← Chapters

ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စား

Vol. 21 Ch. 312

ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စား

Vol. 21 Ch. 312

" သောက်ကျိုးနည်း "

ရှောင်ကျန့်၏ စင်အောက်မှ အဖွဲ့ဝင်များ အလွန်ထိတ်လန့်သွားရသည်။ ရှောင်ကျန့်က စွန်းလုံ၏ တိုက်ခိုက်မှုကို ရှောင်ခဲ့ချေ၏။ ထိုသို့ဆိုလျှင် ရှောင်ကျန့်အား မည်သို့ထိသွားလေသနည်း။

သူ၏မျက်နှာပေါ်မှ လက်သည်းခုတ်ချက်က ကြောက်စရာကောင်းလှသည်။ သူ၏မျက်နှာ ပွင့်ထွက်သွားခဲ့ရပြီး အရိုးများပင် ခုတ်ပိုင်းခံထားရဟန် ရှိနေလေသည်။

ထိုသူများ၏နောက်မှ ယီယွင်မှာ သုန်မှုန်နေလေ၏။

စွန်းလုံက ရှောင်ကျန့်ထက် ပိုမိုသန်မာလေပြီး အနည်းငယ်မျှ ဒဏ်ရာပေးကာ အနိုင်ယူ၍ ရလေသည်။ သို့သော် ထိုကောင်က ထိုသို့မလုပ်ခဲ့ပေ။ ထိုကောင်က တိုက်ခိုက်မည့်နေရာများကို ကြိုပြောကာ ရှောင်ကျန့်ကို ပြင်ဆင်ချိန်ပေးခဲ့သည့်တိုင်အောင် ထိုကောင့်၏ တိုက်ခိုက်မှု ထိမှန်နေသေးချေ၏။

ယင်းက စစ်သည်များအတွက် အလွန်ပင် အရှက်ရစရာဖြစ်၏။ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မျက်နှာ အခုတ်ခံလိုက်ရသည်မှာ ကြီးစွာပင် အရှက်တကွဲဖြစ်ရသည်။

အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များ၏ အကြည့်များအောက်တွင် ဤသို့ အရှက်ခွဲခံရသည်မှာ ရှောင်ကျန့်အား မြေပြင်ပေါ်တွင် ဖိနောင့်နှင့် ပေါက်နေသည်နှင့် မခြားပေ။

ဤကိစ္စက ရှောင်ကျန့်၏ သိုင်းပညာလမ်းစဥ်အပေါ် ယုံကြည်ချက်ကို ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် စိတ်နတ်ဆိုးပင် ဖြစ်လာနိုင်သည်။

ရှောင်ကျန့်၏ ဒဏ်ရာများ ပျောက်ကင်းသွားလျှင်ပင် စိတ်ဒဏ်ရာကိုမူ ဖယ်ရှားရခက်ပေလိမ့်မည်။ ဤသို့လုပ်ရပ်က မကောင်းဆိုးဝါးဆန်သော လုပ်ရပ်တစ်ခုသာ ဖြစ်လေ၏။

" ရှောင်ကျန့်... အရှုံးပေးပြီး ဆင်းလာခဲ့ "

ယီယွင် မတ်တက်ရပ်လိုက်၏။ တိုက်ပွဲရလဒ်က သိသာနေပြီ ဖြစ်လေ၏။

ယခင်က ရက်စက်သောတိုက်ပွဲများနှင့် ကျွမ်းဝင်မှုမရှိသော သခင်လေးများနှင့် သခင်မလေးများအတွက် သွေးအနည်းငယ်ခန့် စွန်းထင်းမိသည်မှာ ကောင်းသော်ငြားလည်း အတိုင်းအတာထက် ကျော်လွန်သွားလျှင်မူ မကောင်းတော့ပေ။ ဤအတိုင်း ဆက်သွားနေပါကာ ရှောင်ကျန့်၏စိတ်ထဲတွင် နတ်ဆိုး ပေါ်လာပေလိမ့်မည်။ ထိုစိတ်နတ်ဆိုးက အနာဂတ်တွင် ရှောင်ကျန့် အဆင့်ချိုးဖျက်နိုင်ခြင်းမရှိအောင် လုပ်ဆောင်ပေလိမ့်မည်။

ရှောင်ကျန့်က မျက်နှာကို အုပ်ထားသည်။ သူ၏ပါးစပ်နှင့် မျက်နှာညာဘက်ခြမ်း ပွင့်ထွက်နေ၏။ သူ ပါးစပ်ဖွင့်ရန်ပင် ကြီးစွာကြိုးပမ်းနေရလေသောကြောင့် စကားမပြောနိုင်ပေ။ သို့သော် ထိုအခိုက်တွင် သူ ဝေဝါးသောပုံရိပ်ကို မြင်လိုက်ရပြီး ညာဘက်လက်နှင့် ညာခြေထောက်တို့ အေးခနဲ ဖြစ်သွားလေ၏။ ထို့နောက်တွင်မူ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာ၏။

အား...။

ရှောင်ကျန့် ဟစ်အော်လိုက်ရသည်။ သူ ညာလက်နှင့် ညာခြေထောက်တို့မှ အရွတ်အကြောများ ခုတ်ပိုင်းခံလိုက်ရလေ၏။

စွန်းလုံက သတ္တုလက်သည်းပေါ်မှ သွေးစများကို လျှာနှင့်သပ်ကာ ဗလုံးဗထွေး ရယ်မောလိုက်ပြီး..." ဟားဟားဟား... ငါ မင်းရဲ့ ညာဘက်နဲ့ ညာခြေထောက်က အရွတ်အကြောတွေကို ဖြတ်လိုက်ပြီ။ ငါ့ကတိကို အပျက်မခံပါဘူးကွာ။ ငါက စကားတည်တဲ့သူပါ "

ရှောင်ကျန့်၏ အဖွဲ့ဝင်များ ဒေါသထွက်သွားကြလေ၏။ ထိုကောင်က တစ်ဖက်လူကို ဤအတိုင်းအတာအထိ လုပ်ဆောင်ကာ တရားလွန်ပြနေချေ၏။

" မြင်ရတာ အတော်ကို သနားစရာပဲ "

စွန်းလုံက ခေါင်းယမ်းလိုက်လေရာ နောက်တွင်ရှိနေသည့် ယွင်လုံနတ်ပြည်ထောင်မှ ကျင့်ကြံသူများ စတင်ရယ်မောကြလေ၏။

" ဒါက တိုင်အာနတ်မြို့ရဲ့ စစ်သည်တစ်ဦးလား။ ဒီကောင်က ခွေးတစ်ကောင်နဲ့ မခြားပါ့လား။ ယွင်လုံစေတီ ၇၂ ခုက ငါတို့နဲ့ တန်းတူထားပေးလိုက်တာ အရှက်ရစရာပဲ "

မြွေပွေးက ယီယွင်ကိုကြည့်ကာ လက်မ အောက်ဆိုက်ပြလိုက်သည်။

“ အားနည်းတယ် ’’

အဖွဲ့တိုင်း၏ အဖွဲ့ဝင်အားလုံးက ဆယ်ကျော်သက်များဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်အား အထင်ကြီးတတ်သည့်အရွယ် ဖြစ်လေသည်။ ဤပုံစံဖြင့် အရှက်ခွဲခံရလျှင် သူတို့အဖို့ အရှက်ကွဲရခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို အတိုင်းအတာတစ်ခုအထိ ခံစားရပေမည်။

ယီယွင်က စင်ပေါ်မှ စွန်းလုံကိုကြည့်ကာ..." မင်းရဲ့အမည်က စွန်းလုံ မလား "

" ဟုတ်တယ်... မင်း ငါ့အမည်ကို ကောင်းကောင်းမှတ်မိသားပဲ " စွန်းလုံက မချိတရိ့ပြုံးလိုက်သည်။ သူက မေးငေါ့ထားပြီး ယီယွင်ကို စိန်ခေါ်ဟန်ဖြင့် ကြည့်နေလေ၏။

ယီယွင်က လက်မှ လက်စွပ်ကို အသာထိကာဆိုသည်..." ငါ သူ့အတွက် အရှုံးပေးပြီးသွားပြီ။ မင်းက သူ့ကို ဘာကြောင့် ဆက်ပြီးတိုက်ခိုက်ရတာလဲ "

" မင်းက သူ့အတွက် အရှုံးပေးတာတဲ့လား။ အဲ့ဒါကြောင့်ပဲ ငါက ရပ်ပေးရမှာလား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ ဟာသပဲ..."

စွန်းလုံက ယီယွင်ကို ငတုံးတစ်ကောင်ပမာကြည့်ကာ..." မင်းက ခေါင်းဆောင်ဖြစ်နေတာကြောင့်လား။ ပြိုင်ဘက်ကိုယ်တိုင် အရှုံးပေးမှပဲ အကျုံးဝင်တယ်ဆိုတဲ့ ပြိုင်ပွဲစည်းမျဥ်းကို မင်း မသိဘူးလား။ လောလောဆယ်တော့ ဒီကောင် ပါးစပ်ဖွင့်လို့မရတာက အတော်ဆိုးတာပဲ... ဟားဟားဟား "

နောက်တွင်ရှိနေသည့် မြွေပွေးနှင့် အခြားသူများကလည်း ရယ်မောကြလေ၏။

" ရှီး... မင်းရဲ့အကြည့်က ကြောက်ဖို့ကောင်းလိုက်တာ "

ယီယွင်၏ တည်ငြိမ်သော မျက်ဝန်းထံတွင် သတ်ဖြတ်လိုစိတ်တစ်ခု ရှိနေသည်ကို စွန်းလုံ မြင်လိုက်ရသည်။ သို့သော် သူက ကြောက်လန့်ခြင်းမရှိဘဲ..." နောက်တစ်ယောက်က ဘယ်သူလဲ။ တက်လာခဲ့။ ငါ မင်းရဲ့မျက်နှာ ဘယ်ဘက်ခြမ်း ဒါမှမဟုတ် ညာဘက်ခြမ်းကို ဖျက်ဆီးပေးသင့်လား "

" မင်းက သေချင်နေတာပဲ။ ငါ ရှောင်ကျန့်အတွက် လက်စားချေမယ် "

တိုင်အာနတ်မြို့မှ လူငယ်များက အားနည်းကြသော်လည်း စွန်းလုံ၏ ရန်စကားများကြောင့်သွေးဆူလာကြပြီး သည်းမခံနိုင်ကြတော့ပေ။

လူငယ်တစ်ဦးက စင်မြင့်ပေါ်သို့ ခုန်တက်တော့မည့်အချိန်တွင် ဝမ်ယွီက တားလိုက်သည်။

" နင် သူ့ကို မယှဥ်နိုင်ဘူး။ တက်သွားရင် ဒီကောင် ဟန်ရေးပိုပြတာပဲ အဖက်တင်လိမ့်မယ် "

ဝမ်ယွီ အံကျိတ်ထားသည်။ စွန်းလုံကို သူမကိုယ်တိုင် တိုက်ခိုက်ရန် ပြင်လိုက်လေ၏။ ပြိုင်ဘက်ဖြစ်သူက သူမထက် အသက်ကြီးလေသောကြောင့် သူမသည်လည်း ကြီးမားသောဖိအားကို ခံစားနေရသည်။

" ရှီး... အတော်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပဲ။ မင်း တက်လာချင်တာလား။ ငါသာ မင်းရဲ့ မျက်နှာလှလှလေးကို စုတ်ဖြဲပစ်လိုက်မယ်ဆိုရင် စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မှာပဲ "

စွန်းလုံ၏စကားကြောင့် ဝမ်ယွီ ပိုမိုကာဒေါသထွက်လာ၏။

သို့သော် ထိုအခိုက်တွင် သူမ၏နားထဲသို့ ယီယွင်၏အသံ ရောက်လာသည်..." ရန်စကားတွေကြောင့် မင်းရဲ့စိတ်က စင်ပေါ်မတက်ခင်ကတည်းက မတည်ငြိမ်တော့ဘူး။ မင်းသာ ဒီပုံစံအတိုင်း တိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့ထက် ရှုံးဖို့က အခွင့်အရေးပိုများတယ် "

" ငါ..."

ဝမ်ယွီက ယီယွင်ကို မကျေနပ်ဟန်အချို့ဖြင့် လှမ်းကြည့်လိုက်သည်။ ယီယွင်သာ ပုံမှန်မဟုတ်သည့်အဖွဲ့၏ စိန်ခေါ်မှုကို လက်မခံခဲ့ပါက အစပိုင်းမှာပင် ဤသို့အခြေအနေ ရောက်လိမ့်မည်မဟုတ်ဟု သူမက ခံစားရသည်။

" စင်အောက်မှာပဲနေ " ယီယွင်က စင်မြင့်ပေါ်သို့ လျှောက်သွားလေ၏။

" စီနီယာယီ "

ဝမ်ယွီ အေးခဲသွားလေ၏။ အဖွဲ့ခေါင်းဆောင်က နောက်ဆုံးမှသာ စင်မြင့်ပေါ်သို့ တက်သင့်လေသည်။ စင်မြင့်ပေါ်သို့ စောစီးစွာတက်ပြီး ရှုံးခဲ့လျှင် လုံးလုံးလျားလျားပင် ရှုံးနိမ့်သွားပေလိမ့်မည်။ ယင်းသည် စစ်တုရင်ပွဲတွင် ဘုရင်အရုပ်က စစ်ပွဲထဲသို့ ဝင်လာသည်နှင့် ဆင်တူလေသည်။

သူမက ယီယွင်ကို တားချိန်မရလိုက်ပေ။ ယီယွင်က စွန်းလုံ၏ရှေ့သို့ ရောက်နေပေပြီ။

စွန်းလုံက ယီယွင်ကို အထင်သေးစွာကြည့်ကာ..." မင်းက ခေါင်းဆောင်တစ်ဦးဆိုပေမဲ့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးပဲ။ မင်း ဒီပေါ်ရောက်လာပြီဆိုတော့ ထွက်သွားလို့မရတော့ဘူး "

မြွေပွေးကလည်း ယီယွင်ကို အထင်သေးစွာ ကြည့်နေသည်။ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ထိုကောင်က စင်မြင့်ပေါ်သို့ စိတ်လိုက်မာန်ပါ တက်၍မရပေ။ ယမန်နေ့က ဝတ်ရုံနှင့်လူနှစ်ဦးက ဤငတုံးကောင်ကို အမှန်တကယ်ပင် မနာလိုနေချေ၏။ ပျက်စီးခြင်းအရိုးအမတေ တစ်အိတ်အား အလွယ်တကူပင် ရခဲ့ချေပြီ။

စွန်းလုံက ယီယွင်နှင့် တိုက်ခိုက်ချင်နေခဲ့သည်။ ငါးဖားလောင်းအချို့ကို အနိုင်ယူရသည်မှာ အဓိပ္ပါယ်မရှိပေ။ ယီယွင်ကို အနိုင်ယူမှသာ ထိုင်ခုံနေရာ ရရှိနိုင်ပေမည်။

" မင်းရဲ့ဓားမောက် ဘယ်မလဲ။ ထုတ်လိုက် "

" အိုး... မင်းက ငါ ဓားမောက်သုံးတာကို သိတဲ့အထိ ငါ့အကြောင်းကို သေချာသိထားပုံပဲ။ ထိုက်တန်တဲ့ပြိုင်ဘက် ဒါမှမဟုတ် အားကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ချိန်မှပဲ ငါ့ဓားမောက်ကို သုံးတယ်။ သောက်ပိန်းတွေနဲ့ ရင်ဆိုင်ရရင် အများအားဖြင့် ငါက လက်နက်သုံးလေ့မရှိဘူး "

ယီယွင်က အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။

ထိုအပြုံးကြောင့် စွန်းလုံ ရင်ထိတ်သွားရသည်။ ထိုအပြုံးက သူမကြာခဏ ပြုံးလေ့ရှိသည့် အပြုံးနှင့် ဆင်တူနေ၏။

သူ မျက်နှာသုန်မှုန်သွားကာ အံကျိတ်၍ဆိုသည်..." ဘယ်သူက ငတုံးအစစ်လဲဆိုတာ ငါ မင်းကို ပေးသိမယ် "

ယီယွင်က စွန်းလုံ၏ နှုတ်လှန်ထိုးစကားကို အရေးမစိုက်ဘဲ ပြန်တွေးကာဆိုသည်..." ဟုတ်သား... ပြိုင်ပွဲစည်းမျဥ်းက ပြိုင်ဘက်ကိုယ်တိုင် အရှုံးပေးမှပဲ အကျုံးဝင်တယ်လို့ မင်း ပြောခဲ့တယ်မလား။ ပြိုင်ဘက်ကိုယ်တိုင် အရှုံးမပေးရင် ထည့်မတွက်ဘူးမလား "

ယီယွင်က မေးလိုက်ပြီးနောက် စွန်းလုံ တုန့်ပြန်ခြင်းမပြုမီတွင် ယီယွင်က လက်သုံးချောင်းထောင်ပြကာ..." သုံးကွက်... ငါ မင်းရဲ့ မျက်နှာဘယ်ဘက်ခြမ်း ၊ ဘယ်လက် ၊ ဘယ်ခြေထောက်ကို ရိုက်ချိုးမယ် "

" မင်း... မင်းက သေချင်နေတာပဲ " စွန်းလုံ ဒေါသထွက်သွားသည်။ စွန်းလုံ၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး ယီယွင်ကို မမှိတ်မသုန် ကြည့်နေသည်။ သူ ကျားသစ်တစ်ကောင်ပမာ ပြေးထွက်သွားလေ၏။

သို့သော် သူ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးချိန်တွင် ယီယွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

အိုး...။

စွန်းလုံ ကြီးစွာပင် ထိတ်လန့်သွား၏။ ထို့နောက်တွင်မူ သူ့တစ်ကိုယ်လုံး အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။ ရုတ်ခြည်းမှာပင် သူ၏ဘယ်ဘက်ခြမ်း၌ ယီယွင်က တစ္ဆေတစ်ကောင်ပမာ ထွက်ပေါ်လာ၏။

သူ ယီယွင်၏ရင်ဘက်အား လက်သည်းနှင့် ကုတ်လိုက်သော်လည်း သူ၏ခေါင်းအား လက်ကြီးတစ်ဖက် ဖိကျလာသည်ဟု ခံစားလိုက်ရသည်။ ထိုလက်က သူ၏ခေါင်းကို အားပါစွာ ချုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်တွင် လေးထောင်သဏ္ဌာန် သတ္တုတုံးတစ်ခု ကိုင်ထားလေ၏။

ဖောင်း...။

ကျယ်လောင်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ယီယွင်၏ လက်တစ်ဖက်က စွန်းလုံ၏ခေါင်းကို ကိုင်ထားလေပြီး ကျန်တစ်ဖက်ကမူ စွန်းလုံ၏ မျက်နှာဘယ်ဘက်ခြမ်းအား သတ္တုအုတ်ခဲနှင့် ရိုက်ချပစ်ခဲ့လေ၏။

ယီယွင်က အုတ်ခဲကို အသုံးပြုရာတွင် ခွန်အားထိန်ချန်ထားခြင်း မရှိပေ။ ယီယွင်က စွန်းလုံ၏ အရိုးများကို ဖရဲသီးတစ်လုံးအား ရိုက်ခွဲသည့်ပမာပင် ချိုးပစ်ခဲ့လေ၏။

စွန်းလုံ၏ခန္ဓာကိုယ် တုန်ယင်နေ၏။ သူ၏ဦးခေါင်းကို ပေါင်တစ်သောင်း တူတစ်လက်ဖြင့် ထုနှက်လိုက်သည့်ပမာ ခံစားနေရသည်။ သူ၏မျက်လုံးများ ပျာနေကာ နားများ အူနေလျက်ရှိပြီး စိတ်များသည်လည်း ဗလာဟင်းလင်းဖြစ်နေကာ သူက လောကကြီးနှင့် သီခြားဖြစ်သွားသည့်ပမာ ခံစားနေရသည်။ သူ၏ဝိညာဥ်အား ခန္ဓာကိုယ်ထဲမှ နုတ်ယူခံလိုက်ရသည့်ပမာပင်။

ထို့နောက်တွင် စူးဝါးလှသော နာကျင်မှုကြောင့် သူ သတိပြန်ဝင်လာရ၏။

ယီယွင်က ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်ရာ စွန်းလုံ ဒူးထောက်ကျသွားပြီး သွေးအန်လေ၏။

ဝေါ့...။

စွန်းလုံ စားထားသည့်အစာများ အန်ထွက်လာပြီး သွားတစ်ဒါဇင်ခန့်ပါ ပါလာလေ၏။ ယီယွင်၏လက်ချက်ဖြင့် သူ၏သွားများအားလုံး ကျိုးသွားခဲ့ရသည်။

သူ၏ခြေလက်များ အေးခဲနေကာ နားရွက်နှင့် နှာခေါင်းတို့တွင် သွေးများကျဆင်းနေ၏။ သူ၏ မျက်နှာဘယ်ဘက်ခြမ်း လုံးဝပင် ရိုက်ချိုးခံခဲ့ရသည်။ မျက်နှာအရိုးများစွာမှာ အတွင်းဘက်သို့ ချိုင့်ဝင်နေလေ၏။

ယီယွင်က စွန်းလုံကို အေးစက်စက်ကြည့်ကာ..." သေမျိုးတွေက ခေါင်းကို ပြင်းပြင်းထန်ထန် အရိုက်ခံရတဲ့အခါ ပျို့တက်လာပြီး အန်ချကြတယ်။ မင်းလည်း အဲ့ဒီလိုဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ မင်း အရှုံးပေးချင်လား "

ယီယွင်က မေးလိုက်သည်။ စွန်းလုံက ပါးစပ်ဟရန် ကြိုးပမ်းလိုက်သော်လည်း မေးရိုးအဆစ်က လုံးဝပင် ကျိုးနေခဲ့လေရာ မည်သို့များ စကားပြောနိုင်ပါမည်နည်း။

" အိုး... မင်းက အရှုံးမပေးဘူးလား "

ယီယွင်က ခေါင်းညိတ်ကာ..." ငါနားလည်ပြီ "

" ရပ်လိုက်စမ်း "

ထိုစဥ် မြွေပွေး၏ အေးစက်သောအသံ ထွက်ပေါ်လာ၏။

သို့သော် ယီယွင်က ထိုကောင့်ကို အဘယ့်အတွက် ဂရုစိုက်နေရမည်နည်း။

ယီယွင်က စွန်းလုံကို ခွေးသေတစ်ကောင်ပမာ ပစ်ကန်ကာ မြေပြင်တွင် ဝပ်နေအောင် လုပ်လိုက်သည်။ ယီယွင်က အုတ်ခဲကို မြောက်လိုက်ပြီး စွန်းလုံ၏ ဘယ်လက်နှင့် ဘယ်ခြေထောက် ခြေကျင်းဝတ်တို့အား ရိုက်ချိုးပစ်လိုက်သည်။

စွန်းလုံ သွေးပျက်စွာ အော်လိုက်ရ၏။ ယီယွင်ကြောင့် သူ၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့ ကျိုးကြေကာ သွေးအလူးလူး ဖြစ်နေလေ၏။

ယင်းသည် ဒေါသများကို ဖောက်ခွဲပစ်ခြင်း ဖြစ်လေ၏။

All Chapters