← Chapters

ခေါင်းဆောင်

Vol. 21 Ch. 310

ခေါင်းဆောင်

Vol. 21 Ch. 310

" ဘာဖြစ်လို့လဲ ယီယွင် " ယီယွင် တစ်ခဏမျှ ရပ်သွားလေသောကြောင့် ချူရှောင်းရန်က မေးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ လူအချို့က ငါ့ကို အာရုံစိုက်နေရုံတင်ပါပဲ " ယီယွင်က များစွာတွေးမနေဘဲ ဆိုလိုက်သည်။

" နင့်ကို အာရုံစိုက်နေတာက နားလည်ပေးလို့ရတာပဲလေ။ ပြီးခဲ့တဲ့နှစ် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတုန်းက နင့်ရဲ့ စွမ်းဆောင်ရည်ကို ယွင်လုံနတ်ပြည်ထောင်က လူတွေ သိထားလောက်ကြတာ ဖြစ်မယ် "

တိုင်အာနတ်မြို့၏ အဓိကပြိုင်ဘက်က ယွင်လုံနတ်ပြည်ထောင်၏ စေတီ ၇၂ ခု ဖြစ်လေ၏။ တောင်ပိုင်းတိုင်းပြည်ဆယ်ခုအတွက်ကမူ အဖွဲ့ငယ်ချင်းသာ ယှဥ်ကြပေလိမ့်မည်။

ယီယွင်နှင့် ချူရှောင်းရန်တို့က သူတို့၏ ထိုင်ခုံများဆီသို့သွားကာ ထိုင်လိုက်ကြလေ၏။ တိုင်အာနတ်မြို့မှ ကျင့်ကြံသူများအားလုံး အတူစုစည်းကာ ရှိနေကြပြီး စားပွဲကြီးလေးခု အပြည့်ပင်။ ထိုအထဲတွင် အကြီးအကဲခန်းယန်လည်း ထိုင်နေလေ၏။

ယီယွင် ဘေးပတ်လည်မှ လူများကို တစ်ချက်ကြည့်လိုက်ရာ ဝမ်ယွီ ၊ ချိုးနျို ၊ ယန်ချန် ၊ ယောင်တောက်တို့ကို သတိပြုမိလေသည်။ ယန်ဟောက်ရန်က လက်တစ်ဖက် ဆုံးရှုံးထားသော်လည်း သူ၏စွမ်းအားက တိုင်အာနတ်မြို့၏ ကျင့်ကြံသူများထဲတွင် ထိပ်ပိုင်းနီးပါး၌ ရှိလေသောကြောင့် သူသည်လည်း အရွေးချယ်ခံရသည်။ သို့သော် လော့ဟော်အာကို မမြင်မိပေ။

" လော့ဟော်အာ မလာဘူးလား " ယီယွင်၏အမြင်အရဆိုလျှင် လော့ဟော်အာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် အကြွင်းမဲ့ ပါရမီရှိလေသောကြောင့် သူမ၏စွမ်းအားက ဆိုးရွားမည်မဟုတ်လောက်ပေ။

" လော့ဟော်အာက သူက တိုက်ခိုက်ရေးမှာ ပါရမီနည်းတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူက တိုင်အာနတ်မြို့မှာ အရှက်ကွဲခံမှာမဟုတ်ဘူး " ဘေးမှတစ်ယောက်က ပြောလာသည်။

ယီယွင် အံ့အားသင့်သွားရ၏။ လော့ဟော်အာကဲ့သို့ မိန်းကလေးတစ်ဦးက ဤစကားလုံးများကို ပြောခဲ့လေသလော။

ထိုစဥ်တွင် ခန်းယန်က စကားပြောလာသည်..." အားလုံး နားထောင်ကြ။ တိုက်ပွဲကြီးရဲ့ စည်းမျဥ်းတွေကို ငါ ကြိုတင်ပြီး ပြောပြပေးမယ် "

" ငါတိုနဲ့ ယွင်လုံနတ်ပြည်ထောင်တို့ရဲ့ တိုက်ပွဲက လူတွေအားလုံးကို အဖွဲ့ရှစ်ခု ခွဲလိမ့်မယ်။ ဆယ့်ငါးနှစ်အောက်အတွက် အဖွဲ့လေးခုနဲ့ ဆယ့်ငါးနှစ်အထက်အတွက် အဖွဲ့လေးခု ဖြစ်မယ်။ အဖွဲ့တိုင်းအတွက် ခေါင်းဆောင်တစ်ဦးစီ ရွေးချယ်မှာဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ရှေ့ပြေးတွေပဲ "

" အဖွဲ့တစ်ခုချင်းစီရဲ့ ခေါင်းဆောင်တွေက ထိုင်ခုံနေရာနှစ်ခု ထိန်းထားရလိမ့်မယ်။ ခေါင်းဆောင်ဖြစ်သူ ရှုံးနိမ့်သွားရင် ထိုင်ခုံနေရာတွေ အသိမ်းခံရလိမ့်မယ်။ ဒါကြောင့် ခေါင်းဆောင်နေရာက အရေးအကြီးဆုံးပဲ။ ရှေ့ပြေးတွေအတွက် အဓိကတာဝန်က ခေါင်းဆောင်ကို ကာကွယ်ပေးဖို့ပဲ။ ရှေ့ပြေးတွေက ခေါင်းဆောင်အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်သလို ပြိုင်ဘက်ရဲ့ခွန်အားကိုလည်း စမ်းသပ်ပေးရမယ် "

" လူတိုင်း တစ်ကြိမ်ပဲ ကျရှုံးလို့ရတယ်။ ရှုံးသွားပြီဆိုရင် ထပ်ပြီးတော့ တိုက်ခိုက်လို့မရတော့ဘူး "

" ပြိုင်ဘက်ခေါင်းဆောင်ကို အနိုင်ယူပြီးတော့ ထိုင်ခုံနေရာတွေ ရယူတာအပြင် ဆယ့်ငါးနှစ်အထက်နဲ့ ဆယ့်ငါးနှစ်အောက် အဖွဲ့တွေမှာ မင်းတို့က ပထမရပြီး အဖွဲ့အားလုံးက ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့မယ်ဆိုရင် ငါတို့က အပိုဆောင်း ထိုင်ခုံနေရာတွေ ရနိုင်လိမ့်မယ် " ခန်းယန်က စည်းမျဥ်းများကို စကားလုံး အနည်းငယ်နှင့် ရှင်းပြလိုက်သည်။ ခေါင်းဆောင်က ချီးကျူးဖွယ်ရာ အကျိုးဆောင်မှုကို အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း လူတိုင်း အတပ်ပြောနိုင်ကြသည်။

အခြားသူများကို ရှေ့ပြေးဟု စကားအလှသုံးကာ ခေါ်ဆိုနေကြသော်လည်း စင်စစ်တွင်မူ အသေခံတပ်သား သို့မဟုတ် ကင်းထောက်ရန်သုံးသည့် ကျောက်ခဲများသာ ဖြစ်လေ၏။

" အရင်ဆုံးအနေနဲ့ ဘယ်သူတွေက ခေါင်းဆောင်လဲဆိုတာကို ငါ ကြေညာပေးမယ် " ခန်းယန်က စာလိပ်တစ်ခု ထုတ်ယူလိုက်ရာ လူငယ်လက်ရွေးစင်များ အသက်အောင့်လိုက်ကြလေ၏။

" ဆယ့်ငါးနှစ်အောက် အဖွဲ့တွေအတွက် ခေါင်းဆောင်တွေက ချူရှောင်းရန် ၊ ချိုးနျို ၊ ယီယွင် ၊ လီဟုန် "

ခန်းယန်က အမည်တစ်ခု ပြောပြီးတိုင်း တစ်ခဏမျှရပ်သည်။ ယီယွင်၏အမည်ကို ခေါ်လိုက်ချိန်တွင် ယန်ဟောက်ရန်က လက်သီးဆုပ်လိုက်လေ၏။

ထိုကောင်စုတ်က ခေါင်းဆောင်တစ်ဦး ဖြစ်လာချေသည်။ သူက ယီယွင်ကို မုန်းသော်ငြားလည်း ယီယွင်ကို ခေါင်းဆောင်အဖြစ် ရွေးသည်မှာ သင့်လျော်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း သူ သိလေ၏။

ခေါင်းဆောင်များထဲတွင် လီဟုန်က အားအနည်းဆုံး ဖြစ်လေ၏။ သို့သော် သူတို့တွင် အခြားရွေးချယ်စရာလူ အမှန်ပင်မရှိချေ။ ဝမ်ယွီ သို့မဟုတ် လုကျဲအား ခေါင်းဆောင်အဖြစ် ရွေးချယ်၍မရပေ။ ထို့အပြင် လီဟုန်က တိုင်အာနတ်မြို့၏ တတိယနှစ် ကျင့်ကြံသူများထဲတွင် အတော်ဆုံးသူ ဖြစ်လေ၏။

" နောက်ထပ် ဆယ့်ငါးနှစ်အထက် အဖွဲ့တွေအတွက် ခေါင်းဆောင်တွေက ယောင်တောက် ၊ ဟွားယွဲ့ ၊ ဖန်ဟိုင် ၊ ယန်ဟောက်ရန် "

ခန်းယန်က ခေါင်းဆောင်လေးဦး၏ အမည်များကို ကြေညာလိုက်ချိန်တွင် လူတိုင်း အံ့အားသင့်သွားရ၏။ ဘယ်လိုဖြစ်တာလဲ။

ယန်ချန်၏စွမ်းအားက ယောင်တောက်ထက် အနည်းငယ်နိမ့်ပြီး မြေဂုဏ်အဆင့်မှာလည်း ထူးချွန်သည်။ သူက ခေါင်းဆောင်တစ်ဦး ဖြစ်မနေသည်မှာ ထူးဆန်းလေ၏။

" ငါက ခေါင်းဆောင်ပဲ။ ဟားဟားဟား ငါလည်း ခေါင်းဆောင်တစ်ဦးပဲ " ယန်ဟောက်ရန် ဝမ်းသာနေလေ၏။ သူက လက်တစ်ဖက် မဆုံးရှုံးထားလျှင်ပင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူ လက်တစ်ဖက် ဆုံးရှုံးထားရပြီးနောက်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်မှာ မဖြစ်နိုင်တော့ပေ။

ခန်းယန်က ယန်ဟောက်ရန်အား ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်လိုက်တွင် ယန်ဟောက်ရန်မှာ တစ်ဘဝလုံး အုံ့မှိုင်းလာသမျှက နောက်ဆုံးတွင် သက်ဝင်မှုအချို့ ရှိလာခဲ့ပြီဟု ခံစားလိုက်ရသည်။

ခန်းယန်က စာလိပ်အချို့ ထပ်ထုတ်ကာ..." ခေါင်းဆောင်တွေကို ကြေညာပြီးပြီဆိုတော့ အခု ငါက အဖွဲ့တစ်ခုချင်းစီရဲ့ ရှေ့ပြေးတွေကို ကြေညာမယ် "

ယန်ဟောက်ရန်မှာ လက်အောက်မှ လူစာရင်းကိုကြည့်ကာ မှင်တက်မိသွားလေ၏။ အခြားအကြောင်းအရင်း မရှိပေ။ သူ၏ စာရင်းပေါ်မှ လူများက အခြားအဖွဲ့များမှ လူများထက် အားနည်းနေခြင်းပင်။

ထိုသူများက သာမန်ပါရမီသာ ရှိကြလေပြီး အသက်အရွယ် အားသာချက်ကြောင့် မြေအဆင့် အဆင် ၃၀ မှ ၄၀ အတွင်းသို့ ဝင်နိုင်နေကြခြင်း ဖြစ်လေ၏။ တစ်နည်းအားဖြင့် ဤသူများ အသေခံတပ်သားများ ဖြစ်လေ၏။

သူက အသေခံတပ်သားအဖွဲ့ကို ဦးဆောင်ရမည်လော။ ထိုသို့ဆိုလျှင် သူသည်လည်း အသေခံတပ်သား ဖြစ်သွားချေမည်မဟုတ်ပေလော။

ယန်ဟောက်ရန် အခြားအမည်စာရင်းများကို ကြည့်လိုက်ချိန်တွင် ဆယ့်ငါးနှစ်အထက်မှ အသန်မာဆုံးသူများဖြစ်သည့် ယန်ချန်ကဲ့သို့ လူများအားလုံးက ယောင်တောက်၏ အဖွဲ့ထဲတွင် ပါဝင်နေကြောင်းကို သူ သိလိုက်ရသည်။

အခြားအဖွဲ့များကလည်း အသေခံတပ်သားများသာ ဖြစ်လေ၏။ အသေခံတပ်သားများထဲတွင်ပင် သူက အဆိုးဆုံးဖြစ်နေချေ၏။ သူက စွန့်ပစ်ခံရပြီဖြစ်ကြောင်း ရုတ်တရက်ပင် နားလည်သွားခဲ့သည်။

တိုင်အာနတ်မြို့မှ ရာထူးမြင့်ပိုင်းများက ယောင်တောက်၏အဖွဲ့ထံတွင် ပုံအောထားကြသည်။ ယန်ချန်နှင့် အခြားသူများက ခေါင်းဆောင်မဖြစ်ကြသော်လည်း ၎င်းတို့က ယောင်တောက်၏အဖွဲ့ အနိုင်ရရန် အာမခံချက် ပေးနိုင်လေ၏။

ကျန်သူများကမူ စည်းမျဥ်းကြောင့် အိမ်လာဖြည့်ပေးရခြင်းမျှသာ ဖြစ်လေ၏။

" ငါ့ကို အသေခံတပ်သားတစ်ဦးလို ဆက်ဆံခဲ့တာပါ့လား "

ယန်ဟောက်ရန် နဖူးတွင် သွေးကြောများ ထောင်လာပြီး လက်သီးဆုပ်လိုက်သည်။ သူသာ လက်တစ်ဖက် မဆုံးရှုံးရလျှင် အဘယ်သို့များ အသေခံတပ်သားအဖြစ် အဆုံးသတ်ပါမည်နည်း။

လက်ရှိတွင် ယီယွင်ကလည်း သူ၏အဖွဲ့အတွက် အမည်စာရင်း ရခဲ့လေသည်။ ရှေ့ပြေးလေးယောက်လုံးက ပထမနှစ်များ ဖြစ်ကြလေ၏။ မဆိုးလှသည့် ဝမ်ယွီမှလွဲ၍ ကျန်သူများက အိမ်ဖြည့်ပေးထားခြင်းသာ ဖြစ်လေသည်။

ခန်းယန်က ဆယ့်ငါးနှစ်အောက်မှ အသန်မာဆုံးသူများကို ချူရှောင်းရန်နှင့် ချိုးနျို၏ လက်အောက်သို့ တမင်ပို့ဆောင်ကာ ၎င်းတို့အတွက် အားဖြည့်ပေးထားခဲ့သည်။

လီဟုန်၏အဖွဲ့ကလည်း ယီယွင်နှင့် မတိမ်းမယိမ်းသာ ရှိလေသည်။ ယင်းသည် စွန့်ပစ်ခံရသည့် နောက်တစ်ဖွဲ့ဖြစ်ကြောင်း ရှင်းလင်းလှလေ၏။

လီဟုန်အဖွဲ့တွင် အနည်းငယ်ပိုမိုကာ သန်မာသူများကို ထည့်ပေးထားသည်မှာ ယွင်လုံနတ်ပြည်ထောင်ကလည်း တူညီသောဗျူဟာကို အသုံးပြုလာမည်အား စိုးရိမ်မိသောကြောင့်ပင်။ အသေခံတပ်သားချင်း ဆုံတွေ့မိချိန်တွင် သူတို့၏ အသေခံတပ်သားများက အားနည်းနေလျှင် ပြိုင်ဘက်ဖြစ်သူ၏ အသေခံတပ်သားများထံတွင် ရှုံးနိမ့်ကာ အလဟဿ ဖြစ်ရပေလိမ့်မည်။

တိုင်အာနတ်မြို့မှ ရာထူးမြင့်ပိုင်းများက ဆယ့်ငါးနှစ်အောက် အဖွဲ့များကို ယုံကြည်ချက်ပိုရှိလေသောကြောင့် ထိုနည်းလမ်းဖြင့် ထိုင်ခုံနေရာများ ပိုမိုရရှိနိုင်ရန် မျှော်လင့်ထားကြသည်။ ဆယ့်ငါးနှစ်အထက် အဖွဲ့များအတွက်မူ တစ်ဖွဲ့ကိုသာ အနိုင်ရရန် မျှော်မှန်းထားလေ၏။

လီဟုန်မှာ အမည်စာရင်းကိုကြည့်ကာ သုန်မှုန်နေလေ၏။ သူ ယီယွင်၏ အမည်စာရင်းကို ကြည့်လိုက်လေရာ ယီယွင်၏ ငယ်သားများကလည်း ကောင်းသည်မရှိပေ။

သို့သော် လီဟုန်က မကျေနပ်နိုင်ပေ။ ရာထူးမြင့်ပိုင်းများ၏ ရည်ရွယ်ရင်းကို သူ ခန့်မှန်းမိသည်။ သူတို့သည် ယီယွင်က ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဟု ယုံကြည်ထားခြင်းကြောင့် ယီယွင်ကို အားနည်းသူများ ပေးထားခြင်းသာ ဖြစ်ရမည်ဟု သူက ယူဆထားသည်။

လီဟုန် အံကျိတ်ကာ..." အရူးအိုကြီးတွေက လူတွေကို အထင်သေးလွန်းတယ်။ ငါတို့ကို အသေခံတပ်သားလို ဆက်ဆံပြီးတော့ ယီယွင်ကို သူရဲကောင်းဖြစ်စေချင်နေတယ်။ ဟမ့်... သူရဲကောင်းတစ်ဦး ဖြစ်လာဖို့က လွယ်မှာမဟုတ်ဘူး "

လီဟုန်က ယွင်လုံနတ်ပြည်ထောင်ဘက်ခြမ်းသို့ ကြည့်လိုက်သည်။ မြွေနှင့်လူငယ်က အပေါင်းအဖော်များနှင့်အတူ ပျော်ရွှင်စွာ စကားပြောနေ၏။

မြွေနှင့်လူငယ်၏ တည်ငြိမ်မှုကို မြင်သောအခါတွင် လီဟုန်က နှစ်ခါကျိတ်ရယ်ကာ..." တိုင်အာနတ်မြို့ရဲ့ စီစဥ်မှုက ငါ့ဆန္ဒနဲ့ အံကျပဲ။ အခုဆို ငါ့အစီအစဥ်က လုပ်ရတာ ပိုလွယ်သွားပြီ။ စောင့်နေလိုက်တော့ ယီယွင်ရေ "

အဖွဲ့များ ဖွဲ့ပြီးသည့်နောက် မွေးနေ့ဧည့်ခံပွဲ စတင်လေသည်။

မြို့သခင်က အပြာရောင်ဝတ်ဆင်ထားပြီး ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ နံဘေးမှ ဂုဏ်သရေရှိထိုင်ခုံတွင် ထိုင်နေလေ၏။ သူက အဖွဲ့မျိုးစုံမှ လူငယ်များကို ပြုံးကာကြည့်နေသည်။

တိုင်အာနတ်မြို့၏ အစီအစဥ်များကို သိရှိထားသည့် ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ရယ်မောကာဆိုသည်...." မြို့သခင်ကတော့ စိတ်ဓာတ်ခိုင်မာတာပဲ။ ခင်ဗျားက ဒီလိုအခြေအနေမျိုးမှာတောင် ပြုံးနေသေးတယ် "

" ခင်ဗျားလည်း အတူတူပါပဲ " မြို့သခင်က ဆိုသည်။

ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ စကားများက ချီးကျူးနေဟန် ထင်ရသော်လည်း စင်စစ်တွင်မူ မြို့သခင်ကို ပြက်ရယ်ပြုနေခြင်းသာ ဖြစ်လေ၏။ ဤကဲ့သို့ ဗျူဟာမျိုးကို ဂုဏ်သိက္ခာရှိသည်ဟု မဆိုနိုင်ပေ။

မြို့သခင်က ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ ပြက်ရယ်ပြုစကားကို မကြားလိုက်သည့်အလားပင် ပြောလေသည်..." ခင်ဗျားရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးက အနိုင်ပွဲအတွက်ဆိုတော့ စစ်သည်စီစဥ်ပေးချိန်မှာ ဗျူဟာအချို့ ထည့်ရမှာပဲလေ "

" ကံဆိုးချင်တော့ အကြွင်းမဲ့စွမ်းအားရဲ့အောက်မှာ ဘယ်ဗျူဟာကမှ အသုံးမဝင်ဘူး "

ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ အပြုံးများ အေးစက်သွားခဲ့ကာ..." ကျုပ်ရဲ့ ယွင်လုံစေတီ ၇၂ ခုရဲ့ တပည့်တွေက ပြိုင်ကွင်းကို အပြောင်ရှင်းပစ်မှာကို ခင်ဗျား မြင်ရလိမ့်မယ် "

" ဒါဆိုလည်း ကျုပ် စောင့်ကြည့်နေပါ့မယ် "

.......................

မွေးနေ့ဧည့်ခံပွဲတွင် ဟင်းပွဲများက ဟန်ပြသာဖြစ်လေ၏။ မဟာမိတ်အဖွဲ့ပြိုင်ပွဲကိုသာ စိတ်ရောက်နေကြလေသောကြောင့် တူကောက်ကိုင်သူများက များစွာမရှိပေ။

ယီယွင်က သူ၏အဖွဲ့မှ လူလေးယောက်ကို ခေါ်ဆောင်ကာ ပြိုင်ပွဲဝင်များနေရာတွင် ဝင်ထိုင်လိုက်လေ၏။ သူတို့၏နံဘေးတွင် ယွင်လုံနတ်ပြည်ထောင်မှ လူများ ရှိနေလေသည်။

ထိုစဥ် ခန္ဓာကိုယ်တွင် ဆေးမှင်ကြောင်များ ပြည့်နေပြီး မြွေတစ်ကောင် ရစ်ပတ်နေသည့် လူငယ်တစ်ဦးက ယီယွင်ဆီသို့ လျှောက်လာလေသည်။

" ယီယွင်မလား။ မင်းက ခေါင်းဆောင်တစ်ဦးပဲ။ ပြီးတော့ ငါလဲ အတူတူပဲ။ ဒါက ပျော်ဖို့ကောင်းမှာပါ။ မင်းမှာရှိတဲ့ ထိုင်ခုံနေရာနှစ်ခုကို ငါ ယူမယ် "

ပြိုင်ပွဲတွင် နှစ်ဖက်လုံးက စိတ်ကြိုက်စိန်ခေါ်ခွင့် ရှိလေသည်။ ပွဲစဥ်အား လက်ခံခြင်းကိုမူ နှစ်ဖက်လုံးမှ ခေါင်းဆောင်များက ဆုံးဖြတ်ရမည်။

မြွေနှင့်လူငယ်က စိန်ခေါ်လာမည်ကို ယီယွင် ခန့်မှန်းထားပြီး ဖြစ်လေသည်။ တစ်စုံတစ်ယောက်က စိန်ခေါ်လာလျှင် သူက လက်ခံမည်သာ ဖြစ်လေ၏။

" မင်းမှာ ထိုင်ခုံနေရာတွေကို ယူဖို့ အစွမ်းအစရှိလားဆိုတာ ကြည့်ကြတာပေါ့ "

ယီယွင်က ဆိုလိုက်လေရာ နံဘေးမှ ဝမ်ယွီမှာ ရင်ထိတ်သွားရသည်။ သူမ၏အမူအရာ ခါးသက်နေ၏။

" သူက ဘယ်သူလဲဆိုတာ သိရဲ့လား စီနီယာ "

ဝမ်ယွီက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့သည်။ သူတို့က ပြိုင်ဘက်များ၏ သတင်းအချက်အလက်များ ရရှိထားလေ၏။

ဆေးမှင်ကြောင်လူငယ်၏ အမည်ပြောင်က မြွေပွေး ဖြစ်လေ၏။ သူက ရက်စက်ကြမ်းကြုတ်ကာ သန်မာသည်။ သူက အသက် ၁၅ နှစ်ထဲသို့ ရောက်ခါစဖြစ်ပြီး ကျင့်ကြံမှုအဆင့်က ယွမ်အုတ်မြစ်ချနယ်ပယ် ချိုးဖျက်ထားသည်။ သူက ယွင်လုံနတ်ပြည်ထောင်၏ ဆယ့်ငါးနှစ်အောက်များထဲတွင် အခက်ခဲဆုံးလူများထဲမှ တစ်ဦးဖြစ်လေ၏။

ဝမ်ယွီက ထိုကဲ့သို့ ရက်စက်တတ်သူနှင့် တိုက်ခိုက်လိုခြင်း မရှိပေ။ ထိုသူ၏ရှေ့တွင် သူမက အဆိပ်ပြင်းမြွေတစ်ကောင်ရှေ့သို့ ရောက်ရှိနေသည့် ကြွက်တစ်ကောင်ပမာ ခံစားရလေသည်။ သို့သော် သူမ၏ခေါင်းဆောင်က မြွေပွေး၏ စိန်ခေါ်မှုကို ချက်ချင်းပင် လက်ခံခဲ့လေ၏။

ထိုအဖြစ်ကြောင့် ဝမ်ယွီ မျက်ရည်ကျရန် လုံလောက်သွားချေပြီ။

All Chapters