← Chapters

ယီယွင် သီးခြားလေ့ကျင့်ရာက ထွက်လာပြီ

Vol. 21 Ch. 308

ယီယွင် သီးခြားလေ့ကျင့်ရာက ထွက်လာပြီ

Vol. 21 Ch. 308

သားရဲအုပ်ကို ရင်ဆိုင်ရန်အတွက် အဖွဲ့ပေါင်းစုံ မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အစည်းဝေထိုင်ခုံနေရာအတွက် ယှဥ်ပြိုင်ပွဲအကြောင်း သတင်းများက လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ အဖွဲ့ပေါင်းစုံမှ လူငယ်မျိုးဆက်များကလည်း ထိုသတင်းကို ကောင်းစွာသိကြသည်။

တိုင်အာနတ်မြို့၏ မြို့သခင်က မွေးနေ့ဧည့်ခံပွဲ ကျင်းပခဲ့ပြီး အဘယ့်ကြောင့် တစ်ဝက်တစ်ပြတ်ဖြင့် ရပ်လိုက်ရသည်ကို နောက်ဆုံးတွင် သူတို့ နားလည်သွားခဲ့လေ၏။

မွေးနေ့ဧည့်ခံပွဲသည် အကြောင်းပြချက်တစ်ခုသာ ဖြစ်လေ၏။ အကြောင်းအရင်းအစစ်က မဟာမိတ်ဖွဲ့ရန် ညှိနှိုင်ကြခြင်းပင်။ အစပိုင်းတွင် ထိုအကြောင်းကို လျှို့ဝှက်ထားရန်အတွက် အလိမ်အညာ မွေးနေ့ဧည့်ခံပွဲတစ်ခု ကျင်းပရန် လိုအပ်ခဲ့သည်။

ထိုင်ခုံနေရာအတွက် ယှဥ်ပြိုင်ပွဲက အရေးကြီးလေ၏။ အဖွဲ့အစည်းတိုင်းက ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြလေ၏။

" မင်းတို့တွေက ငါတို့ ပိုင်ယွဲ့တောင်မိသားစုရဲ့ အတော်ဆုံးတွေပဲ။ ဒီမဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ်လို့ မှန်းမထားသလို ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နိုင်မယ်လို့လဲ မှန်းမထားဘူး။ မင်းတို့သာ ပိုင်ယွဲ့တောင်မိသားစုအတွက် ထိုင်ခုံနေရာတစ်ခု ယူပေးနိုင်ခဲ့မယ်ဆိုရင် နောက်တက်လာမဲ့ ခေါင်းဆောင်နေရာကို အဆုံးဖြတ်ပေးနိုင်လိမ့်မယ် "

ဗဟိုနတ်မျှော်စင် တစ်နေရာတွင် လူလတ်ပိုင်းတစ်ဦးက ရှေ့တွင်ရှိနေသည့် လူငယ်များနှင့် မိန်းမပျိုများကို ပြောနေလေ၏။

ပိုင်ယွဲ့တောင်မိသားစုက သီးခြားမိသားစုတစ်ခုဖြစ်ပြီး ပိုင်ယွဲ့တောင်ပေါ်တွင် အခြေချနေထိုင်လေသည်။ ပိုင်ယွဲ့တောင်မိသားစုက အဖွဲ့ကြီးသုံးခုထဲတွင် မပါဝင်သလို ပညာရှိများလည်း မရှိပေ။ အိမ်တော်ခေါင်းဆောင်သည် လူသားအရှင်သခင် အထွတ်အထိပ် ဖြစ်လေ၏။ သူတို့သာ လမ်းရိုးကြီးအတိုင်း ဖွံ့ဖြိုးတိုးတက်နေမည်ဆိုပါက ကြီးထွားလာနိုင်မည် မဟုတ်ပေ။

သို့သော် အခွင့်အရေးသည် အခက်အခဲကြုံလာချိန်တွင် ပေါ်လာတတ်လေ၏။

အဆိုပါ မဲတစ်နေရာစာနှင့်ဆိုလျှင် ပိုင်ယွဲ့တောင်မိသားစုကို အခြားအဖွဲ့များက တန်ဖိုးထားလာကြပေလိမ့်မည်။ အရေးအကြောင်း အခြေအနေတွင် လူအများက သူတို့အား သိမ်းသွင်းရန်အတွက် ငွေများ ပုံအောပေးလာကြလိမ့်မည်။

...................

ဗဟိုနတ်မျှော်စင်ထဲမှ အခြားအခန်းတစ်ခုထဲတွင် ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ရှေ့တွင်ရှိနေသည့် ယွင်လုံနတ်ပြည်ထောင်မှ လူငယ်များကို ကြည့်နေလေ၏။

" ခုနစ်စင်ကြယ်စေတီ ၇၂ ခုရဲ့ နှစ်ပေါင်းတစ်ရာအတွင်းမှာ မင်းတို့အသုတ်က အတော်ဆုံးပဲ။ မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့ကို ငါက အကြံပြုခဲ့တာပဲ။ ငါက မင်းတို့အားလုံးကို ယုံကြည်တာကြောင့် အခုလိုမျိုး အကြံပြုရဲခဲ့တာပဲ "

ခုနစ်စင်ကြယ်စေတီပိုင်ရှင်က လူငယ်များကို စီးမိုးကာ ကြည့်နေ၏။ သူ၏နောက်မှ အရိပ်က အဆုံးမဲ့မြင့်မားနေဟန်ရှိပြီး အခြားသူများအတွက် ဖိအားဝင်စေသည်။

" ဒီစည်းမျဥ်းကို ငါက အကြံပြုခဲ့တယ်ဆိုမှတော့ မင်းတို့ထဲက တစ်ယောက်ယောက်ကသာ ဆိုးဆိုးရွားရွား ထုတ်ပြနိုင်ခဲ့မယ်ဆိုရင် ငါကတော့ တောင်ပိုင်းတိုင်းပြည်ဆယ်ခုနဲ့ တိုင်အာနတ်ပြည်ထောင်တို့ရဲ့ ရယ်စရာဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။ ငါတို့တိုင်းပြည်က ပြိုင်ဘက်ဟောင်းကြီးတွေကတောင် ငါ့ကို ရယ်ကြလိမ့်မယ် "

" အခု ငါက မင်းတို့ကို ပြောစရာအများကြီးမရှိဘူး။ ခုနစ်ရက်အကြာ မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ မင်းတို့တွေက အနည်းဆုံး ထိုင်ခုံနေရာ တစ်ဝက်စာလောက် ရနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ အဲ့ဒါက အနည်းဆုံးပဲ။ တကယ်ဆို ထိုင်ခုံနေရာ ၆၀% လောက်ရမှ ငါ ကျေနပ်နိုင်မှာ "

ယွင်လုံနတ်ပြည်ထောင်မှ လူငယ်များက ဒူးတစ်ဖက်ထောက်ကာ လက်တစ်ဖက်ကို ရင်ဘက်တွင်ကပ်၍ ဆိုလိုက်သည်..." ဟုတ်ကဲ့ပါ စေတီပိုင်ရှင် "

လူစုထဲတွင် ဖြူလျော်သော အနက်ဝတ်လူငယ်က လက်တွင် ပတ်တီးစည်းနေလေ၏။

" မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ... ငါက အဲ့ဒါနဲ့ ကန့်သတ်ခံမှာမဟုတ်ဘူး။ သားရဲအုပ်ကို ငါ့ရဲ့ သိုင်းပညာလမ်းစဥ်မှာ ပထမဆုံးစစ်ဆေးမှု ဖြစ်စေမယ် " အနက်ဝတ်လူငယ်က စိတ်ထဲတွင် ဆိုလိုက်သည်။ သူ၏မျက်ဝန်းတွင် အေးစက်သော အလင်းတစ်ခု တောက်ပသွားလေ၏။

.............................

ခုနစ်ရက်တာ ကြိုတင်ပြင်ဆင်မှုက လုံလောက်လေသည်။ တိုင်းပြည်အချို့သည် ပြိုင်ပွဲဝင်ရန်အတွက် တာဝေးတည်နေရာကူးအစီရင်ကို အသုံးပြုကာ သူတို့၏ တိုင်းပြည်များမှ လူငယ်လက်ရွေးစင်များကို ခေါ်ယူခဲ့ကြလေသည်။

တိုင်အာနတ်မြို့ကမူ ဆုကြေးငွေ ထုတ်ပြန်ပေးခဲ့လေ၏။

ဤပြိုင်ပွဲကြီး ဂုဏ်အမှတ်ကိစ္စ မဟုတ်တော့ပေ။ မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ပထမရရှိသူ မည်သူမဆိုပင် တိုင်အာနတ်မြို့၌ လေ့ကျင့်နေစဥ်အတွင် အရင်းအမြစ်တိုင်းကို အခမဲ့အသုံးပြုနိုင်မည်ဟု တိုင်အာနတ်မြို့၏ မြို့သခင်ကိုယ်တိုင် ကြေညာပေးခဲ့လေသည်။ ထို့အပြင် ထိုသူကို မြို့စားဘွဲအပ်နှင်းကာ မြို့ပေါင်းတစ်ရာ ပေးအပ်မည်ဖြစ်ပြီး အနာဂတ်တွင် တော်ဝင်အိမ်တော်က သူကောင်းပြုသည်ကိုလည်း ခံရပေလိမ့်မည်။ ဥပမာဆိုရသော် တိုင်အာနတ်ကျင့်စဥ် အတွဲတစ်ခုလုံးကိူ အခမဲ့ဖတ်ရှုရန်ပင် ပြဿနာမဟုတ်တော့ပေ။

ထိုဆုလာဘ်က ချဲ့ကားလွန်းသော်လည်း လမ်းပြလူငယ် ပေါ်လာခဲ့ခြင်း တိုင်အာနတ်ပြည်ထောင်၏ ရှင်သန်ရေးကိစ္စ ဖြစ်နေလေ၏။ ထိုကဲ့သို့ ဆုကြေးထုတ်သည်မှာ နားလည်၍ရလေသည်။

ဟုတ်သည်။ မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် တိုင်အာနတ်မြို့၏ ကျင့်ကြံသူများ ပထမရရှိရန်မှာ အလွန်ခဲယဥ်းလေသည်။

တိုင်အာနတ်မြို့၏ ခေါင်းဆောင်ပုဂ္ဂိုလ်များဖြစ်သည့် ယောင်တောက်နှင့် ယန်ချန်တို့ပင် ဤတစ်ကြိမ်တွင် ဖိအားခံစားနေရလေ၏။ လက်ရှိအချိန်၌ သူတို့က ခေါင်မိုးတစ်ခုပေါ်တွင် ဘေးချင်းယှဥ်ကာ ထိုင်နေကြသည်။

" မင်းနဲ့ငါက လေးနှစ်လုံး မတည့်ခဲ့ကြဘူး။ အခုတော့ ငါတို့တွေ အတူတူတိုက်ခိုက်ဖို့ လိုလာပြီ " ယန်ချန် အသက်ပြင်းပြင်း ရှုလိုက်လေ၏။ သူက တော်ဝင်မျိုးနွယ်ဝင်ဖြစ်၍ တိုင်းပြည်အရေးနှင့် ကိုယ်ပိုင်ကံကြမ္မာတို့အတွက် များစွာအားစိုက်ရပေမည်။

မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် သူသာ ပထမရရှိခဲ့ပါက ဘုရင်တစ်ပါး ဖြစ်လာနိုင်မည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားပင် ဖြစ်လာနိုင်လောက်သည်။

" ငါလည်း အခြားတိုင်းပြည်တွေက လူငယ်လက်ရွေးစင်တွေနဲ့ မျှမျှတတ တိုက်ခိုက်ရမှာကို စောင့်မျှော်နေပြီ " ယောင်တောက်က ဓားမောက်ရှည်ကို သုတ်နေရင်းဖြင့် ဆိုလိုက်သည်။

...........

လက်ရှိအချိန်၌ လော့ဟော်အာသည်လည်း တိုက်ခိုက်ရန်အတွက် ဖိတ်ကြားချက်ကို ရရှိခဲ့လေ၏။

" မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ " လော့ဟော်အာ ဘေးကျပ်နံကျပ် ဖြစ်နေသည်။

" မမလေးက ဘာကြောင့်များ တိုင်အာနတ်မြို့ကို ကိုယ်စားပြုတိုက်ခိုက်ပေးပြီး အားလုံးကို ရိုက်မပစ်ရတာလဲ " တုန်းအာက လက်သီးဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

ဘုရင်အဆင့် ပျက်စီးခြင်းသားရဲတစ်ကောင်အား လက်ဗလာဖြင့် ဆွဲဖြဲပစ်ခြင်း ၊ နေရာမျိုးစုံမှ ကျွမ်းကျင်သူများကို ဖျက်ဆီးပစ်ခြင်း စသည်အားဖြင့် လော့ဟော်အာက မကြာခဏ ကြွားဝါကာပြောသည်ကို တုန်းအား ကြားဖူးလေသည်။

တုန်းအာအတွက်မူ ဘုရင်အဆင့် ပျက်စီးခြင်းသားရဲတစ်ကောင်ကို လက်ဗလာနှင့် ဆွဲဖြဲပစ်နိုင်သည့် မမလေးက တိုင်းပြည်မျိုးစုံမှ ပါရမီရှင်များကို ရိုက်ချပစ်နိုင်မည်မှာ သေချာလေသည်။

လော့ဟော်အာတွင် စိတ်ကူးအချို့ ရှိနေဟန်ရသော်လည်း သူမက တစ်စုံတစ်ခုကို ပြန်တွေးမိသွားဟန်ဖြင့် ဆိုလေသည်..." ငါ ဒီအမှိုက်တစ်သိုက်နဲ့ တိုက်ခိုက်ဖို့ကို စိတ်မဝင်စားနိုင်သေးဘူး။ အဲ့ဒါက ငါသိက္ခာကျလိမ့်မယ် "

" ဟမ်..." တုန်းအာ ကြေကွဲသွားရ၏။

တိုက်ခိုက်ရန် ကြုံလာချိန်တိုင်းတွင် လော့ဟော်အာက အကြောင်းပြချက်မျိုးစုံ ပေးလေ့ရှိတတ်ပြီး "သူတို့နဲ့ တိုက်ခိုက်ရင် ငါ သိက္ခာကျလိမ့်မယ် " ဆိုသည်မှာ လော့ဟော်အာ၏ လက်သုံးစကား ဖြစ်လေသည်။

" ထားလိုက်ပါတော့... ငါ သူတို့လိုလူတွေကို အရေးစိုက်နေမှာမဟုတ်ဘူး။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို နေ့တိုင်း လေ့ကျင့်နေရတာ ငြီးငွေ့ဖို့ကောင်းတယ်ဆိုပေမဲ့ ရှိပါစေတော့ " လော့ဟော်အာက ခါးကြောဆန့်ကာ သူ၏ ကောက်ကြောင်းအလှကို ပြသရင်းဖြင့် ဆိုလိုက်လေသည်..." ငါ အိပ်တော့မယ်။ ကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့ "

လော့ဟော်အာက ကုတင်ပေါ်တွင် ပျင်းရိလေးတွဲစွာ ထိုင်နေလေ၏။ ထို့နောက် သူမက ကြယ်သီးအချို့ဖြုတ်ကာ လည်ပင်းတွင်ဆွဲထားသော အဆောင်တံဆိပ်ပြားကို အသာချွတ်လိုက်သည်။ ယင်းက အကာအကွယ်တံဆိပ်ပြား ဖြစ်လေ၏။ သူမက အကာအကွယ်တံဆိပ်ပြားကို တစ်ချက်ထိလိုက်ရာ ငေးငိုင်သွားလေသည်။

" အဖေ သမီးကို ဘယ်အချိန် ပြန်လာခေါ်မှာလဲ။ သမီး အရမ်းပျင်းနေပြီ "

" ဒီလို ထိလွယ်ရှလွယ်အခြေအနေမျိုးမှာ မြို့သခင် ဒါမှမဟုတ် ခုနစ်စင်ကြယ်စေတီပိုင်ရှင်က သမီးရဲ့သရုပ်မှန်ကို ရှာတွေ့သွားခဲ့မယ်ဆိုရင် သူတို့က သမီးကို သူလျှိုလို့ သတ်မှတ်ပြီးတော့ ခုတ်သတ်ကြလိမ့်မယ် "

" အတော်ကို ပျင်းစရာပဲ။ မကြာသေးခင်က သမီး အိပ်မပျော်တဲ့ရောဂါ ရလာတာကြောင့် အတော်ကို ဒုက္ခရောက်နေရတယ် "

လော့ဟော်အာက အကာအကွယ်တံဆိပ်ပြားကို လည်ပင်းတွင် ပြန်ဆွဲလိုက်ပြီးနောက် အိပ်ယာပေါ်တွင် ညင်သာစွာ လှဲလိုက်သည်။ များမကြာမီတွင် အခန်းထဲ၌ လော့ဟော်အာ၏ အသက်ရှုသံမှန်မှန် ထွက်ပေါ်လာ၏။

..................

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်နေ၏။ ခုနစ်ရက်တာ ကြိုတင်ပြင်ဆင်ချိန်အတွင်း တောင်ပိုင်းတိုင်းပြည်ဆယ်ခုသည် ၎င်းတို့၏ တိုင်းပြည်များထံမှ လူများကို မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲဆီသို့ ပို့ဆောင်ခဲ့လေ၏။

တိုင်အာနတ်မြို့တွင် လက်ရွေးစင်များ ပိုမိုစုစည်းမိလာခဲ့သည်။ ထိုလက်ရွေးစင်များက မောက်မာကြလေ၏။ သူတို့နှင့် သက်ဆိုင်ကြသည့် အဖွဲ့အစည်းများက ယှဥ်ပြိုင်နေကြလေသောကြောင့် သူတို့က အဘယ်သို့များ အေးချမ်းပါမည်နည်း။

မကြာမီတွင် တိုင်အာနတ်မြို့ထဲ၌ ပဋိပက္ခမျိုးစုံ ဖြစ်ပေါ်လာသည်။ ပြဿနာအသေးများက ကြီးမားလာကာ အဖွဲ့အစည်းများ ပါဝင်လာပြီး ပြိုင်ကွင်းထဲတွင် တိုက်ခိုက်ကြသည်အထိ ဖြစ်လာခဲ့သည်။

တိုက်ပွဲများတွင် အနိုင်ရသူနှင့် ရှုံးနိမ့်သူဟူ၍ အမြဲရှိသည်။ တစ်ဖက်က မတော်တဆဖြင့် ပြင်းထန်စွာတိုက်ခိုက်မိပြီး တစ်ဖက်လူ ဒဏ်ရာရသွားခဲ့ပါက မကျေလည်မှုများ ပိုပြင်းထန်လာကြသည်။ နောက်ပိုင်းတွင် ဒဏ်ရာရသူဘက်မှ ရပ်တည်ပေးသူများ ရှိလာခဲ့ပြီး ပြိုင်ကွင်းထဲတွင် တိုက်ပွဲများ ထပ်ဖြစ်ရပြန်၏။

ထို့ကြောင့် မဟာမိတ်အဖွဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ မတိုင်ခင်တွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့လေ၏။ ဒဏ်ရာရသူများ ပိုမိုများပြားလာကာ အခြေအနေများ ပိုမိုတင်းမာလာကြသည်။

မကြာမီတွင် အဖွဲ့အစည်းကြီးများမှ လက်ရွေးစင်များ ဆုံမိကြချိန်တွင် မီးနှင့်ရေပမာ သဟဇာတ မဖြစ်ကြတော့ပေ။ တိုင်အာနတ်မြို့မှ လူများက ထိခိုက်မှုအဖြစ်ဆုံး ဖြစ်လေ၏။

အကြောင်းအရင်းကမူ အခြားအဖွဲ့များမှ လူများက လက်ရွေးစင်နှင့် လက်ရွေးစင်ချင်း တိုက်ခိုက်ကြခြင်းဖြစ်ပြီး တိုင်အာနတ်မြို့တွင်မူ သာမန်တပည့်များသာ များလေသည်။ သာမန်တပည့်များက လက်ရွေးစင်များနှင့် တိုက်ခိုက်ရသည့် ရလဒ်က သိသာလှပေသည်။ အခြေအနေများက ထိန်းမနိုင်သိမ်းမရလုနီးပါး ဖြစ်လာခဲ့လေ၏။

" ကောင်စုတ်လေးက ဘာကြောင့် ထွက်မလာသေးတာလဲ။ ဒီကောင်လေးက စိုးရိမ်ရအောင် အတော်လုပ်တဲ့ကောင် "

နောက်တစ်ရက်တွင် မဟာမိတ်တိုက်ပွဲ ရှိသည်။ ခန်းယန်က ဓားသင်္ချိုင်း၏အပြင်ဘက်တွင် ရှိနေလေပြီး တံခါးကိုဆွဲဖွင့်ချင်စိတ် အကြိမ်အနည်းငယ်ခန့် ဖြစ်နေခဲ့သည်။ သို့သော် ယီယွင် ထိုးသွင်းသိမြင်မှု ရနေသည့်အချိန်တွင် နှောင့်ယှက်မိမည်ကို စိုးရိမ်မိနေလေ၏။

" နောက်ထပ်လေးနာရီ ကြာလို့မှ ဒီကောင်လေး ထွက်မလာရင် ငါ အထဲကိုဝင်မယ်။ ခွေးကောင်လေး ဒီထဲမှာရှိနေတာ ရက်အတော်ကြာနေပြီ။ အပြင်ဘက်မှာ မီးလောင်လုနီးပါး ဖြစ်နေချိန်မှာ သူက ဒီနေရာမှာ သာယာနေတယ်။ ဒီကောင်လေး အထဲမှာ အိပ်နေသလားဆိုတာတောင် ငါ မသိရဘူး။ ဒီကောင်စုတ်က ရှစ်ရက် ၊ ကိုးရက်လောက်အထိ ဘာသောက်ကျိုးနည်းတွေ လုပ်နေခဲ့တာလဲ "

ယီယွင်က ဓားမောက်သင်္ချိုင်းထဲသို့ ဝင်သွားခြင်း သို့မဟုတ် တိုင်အာနတ်ကျင့်စဥ် သို့မဟုတ် ဆန်းကြယ်ပုံရိပ်နည်းစနစ်ကို လေ့လာသုံးသပ်ရန် သီးခြားလေ့ကျင့်နေခြင်းမျိုး ဆိုပါက အဆင်ပြေသေးသည်။

ယခုတွင်မူ ထိုကောင်စုတ်က ဓားသင်္ချိုင်းထဲသို့ဝင်ကာ ဓားအကြောင်း လေ့လာနေသည်မှာ ဒေါသထွက်စရာ ဖြစ်လေ၏။

ဓားမောက်အသုံးပြုသူက ဓားပညာ သင်ယူနေသည်မှာ ရူးနေခြင်းသာ မဟုတ်ပေလော။

ခန်းယန်ကို ယီယွင်က အံ့ဩဖွယ်ရာများ တစ်ကြိမ်နှစ်ကြိမ်ခန့် ပေးထားခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ခန်းယန်အဖို့ ထိုကိစ္စကို လျှော်ပစ်လိုက်မည်မှာ ကြာလောက်ချေပြီ။

ခန်းယန်က ဓားသင်္ချိုင်းရှေ့တွင် သဲနာရီတစ်လုံး ချထားလေ၏။ သဲများစီးဆင်းမှု ရပ်သွားခဲ့ပါက သူ ယီယွင်ကို အော်ခေါ်မည်ဖြစ်သည်။ မနက်ဖြန်တွင် တိုက်ပွဲကြီးရှိလေသောကြောင့် သူသည် ယီယွင်ကို ညဘက်တွင် ကောင်းစွာနားစေလို၏။ သို့မှသာ ယီယွင်က အကောင်းဆုံးအခြေအနေတွင် ရှိနေပေလိမ့်မည်။

သဲများစီးဆင်းမှု တစ်ဝက်ခန့်ရောက်ချိန်တွင် ဓားသင်္ချိုင်း၏တံခါး မြည်ဟီးလာကာ ပွင့်သွားခဲ့လေ၏။

" ဒီကောင်လေးက သင်္ချိုင်းတံခါးကို တကယ်ပဲ သူ့ဘာသာ ဖွင့်နိုင်နေတာပါ့လား "

ခန်းယန် တွေးနေချိန်တွင် ကျောက်တံခါး၏ဝင်ပေါက်၌ ယီယွင် ပေါ်လာသည်။

All Chapters