ထိုင်ခုံလုကြခြင်း
Vol. 21 Ch. 307
မူရင်း အချိန်စာရင်းအရဆိုလျှင် မြို့သခင်၏မွေးနေ့ဧည့်ခံပွဲကို ခုနစ်ရက်ကျင်းပမည် ဖြစ်လေ၏။ အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များက ပထမနှစ်ရက်သာ တက်ရောက်မည်ဖြစ်သည်။ ဂျူနီယာများအတွက် ထိုနှစ်ရက်က ၎င်းတို့၏ကျွမ်းကျင်မှုများကို ပြသနိုင်သည့် စင်မြင့်တစ်ခုဖြစ်လေသောကြောင့် အလွန်အရေးကြီးသည်။
အဖွဲ့မျိုးစုံမှ လက်ရွေးစင်များအားလုံးက ဝင့်ကြွားကြလေ၏။ လူအားလုံး အတူစုစည်းနေကြချိန်တွင် သူတို့၏စွမ်းအားများကို မည်သို့များ မပြသဘဲရှိပါမည်နည်း။
သာမန်အခြေအနေတွင်ဆိုလျှင် မွေးနေ့ဧည့်ခံပွဲများ၌ သရုပ်ပြရလျှင် သာမန်ကာလျှံကာသာဖြစ်ပြီး စင်မြင့်ပေါ်တွင် အမှန်တကယ်တိုက်ခိုက်ကြခြင်း မရှိပေ။ ဧည့်ခံပွဲ စည်ကားလာစေရန် ကျွမ်းကျင်မှုများနှင့် သရုပ်ဖော်ပြကြခြင်းမျှသာ ဖြစ်လေ၏။
ကနဦးပိုင်းတွင် လူငယ်များစွာက လက်ရည်ယှဥ်ခြင်း ၊ ဓားသိုင်းကစားခြင်း စသည်အားဖြင့် သူတို့၏သရုပ်ပြပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြပြီး ဧည့်ခံပွဲတွင် ထွန်းတောက်ပြီး ဆုလာဘ်များ ရရှိလာစေရန် မျှော်လင့်ထားခဲ့ကြသည်။ သို့သော် အရေးကြီးပုဂ္ဂိုလ်များက ပထမနေ့မှာပင် ညှိနှိုင်းရေးအခန်းထဲသို့ ဝင်သွားခဲ့လိမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့ပေ။ သူတို့က ခြောက်နာရီကြာသည်အထိပင် ထွက်မလာကြချေ။
ယင်းက မည်သည့်အဓိပ္ပါယ်ပေနည်း။
ဂျူနီယာများစွာ ကြောင်အနေကြရသည်။ အစာများ အေးစက်နေပြီဖြစ်သော်လည်း ညှိနှိုင်းနေသည့်အဖွဲ့မှ မည်သူကိုမျှ မမြင်ကြရသေးချေ။
သန်းခေါင်ယံမတိုင်မီတွင် ဘေးဘက်အခန်း၏တံခါးကြီး ပွင့်လာခဲ့လေ၏။ အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များ ထွက်လာခဲ့သည်။
ဦးဆောင်လာသူက တိုင်အာနတ်မြို့၏ မြို့သခင် ဖြစ်လေ၏။ သူက အစိမ်းရောင် နန်းဝတ်နန်းစားကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မျက်နှာထက်တွင် အပြုံအေးတစ်ခု ရှိနေသည်။
သို့သော် ပိုထက်မြက်သည့် လူများက တစ်စုံတစ်ခု လွဲနေကြောင်းကို သိကြသည်။ အရေးကြီးပုဂ္ဂိုလ်များအကြားတွင် ရန်စောင်နေကြသော ခံစားချက် ရှိနေကြ၏။
အရေးကြီးပုဂ္ဂိုလ်များက ဆိုင်ရာထိုင်ခုံများအလိုက် ထိုင်ခဲ့ကြလေ၏။ လေထုသည် အေးစက်နေလေ၏။
လူလတ်ပိုင်း ကျောင်းတော်သားက မတ်တက်ရပ်လိုက်ပြီး သေရည်ခွက်ကို မြောက်ကာ..." အားလုံးက ကျုပ်ရဲ့ မွေးနေ့ဧည့်ခံပွဲကို တက်ရောက်ပေးကြတာဟာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ ဒီနေ့မှာ ရုတ်တရက် အဖြစ်အပျက်တစ်ခုကြောင့် ကျုပ်က ခင်ဗျားတို့ကို ဂရုမစိုက်မိဖြစ်ခဲ့ရပါတယ်။ ဧည့်ခံတာ ညံ့ဖျင်းတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးကြပါ။ နေထွက်လာတာကိုကြည့်ရင်း အားလုံး လွတ်လွတ်လပ်လပ် စားသောက်ကြပါ။ မနက်ဖြန်ကျရင် ဧည့်ခံပွဲကို ယာယီရပ်စဲမှာဖြစ်ပြီး ခုနစ်ရက်နေမှ ကျင်းပပါ့မယ်။ ဂုဏ်ရည်ထည်ခန်းမက သေးလွန်းတာကြောင့် ပြိုင်ကွင်းထဲမှာ ကျင်းပပေးပါ့မယ်။ အဲ့ဒီမှာဆိုရင် ပိုကျယ်ပါတယ် "
မြို့သခင်က ပေါ့ပေါ့ပါးပါး စကားပြောသည့်ပမာပင် အဖွင့်အမှာစကား ပြောခဲ့သော်လည်း အဖွဲ့မျိုးစုံမှ လူငယ်လက်ရွေးစင်များမှာမူ အံ့အားသင့်နေ၏။
မွေးနေ့ဧည့်ခံပွဲကို ခုနစ်ရက်နေမှ ကျင်းပမယ်တဲ့လား။ မွေးနေ့ပွဲကို ထပ်ပြီးတော့ ရွှေ့ဦးမှာလား။
လူတစ်ထောင်ခန့် နေရာထိုင်ခင်းပေးနိုင်သည့် ဂုဏ်ရည်ထည်ခန်းမက အဘယ်သို့များ ကျဥ်းပါမည်နည်၏ လူလတ်ပိုင်းကျောင်းတော်သားက ပြိုင်ကွင်းထဲသို့ နေရာပြောင်းပေးမည်ဟု ဆိုလိုက်လေသောကြောင့် ဂျူနီယာများစွာတို့မှ စိတ်အားတက်ကြွလာ၏။
အရေးကြီးပုဂ္ဂိုလ်များကမူ စကားတစ်ခွန်းမျှမဆိုသော်လည်း အသံတိတ် သဘောတူကြောင်း ရှင်းလင်းလှသည်။ ဤမွေးနေ့ဧည့်ခံပွဲ၏ လေထုက တင်းမာနေသည်ဟု ဂျူနီယာများ ခံစားမိနေသည်။
အဖွဲ့ငယ်တစ်ခုမှ လူငယ်တစ်ဦးက အထူးပြင်ဆင်ထားသော ဓားသိုင်းကို ပြသခဲ့လေ၏။ အရေးကြီးပုဂ္ဂိုလ်များကမူ စိတ်မဝင်စားကြပေ။ အကြီးအကဲများ၏ သုန်မှုန်နေသော မျက်နှာပေးကြောင့် မည်သည့်ဂျူနီယာကမျှ ပွဲခံလိုစိတ်မရှိကြပေ။
ကို့ရို့ကားယား အခြေအနေကြောင့် လူငယ်သည် ဓားသိုင်း သရုပ်ပြနေသည်ကို ရပ်တန့်ခဲ့ရလေ၏။ ရလဒ်အနေဖြင့် မည်သည့် ဂျူနီယာကမျှ ရှေ့ထွက်မလာကြတော့ပေ။
ပထမနေ့ မွေးနေ့ဧည့်ခံပွဲသည် ထိုသို့သော စိတ်ဓာတ်ကျဖွယ်ရာ အခြေအနေဖြင့် ပြီးဆုံးသွားခဲ့လေ၏။
မွေးနေ့ဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက် တိုင်အာနတ်မြို့၏ အကြီးအကဲများက အစည်းဝေးလုပ်ခဲ့ကြသည်။ ကျန်းကဲ့ ၊ ခန်းယန် ၊ ဆရာသခင်ယွဲ့ဟွား ၊ နတ်မြို့အကြီးအကဲများက မြို့သခင်ကို ကြည့်နေကြသည်။
" အခြေနေဘယ်လိုရှိလဲ "
အကြီးအကဲများက ညှိနှိုင်းရေးအခန်းထဲသို့ မဝင်ခဲ့ကြလေသောကြောင့် ညှိနှိုင်းမှုအခြေအနေကို မသိကြပေ။
" အားလုံး သဘောတူလာအောင် မလုပ်နိုင်ခဲ့ဘူး။ အဓိကပြဿနာက အမိန့်ပေးပိုင်ခွင့်ပဲ " လူလတ်ပိုင်း ကျောင်းတော်သားက သက်ပြင်းဖွဖွ ချလိုက်လေ၏။ တိုင်းပြည်များစွာ ပါဝင်နေသည့် မဟာမိတ်အဖွဲ့တစ်ခု ညီညွတ်စေရန် ခေါင်းဆောင်တစ်ဦး လိုအပ်သည်မှာ အမှန်ပင်ဖြစ်လေ၏။ သူတို့သာ ညီညွတ်မှုမရှိဘဲ အချင်းချင်းတိုက်ခိုက်နေပါက တိုက်ပွဲအခြေအနေ ဆိုးရွားသွားပေလိမ့်မည်။ လမ်းပြလူငယ် ဦးဆောင်လာသည့် သားရဲအုပ်က သေရမည်အား မကြောက်ကြသည်ကို သိထားရချေမည်။
ကြောက်ရွံ့ပြီး စည်းလုံးမှုမရှိသော စစ်သည်တစ်ဖွဲ့က ခိုင်မာကျစ်လျစ်သော သားရဲအုပ်ကို ရင်ဆိုင်ရမည်ဆိုလျှင် နောက်ဆုံးရလဒ်က သိသာချေသည်။
" ခုနစ်စင်ကြယ်စေတီပိုင်ရှင်က မဟာမိတ်အဖွဲ့ခေါင်းဆောင် ဖြစ်ချင်နေခဲ့ပေမဲ့ ကျုပ်က ငြင်းခဲ့တယ်။ တောင်ပိုင်းက တိုင်းပြည်ဆယ်ခုကလည်း အကျိုးအမြတ်တွေ ပိုလိုချင်နေတာကို ကျုပ် သဘောမတူခဲ့ဘူး။ ခုနစ်စင်ကြယ်စေတီပိုင်ရှင်ကတော့ စစ်ပွဲအတွင်းမှာ အကြီးအကဲအဖွဲ့တစ်ခု ဖွဲ့စည်းပြီးတော့ ဥပဒေပြုညီလာခံတစ်ခုလုပ်ပြီး အမိန့်ပေးပိုင်ခွင့်အတွက် ယှဥ်ပြိုင်ကြမယ်လို့ ပြောသွားခဲတယ်။ ဘယ်တိုင်းပြည်က ထိုင်ခုံအရေအတွက် ဘယ်လောက်ရမယ်ဆိုတာကတော့ တိုင်းပြည်ရဲ့ အင်အားအပေါ် မူတည်လိမ့်မယ် "
" အင်အားလား " ကျန်းကဲ့ မျက်မှောင်ကုတ်လိုက်၏။ စစ်သည်လောကတွင် ခွန်အားကသာ ဘုရင်ဖြစ်၏။ လက်သီးပိုကြီးလေလေ ပြောစကားများ ပိုထိရောက်လေလေပင်။ အငြင်းပွားစရာ မဟုတ်သော်လည်း တိုင်းပြည်တစ်ခု၏အင်အားကို မည်သို့ယှဥ်ပြိုင်ပါမည်နည်း။
" ကျုပ်တို့ရဲ့စွမ်းအားက ယွင်လုံနတ်ပြည်ထောင်နဲ့ ပခုံးချင်းယှဥ်နေတယ် " ခန်းယန်က ဆိုသည်။
" ဟုတ်တယ်။ တိုင်းပြည်ရဲ့အင်အားအရဆို ကျုပ်တို့တွေက အတူတူနီးပါးပဲ။ ဒါ့အပြင် တိုင်းပြည်ရဲ့အင်အားကို ယှဥ်ပြိုင်ဖို့က မဖြစ်နိုင်ဘူး။ တိုက်ပွဲတစ်ခု တိုက်ခိုက်ဖို့အတွက် တိုင်းပြည်တိုင်းရဲ့ ပညာရှိတွေအားလုံးနဲ့ လူသားအရှင်သခင် အထွတ်အထိပ်အဆင့်တွေအားလုံးကို ခေါ်လို့မရဘူးလေ။ ဒါကြောင့် ကျုပ်တို့က ဂျူနီယာတွေရဲ့အင်အားနဲ့ ယှဥ်ပြိုင်ကြမယ်။ သူတို့ရဲ့ ယွင်လုံစေတီ ၇၂ ခုက ကျုပ်တို့ရဲ့ တိုင်အာနတ်မြို့နဲ့ အများကြီးမကွာခြားဘူး။ ယွင်လုံနတ်ပြည်ထောင်ရဲ့ အတော်ဆုံး ဂျူနီယာတွေ စုစည်းပြီးရောက်လာကြလိမ့်မယ် "
" ယွင်လုံစေတီ ၇၂ ခုက တိုင်အာနတ်မြို့နဲ့ နှိုင်းယှဥ်လို့ရနေတယ်ဆိုရင် ကျုပ်တို့အနေနဲ့ ပိုအားကောင်းတဲ့ ဂျူနီယာတွေကို ရှာဖို့လိုလာပြီ။ ဂျူနီယာမျိုးဆက်က တိုင်အာနတ်ပြည်ထောင်ရဲ့ အနာဂတ်ပဲ။ ဒီလိုယှဥ်ပြိုင်မှုပုံစံက မသင့်တော်တာတော့ မဟုတ်ဘူး "
" ယွင်လုံစေတီ ၇၂ ခုက တိုင်အာနတ်မြို့နဲ့ ရင်ဆိုင်ဖို့ကို သဘောတူခဲ့လား။ မြို့သခင်ကရော ဒီကိစ္စကို သဘောတူလား "
" အင်း " လူလတ်ပိုင်း ကျောင်းတော်သားက ခေါင်းညိတ်လိုက်၏။
" ဒါ..."
ခန်းယန် စိုးရိမ်သွားကာ..." တိုင်အာနတ်မြို့ရဲ့ ပါရမီရှင်တွေက နှစ်တိုင်းမှာ ကွဲပြားနေတယ်။ တိုင်အာနတ်မြို့ကနေ ထွက်သွားခဲ့ကြတဲ့ နောက်ဆုံးအသုတ်မှာဆိုရင် ပါရမီရှင်တွေ ပြည့်နေတယ်။ ချင်ဟောင်ထျန်း ၊ လီရှောင်း ၊ ချောင်ညီနောင်တွေထဲက ဘယ်သူ့ကိုပဲ ရွေးပါစေ တစ်ယောက်တည်းနဲ့ ဆယ်ယောက်လောက်အထိ ရင်ဆိုင်နိုင်ကြတယ်။ အခု သူတို့က ထွက်သွားကြပြီဆိုပေမဲ့ နှံဟောင်းနေရာမှာ နှံသစ်တွေကို အစားမထိုးရသေးဘူးလေ။ ကျုပ်တို့တွေ ဘယ်လိုရွေးချယ်ကြမလဲ "
ဤစည်းမျဥ်းက တိုင်အာနတ်ပြည်ထောင်အတွက် အရေးမသာသည်မှာ သိသာလေသည်။ ယွင်လုံနတ်ပြည်ထောင်က ကြိုတင်ပြင်ထားကာ ရောက်လာသည်ကို ခန်းယန် သိသည်။ ယွင်လုံစေတီ ၇၂ ခု၏ ဤတစ်သုတ်က ယခင်တစ်သုတ်ထက် ပိုမိုအားကောင်းကြပုံပင်။
ယွင်လုံနတ်ပြည်ထောင်၏ အားကောင်းသော ပြောင်းလဲမှုနှင့် တိုင်အာနတ်ပြည်ထောင်၏ အားနည်းသော ပြောင်းလဲမှုကို ယှဥ်ကြမည်ဆိုပါက ရလဒ်သည် သိသာလှလေ၏။
လူလတ်ပိုင်းကျောင်းတော်သားက ဆိုသည်..." ခင်ဗျားပြောတာ မှန်တယ်။ ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ဒီကိစ္စကို သိထားတာကြောင့် တမင်ရည်ရွယ်ပြီး တောင်းဆိုခဲ့တာပဲ။ ယွင်လုံနတ်ပြည်ထောင်က ဒီမျိုးဆက်ကို ယုံကြည်ချက်ရှိနေတာ သိသာတယ် "
" တောင်ပိုင်းတိုင်းပြည်ဆယ်ခုကလည်း ဒီကိစ္စကို သဘောတူကြတယ်။ သူတို့အတွက် အကြီးအကဲထိုင်ခုံသုံးခု ထပ်တိုးပေးရမယ်လို့လည်း အပိုဆောင်းတောင်းဆိုထားတယ်။ သူတို့ တိုင်းပြည်တွေရဲ့ လူငယ်မျိုးဆက်တွေကို အရမ်းဂုဏ်ယူနေကြပုံပဲ "
လူလတ်ပိုင်း ကျောင်းတော်သား၏ စကားကြောင့် အကြီးအကဲများ စိတ်များနောက်ကျိသွားရ၏။
တိုင်အာနတ်ပြည်ထောင်၏ နယ်စပ်တွင် လမ်းပြလူငယ် ပေါ်ထွက်လာခဲ့ခြင်းကြောင့် တောင်ပိုင်းတိုင်းပြည်ဆယ်ခုနှင့် ယွင်လုံနတ်ပြည်ထောင်တို့နှင့် ဝေးနေသေးလေသည်။ သားရဲအုပ် ကျူးကျော်လာလျှင် ဦးစွာထိခိုက်ခံစားရမည်မှာ တိုင်အာနတ်ပြည်ထောင် ဖြစ်လေ၏။
" နှုတ်ခမ်းမရှိရင် သွားတွေ အေးတယ် " ဟု ဆိုရိုးရှိသော်ငြားလည်း တောင်ပိုင်းတိုင်းပြည်ဆယ်ခုနှင့် ယွင်လုံနတ်ပြည်ထောင်တို့က အေးစက်မှုကိုသာ ခံရမည်ဖြစ်ပြီး တိုင်အာနတ်ပြည်ထောင်ကမူ ဆုံးရှုံးရပေလိမ့်မည်။ ကွာခြားမှုက ကြီးမားလှလေ၏။
" တိကျတဲ့စည်းမျဥ်းတွေက ဘာတွေလဲ။ ကျုပ်တို့ ဘာအကျိုးအမြတ်မှ မရှိဘဲ တိုက်ခိုက်လို့မရဘူးမလား " ခရမ်းရောင်ဝတ် အကြီးအကဲတစ်ဦးက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" မဟုတ်ဘူး... လူငယ်မျိုးဆက်ကသာ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ကျုပ်တို့က ထိုင်ခုံအရေအတွက် အနည်းငယ်လောက် ပိုရလာလိမ့်မယ် "
" မျှတဖို့အတွက်ကတော့ အသက်ကွာဟချက် အရမ်းကြီးမားနေမယ်ဆိုရင် အသက်ကြီးတဲ့သူက ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်ပေးရလိမ့်မယ်။ ဒါတောင်မှ အသက်ကြီးတဲ့သူက အရေးသာနေတုန်းပဲ။ လူတစ်ဦးရဲ့ ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်တယ်ဆိုတာက အရမ်းကို အကန့်အသတ်ရှိတယ်။ ဥပဒေသ ထိုးထွင်းသိမြင်မှုတွေနဲ့ ရှု့ထောင့်ပုံရိပ်တွေကို ဖိနှိမ်လို့မရတော့ ဒီကိစ္စက ဟန်ပြသက်သက်ပဲ "
" ထိုင်ခုံအရေအတွက်ကို အားလုံးရဲ့ စွမ်းဆောင်ရည်တွေအလိုက် ဆုံးဖြတ်ကြလိမ့်မယ်။ နောက်ဆုံးမှာ ပထမနေရာကို ရနိုင်ခဲ့မယ်ဆိုရင် ထိုင်ခုံဆယ်ခု ရနိုင်လိမ့်မယ် "
လူလတ်ပိုင်း ကျောင်းတော်သားက စည်းမျဥ်းများနှင့် မိတ်ဆက်ပေးလိုက်သည်။ ထိုစည်းမျဥ်းများက ယွင်လုံနတ်ပြည်ထောင်အတွက် အကျိုးရှိနေစေလေသောကြောင့် ခန်းယန် ဒေါသထွက်သွားရ၏။
လက်ရှိ တိုင်အာနတ်မြို့တွင် အားကောင်းသော လူငယ်မျိုးဆက် ကျင့်ကြံသူများ လစ်လပ်နေသည်။ ယွင်လုံနတ်ပြည်ထောင်တွင် လူငယ်မျိုးဆက် ကျွမ်းကျင်သူများ မချို့တဲ့ချေ။ ထို့ကြောင့် နောက်ဆုံး မဟာဆုလာဘ်ကို လက်လွှတ်ရပေတော့မည်။
" ကျန်းကဲ့... ဒီရက်တွေမှာ ခင်ဗျားက တိုင်အာနတ်မြို့ကို တာဝန်ယူထားရမယ်။ ပြိုင်ပွဲဝင်စာရင်း လုပ်ပေးထားပါဦး "
လူလတ်ပိုင်း ကျောင်းတော်သားက အမိန့်ပေးလိုက်သည်..." ယှဥ်ပြိုင်ဖို့အတွက် ဘယ်သူတွေက အသင့်တော်ဆုံးလဲဆိုတာကို ခင်ဗျား သိထားလောက်မှာပါ "
ပြိုင်ပွဲဝင်များက မြေအဆင့်ထဲမှ စဥ်းစားရမည်သာမက အသက်ကိုလည်း စဥ်းစားရပေမည်။ မြေအဆင့်ထိပ်ဆုံး ၃၀ တွင်းမှ ဆဌမနှစ် ကျင့်ကြံသူများပင် အားနည်းလွန်းလှသောကြောင့် ယှဥ်ပြိုင်၍မရပေ။
သို့သော် တပ်သားသစ်များဖြစ်သည့် ဝမ်ယွီနှင့် လုကျဲက မြေအဆင့်တွင် အဆင့် ၃၀၀၀ နှင့် ၄၀၀၀ ကြား၌ ရှိနေသော်လည်း ယှဥ်ပြိုင်၍ရလေသည်။
ကျန်းကဲ့က ဆိုသည်..." ယီယွင် ၊ ချူရှောင်းရန် ၊ ချိုးနျိုတို့က အတော်ဆုံး ကျွမ်းကျင်သူတွေပါ။ သူတို့နဲ့ဆိုရင် အသက် ၁၄ နှစ် အတိုင်းအတာက ကျုပ်တို့အတွက် သေချာပေါက်ကို အရေးသာလိမ့်မယ်။ ဒါပေမဲ့ ပဉ္စမနှစ် နဲ့ ဆဌမနှစ် ကျင့်ကြံသူတွေကတော့ နည်းတယ်။ လော့ဟော်အာလို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ သူ့ရဲ့ဇာစ်မြစ်က ဆန်းကြယ်ပြီးတော့ ကောင်းကင်အဆင့်နဲ့ မြေအဆင့်တွေမှာလည်း တစ်ခါမှ ဝင်မပြိုင်ဖူးဘူး။ သူ ဘယ်လောက်အထိ သန်မာလဲဆိုတာကို ကျုပ်တို့လည်း မသိဘူး "
လူသားအဆင့်တွင် ပထမဖြစ်သည့် လော့ဟော်အာ၏ စွမ်းအားက အမြဲတမ်းလိုပင် လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်နေခဲ့လေ၏။ ယခုတွင်မူ ကျန်းကဲ့သည် လော့ဟော်အာက ကျေနပ်အံ့ဩဖွယ်ရာတစ်ခု ပေးစွမ်းနိုင်မည်လားဟု မျှော်လင့်ချက်များ ပုံအောလိုက်ချေပြီ။