မွေးနေ့ဧည့်ခံပွဲ စတင်ပြီ
Vol. 21 Ch. 306
လူအများ တိုင်အာနတ်မြို့သို့ စုစည်းရောက်ရှိနေကြချိန်တွင် ယီယွင်က ဓားသင်္ချိုင်းထဲတွင် ဓားအမှန်တရားနှင့်ပတ်သတ်ပြီး သိမြင်နားလည်မှုအချို့ ရရှိရန်သာ ကြိုးစားနေခဲ့ပြီူ အချိန်ကို မသိတော့ပေ။
ဓားမောက်သင်္ချိုင်းတွင် အတွေ့အကြုံရှိထားခြင်းကြောင့် အရင်းအမြစ်တူညီသည့် ဓားသင်္ချိုင်းထဲသို့ဝင်ကာ ဓားအမှန်တရားကို သိမြင်နားလည်မှုရရှိလာစေရန် လုပ်ဆောင်ခြင်းက အလွန်လွယ်ကူလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ဓားသင်္ချိုင်းထဲသို့ ဝင်ပြီးမှသာ ဓားမောက်သင်္ချိုင်းနှင့် လုံးဝကွဲပြားနေကြောင်း သူ သိခဲ့ရသည်။
ဓားမောက်သင်္ချိုင်းထဲတွင် ဓားမောက်ခုတ်ရာများနှင့် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ရှိသည်။ စကားလုံး တစ်ခုချင်းစီတွင် ဓားမောက်အမှန်တရားများ ပါဝင်လေ၏။
ဓားသင်္ချိုင်းထဲတွင် ထိုအရာများ ရှိမနေပေ။ ဖမ်းစားနိုင်စွမ်းရှိသည့် ကျောက်နံရံတစ်ခုသာ ရှိနေသည်။ ကျောက်နံရံရှေ့တွင် လူတစ်ဦးက မျက်စိမှိတ်ကာ သမထထိုင်လိုက်ပါက ပုံရိပ်ယောင် လွှမ်းခြုံသွားမည်ဖြစ်သည်။
ထိုပုံရိပ်ယောင်ထဲတွင် စီးဆင်းနေသော မြစ်များ ၊ ကျဆင်းနေသော ရေတံခွန်များ ၊ အလောင်းတောင်နှင့် သွေးပင်လယ် ပုံရိပ်များ ၊ ပျံသန်းနေသော ဓားအလင်းများ ပါရှိလေသည်။
ဓားသင်္ချိုင်းကို ချန်ထားခဲ့သူက သူ၏ဘဝတွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို ကျောက်နံရံထဲသို့ ထည့်သွင်းပေးထားပုံပင်။ ထို့ကြောင့် အနာဂတ်မှ လူများက ကျောက်နံရံရှေ့တွင် သမထထိုင်လိုက်ပါက ထိုမြင်ကွင်းများကို မြင်ကြရလေသည်။
" ဒီဟာတွေက ဓားသင်္ချိုင်းရဲ့ပိုင်ရှင် ဓားလမ်းစဥ်ကို လေ့လာသုံးသပ်ချိန်မှာ မြင်ခဲ့ရတဲ့ အရာတွေပဲ "
ယီယွင် စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်လေရာ စိတ်ထဲတွင် အလင်းတစ်ခု တောက်ပသွားလေ၏။
ဓားသင်္ချိုင်းပိုင်ရှင်က ထိုအရာများအားလုံးကို မြင်တွေ့ခဲ့ပြီး ဓားဆန္ဒကို လေ့လာသုံးသပ်နိုင်သပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ထိုမြင်ကွင်းများထဲတွင် ကိုယ်ပိုင်ဓားဆန္ဒကို ထည့်သွင်းကာ အနာဂတ်မှ လူများကို တွေးတောဆင်ခြင်ခိုင်းစေနိုင်ခဲ့လေ၏။
ယီယွင်က သန့်စင်ယန်ဓားနန်းတော်တွင် ဆယ်လနေထိုင်ခဲ့သော်လည်း ဓားနန်းတော်သခင်၏ ဓားဆန္ဒကို သိမြင်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ယီယွင်က ဓားအမှန်တရားနှင့် ပတ်သတ်ပြီး နက်နဲစွာ နားလည်လာခဲ့ရလေသည်။
ဓားအမှန်တရား၏ ဇာစ်မြစ်နီးပါးရှိနေသည့် အခက်ခဲဆုံး ဓားအမှန်တရားကို ကြိုးစားကြည့်ပြီးသည့်နောက်တွင် အနည်းငယ်ပိုလွယ်သော ဓားအမှန်တရားကို ကြိုးစားကြည့်ချိန်၌ ပိုမိုလွယ်ကူလာခဲ့လေ၏။
သန့်စင်ယန်ဓားနန်းတော်သခင် ချန်ထားခဲ့သည့် ဓားအမှန်တရား၏ ခက်ခဲမှုအတိုင်းအတာကို တောင်တစ်လုံးဟု ခေါ်မည်ဆိုပါက ဓားသင်္ချိုင်းပိုင်ရှင် ချန်ထားခဲ့သည့် ဓားအမှန်တရားက မြင့်မားသော တောင်တစ်လုံး၏ ကျောက်လှေကားထစ်များသာ ဖြစ်လေသည်။ ယီယွင်အဖို့ တစ်ကြိမ်လျှင် တစ်ထစ်နှုန်းဖြင့် တက်သွားရချေမည်။
ယီယွင် ဓားသင်္ချိုင်းထဲတွင် သမထထိုင်နေခဲ့သည်မှာ မည်မျှအထိ ကြာမြင့်ခဲ့သည်ကို မသိတော့ပေ။ သူက အလွန်နူညံ့သိမ်မွေ့သော အခြေအနေတစ်ခုထဲသို့ ရောက်ရှိနေပြီး စိတ်အာရုံသည် သဘာဝနှင့် တစ်သားတည်းဖြစ်နေလေ၏။
သန့်စင်ယန်ဓားနန်းတော်မှ ဓားခုတ်ရာက ယီယွင်၏စိတ်ထဲတွင် ပဲ့တင်ရိုက်ခတ်နေ၏။ ဓားခုတ်ရာကြီးက ယီယွင်၏စိတ်ထဲတွင် ဖြစ်ပေါ်နေသည့်ပမာ ထင်ရလေပြီး ဓားသင်္ချိုင်းထံမှ ပုံရိပ်များ တစ်ခုနှင့်တစ်ခု ထပ်သွားလေသည်။
ယီယွင်၏လက်ထဲတွင် သံချေးတက်နေသည့် ဓားကျိုးတစ်လက်က မည်သည့်အချိန်တွင် ပေါ်လာသည်မသိပေ။ ဓားကျိုးသည် အေးစိမ်မှုတစ်ခု ထုတ်လွှတ်နေလျက်ရှိပြီး ယီယွင်၏စိတ်ကလည်း မကြုံစဖူးပင် ပိုမိုကြည်လင်လာလေသည်။
သူ ဓားကို အသာယမ်းလိုက်သည်။ ဓားချက်က ကြုံရာကျပန်းဆန်သော်လည်း ပုံရိပ်ယောင်ကမ္ဘာထဲတွင် ယီယွင်က ရေတံခွန်တစ်ခုကို တစ်စစီလုပ်ပြီး ၊ မြစ်ခုကို ပိုင်းဖြတ်ပစ်နေဟန်ရှိပြီး စိတ်ကူးယဥ်ဆန်သော ဓားမောက်အလင်းနှင့် ဓားအလင်းတို့က တစ်ခုနှင့်တစ်ခု စည်းချက်ညီနေသည့်ဟန် ရှိလေသည်။
ယီယွင်က အိပ်မွေ့ချခံထားသော အနေအထားတွင်ရှိနေပြီး ဓားကို လေ့လာသုံးသပ်ရန် ကြိုးပမ်းနေချိန်တွင် တိုင်အာနတ်မြို့က စည်ကားသိုက်မြိုက်နေသည် ဖြစ်လေ၏။
ဗဟိုနတ်မျှော်စင်တွင် ဂုဏ်ရည်ထည်အခန်းဟု အမည်ရသည့် ဧည့်သည်များကို ကြိုဆိုသည့်နေရာတစ်ခု ရှိလေသည်။ မြို့သခင်က ဤနေရာတွင် မွေးနေ့ဧည့်ခံပွဲ ကျင်းပမည်ဖြစ်လေ၏။
ဂုဏ်ရည်ထည်အခန်းက ဗဟိုနတ်မျှော်စင်ထဲမှ ခန်းမတစ်ခုဖြစ်သော်လည်း အထဲသို့ဝင်သွားလျှင် ပန်းများနှင့် ဝါးပင်များကို မြင်ရလေသည်။ ထိုအပင်များက ရတနာများဖြစ်ပြီး အပင်များအကြားတွင် မြစိမ်းရောင်ရေများ တိတ်တဆိတ် စီးဆင်းနေလေသည်။
ဧည့်သည်တစ်ဦးဦးက ဝါးစိမ်းတောအုပ်ထဲတွင် သေရည်သောက်လိုပါ သေရည်ခွက်တစ်ခုဖြင့် စီးဆင်းနေသောရေကို ခပ်သောက်လိုက်ရုံသာဖြစ်ပြီး ယင်းအား " ကွေ့ကောက်နေသော တူးမြောင်းထဲမှ ရေအား သောက်သုံးခြင်း " ဟု ဖော်ပြရပေမည်။
ဝါးတောအလွန်တွင် စားပွဲငယ်များ ရှိနေလေ၏။ စားပွဲများက တစ်ပေခန့်သာမြင့်ပြီး လူအများအဖို့ မြေပြင်တွင် တင်ပျဥ်ခွေ၍သာ ထိုင်ရပေမည်။ စားပွဲများပေါ်တွင် မျိုးစုံလှသော စိတ်ဝိညာဥ်စားဖွယ်များ တည်ခင်းထားလေ၏။ စားဖွယ်များတွင် ကြွယ်ဝလှသောယွမ်ချီများ ပါဝင်လေပြီး စားလိုက်မည်ဆိုပါက ကျင့်ကြံမှုအတွက် အကျိုးရှိစေသည်။
မြို့သခင်၏ မွေးနေ့ဧည့်ခံပွဲအတွက် ထိုစားပွဲများတွင် ထိုင်ခွင့်ရကြသူများက အဖွဲ့ကြီးမျိုးစုံထံမှ အရေးပါသောပုဂ္ဂိုလ်များ ဖြစ်ကြလေ၏။
မြို့သခင်နှင့် ခုနစ်စင်ကြယ်စေတီသခင်ကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များအတွက်မူ ခန်းမအလယ်တွင်ရှိသည့် ရေစီးကြောင်းအနီးတွင် ထိုင်ကြရလေ၏။
စားပွဲများ၏ ဘေးပတ်လည်တွင် ဇရပ်များ ရှိလေသည်။ ဇရပ်ထဲတွင် စားပွဲကြီးတစ်ခုရှိပြီး လူငယ်လက်ရွေးစင်များက ထိုနေရာတွင် ထိုင်ကြရသည်။ အိမ်ရှင်ဖြစ်သည့် တိုင်အာနတ်ပြည်ထောင်မှလွဲ၍ အဖွဲ့အားလုံးအတွက် ဇရပ်တစ်ခုဆီ ရရှိကြသည်။ ဇရပ်များထဲတွင် ထိုင်ခွင့်ရသူများက အဖွဲ့တစ်ခုချင်းစီထံမှ သန်မာသောလူငယ်များ ဖြစ်ကြသည်။
တိုင်အာနတ်ပြည်ထောင်၏ ဇရပ်အတွက်မူ တိုင်အာနတ်မြို့မှ ထူးချွန်သူများကို ရွေးချယ်ထားလေသည်။ ဥပမာဆိုရသော် ကောင်းကင်အဆင့် ၊ မြေအဆင့် ၊ လူသားအဆင့်တို့မှ ထိပ်ဆုံးသုံးဆယ်အတွင်းမှ လူများကို ဖိတ်ကြားထားလေသည်။
" ယီယွင်က ဘာကြောင့် ရောက်မလာသေးတာလဲ "
တိုင်အာနတ်ပြည်ထောင် လူငယ်မျိုးဆက်များအတွက် ဇရပ်ခြောက်ခု ခွဲပေးထားသည်။ ဝမ်ယွီ ၊ လုကျဲ ၊ ချူရှောင်းရန် ၊ ချိုးနျိုတို့က အတူထိုင်နေကြ၏။ လုကျဲက ဘေးပတ်လည်အား ကြည့်လိုက်ရာ ယီယွင်ကို မတွေ့ရပေ။
လုကျဲ အံ့အားသင့်သွားရ၏။ ယီယွင်၏ ထင်ပေါ်မှုနှင့်ဆိုလျှင် ဤနေရာတွင်ထိုင်ရန် သေချာပေါက်ပင် အရည်အချင်းပြည့်မီလေ၏။
" ငါ မသိဘူး။ သူက သီးခြားလေ့ကျင့်နေတာ ဖြစ်လောက်မယ် " ချူရှောင်းရန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
အမှန်တကယ်တွင်မူ သူမအတွက် ဤသို့ဧည့်ခံပွဲမျိုး တက်ရောက်ရသည်က အတော်ပင် အကျိုးမရှိပေ။ သူမက စိတ်လှုပ်ရှားဆူညံမှုများကို နှစ်သက်တတ်သူ မဟုတ်ပေ။ သူမ ဤနေရာသို့ ရောက်နေသည်မှာ အဖွဲ့မျိုးစုံမှ လူငယ်လက်ရွေးစင်များကို နားလည်နိုင်ရန်အတွက် ဖြစ်လေသည်။
" အိုး... အဲ့ဒီလူတွေက ယွင်လုံနတ်ပြည်ထောင်ကပဲ "
လက်ရှိတွင် အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များ မရောက်ကြသေးပေ။ ခန်းမထဲတွင် အဖွဲ့မျိုးစုံမှ လူငယ်မျိုးဆက်များသာ ရောက်နေကြသေးသည်။
လူငယ်တစ်ဒါဇင်ခန့် လျှောက်လာနေသည်ကို ချူရှောင်းရန် မြင်မိသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူက အဝါရောင်ဝတ် ဖက်တီးတစ်ယောက် ဖြစ်လေသည်။ ဖက်တီး၏မျက်နှာက ရင်းနှီးစွာပြုံးနေသော်လည်း မျက်ဝန်းထဲတွင်မူ မောက်မာမှုများ ရှိနေသည်။
သူက လူအများကို လိုက်လံကြည့်ရှုနေခဲ့ပြီး ချူရှောင်းရန်ကို ကျော်သွားကာ ချူရှောင်းရန်၏နံဘေးတွင်ရှိသည့် ဇရပ်အား ကြည့်လိုက်သည်။
ထိုဇရပ်ထဲတွင်မူ တိုင်အာနတ်မြို့တွင် အလွှမ်းမိုးနိုင်ဆုံးသူများဖြစ်သည့် ယောင်တောက်နှင့် ယန်ချန်တို့ ရှိနေသည်။ ယီယွင် တိုင်အာနတ်မြို့သို့ ရောက်ခါစက ယောင်တောက်နှင့် ယန်ချန်တို့သည် အသက် ၁၅ နှစ် ဖြစ်လေ၏။ ထိုစဥ်က သူတို့သည် မြေအဆင့် ၁၀၀ အတွင်း၌ ရှိကြလေ၏။
တစ်နှစ်ကြာပြီးနောက်တွင် ယောင်တောက်နှင့် ယန်ချန်တို့က တိုင်အာနတ်မြို့တွင် ငါးနှစ်မြောက် ကျင့်ကြံသူများ ဖြစ်လာကြပေပြီ။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူတို့၏ ကျင့်ကြံမှုများက ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့်သို့ ရောက်သွားခဲ့သည်။
ချင်ဟောင်ထျန်းနှင့်အတူ ၎င်းနှင့် တစ်နှစ်တည်းသမားများက လေ့ကျင့်ရေးပြီးဆုံးကာ တိုင်အာနတ်မြို့မှ ထွက်သွားကြပြီဖြစ်၍ ယောင်တောက်နှင့်ယန်ချန်တို့က မြေအဆင့်တွင် ထိပ်ဆုံးငါးယောက်ထဲသို့ ရောက်လာခဲ့ကြသည်။
ချင်ဟောင်ထျန်း ၊ လီရှောင်းနှင့် အခြားသူများ မရှိတော့ခြင်းကြောင့် တိုင်အာနတ်မြို့ထဲ၌ လော့ဟော်အာမှလွဲ၍ ဆဌမနှစ်ကျင့်ကြံသူ ပါရမီရှင်များ မရှိတော့ပေ။ သို့သော် လော့ဟော်အာက ကောင်းကင်အဆင့်နှင့် မြေအဆင့်တို့ကို ဘယ်သောအခါမျှ စိန်ခေါ်ခဲ့ခြင်းမရှိပေ။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှလွဲ၍ သူမက အခြားကဏ္ဍများတွင် မည်မျှအထိ တော်ကြောင်းကို မည်သူကမျှ မသိကြပေ။
ထို့ကြောင့် ပဉ္စမနှစ်မှ ယောင်တောက်နှင့်ယန်ချန်တို့က အတော်ဆုံးများဟု ဆိုနိုင်လေသည်။ ယန်ဟောက်ရန် ၊ ယန်တင်းခွမ်နှင့် အခြားသူများက ထူးချွန်ကြသော်လည်း ယောင်တောက်နှင့် ယန်ချန်တို့ထက် များစွာပိုညံ့ကြသည်။ ၎င်းတို့၏အောက်မှ စတုတ္ထနှစ်နှင့် တတိယနှစ်တို့က သာ၍ပင် ဆိုးကြသေးလေ၏။
တတိယနှစ် ကျင့်ကြံသူများထဲတွင် လီဟုန် တစ်ဦးတည်းသာ ရှိလေသည်။ လီဟုန်က သူ့ထက် တစ်နှစ်ငယ်သည့် ယီယွင်အား ရှုံးခဲ့ရချေသည်။ ယင်းက တတိယနှစ် ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် ရှက်စရာဖြစ်လေ၏။
ယွင်လုံနတ်ပြည်ထောင်မှ အဝါဝတ်ဖက်တီးသည် မွေးနေ့ပွဲ မတိုင်မီကတည်းကပင် တိုင်အာနတ်မြို့၏ ကျင့်ကြံသူများထဲမှ ထူးချွန်သူများအကြောင်း လေ့လာထားခဲ့သည်။ ထို့ကြောင့် သူ ဝင်လာခဲ့ချိန်တွင် ယောင်တောက်နှင့် ယန်ချန်ကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။
ဖက်တီး၏ ရဲတင်းသောအကြည့်များကို အာရုံခံမိလိုက်သည့် ယန်ချန်က မျက်မှောင်ကုတ်ကာ... " ဒီဖက်တီးက တိုက်ခိုက်ချင်နေတာပဲ "
ယန်ချန်က မာနကြီးကာ စရိုက်ဆိုးသည်။ ဖက်တီး၏ ရန်လိုမှုကို သတိပြုမိသွားကာ သူ ဒေါသထွက်ရသည်။
" ဒီဖက်တီးက မရိုးရှင်းဘူး။ ဒီကောင်က မင်းရဲ့စွမ်းအားကို ကြည့်ချင်နေတာ။ ဒီကောင့်ရဲ့အကြည့်က လုပ်ငန်းရှင်တစ်ဦး ကုန်ပစ္စည်းတွေကို စစ်ဆေးနေသလိုကို ဒေါသထွက်ဖို့ကောင်းတယ် "
ယန်ချန်၏နံဘေးမှ ယောင်တောက်က တည်ငြိမ်စွာ ဆိုလိုက်သည်။
" ယန်ချန်... မြို့သခင်ရဲ့ မွေးနေ့ပွဲမှာ ဇာတ်တိုက်ထားတဲ့ ပြပွဲအချို့ ရှိလာနိုင်တယ်။ အဖွဲ့မျိုးစုံက လူငယ်လက်ရွေးစင်တွေ ယှဥ်ပြိုင်ကြတာမျိုး ဖြစ်လာနိုင်တယ်။ အခုက စီနီယာချင် မရှိတော့ဘူးဆိုတော့ ဒီကိစ္စကို ကိုင်တွယ်နိုင်တာ မင်းနဲ့ငါပဲ ရှိတယ်။ ဒါကြောင့် ဒီဖက်တီးက ငါတို့ကို အကဲခတ်နေတာပဲ "
ယောင်တောက်က ဖက်တီး၏ ရည်ရွယ်ရင်းကို လျင်မြန်စွာပင် ခန့်မှန်းမိသွားခဲ့သည်။
ယန်ချန်က အံကျိတ်ကာ..." ငါ နားလည်ပြီ။ ဒါလည်း ကောင်းတာပဲ "
ယန်ချန်က စိန်ခေါ်မှုကို မကြောက်ပေ။ အခြားအဖွဲ့များမှ လူငယ်များနှင့် ယှဥ်ပြိုင်ရသည်ကို သူသည်လည်း လိုလားလေ၏။ တိုင်အာနတ်ပြည်ထောင်၏ ပြင်ပမှ လူငယ်မျိုးဆက်များနှင့် ယှဥ်ပြိုင်ရန်အတွက် သူ စောင့်မျှော်နေမိလေ၏။
ထိုစဥ်တွင် ဂုဏ်ရည်ထည်ခန်းမ၏ တံခါးက ပွင့်နေလျက်ရှိပြီး အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များ ရောက်လာနေကြသည်။
ထိုသူများထဲတွင် ခေါင်းဆောင်နှစ်ဦး ပါရှိလေပြီး တစ်ဦးသည် သားမွေးဝတ်ရုံနှင့် စစ်သုံးလည်ရှည်ဖိနပ်ကို ဝတ်ဆင်ထားလေ၏။ ထိုသူက ယွင်လုံနတ်ပြည်ထောင်၏ ခုနစ်စင်ကြယ်စေတီပိုင်ရှင် ဖြစ်လေ၏။
အခြားသူက အစိမ်းရောင် နန်းဝတ်နန်းစားများနှင့် လူလတ်ပိုင်းတစ်ဦး ဖြစ်လေ၏။ ထိုသူက ပျော်တတ်ဟန်ရှိသော်လည်း ဓားသွားကဲ့သို့ မျက်ခုံးများက အလွန်ထက်ရှသော အရှိန်အဝါတစ်ခု ထုတ်ဖော်နေလေ၏။
ထိုသူက မည်သည့်ဖိအားကိုမျှ ထုတ်ပေးနေဟန် မရှိပေ။ အမှန်တကယ်တွင် သေမျိုးကမ္ဘာမှ စာသင်သားတစ်ဦးနှင့်ပင် ဆင်တူလေသည်။ သူက ပညာရှိစာအုပ်များကို ဖတ်ရှုထားသော်လည်း အားနည်းနေသည့်အသွင် ရှိလေသည်။
ထိုသူက တိုင်အာနတ်မြို့၏ မြို့သခင် ဖြစ်လေ၏။