထိုသုံးယောက်က လီဟုန် ၊ ယန်တင်းခွမ် ၊ ယန်ယွဲ့ဖုန်းတို့ ဖြစ်လေ၏။
ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းက ညီအစ်ကိုများဖြစ်ပြီး ချူတော်ဝင်အိမ်တော်မှ လာကြလေသည်။ ယန်တင်းခွမ်က ယီယွင်နှင့် လီဟုန်တို့၏ တိုက်ပွဲတွင် ယီယွင်နှင့် အလောင်းအစားလုပ်မိကာ ခွက်ခွက်လန်အောင် ရှုံးခဲ့ရသည်။ ဥပဒေသအမှန်တရားကျမ်းကို ဆုံးရှုံးလိုက်ရ၍ မိသားစုက သူ့အား အပြစ်ဒဏ်ပေးခဲ့သည်။
ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်ရသည်ကို အမြဲတမ်းလိုပင် ဂုဏ်ဝင့်နေတတ်သည့် ယန်ယွဲ့ဖုန်းမှာလည်း ယီယွင်ကြောင့် မျက်နှာပျက်ခဲ့ရလေ၏။
သို့သော် ဤသူများထဲတွင် ယီယွင်ကို အမုန်းဆုံးလူ မပါပေ။ ခြံဝန်းထောင့်တစ်နေရာတွင် အမာရွတ်များပြည့်နေပြီး လက်တစ်ဖက် ဆုံးရှုံးထားသော လူငယ်တစ်ဦး ရပ်နေသည်။
သူက ယန်ဟောက်ရန် ဖြစ်လေ၏။ လွန်ခဲ့ဆယ်လခန့်က ဥက္ကာခဲချောက်၏ အေးစိမ့်ရေကန်ထဲတွင် သူသည် ထူးဆန်းသောငါးအုပ်က ဝိုင်းဝန်းတိုက်ခိုက်သည်ကို ခံခဲ့ရလေ၏။ ငါးများကြောင့် သူ၏ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး အသားများ အတုံးလိုက်အတစ်လိုက် ပဲ့ထွက်ခဲ့ရသည်။
ထိုအတွေ့အကြုံကို ပြန်တွေးလျှင်ပင် သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လေ၏။
သူသည် မသေလိုခဲ့ခြင်းကြောင့် အေးစိမ့်ရေကန်ထဲမှ ခက်ခဲမှုကြီးစွာ ရုန်းထွက်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အပေါ်ယံ အရေပြားနှင့်အသားများ မရှိတော့ဘဲ သေလုမြောပါး ဖြစ်ခဲ့ရသည်။ သူ့တွင် ကျန်ခဲ့သည်မှာ သွေးအလူးလူးဖြစ်နေသည့် ကြွက်သားများ ဖြစ်လေ၏။ ငါးကြီးတစ်ကောင်ကြောင့် သူ၏ လက်မောင်းတစ်ဖက် ပြတ်ခဲ့ရသည်။
လက်တစ်ဖက် ပြတ်ခဲ့ရခြင်းကြောင့် ယန်ဟောက်ရန်မှာ ကြီးစွာနာကျင်ခဲ့ရလေ၏။ လက်တစ်ဖက်သာရှိသည့် စစ်သည်တစ်ဦးက မည်သို့လုပ်ရတော့မည်နည်း။
လူတစ်ဦး၏လက် ပြန်ရလာစေနိုင်သည့် ရတနာများ မရှိသည်မဟုတ်လေဘဲ ဈေးကြီးလွန်းနေခြင်း ဖြစ်လေ၏။ သူ၏ ယန်မိသားစုအတွက်ပင် တစ်ခုရရှိနိုင်ရန် ခက်ခဲလေသည်။ ရတနာကို ရခဲ့မည်ဆိုလျှင်ပင် အသစ်ပြန်ပေါက်လာသည့် လက်က သာမန်လူများကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ လက်ကို အစမှစ၍ ပြန်လည်ကာ လေ့ကျင့်ပေးရပေးလိမ့်မည်။
မည်ကဲ့သို့သော အခက်အခဲဒုက္ခများအား သူ ကျော်ဖြတ်ခဲ့ရကြောင်းကို မှန်းဆကြည့်ရန် လွယ်ကူလေ၏။ ယန်ဟောက်ရန်က မုန်းတီးစိတ်ကိုသာ ခံစားမိသည်။ သူက ထူးဆန်းသောငါးများနှငွ အရာအားလုံးကို မုန်းတီးလေ၏။
ယန်ဟောက်ရန် ခါးသီးသော နာကျင်မှုများနှင့် ဘေးဒုက္ခများကို ခံစားခဲ့ရစဥ်က သူ့အား ထူးဆန်းသောငါးများက အဘယ့်ကြောင့် ရုတ်တရက် တိုက်ခိုက်လာရသည်ကို ပြန်တွေးမိသည်။ သူ ရေထဲတွင် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး ယွမ်ချီအလင်းတစ်ခုကိုလည်း မြင်ခဲ့ရသည်ကို မှတ်မိသေးသည်။
အလင်းထဲတွင် သူ့ဆီသို့ ပျံသန်းလာနေသည့် မြားတစ်စင်း ရှိလေသည်။ မြားတံ၏ထိပ်တွင် အစိမ်းရောင်အရာတစ်ခု ရှိနေလေ၏။ မြားတံ၏ထိပ်တွင် ရှိနေသည်မှာ သူ ယခင်က အသုံးပြုခဲ့သည့် သားရဲမျှားမြက် ဖြစ်နေသည်ကို သူ တဖြည်းဖြည်းချင်း မှတ်မိလာခဲ့လေ၏။
ထိုအဖွဲ့ထဲတွင် ယီယွင်ကသာ လေးနှင့်မြားကို အသုံးပြုလေသည်။
ထိုစဥ်က ယန်ဟောက်ရန် ဒေါသအစွန်းရောက် ဖြစ်ခဲ့ရပြီး ယီယွင်ကို အပိုင်းပိုင်းလုပ်ပစ်ချင်ခဲ့သည်။ သို့သော် ယီယွင် ပျောက်နေခဲ့ပြီး ဥက္ကာခဲချောက်ထဲတွင် သေသွားခဲ့သည်ဟု ကြားလိုက်ရသောကြောင့် သူ၏ဒေါသများ အနည်းငယ်ပြေလျော့ခဲ့ရသည်။
ယီယွင်က ထိုက်တန်သောအကျိုးဆက်ကို ရသွားခဲ့သည်ဟု သူ တွေးထားခဲ့လေ၏။ သူကိုယ်တိုင် လက်စားမချေလိုက်ရ၍ မလိုလားသည်တိုင်အောင် ယီယွင်သာ အမှန်တကယ် ပြန်လာခဲ့ပါက ဘာမျှမလုပ်နိုင်ကြောင်း သူသိလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ယီယွင် သေဆုံးသွားနိုင်သည့် ဖြစ်နိုင်ခြေသည် ပိုတိုးလာခဲ့လေ၏။
သို့သော် ယနေ့တွင် ယီယွင် ပြန်ရောက်လာခဲ့ချေသည်။ ယီယွင်က စုတ်ပြတ်နေသည်မှလွဲ၍ ဒဏ်ရာမရှိပေ။ ယီယွင် နောက်မှကြည့်နေရသည့် သူက ခြေတစ်ဖက်မပါသော ခွေးတစ်ကောင်အလားပင်။ ထိုနှိုင်းယှဥ်ချက်ကြောင့် ယန်ဟောက်ရန်မှာ ရူးရမလိုပင် ဖြစ်ခဲ့ရလေ၏။
" ဟောက်ရန်... အလျင်မလိုနဲ့ " ယန်ယွဲ့ဖုန်းက ယန်ဟောက်ရန်၏ ပခုံးအား ပုတ်လိုက်သည်။
ယန်ဟောက်ရန်က ဒုက္ခိတဖြစ်ပြီးနောက်တွင် ရူးသွပ်လာကာ စိတ်မမူမှန်တော့ပေ။ ယန်ယွဲ့ဖုန်းက အားလုံးထဲတွင် စီနီယာဖြစ်လေသောကြောင့် အားလုံးက သူ့ကို ခေါင်းဆောင်တစ်ဦးပမာ ဆက်ဆံကြသည်။
" အားလုံးပဲ... ငါတို့အားလုံးက တစ်လှေတည်းစီးတွေလို့ ပြောလို့ရတယ်။ ပြန်ရောက်လာတဲ့ ယီယွင်က ဘယ်လောက်အထိ သန်မာနေမလဲဆိုတာ ငါတို့ မသိဘူး။ အနာဂတ်မှာ ဒီကောင် အရွယ်ရောက်လာခဲ့ရင် ငါတို့အဖို့ တိုင်အာနတ်မြို့ နေရာရှိမှာမဟုတ်တော့ဘူး "
တိုင်အာနတ်မြို့၏ ပါရမီရှင်မွေးထုတ်ရေးဗျူဟာက အဆိပ်ပိုးကောင် မွေးထုတ်သည်နှင့် ဆင်တူလေသည်။ တစ်ခုခုကို ရရှိရန်အတွက် ပြိုင်ဆိုင်ရလေ၏။ ကျင့်ကြံသူများစွာတို့က အသင်းအဖွဲ့များ ဖွဲ့စည်းကြပြီး ယှဥ်ပြိုင်မှုဖိအားကို ရင်ဆိုင်ကြသည်။
သူတို့က ယီယွင်နှင့် ကမ္ဘာမကျေပြိုင်ဘက်များ ဖြစ်လေသောကြောင့် ယီယွင် အရွယ်ရောက်လာပြီး ကောင်းကင်အဆင့်နှင့် မြေအဆင့်များတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ပါက သူတို့၏ဘဝများ ချောမွေ့တော့မည်မဟုတ်ပေ။
လီဟုန်က ဆိုသည်..." ယီယွင်က အကြီးအကဲတွေဆီ သတင်းပို့ဖို့ သွားခဲ့တယ်။ ဒီကောင် ပြောခဲ့တာကို ငါကြားခဲ့ရတယ်။ ဒီကောင်က ပြန်လာလို့မရအောင် တားဆီးနေတဲ့ နေရာတစ်ခုမှာ ဆယ်လလောက် ပိတ်မိနေခဲ့တာတဲ့ "
" ဆယ်လ ပိတ်မိနေတာတဲ့လား။ ဟမ့်... ဒီကောင် ပြန်လာတဲ့ ပုံပန်းသွင်ပြင်အရဆိုရင် ကြီးမားတဲ့ ဘေးဒုက္ခတွေ ကြုံခဲ့ရပုံပဲ။ ဒီမျိုးမစစ်က တကယ်ကို အသက်ပြင်းတယ်။ ဒီကောင်က မြေအဆင့်ကို သေချာပေါက် စိန်ခေါ်မှာပဲ။ ငါတို့က ဒီကောင် ဘယ်အဆင့်အထိ အောင်မြင်နိုင်မလဲဆိုတာကို မြင်အောင်ကြည့်ပြီးမှပဲ အနာဂတ်မှာ ဘာဆက်လုပ်ရမာ်ဆိုတာကို ဆုံးဖြတ်ရမယ် "
" မြေအဆင့်... "
ယန်တင်းခွမ် အံကျိတ်ကာ... " ဒီကောင်သာ ငါ့ကို စိန်ခေါ်လာရင်တော့လား.... နှမြောစရာပဲ "
နောက်ဆုံးနှစ် ကျင့်ကြံသူအသုတ် ထွက်သွားပြီးနောက်တွင် သူက မြေအဆင့်တွင် ထိပ်ဆုံးလေးဆယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုအဆင့်က ဒုတိယနှစ် ကျင့်ကြံသူများနှင့် များစွာဝေးကွာလေသည်။ ဥပမာဆိုရသော် ချိုးနျိုနှင့် ချူရှောင်းရန်တို့က အဆင့် ၇၀၀ မှ ၉၀၀ အတွင်း၌ ရှိနေကြလေသည်။
ယန်တင်းခွမ်၏အမြင်တွင် ယီယွင်က မြေအဆင့် ထိပ်ဆုံးတစ်ရာထဲသို့ စိန်ခေါ်နိုင်ရန် များစွာလိုနေသေးသည်။ ယင်းသည် သူက ယီယွင်နှင့်တိုက်ခိုက်ရန် ကံပါမလာဟု ဆိုလိုလေ၏။
................
" ကောင်စုတ်လေး... ပြီးခဲ့တဲ့ဆယ်လမှာ မင်း ဘယ်တွေကို သွားနေခဲ့တာလဲ "
ဗဟိုနတ်မျှော်စင်ထဲတွင် ခန်းယန်က ယီယွင်၏ ဆံပင်များကို ဖွလိုက်လေပြီး..." အာ... မင်း အရပ်ရှည်လာတာပဲ ကောင်စုတ်လေး "
ယခုတွင် ခန်းယန်က ယီယွင်ထက် ပုနေပေပြီ။
ယီယွင် စိတ်ပျက်နေရ၏။ အဖိုးကြီးခန်းယန်က သူ့အား ဆူပူသည်ကို တစ်နေ့လုံး နားထောင်ထားခဲ့ရပြီး ဖြစ်လေ၏။
ယီယွင်က မီးငရဲအကြောင်း ပြောပြခဲ့သော်လည်း မီးငရဲ၏ အနက်ဆုံးအပိုင်းထဲသို ဝင်သွားခဲ့ကြောင်းကိုမူ မပြောရဲပေ။ ထိုနေရာတွင် သန့်စင်ယန်ချီများ ပေါများလွန်းသည်။ သူသည် မီးငရဲအနက်ပိုင်းထဲသို့ ဝင်ရန်အတွက် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ သန့်စင်ယန်ချီများကို ခွဲထုတ်ပစ်ခဲ့ရသည်။ ပညာရှိများအတွက်ပင် ထိုနေရာသို့သွားရန် ယွမ်ချီများစွာ အသုံးပြုရလေသည်။
ယီယွင်က သူ အမည်မသိနေရာတစ်ခုဆီသို့ စုပ်ယူခံလိုက်ရသည်ဟုသာ ပြောခဲ့လေသည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်တံဆိပ်ပြား အဆက်အသွယ်ပြတ်သွားသည်ကိုလည်း ရှင်းပြချက် ရသွားခဲ့လေ၏။
ခန်းယန်က စိတ်ဝင်စားနေကာ ကျန်းကဲ့နှင့် အဖွဲ့လုပ်ပြီး မီးငရဲသို့ တစ်ခေါက်ထပ်သွားကာ စုံစမ်းရန်ပင် စီစဥ်ထားလေ၏။
ယီယွင်မှာ အဖိုးအိုတစ်ဦးကို လှည့်စားမိနေသည်ဟု ခံစားရပြီး ခေါင်းကိုက်နေရသည်။ အမည်မသိနေရာ ဆိုသည်မှာလည်း ခန်းယန် သေချာပေါက်ပင် ရှာတွေ့နိုင်မည်မဟုတ်ပေ။
ခန်းယန်က အမည်မသိနေရာနှင့် ပတ်သတ်သည့် မေးခွန်းမျိုးစုံကို မေးမြန်းခဲ့လေပြီး ယီယွင်က ယောင်ဝါးဝါးသာ ဖြေပေးခဲ့သည်။
ထိုကဲ့သို့ နေရာမျိုးများက ဝေဝါးကာ ဒြပ်ဝတ္ထုများ မရှိလေသောကြောင့် ယီယွင်၏ ကျင့်ကြံမှုအဆင့်နှင့် နားမလည်နိုင်သည်မှာ ပုံမှန်သာဖြစ်သည်။ ခန်းယန်က သံသယဖြစ်ခြင်းမရှိသလို့ သူ့အား မေးခွန်းထုတ်ခြင်းလည်း မရှိပေ။
" ဘယ်လိုလုပ်မလဲ။ မြေအဆင့်ကို မင်း ဘယ်အချိန်မှာ စိန်ခေါ်မှာလဲ။ ဆယ်လတာ ကျင့်ကြံခဲ့တဲ့ အသီးအပွင့်တွေကို ကြည့်ကြရအောင် " ခန်းယန်က ယီယွင်၏ လက်ရှိစွမ်းအားကို မျှော်လင့်မိနေသည်။
" ခုလောလောဆယ်တော့ ကျုပ်က မြေအဆင့်ကို စိန်ခေါ်ဖို့ မတွေးသေးဘူး "
" မြေအဆင့်ကို မစိန်ခေါ်ဘူးလား။ မင်းက ဘာလုပ်မှာလဲ " ခန်းယန်က မပျော်ရွှင်ဟန်ဖြင့် မုတ်ဆိတ်အား သပ်နေသည်။
" ကျုပ် ဓားသင်္ချိုင်းကိုသွားဖို့ စီစဥ်ထားတယ် "
" ဓားသင်္ချိုင်းလား "
ခန်းယန်က စူးစိုက်ကြည့်ကာ..." မင်းက ဓားမောက်သင်္ချိုင်းထဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ် မဟုတ်ဘူးလား။ ဘာကြောင့် ဓားသင်္ချိုင်းကို သွားချင်ရတာလဲ "
ခန်းယန် ပြောစရာမဲ့နေ၏။ ယီယွင်က စိုးရိမ်ရအောင် အမှန်တကယ်ပင် လုပ်တတ်လွန်းသည်။
ထိုကောင်စုတ်က ဓားမောက်သင်္ချိုင်းအား အပြည့်အဝ နားမလည်သေးမီတွင် ဓားသင်္ချိုင်းကို မျက်စိကျနေပြန်ချေ၏။ "ကောင်စုတ်လေး... ဒါက ဘာအရူးထတာလဲ။ မင်းက ဓားမောက်ကို စွန့်ပစ်ပြီး ဓားကို ကောက်ကိုင်မလို့လား။ ဒါမှမဟုတ် မင်းက ဓားနဲ့ဓားမောက် နှစ်မျိုးလုံးကို သုံးမလို့လား "
" ကျုပ်က သွားကြည့်ချင်ရုံတင်ပါပဲ။ ကျုပ်က ဓားသင်္ချိုင်းထဲကနေ ဥာဏ်အလင်းအချို့ ရလာနိုင်တာပဲလေ " ယီယွင်က မတင်မကျ ပြောလိုက်လေသည်။
ခန်းယန်၏မျက်နှာ ဆူပုတ်သွားကာ..." ကောင်စုတ်လေး... အရင်က ငါ မင်းကို ဆန်းကြယ်ပုံရိပ်နည်းစနစ်တစ်ခု ရွေးခိုင်းတုန်းကလည်း မင်းက သားရဲတစ်သောင်းပုံရိပ်ကို ရွေးခဲ့တယ်။ မင်းက အခုထိ သားရဲတစ်သောင်းပုံရိပ်ကို မပြီးသေးတာတောင် ဖြစ်နိုင်ခြေရှိတဲ့ အခြားဆန်းကြယ်ပုံရိပ်နည်းစနစ်ကို မရွေးသေးဘူး။ အခုလည်း မင်းက ဓားသင်္ချိုင်းကို တွေးနေပြန်ပြီ။ တတ်လည်းတတ်နိုင်တဲ့ ကောင်ပဲ "
ယီယွင်က အလွန်တရာနက်နဲသိမ်မွေ့သည့် အရာများစွာကို လေ့လာရင်းဖြင့် အချိန်ဖြုန်းမိသွားမည်ကို ခန်းယန် စိုးရိမ်မိသည်။ သို့သော် ခန်းယန် မည်မျှပင်ပြောနေပါစေ ယီယွင်က မမှုပေ။
နောက်ဆုံးတွင် ခန်းယန် လက်လျော့ပေးလိုက်ပြီး...." ကောင်းပြီလေ ငါ မင်းကို ဓားသင်္ချိုင်းထဲ တစ်ကြိမ်ဝင်ခွင့်ပေးမယ်။ ဒါပေမဲ့ ငါက အမုန်းစကားကို အရင်ပြောရမှာပဲ။ မင်း ဓားသင်္ချိုင်းထဲက ထွက်လာတာနဲ့ မြေအဆင့်ကို စိန်ခေါ်ပြီးတော့ ထိပ်ဆုံးငါးရာထဲ ဝင်နိုင်ရမယ်။ မဟုတ်သေးဘူး လေးရာ...မဟုတ်သေးဘူး သုံးရာ။ မင်း ထိပ်ဆုံးသုံးရာထဲ မဝင်နိုင်ဘူးဆိုရင် အခြားဟာတွေ မတွေးတော့ဘဲ ဓားမောက်သိုင်းကိုပဲ ကျင့်ကြံရမယ်။ ပြီးတော့ အခြားဆန်းကြယ်ပုံရိပ်နည်းစနစ်ကိုလည်း ရွေးချယ်ရမယ်။ ပြီးရင် နောင်တစ်ချိန်မှာ ဒါတွေကို မတွေးနဲ့တော့ "
သို့သော် ခက်ခဲသောတာဝန်ကို ချပေးခဲ့သည့်တိုင်အောင် ယီယွင်က ချက်ချင်းပင် " ကောင်းပြီ " ဟု သဘောတူခဲ့လိမ့်မည်ဟု ခန်းယန် ထင်မထားခဲ့ပေ။
" အမ် " ခန်းယန်က ယီယွင် ဒေါသထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ယီယွင်က ချက်ချင်းပင် သဘောတူလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဒီကောင်စုတ်က ယုံကြည်ချက်ရှိနေတာလား။
ခန်းယန် အနည်းငယ်မျှ ကြောင်အနေသည်။ သူ လျှာကို နှစ်ခါကိုက်ကာ မချိ့ပြုံး ပြုံးပြလိုက်လေ၏။
မြေအဆင့် ထိပ်ဆုံးသုံးရာက မည်မျှသန်မာကြောင်းကို ထိုကောင်း သိလိမ့်မည်။ ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့် ကျင့်ကြံသူများစွာပင် ထိပ်ဆုံးသုံးရာထဲ မဝင်နိုင်ကြပေ။ လျော့တွက်ခြင်းက ဘေးဒုက္ခကိုသာ ဖြစ်စေလိမ့်မည်။
ထိုအရာကိုတွေးမိကာ ခန်းယန် စိတ်အေးသွား၏။ ယီယွင် အရာအားလုံးအား လုပ်နိုင်သည်ဟု နေ့စဥ် တွေးတောနေသည်ကို ရပ်တန့်ရန်အတွက် ဆုံးရှုံးမှုအချို့ ခံစားရသည်က ပိုကောင်းလေသည်။
........................
တိုင်အာနတ်မြို့ မြို့သခင်၏ မွေးနေ့ပွဲရက်က လျင်မြန်စွာပင် နီးကပ်လာခဲ့သည်။
နေခင်းအချိန်၌ တိုင်အာနတ်မြို့၏ အထက်တွင် ကြီးမားသော လေသင်္ဘောတစ်စီး ပျံသန်းနေလေ၏။ လေသင်္ဘောက ပေနှစ်ထောင်ခန့်ရှည်ကာ အနက်ရောင်ကြေးခွံများ ဖုံးအုပ်ထားပြီး မွန်းစတားပျံတစ်ကောင်အလားပင်။
ဒါက...။
တိုင်အာနတ်မြို့မှ ကျင့်ကြံသူများမှာ လေသင်္ဘောကို မော့ကြည့်ရင်း တုန်လှုပ်နေကြလေ၏။ ထိုလေသင်္ဘောက တိုင်အာနတ်ပြည်ထောင်၏ လေသင်္ဘောများနှင့် ကွာခြားလေပြီး များစွာပိုမိုကာ ကြီးမားလေသည်။ သင်္ဘောကြီး၏ဘေးဘက်မှ ထူးဆန်းသော သင်္ကေတကို လူအချို့က သတိပြုမိကြသည်။ ထိုသင်္ကေတက တိမ်နက်များထဲတွင် နဂါးနက်တစ်ကောင် ပျံသန်းနေဟန်ပင်။
" ယွင်လုံနတ်ပြည်ထောင် "
ဗဟုသုတများသူအချို့က သင်္ကေတကို မြင်သည်နှင့် တန်းသိသွားကြလေ၏။
ယွင်လုံနတ်ပြည်ထောင်က တိုင်အာနတ်ပြည်ထောင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ တိုင်အာနတ်ပြည်ထောင်က အရှေ့ဘက်တွင်ရှိပြီး ယွင်လုံနတ်ပြည်ထောင်က အနောက်ဘက်တွင် ရှိလေ၏။ တိုင်းပြည်နှစ်ခုလုံး၏ မြောက်ဘက်ပိုင်းတွင် နတ်အရိုင်းမြေ ရှိလေသည်။
နိုင်ငံနှစ်ခု၏ အင်အား ၊ အမွေအနှစ် ၊ ပိုင်နက်နယ်မြေ ၊ လူဦးရေတို့ကို နှိုင်းယှဥ်မည်ဆိုလျှင် ယွင်လုံနတ်ပြည်ထောင်က တိုင်အာနတ်ပြည်ထောင်ကို ယှဥ်နိုင်လုနီးပါး ရှိလေသည်။
တိုင်းပြည်နှစ်ခူက အရင်းအမြစ်များ ၊ နယ်မြေများနှင့် အခြားအကြောင်းအရင်းများကြောင် ပဋိပက္ခအချို့ ရှိကြလေသည်။ သို့သော် နတ်အရိုင်းမြေ၏ ခြိမ်းခြောက်မှုကြောင့် တိုင်းပြည်နှစ်ခု ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားကြလေ၏။
ယွင်လုံနတ်ပြည်ထောင်နှင့် တိုင်အာနတ်ပြည်ထောင်တို့က ပူးပေါင်းခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့ဖြင့် အတူယှဥ်တွဲကာ တည်ရှိနေသည်ဟု ဆိုနိုင်လေ၏။
လေသင်္ဘောက ယွင်လုံနတ်ပြည်ထောင် တော်ဝင်မိသားစု ဖြစ်မည်မှာ သေချာလေသည်။ ယွင်လုံနတ်ပြည်ထောင်၏ သံတမန်က တိုင်အာနတ်မြို့ဆီသို့ ဤကဲ့သို့ လေသင်္ဘောမျိုးနှင့် ရောက်ရှိလာကာ တိုင်းပြည်၏အင်အားကို ပြသနေ၏။ တစ်ချိန်တည်းမှာပင် လေသင်္ဘောကို စီးနင်းနေသူက ယွင်လုံနတ်ပြည်ထောင်၏ မဟာပုဂ္ဂိုလ်တစ်ဦးဟု ဆိုလိုနေပေသည်။
" သူတို့က မြို့သခင်ရဲ့ မွေးနေ့ပွဲကို ရောက်လာတာများလား " တစ်စုံတစ်ယောက်က အတွေးပေါက်သွားသည်။ အခြားသူများကလည်း ထိုကိစ္စက ဖြစ်နိုင်ခြေရှိသည်ဟု ထင်မိကြသည်။
" ထူးဆန်းတယ်.... ငါတို့ တိုင်အာနတ်ပြည်ထောင်နဲ့ ယွင်လုံနတ်ပြည်ထောင်က ဒီလောက်အထိ ဆက်ဆံရေးမကောင်းပါဘူး။ သူတို့က ဘာကြောင့်များ မြို့သခင်ရဲ့မွေးနေ့ဧည့်ခံပွဲမှာ မွေးနေ့ဆုတောင်းစကား ဆိုဖို့အတွက် သံတမန်တစ်ဦး အထူးတလည် စေလွှတ်လိုက်ရတာလဲ "
လူအချို့ကမူ တစ်ခုခုမှားနေသည်ဟု ထင်နေမိကြသည်။
လက်ရှိအချိန်၌ လေသင်္ဘောကြီး၏ ခမ်းနားထည်ဝါသော ခန်းမတစ်ခုထဲတွင်...။
အဝါရောင်ဝတ်ထားသည့် ဖက်တီးတစ်ယောက်က ပျက်စီးခြင်းသားရဲတစ်ကောင်၏ ပေါင်သားကင်ကို စားနေလေ၏။ သူ အသားကို ပါးစပ်နှင့်ကိုတ်ဖြတ်ကာ စားသောက်နေသည်။ အသားသည် ကောင်းစွာမကျတ်သေးဘဲ သွေးစအချို့ ရှိနေသေးလေ၏။
ဖက်တီးက အသားစားနေရင်း ပြတင်းပေါက်မှတစ်ဆင့် တိုင်အာနတ်မြို့ကို ငုံ့ကြည့်နေသည်။ သူ၏မြင်ကွင်းထဲ၌ အောက်တွင်ရှိသည့် တိုင်အာနတ်မြို့ထဲမှ လူများက သူ၏ခြေထောက်နှင့် နင်းချေ၍ရသည့် ပုရွက်ဆိတ်များသာ ဖြစ်လေသည်။
" သူတို့က တိုင်အာနတ်မြို့ရဲ့ ကျင့်ကြံသူတွေလား။ ငါ့အမြင်မှာတော့ ဘာမှမထူးခြားပါဘူး " ဖက်တီးက ရယ်မောကာ ပါးစပ်အား လျှာနှင့်သပ်လိုက်သည်။
ဖက်တီး၏နောက်တွင် ခရမ်းရောင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားသည့် မင်းသမီးကဲ့သို့ မိန်းကလေးတစ်ဦး ရှိလေသည်။
သူမက ဝိုင်ခွက်ကို ကိုင်ထားပြီ အထဲမှ အနီရောင်အရည်များကို အရသာခံနေ၏။ သူမက ချစ်စဖွယ်ပြုံးကာ..." တိုင်အာနတ်ပြည်ထောင်ထဲက တိုင်အာနတ်မြို့ ရဲ့နေရာက ယွင်လုံနတ်ပြည်ထောင်ရဲ့ စေတီ ၇၂ နဲ့ တူညီတယ်လို့ အရှင်မင်းကြီးက ပြောဖူးတယ်။ သူတို့တွေကို အထင်မသေးနဲ့ "
" ဟားဟား... ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့က မွေးနေ့ဆုတောင်းစကား ဆိုပေးဖို့လာတာလေ တိုက်ခိုက်ဖို့မှမဟုတ်တာ။ ဒါပေါ့လေ လိုအပ်လာရင်တော့ သူတို့တွေ ဘာတွေစွမ်းနိုင်မလဲဆိုတာကို အခြေခံလောကဝတ်အရ ကြည့်ရမှာပေးရမှာပေါ့ "
မိန်းကလေးက အသာခေါင်းယမ်းကာ... " ဒါက သာမန်ပွဲတစ်ခု မဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ တိုင်အာနတ်မြို့ရဲ့ မြို့သခင်နဲ့ တစ်ခုခုဆွေးနွေးဖို့အတွက် ခုနစ်စင်ကြယ်စေတီရဲ့ ပိုင်ရှင်ကိုယ်တိုင် လာချင်ခဲ့တယ်။ သတင်းတွေအရဆိုရင် ရုတ်တရက်ပေါ်လာတဲ့ လူထူးဆန်းတစ်ဦးနဲ့ ပတ်သတ်နေတယ် "
" ဟားဟားဟား... အဲ့ဒါက ရာထူးမြင့်ပိုင်းတွေရဲ့ကိစ္စလေ။ ငါက ဂရုမစိုက်ဘူး။ ငါက ဒီမွေးနေ့ဧည့်ခံပွဲမှာ အသားစားချင်ရုံတင်ပဲ။ ဒါပေါ့လေ တိုက်ခိုက်စရာရှိလာရင် ငါ့ကိုသာ ခေါ်လိုက် " ဖက်တီးက ဆိုလိုက်လေပြီး အသားအား ထပ်ကိုက်ကာ အနည်းငယ်ခန့် ဝါးလိုက်ပြီးနောက် မျိုချလိုက်လေသည်။
သူက ဆီပေနေသောလက်အား အဝတ်ဖြင့်သုတ်ရင်း ခန်းမထောင့်တစ်နေရာသို့ လှမ်းကြည့်ကာ ဆိုလိုက်သည်..." ဘာပြောချင်လဲ... ပိုင် "
ခန်းမထောင့်နေရာတွင် ဖြူလျော်သောမျက်နှာနှင့် အနက်ဝတ်လူငယ်တစ်ဦး ထိုင်နေလေသည်။ လူငယ်က ဒူးထောင်ထားပြီး ဒူးခေါင်းပေါ်တွင် လက်တင်ထားကာ ထိုင်နေသည်။ သူ၏ခြေထောက်များပေါ်တွင် ဓားတစ်လက် ကန့်လန့်ဖြတ် တင်ထားလေ၏။
လူငယ်က ခေါင်းငုံ့လိုက်ရာ ဆံပင်များကျလာပြီး သူ၏မျက်နှာကို မမြင်ရတော့ပေ။ လူငယ်က ထူးဆန်းစွာပင် တိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုကြောင့်ပင် လူအများက လူငယ်၏ တည်ရှိမှုကို မေ့လျော့နေကြလေ၏။
" အဟွတ်..." အနက်ဝတ်လူငယ်က တိတ်ဆိတ်နေခြင်းကြောင့် ဖက်တီးမှာ သီးလုမတတ် ဖြစ်သွားရလေ၏။ ထိုကောင်စုတ် စကားပြောလာရန် ကြိုးစားရသည်မှာ အမှန်တကယ်ပင် ရိုက်ချင်စရာကောင်းလှသည်။
ထိုအခိုက်တွင် ခန်းမ၏တံခါး ပွင့်လာခဲ့ပြီး တောင့်တင်းသော လူတစ်ဦးက မျက်နှာသေအမူအရာနှင့် ဝင်လာသည်။ ထိုသူက မွေးပွဝတ်ရုံ ဝတ်ဆင်ထားပြီး ကော်လံကို ထောင်ထားလေသည်။ သူ၏ခြေထောက်တွင် လည်ရှည်ဖိနပ် ဝတ်ဆင်ထားလေ၏။
" ရောက်ပြီ...ဆင်းကြမယ် "
ထိုသူနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ဖက်တီးနှင့် မိန်းမပျိုတို့က လေးစားပြကြလေ၏။
" ဟုတ်ကဲ့ပါ စေတီသခင် "
ထိုင်နေသည့် အနက်ဝတ်လူငယ်က ထရပ်လိုက်သည်။
လေသင်္ဘောတံခါး ပွင့်သွားခဲ့ကာ ထိုလေးယောက်သည် ဗဟိုနတ်မျှော်စင်ဆီသို့ အလင်းတန်းတစ်ခုပမာ ပျံသန်းသွားလေ၏။
" တစ်ယောက်ယောက် ပျံပြီးထွက်လာပြီ "
တိုင်အာနတ်မြို့မှ လူများစွာက မျက်ခြေမပြတ် ကြည့်နေကြသည်။ ထိုသူများက မည်သူများဖြစ်သည်ကို သူတို့ မသိကြသော်လည်း ယွင်လုံနတ်ပြည်ထောင်မှ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။
.............
ရက်အနည်းငယ်အတွင်းမှာပင် အမည်မသိ အဖွဲ့အစည်းများမှ လေသင်္ဘောများ တိုင်အာနတ်မြို့သို့ ရောက်လာကြသည်။ ဤရက်များတွင် မြောက်မြားစွာသော လူများက ဗဟိုနတ်မျှော်စင်သို့ တဖွဲဖွဲရောက်ရှိလာကြလေ၏။
အဖွဲ့တိုင်းတွင် ကိုယ်ပိုင်သင်္ကေတများ ရှိကြပြီး အချို့က မှတ်မိလွယ်သည်။ ယွင်လုံနတ်ပြည်ထောင်အပြင် ထျန်ကွမ်းတော်ဝင်မင်းဆက်လည်း ရောက်လာလေ၏။ ထျန်ကွမ်းတော်ဝင်မင်းဆက်က ယွင်လုံနတ်ပြည်ထောင် အရွယ်အစားခန့်ရှိသည့် တိုင်းပြည်တစ်ခုသာဖြစ်သော်လည်း လျော့တွက်၍မရပေ။
ထို့အပြင် သီးခြားမိသားစုမျိုးနွယ်များထံမှ သံတမန်များလည်း ရောက်လာကြသည်။ သီးခြားမိသားစုမျိုးနွယ်များက မည်သည့်တိုင်းပြည်နှင့်မျှ မသက်ဆိုင်သော်လည်း ကြီးမားသည့် အမွေအနှစ်များ ရှိကြလေသည်။ သီးခြားမိသားစုမျိုးနွယ်များက လျစ်လျူရှု၍မရသည့် အင်အားများကို ပိုင်ဆိုင်ထားလေ၏။
လူများ ပိုမိုရောက်ရှိလာကြပြီး သူရဲကောင်များညီလာခံအသွင် ဖြစ်နေလေသည်။
ယင်းဖြစ်ရပ်ကြောင့် တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ အံ့အားသင့်ကြရသည်။ မြို့သခင်၏ မွေးနေ့ပွဲက မည်မျှပင် ကြီးကျယ်ခမ်းနားလိုက်လေသနည်း။
တစ်ရက်ကြာပြီးနောက် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ပေါ်လာပြန်လေ၏။ ထိုသူ၏ အဆင့်အတန်းကြောင့် တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ အသက်ရှုမှားသွားကြရသည်။
ထိုသူက တိုင်အာနတ်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ဖြစ်လေ၏။
တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်မိသားစုတွင် မရေမတွက်နိုင်လောက်သော ကလေးများ ရှိလေ၏။ တိုင်အာနတ်မြို့ထဲတွင် မျိုးရိုးအမည် " ယန် " ဖြစ်နေသည့် ကျင့်ကြံသူများ ဒုနှင့်ဒေး ရှိလေသည်။
မျိုးရိုးအမည်က ယန် ဖြစ်နေသည့် အဆိုပါ အထက်တန်းလွှာများကို မျိုးရိုးလိုက်စစ်ကြည့်ပါက တော်ဝင်အိမ်တော်နှင့် သွေးသားတော်စပ်မှု ရှိလေသည်။
သို့သော် အိမ်ရှေ့စံမင်းသားနှင့် ယှဥ်လျှင်မူ ၎င်းတို့က ဘာမျှမဟုတ်တော့ချေ။
အိမ်ရှေ့စံမင်းသားက အသက် ၃၀၀ ခန့် ရှိသည်။ သူသည် တော်ဝင်အိမ်တော်၏ ထောင်ချီသော ကလေးများထဲမှ ရွေးချယ်ခံထားရခြင်းဖြစ်ပြီး ထူးချွန်ပြောင်မြောက်သောပါရမီ ရှိလေ၏။ သူ့အား တော်ဝင်အိမ်တော်က အားစိုက်ကာ ပျိုးထောင်ပေးထားခြင်းကြောင့် လူသားပညာရှိတစ်ဦးဟု ကင်ပွန်းတပ်ခံရရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။
အိမ်ရှေ့စံမင်းသား ပညာရှိတစ်ဦး ဖြစ်လာခဲ့လျှင် လက်ရှိဧကရာဇ်က ထီးနန်းလွှဲပေးမည် ဖြစ်လေ၏။ ထို့ကြောင့် တိုင်အာနတ်ပြည်ထောင်ထဲတွင် အိမ်ရှေ့စံမင်းသား၏ အနေအထားက မြင်သာလေသည်။
" အိမ်ရှေ့စံမင်းသား ရောက်လာပြီ။ ဒီပွဲက အံ့ဩစရာဖြစ်လာတော့မယ် "
ဤပွဲက သူတို့၏ဘဝတွင် ကြုံဖူးသမျှထဲ၌ အကြီးကျယ်ဆုံး ပွဲတစ်ခု ဖြစ်လာတော့မည်ကို လူအများ သိကြလေ၏။