← Chapters

မြွေပွေးနှင့် ရင်ဆိုင်ခြင်း

Vol. 21 Ch. 313

မြွေပွေးနှင့် ရင်ဆိုင်ခြင်း

Vol. 21 Ch. 313

အား...အား...အား...။

စွန်းလုံ မြေပြင်တွင် လူးလှိမ့်နေလေ၏။ စစ်သည်တစ်ဦး၏ အားကောင်းသောစိတ်က သတိလွတ်မသွားစေရန် ကာကွယ်ပေးသော်လည်း စွန်းလုံကမူ ထိုသို့လုပ်နိုင်ရန် မဝေးလှတော့ပေ။

သူ၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့က ဖားပြုတ်ကောင်၏ ခြေလက်များနှင့် မကွာလှတော့ပေ။ ယင်းတို့က လုံးဝပင် ပြားကပ်နေလေ၏။

သတ္တုအုတ်ခဲနှင့် ထုချေခံရခြင်းသည် သတ္တုလက်သည်းနှင့် ခုတ်ဖြတ်ခံရသည်ထက် ပိုမိုနာကျင်လေ၏။ ဒဏ်ရာများကလည်း ပိုမိုပြင်းထန်သည်။ ဆေးဝါးကောင်းမျိုးစုံ အသုံးပြုကာ ကုသမည်ဆိုလျှင်ပင် စွန်းလုံ၏ လက်နှင့်ခြေတို့ ပြန်ကောင်းလာရန် အနည်းဆုံး နှစ်ဝက်ခန့် ကြာပေလိမ့်မည်။

လူငယ်ပါရမီရှင်များအတွက် နှစ်ဝက်အချိန်ကာလက တန်ဖိုးကြီးလေ၏။ ထို့ကြောင့် စွန်းလုံ၏ အနာဂတ်တွင် ကြီးထွားမှုကို အတိုင်းအတာအထိ ထိခိုက်သွားစေပေလိမ့်မည်။

" မင်းက သတ်ဖြတ်ခြင်းဥပဒေသကို ကျင့်ကြံနေတာကို ပြောရဲသေးတာလား။ ဒါက အဲ့ဒီမဟာတာအိုကို စော်ကားနေတာပဲ "

သတ်ဖြတ်ခြင်းတာအိုက မဟာတာအိုတစ်ခုဖြစ်ပြီး မဟာတာအိုသုံးထောင်အနက်တွင် အဆင့်မြင့်ပိုင်း၌ ရှိလေသည်။ သတ်ဖြတ်ခြင်းဥပဒေသက ဓာတ်ငါးပါးဥပဒေသ၏အထက်တွင် ရှိပြီး သန့်စင်ယန်ဥပဒေသထက် အားမနည်းပေ။

စွန်းလုံက သတ်ဖြတ်ခြင်းချီ အနည်းငယ်မျှသာ စုဆောင်းမိသည်ကိုပင် သူ့ထံ၌ အကောင်းဆုံး သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ရှိနေသည်ဟုပင် ဆိုနေခဲ့ချေသည်။ ထိုကောင်က စစ်မှန်သည့် သတ်ဖြတ်ခြင်းမဟာတာအိုနှင့် များစွာအလှမ်းဝေးနေသေးလေ၏။

ယီယွင်၏နောက်မှ ဝမ်ယွီ ၊ ရှောင်ကျန့်နှင့် အခြားအဖွဲ့ဝင်များ အံ့အားသင့်လွန်းနေကြသည်။ အဖြစ်အပျက်များက စက္ကန့်အနည်းငယ်ခန့်သာ ကြာခဲ့လေ၏။ စက္ကန့်အနည်းငယ်ခန့်မှာပင် အားကောင်းသော စွန်းလုံမှာ ခွေးသေတစ်ကောင်ပမာ ဖြစ်ခဲ့ရလေသောကြောင့် သူတို့ တုန့်ပြန်ရန်ပင် အချိန်မရခဲ့ပေ။

" ဒါက..."

ရှောင်ကျန့် တံတွေးတစ်လုတ် မျိုချလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ နာကျင်မှုများကိုပင် မေ့သွားရလေ၏။ ယီယွင်က စွန်းလုံ လုပ်ခဲ့သမျှကို ပိုမိုပြင်းထန်သည့် နည်းလမ်းဖြင့် ပြန်လုပ်ခဲ့လေသည်။ လုပ်သမျှတိုင်းက ရှင်းလင်းလွယ်ကူနေလေ၏။

" စီနီယာယီက အရမ်း အားကောင်းတာပဲ " လူငယ်တစ်ဦးက လေးစားကြည်ညိုသည့် အမူအရာနှင့် ဆိုလိုက်သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ယီယွင်သည် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ပထမရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ဆယ်လကြာပြီးနောက်တွင် ယီယွင်၏စွမ်းအားများ ခုန်ပေါက်ကာ တိုးတက်ခဲ့လေသလော သို့မဟုတ် ထပ်မံကာ မတိုးတက်တော့သည်လောကို လူအများ ပဟေဠိဖြစ်နေခဲ့ကြသည်။

ယီယွင် မတိုက်ခိုက်သည်မှာ ကြာခဲ့ပြီဖြစ်၍ လူအများက သံသယဝင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

" သူက သန်မာရုံတင်မကဘူး ရက်စက်တယ် " အခြားလူငယ်တစ်ဦးက ဆိုသည်။ စစ်သည်တစ်ဦးက အပြစ်မဲ့သူတစ်ဦးကို မဆင်မခြင် သတ်ဖြတ်သည်မှာ မမှန်ကန်သော်လည်း ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ရက်စက်ရမည်ဖြစ်၏။ ထိုသို့မဟုတ်ပါက ထိခိုက်ခံစားရခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။

" စီနီယာဝမ်... စီနီယာယီရဲ့ တိုက်ခိုက်မှုတွေက ဒေါသတွေကို ချေဖျက်ပစ်ဖို့ လုံလောက်တယ် " လူငယ်တစ်ဦးက ဝမ်ယွီကို ပြောလိုက်သည်။

ဝမ်ယွီ ငေးငိုင်နေပြီး လက်ရှိတွင် မည်သို့ပြောရမည်မှန်း မသိချေ။ ဝမ်ယွီ၏နံဘေးမှ ရှောင်ကျန့်သည် အကောင်းတိုင်း ရှိနေသေးသည့် ဘယ်လက်သီးအား ဆုပ်ထားလေပြီး မျက်ဝန်းများ တောက်ပနေ၏။

လူအများ အားအနည်းအချိန်တွင် ဆုတ်ယုတ်မှုကို ထိခိုက်ခံစားရရန် လွယ်ကူကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် စိတ်အာယတက်ကြွရန် လွယ်ကူကြလေ၏။

ရှောင်ကျန့်က ထိုအခြေအနေတွင် ရှိနေခဲ့သည်။ သူ့ဘဝ၏ အနိမ့်ဆုံးအချိန်တွင် ယီယွင်က စွန်းလုံကို ရက်စက်စွာ ရိုက်နှက်ခဲ့ခြင်းက ရှောင်ကျန့်၏ နှလုံးသားထဲမှ အရိပ်မဲကို ထွက်ခွာသွားစေခဲ့လေ၏။ ရှောင်ကျန့် အံကျိတ်ကာ တိတ်တဆိတ်ပင် ဆုံးဖြတ်ချက်ခိုင်မာစွာ ချလိုက်လေ၏။

" ကျေးဇူးတင်ပါတယ် စီနီယာယီ ကျုပ် ကြိုးစားမယ်။ တစ်ရက်ကျရင် ကျုပ်ရဲ့လက်တွေကို ခင်ဗျားလိုပဲ အသုံးချမယ်။ ကျုပ်အပေါ် တက်နင်းချင်သူတွေကို သွေးအလူးလူးဖြစ်အောင် ရိုက်ပစ်မယ် "

စင်မြင့်ပေါ်မှ ယီယွင်ကမူ ရှောင်ကျန့်၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို သတိမပြုမိပေ။

သူက အုတ်ခဲပေါ်မှ သွေးများကို သုတ်နေရင်းဖြင့် မြွေပွေးကို ထီမထင်ဟန်ဖြင့် လှမ်းကြည့်နေသည်။ သူ ဤလောကကြီးထဲသို့ ရောက်လာပြီးနောက်တွင် စစ်သည်လောကကြီး၏ စည်းမျဥ်းများနှင့် တစ်စထက်တစ်စ ပိုမိုအသားကျလာခဲ့လေ၏။

မြွေပွေးမှာ အလွန်အရုပ်ဆိုးသော အမူအရာနှင့် ရှိနေသည်။ သူ၏ ပယင်းရောင်မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေလေ၏။

" မင်းက သတ္တိကောင်းသားပဲ။ ငါ့စကားကို လျစ်လျူရှုတဲ့ တန်ရာတန်ကြေးအကြောင်း မင်း သိလာအောင် လုပ်ပေးမယ် "

သူက " ရပ်လိုက်စမ်း " ဟု အော်လိုက်ချိန်တွင် ယီယွင်က နားမထောင်ခဲ့သလို စွန်းလုံအား ရိုက်နှက်ပြီးနောက်တွင် ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် သူ့အား ပြန်ကြည့်နေချေ၏။ ထိုအကြည့်က မြွေပွေးကို ရန်စနေခြင်းပင်။

သူက တစ်စုံတစ်ယောက်၏ ပျက်စီးခြင်းအရိုးအမတေကြောင့် အလုပ်လုပ်ပေးနေရသည့်တိုင်အောင် သူက ယီယွင် ဒုက္ခိတဖြစ်စေရန် အစွမ်းကုန်လုပ်မည်ဖြစ်ပြီး သတ်ပစ်နိုင်ရန်ပင် မျှော်လင့်သည်။

" မင်းက သောက်ရေးမပါတာတွေ အတော်ပြောတာပဲ။ မင်းကိုယ်တိုင် တိုက်ခိုက်မှာလား။ ဒါမှမဟုတ် မင်းရဲ့လက်အောက်ခံတွေ ထပ်သေဖို့အတွက် ဒီနေရာကို စေလွှတ်မလား "

ယီယွင်က စင်မြင့်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး မြွေပွေးကို အထင်သေးနေသည်။ မြွေပွေး၏နံဘေးတွင် ထိုင်နေကြသည့် ယွင်လုံစေတီ ၇၂ ခုမှ ကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြလေ၏။ သူတို့အားလုံးက စင်မြင့်ပေါ်သို့တက်ကာ ယီယွင်ကို အရေခွံစုတ်ပစ်ချင်နေကြပုံပင်။

သို့သော် သူတို့က ခက်ထန်စွာ ကြည့်နေကြရုံပင်။ အကယ်၍ တက်သွားမည်ဆိုလျှင် သူတို့အားလုံး နှစ်ကွက်အတွင်း မရှုမလှ ရှုံးကြရမည်ကို သိကြသည်။

ယီယွင်က အလွန်အားကောင်းလေ၏။ သူတို့အားလုံးက တိုင်အာနတ်မြို့၏ ကျင့်ကြံသူများကို အထင်မြင်သေးကြသော်လည်း ဤအချက်ကိုမူ ဝန်ခံမိလေသည်။

မြွေပွေး၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ မြွေက လျှာတထုတ်ထုတ် ဖြစ်နေလေသည်။

" စိတ်စားစရာပဲ " မြွေပွေး ပြုံးကာ စင်မြင်ပေါ်သို့ သွားခဲ့လေ၏။

စင်မြင်ရှစ်ပတ်လည်မှ ပရိတ်သတ်များ မှင်တက်မိလာကြသည်။ စင်မြင့်ရှစ်ပေါ်မှ ပြိုင်ပွဲများက ချဲ့ကားလွန်းလေသည်။ အခြားစင်မြင့်များတွင် ပထမပြိုင်ပွဲနှစ်ခုပင် မပြီးသေးသော်လည်း စင်မြင့်ရှစ်တွင်မူ တိုက်ပွဲနှစ်ခု ပြီးသွားပြီဖြစ်ပြီး ခေါင်းဆောင်များက တိုက်ခိုက်ရန်ပင် ပြင်နေကြချေပြီ။

ယင်းက မြန်ဆန်လွန်းလေ၏။

ယီယွင်၏ စွမ်းဆောင်မှုများက ပြောင်မြောက်သော်လည်း ဝမ်ယွီနှင့် အခြားအဖွဲ့ဝင်များကမူ ယီယွင်က မြွေပွေးနှင့် ရင်ဆိုင်ရမည်ဖြစ်၍ စိုးရိမ်နေကြဆဲပင်။ အကြောင်းကမူ ကျင့်ကြံမှုအဆင့် ကွာခြားနေခြင်းကြောင့်ပင်။

ပြိုင်ပွဲစည်းမျဥ်းများအရ အသက်ကွာခြားမှု တစ်နှစ်ထက် ကျော်လွန်နေလျှင် အသက်ကြီးသူက ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်ပေးရမည် ဖြစ်လေ၏။ နှစ်နှစ်ကွာခြားလျှင် ကျင့်ကြံမှုအဆင့်အား ပို၍ပင် ဖိနှိမ်ရပေမည်။

နှစ်ပြည့်တိုင်းအတွက် ကျင့်ကြံမှုအဆင့် တစ်ဆင့်ကို ဖိနှိမ်ပေးရမည် ဖြစ်လေ၏။ သို့မှသာ ပြိုင်ပွဲက ဟန်ချက်ညီပေမည်။

ယီယွင်က ၁၄ နှစ်စွန်းစွန်းဖြစ်ပြီး မြွေပွေးကမူ ၁၅ နှစ် ပြည့်ခါစ ဖြစ်လေသည်။ အသက်ကွာဟချက်က တစ်နှစ်ပြည့်ရန် တစ်လလိုသေးသည်။ ထို့ကြောင့် မြွေပွေးက ကျင့်ကြံမှုအဆင့် ဖိနှိမ်ပေးရန် မလိုပေ။ ထိုနှစ်ဦးအကြားတွင် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်နှင့် ယွမ်အုတ်မြစ်ချနယ်ပယ် အတားအဆီး ရှိနေလေသောကြောင့် ဤပြိုင်ပွဲက အတော်ပင် မမျှတပေ။

ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် စစ်သည်တစ်ဦးက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးနှင့် တိုက်ခိုက်ရန်အတွက် တစ်ဖက်လူက သာမန်ညောင်ညဖြစ်နေပါက ပြဿနာမရှိပေ။ သို့သော် ပြိုင်ဘက်က မြွေပွေး ဖြစ်လေ၏။

မြွေပွေးက ပါရမီရှင်တစ်ဦး ဖြစ်သည်သာမက အလွန်တရာလည်း ရက်စက်လေ၏။ အစောပိုင်းက မကျေလည်မှုများကြောင့် မြွေပွေးက ယီယွင်အား အသေသတ်တိုက်ကွက်များနှင့် တိုက်ခိုက်မည်မှာ သေချာလေသည်။

ဝမ်ယွီနှင့် အဖွဲ့ဝင်များ ရင်ထိတ်နေကြသည်။

" ဂရုစိုက်ပါ စီနီယာယီ " စင်အောက်မှ ဝမ်ယွီက တိတ်တဆိတ် ဆိုလိုက်သည်။ သူမက စိုးရိမ်နေပြီး လက်နှစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

လက်ရှိတွင် မဝေးလှသောနေရာမှ လူများကလည်း စင်မြင့်ရှစ်ကို စတင်ကာ အာရုံစိုက်လာခဲ့ကြလေ၏။

" ဘယ်လိုဖြစ်တာလဲ။ သူတို့က ဒီလိုမျိုး စတော့မှာလား "

မူလက ခန်းယန်သည် စားပွဲတစ်ခုတွင်ထိုင်ကာ သေရည်သောက်နေခဲ့လေ၏။ ယီယွင်က မြွေပွေးနှင့် ယှဥ်ပြိုင်တော့မည်ကို မြင်သောအခါတွင် သူ သေရည်ခွက်အား ချလိုက်လေ၏။

ယီယွင်၏ပါရမီက တုန်လှုပ်ဖွယ်ရာဖြစ်သော်လည်း အချိန်နည်းနေသေးလေ၏။ ခန်းယန်က ဤတိုက်ပွဲအတွက် အလွန်ပင် စိုးရိမ်နေမိသည်။ သူ ထိုင်ခုံကို တွန်းဖယ်ကာ စင်မြင့်ရှစ်ဆီသို့ လျှောက်သွားလိုက်လေ၏။

ယီယွင်၏တိုက်ပွဲက မည်သို့အဆုံးသတ်မည်ကို ခန်းယန် မသိပေ။ ယီယွင်၏ပြိုင်ဘက်က ယွမ်အုတ်မြစ်ချနယ်ပယ် ပါရမီရှင်တစ်ဦး ဖြစ်လေ၏။ သူ စင်မြင့်ရှစ်အနီးသို့ သွားနေသည်။ သို့မှသာ ယီယွင် ရှုံးသွားခဲ့လျှင် သူက ကာကွယ်ပေးနိုင်မည် ဖြစ်လေ၏။

စည်းမျဥ်းများကိုမူ အဖိုးကြီးခန်းယန်က အရေးမစိုက်ပေ။ ယီယွင်ကို ကာကွယ်ရေးကသာ အရေးအကြီးဆုံး ဖြစ်လေ၏။

ထိုတိုက်ပွဲကို ခန်းယန် အာရုံစိုက်နေသည်သာမက လီဟုန် ၊ ယန်ဟောက်ရန်နှင့် အခြားသူများကလည်း စင်မြင့်ရှစ်ပေါ်မှ ပြိုင်ပွဲကို သတိပြုမိကြသည်။ ခေါင်းဆောင်များ၏ တိုက်ပွဲ စတင်ချေပြီ။

" စပြီ... ယီယွင်က မြွေပွေးနဲ့ တိုက်ခိုက်တော့မယ် " လီဟုန်က ယန်ဟောက်ရန်ဆီသို့ အသံပို့လွှတ်လိုက်သည်။ ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည့် ယန်ဟောက်ရန်က ပြုံးနေသည်။

သူသည် မြွေပွေး၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ခွန်အားကို သဘောကျလေသောကြောင့် ယမန်နေ့က စွန့်စားကာ မြွေပွေးနှင့် တွေ့ဆုံခဲ့သည်။

မြွေပွေးက စည်းမျဥ်းများ၏ အကန့်အသတ်ကို ဖြတ်နင်းကာ ယီယွင်နှင့် တိုက်ခိုက်ပါက လမ်းကြောင်းမှန်လေသည်။

" ယီယွင်က ပါရမီရှင်တစ်ဦးဆိုတော့ရော ဘာဖြစ်လဲ။ ကြီးထွားလာဖို့ အချိန်မရှိရင် ဘာမှအဓိပ္ပါယ်မရှိဘူး။ မြွေပွေးက ယီယွင်ကို မမေ့နိုင်လောက်တဲ့ အမှတ်အသားတစ်ခု ပေးခဲ့မှာ ကျိန်းသေတယ် "

All Chapters