ငါ့ကိုသတ်
Vol. 1 Ch. 113
ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသည် အပြင်ဘက်မှ ကြည့်လျှင် သာမန် တောင်ကုန်းငယ်လေး တစ်ခုနှင့် မခြားပေ။ ဂူသင်္ချိုင်း၏ ရှေ့ဘက်တွင် ကျောက်နံရံကြီး တစ်ခု ရှိပြီး ကျောက်တုံးကြီး၏ ရှေ့တွင်တော့ ညီညာပြန့်ပြူး နေသော မြေကွက်လပ်ကျယ်ကြီး တစ်ခု ရှိသည်။ မြေကွက်လပ်ကြီးသည် ယခုအခါတွင် လူပေါင်းများစွာဖြင့် ပြည့်နေသည်။ တစ်ချက်ကြည့်ရုံ နှင့်ပင် လူဦးရေ ငါးထောင်၊ ခြောက်ထောင်လောက်ရှိမှန်း သိသာလေသည်။
ကျန်းရီသည် လူခြောက်ထောင်၏ အလယ်တွင် ရပ်နေခဲ့သည်။ မကြာသေးခင် အချိန်က သင်တန်းကျောင်းသည် ကျောင်းသားများ အားလုံးကို စုစည်းကာ ဂူသင်္ချိုင်း အတွင်းရှိ အခြေအနေများကို အကျဉ်းချုံး ပြောပြကာ မှာကြားစရာ ရှိသည်များကို မှာကြားသေးသည်။ သင်တန်းကျောင်းသည် ကျောင်းသားများကို အထဲသို့ ရောက်လျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှူ မလွန်ကဲ လွန်းရန်လည်း သေချာ မှာကြား ခဲ့သေးသည်။ တစ်ယောက်နှင့်တစ်ယောက် ကူညီရိုင်းပင်း ကြရန်လည်း ပါသေးသည်။
ရတနာတွေကို ဘယ်သူက မကြိုက်ပါ့မလဲ။
ရောက်နေကြသော လူအားလုံးသည် ဂူသင်္ချိုင်း အတွင်း အမြန်ဝင်၍ ရတနာများကို ရှာဖွေရန်သာ စိတ်အားထက်သန် နေကြသည်။ လက်ရှိ အခြေအနေတွင် သူတို့သည် ရတနာများသာ ရမည်ဆိုလျှင် သူတို့၏ အဖေရင်းကိုပင် ပြန်သတ်ရဲ ကြလိမ့်မည် ဖြစ်သည်။ ပညာသင်ဘက် တစ်ယောက်ဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာ မလိုပေ။
ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုသည်လည်း လူအုပ်ထဲတွင် ရပ်နေခဲ့ကြသည်။ ကျန်းစွန်းဝူကျိသည် မြေကမ္ဘာအဆင့် ဆေးလုံးအမြောက်အမြားကို သောက်သုံးထားပြီး ဖြစ်၍ ဒဏ်ရာများလည်း အတော်လေး ကောင်းမွန်လာပြီ ဖြစ်ဟန်တူလေသည်။ အပေါ်ယံ အမြင်ဖြင့် ကြည့်လျှင် ထိုနှစ်ယောက်သည် နောက်လိုက်ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကိုသာ ခေါ်လာ၍ အားလုံးမှာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်၊ ဆဋ္ဌမ အဆင့်များသာ ဖြစ်နေကြသည်။ သို့သော် ထိုနှစ်ယောက်သည် လူအယောက် ခုနှစ်ရာကျော်ကို ခေါ်ဆောင်လာကြောင်း ကျန်းရီ သိထားလေသည်။
ကျီထင်ယွီသည် ကျန်းဟန်ရွှေ၊ လမ်ချမ်ချမ့်၊ လျှိဟဲတို့နှင့် အတူရှိ နေလေသည်။ အခြားကျောင်းသားများ သည်လည်း သူ့အဖွဲ့နှင့်သူ ရှိနေကြလေသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် သူတို့၏ ဂိုဏ်းအသီးသီးမှ သူ့ကို မည်သည့် အကူအညီမှ မပေးရ ဟူသော အမိန့်ကြောင့် ကျန်းရီသာလျှင် တစ်ယောက်တည်း ရပ်နေရလေသည်။
ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ မဟုတ်သော အခြားလူများက သူနှင့် ပူးပေါင်းချင်ပါသည် ဆိုလျှင်တောင် ကျန်းရီသည် ငြင်းပစ် ရပေလိမ့်မည်။ ကျန်းစွန်းဂိုဏ်းနှင့် ကျန်းဂိုဏ်းသည် အာဏာစက် ကျယ်ပြန့်လွန်းနေရာ သူတို့၏ သူလျှိုများ ဘယ်လောက်တောင် ပေါများနေမည်ကို မှန်းကြည့်စရာပင် မလိုပါချေ။
ချွင်းချက် တစ်ခုတော့ ရှိနေခဲ့ပေသည်
ကျန်းရီသည် သူ့ကို ကြည့်ရင်း သူ့ထံ တန်းတန်းမတ်မတ် လျှောက်လာနေသော ပုံရိပ် လှလှလေးကို မြင်လိုက်ရပေသည်။ မနာလိုမှု၊ အံ့အားသင့်မှု များဖြင့် ပြည့်နေသော မျက်လုံးပေါင်းများစွာ တို့သည် သူ့ထံကျရောက် လာခဲ့သည်။ အထူးသဖြင့် အငွေ့များပင် ထွက်လုမတတ် ဖြစ်နေသည့် ကျန်းရိလျှို၏ မျက်လုံးတစ်စုံပင်။
"ဆရာမစု ကလည်း ရတနာတွေ ရှာမှာလား"
ခပ်ရေးရေး အပြုံးတစ်ခုသည် ကျန်းရီ၏ မျက်နှာထက်တွင် ဖြစ်တည်လာခဲ့သည်။ ဒီရေခဲ အလှမယ်လေးသည် သူ့နှလုံးသားကို လုံခြုံ နွေးထွေးအောင် လုပ်ပေးရန် အမြဲနည်းလမ်း တစ်ခုခု ရှိနေတတ်သည်။
ဆရာမစုကို ကျန်းရီကို လုံးဝ မကြည့်ချေ။ သူမသည် ရှေ့ရှိ ကျောက်နံရံကြီး ကိုသာ စိုက်ကြည့်နေလိုက်ပြီး ခပ်တည်တည် ပြောချလာခဲ့သည်။
"ဘာလို့လဲ ... ဆရာမ တစ်ယောက် ဖြစ်နေတာနဲ့ ရတနာတွေ ရှာလို့ မရတော့ဘူးလား"
"ရှာလို့ရပါတယ်"
ကျန်းရီသည် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ နဂါးတစ်သောင်း တောင်ကြား၏ ကောင်းကင် ဧကရာဇ်သည် ကန့်သတ်ချက် တစ်ခုသာ ထုတ်ပြန်ထားခဲ့သည်။ ဂူသင်္ချိုင်းသည် နှစ်ငါးဆယ်ကြာလျှင် တစ်ခါ ဖွင့်လိမ့်မည် ဖြစ်ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အောက် မည်သူမဆို ဝင်ရောက်နိုင်ပေသည်။ ကန့်သတ်ချက်ထက် ကျော်လွန်နေပါလျှင် ဂူသင်္ချိုင်းမှ အလိုအလျောက် အပြင်သို့ တွန်းထုတ်ခံရမည် ဖြစ်ပေသည်။ စုလောရွှယ်သည် ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်သာ ရှိသေးရာ သူမသည်လည်း ဝင်၍ ရပေသည်။ ဆရာအချို့ သည်လည်း ဂူသင်္ချိုင်း အတွင်း ဝင်၍ ရတနာ ရှာဖွေကြမည် ဖြစ်သည်။
သို့သော် ကျန်းရီသည် သူ့လေသံကို နှိမ့်လိုက်ကာ ပြောလိုက်သည်။
"တကယ်တော့ ဆရာမစုလည်း ရတနာ ဝင်ရှာလို့ရပါတယ် ... ဒါပေမဲ့ ကျွန်တော်နဲ့ ဝေးဝေးကနေ သွားပါလား ... ကျွန်တော်က တခြားလူတွေနဲ့ အတူ လမ်းလျှောက်ရတာ မကြိုက်ဘူးရယ် ... "
"ဟမ့်"
စုလောရွှယ်သည် မကျေမနပ်သံ တစ်ချက် ပြုလိုက်ကာ ပြောလာခဲ့သည်။
"ဒီဆရာမက သူသွားချင်တဲ့ နေရာ သွားမှာပေါ့ ... ဘယ်သူက မင်းနောက်ကို လိုက်ချင်နေလို့လဲ"
ကျန်းရီ၏ အမူအရာသည် လေးနက် တည်ကြည်သွားကာ စုလောရွှယ် အနီး တိုးကပ်သွားလိုက်ပြီး အသံနှိမ့်၍ ပြောလိုက်သည်။
"ဆရာမစု ... ဒါ နောက်စရာ မဟုတ်ဘူး ... ကျွန်တော့်နောက်ကို လိုက်တာက ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ ဆရာမ သိပါတယ်"
စုလောရွှယ်သည် မျက်နှာလေး တစ်ချက်တောင် ပျက်မသွားပါဘဲ ခပ်တိုးတိုး ပြန်ပြောလာခဲ့သည်။
"ဒီဆရာမက မင်းကို တစ်ခါ သင်ပေးဖူးတယ် မဟုတ်ဘူးလား ... စစ်သည်တစ်ယောက်က အန္တရာယ်ကို မကြောက်ရဘူး ... စိတ်နှလုံးသာ ကြံ့ခိုင်မယ် ဆိုရင် အန္တရာယ်ကို လှေကားတစ်ခုလို သဘောထားပြီး အမြင့်ဆုံးကို ရောက်အောင် သွားရမယ်"
"စုလောရွှယ်"
ကျန်းရီသည် အံကိုကြိတ်ကာ အော်မိတော့သည်။
"ငါမင်းရဲ့ အကူအညီ ကိုရော၊ သနားညှာတာမှု ကိုရော မလိုဘူး ... ငါနဲ့ ဝေးဝေးနေပေးလို့ ရမလား"
"ကျောင်းသားကျန်းရီ"
စုလောရွှယ်သည် နောက်ဆုံးတွင်တော့ ကျန်းရီဘက်သို့ လှည့်လာကာ သူ့အား တည်ငြိမ်စွာ ကြည့်၍ ပြောလာခဲ့သည်။
"ငါတကယ် ရတနာ သွားရှာမှာ"
ကျန်းရီသည် မြို့များ နိုင်ငံများပင် ပျက်စီးသွား စေနိုင်သည်အထိ လှပသော မျက်နှာလေးအား ကြည့်ကာ အသနားခံ သည့်ဟန်နှင့် ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ... ဟုတ်ပြီလား ... ဒါက နောက်စရာ မဟုတ်ဘူး"
"ရွှီ ... "
ထိုအချိန်တွင် ကျောက်တုံး နံရံကြီးသည် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ အလင်းတန်းများသည် တောက်ပလွန်းနေရာ လူတိုင်းသည် မျက်လုံးများအား မှိတ်လိုက် ကြရသည်။
အံ့မခန်းစရာ မြင်ကွင်းတစ်ခုသည် ထွက်ပေါ် လာခဲ့သည်။ အလင်းတန်းများနှင့် အတူ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေသော ကျောက်တုံး နံရံကြီးတွင် တံခါးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ဖြာထွက်နေသော အလင်းတန်း များကြောင့် တံခါးနောက်တွင် ဘာရှိနေမည်ကို ဘယ်သူမှ မသိနိုင်ပေ။
ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသည် ပွင့်သွားခဲ့လေပြီ။
"ဝှစ်"
ကျောက်နံရံကြီး ရှေ့တွင် ရပ်နေသော လူတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုများ ထင်ဟပ် လာခဲ့ကြသည်။ သူတို့သည် အလင်းထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ် သွားကြလေသည်။
"ဝှစ် … ဝှစ် ... ဝှစ်"
လူများစွာတို့သည် ကျောက်တုံး တံခါးထံ တိုးဝင်သွားကြသည်။ မျက်စိတစ်မှိတ် အတွင်း၌ပင် လူရာပေါင်း များစွာသည် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
"သွားပါတော့ ... ကျွန်တော့်နောက်ကို လိုက်မလာနဲ့ ... မဟုတ်ရင် ကျွန်တော့် တစ်ဘဝလုံး ခင်ဗျားကို မိတ်ဆွေအဖြစ် မသတ်မှတ်တော့ဘူး ... "
ကျန်းရီသည် စုလောရွှယ်ကို စူးစူးရဲရဲ စိုက်ကြည့် နေလိုက်သည်။ သူသည် ရှေ့သို့လှည့်ကာ ခုန်၍ တံခါးဆီ ဝင်သွားလိုက်သည်။ သူစောစော ဝင်သွားနိုင်လျှင် ပို၍ လုံခြုံနိုင်ကြောင်း သူသဘော ပေါက်ပေသည်။ မဟုတ်ပါက ကျန်းရိလျှို၏ လူများသာ အရင်ဝင် သွားပါလျှင် သူ့လမ်းကို ကြိုတင် ပိတ်ဆို့ကြမည် ဖြစ်ပြီး သူ့တွင် ရတနာ ရှာရန် အခွင့်အရေးပင် မရလိုက်ပါဘဲ ကြွသွားပေလိမ့်မည်။
ခစ် ... ခစ် ... ဒီကောင်လေးက စိတ်ဆိုးနေရင် တော်တော်လေး ချစ်ဖို့ကောင်းတာပဲ။
စုလောရွှယ်သည် တစ်ချက်ပြုံးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်ကာ ကျန်းရီနောက်မှ တံခါးဆီ လိုက်ဝင်သွား လိုက်လေသည်။
မိန်းမပျက်မ
ကျန်းရိလျှို၏ ကိုယ်သည် တစ်ချက်တောင် ရွေ့မသွားဘဲ စုလောရွှယ်၏ နောက်ကျောကို နာကြည်းခါးသီးစွာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးမှ သတ်ဖြတ်ချင်စိတ် တို့သည် ဖြာထွက်နေပြီး အမှုထမ်း တစ်ယောက်ကိူ လှည့်ကြည့်လိုက်သည်။ ထိုနောက်လိုက်သည် တိတ်တဆိတ် လက်ဟန်ပြ လိုက်သော် ခပ်လှမ်းလှမ်းမှ လူတစ်အုပ်သည် အမိန့်အတိုင်း ဂူအတွင်းသို့ ဝင်သွားကြလေသည်။
"ဝှစ် ... ဝှစ် ... ဝှစ်"
တစ်နာရီ အတွင်းတွင် လူထောင်ပေါင်း များစွာသည် ဂူသင်္ချိုင်း အတွင်း အကုန်ဝင်ရောက် သွားကြပြီ ဖြစ်သည်။ တစ်နာရီကျော် ကြာပြီးသည့်နောက် တံခါးကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလင်းတန်းများပါ ပျောက်ကွယ်သွားခဲ့သည်။ အရာရာသည် ဘာမှ မဖြစ်ခဲ့သည့် အလားပင်။
"ဟူး ..."
ကျောင်းအုပ်ချီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဘေးရှိ ကျောင်းအုပ်လျှို သည်လည်း သက်ပြင်းတစ်ချက် ချကာ ဝမ်းပန်းတနည်း ပြောလာခဲ့သည်။
"ရတနာတွေ သွားရှာကြတဲ့ လူတွေ ဘယ်လောက်များ အသက်ရှင်ကျန်ပါ့မလဲ ... သူတို့ထဲက တစ်ဝက်တောင် ကျန်ပါ့မလား"
***
ဂူသင်္ချိုင်းထဲက အရမ်း ထူးဆန်းတာပဲ။
ကျန်းရီသည် ဝင်လာလိုက်သည်နှင့် ခန်းမကျယ်ကြီးထဲ ရောက်ရှိသွားခဲ့သည်။ ခန်းမကြီးထဲတွင် အလင်းရောင် တဖျတ်ဖျတ် လက်နေသော ဝင်ပေါက် ဆယ်ခုမှ တစ်ပါး ဘာမှ ရှိမနေပေ။ ဝင်ရောက် လာကြသူများသည် တွေဝေမနေဘဲ လမ်းကြောင်း တစ်ခုစီကို ကျပန်းရွေးချယ်ကာ ဝင်ရောက်သွားကြသည်။
"ဒါက အလိုအလျောက် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ပေးတဲ့ ကွန်ရက်တစ်မျိုးပဲ ... မြန်မြန်လုပ် ... သူတို့တွေ ရောက်လာကြတော့မယ် ..."
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူစကား မပြောနိုင်ခင်တွင် နူးညံ့သေးသွယ်သော လက်တစ်ဖက်သည် သူ့ကို နေရာတစ်ခုထံ ဆွဲခေါ်သွားခဲ့သည်။
အလင်းတန်း တစ်ခုသည် ဖြာထွက်လာခဲ့သည်။ ကျန်းရီသည် သူ့မျက်လုံးများကို အလျင်အမြန် ကာလိုက်ရသည်။ သူမျက်လုံးများ ဖွင့်ကြည့် လိုက်သောအခါ သူသည် မရင်းနှီးသော တောအုပ်တစ်ခု အနီး ရောက်ရှိနေခဲ့သည်။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ခြင်း ကသာ ကြီးစိုးနေသည်။
ဒါက တကယ် ထူးဆန်းတဲ့ နေရာပဲ။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် မှောင်ရိပ် သန်းနေသော အဆုံးအစမဲ့ ကောင်းကင်ပြင်ကြီးကို မြင်နေရသည်။ သူသည် ပတ်ဝန်းကျင်ကို အံ့အားသင့် နေရပေသည်။ ရုတ်တရက် သူသည် တစ်ခုခုကို သတိရ သွားခဲ့သည်။ သူသည် ချက်ချင်း ဘေးသို့ လှည့်ကြည့်လိုက်ကာ ဒေါသထွက်လာ ရလေသည်။
"စုလောရွှယ် ... မင်းအသက်ကို မလိုချင် တော့တာလား ... ငါပြောချင်တာက ... မင်းက လူကြီးတစ်ယောက် ဖြစ်နေပြီ ... ဘာလို့ ကလေးလို ပြုမူ နေရတာလဲ"
"ဟားဟား ..."
စုလောရွှယ်သည် မျက်လုံးများ ပြူးသွားကာ ရယ်ချလိုက်သည်။ ထို့နောက် သူမသည် မည်သို့မှ စိတ်အနှောင့်အယှက် မဖြစ်ဟန်နှင့် ပြောလာခဲ့သည်။
"ကျောင်းသားကျန်းရီ ... မင်းအသက်က ဘယ်လောက်လဲ ... မင်းက ဒီဆရာမ ကိုတောင် ဆရာပြန်လုပ် နေတယ်ပေါ့ ... ငါ တောင်စဉ်သုံးထောင်ကို ငါ့ဟာငါ စွန့်စားပြီး ဖြတ်သန်းခဲ့တုန်းက မင်းနို့စို့ အရွယ်လေးပဲ ရှိဦးမှာ ..."
ထိုစကား ပြောပြီးသည်နှင့် စုလောရွှယ်သည် သူမဟာသူမ ရယ်မော၍ ရှက်ရွံစွာ မျက်နှာလွှဲ သွားခဲ့သည်။ ထို့နောက် သူမသည် တစ်ခဏခန့် ရပ်တန့်လိုက်ပြီး ဆက်ပြော လာခဲ့သည်။
"ကျန်းရီ ... မင်းရဲ့ အဓိပ္ပာယ် မရှိတဲ့ အတွေးတွေကို ရပ်လိုက်တော့ ... ငါ စုလောရွှယ်က ဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူး ... မင်းက ငါ့အသက်ကို တစ်ခါကယ်ဖူးပြီး ငါ့ကြောင့် ကျန်းရိလျှိုနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရသေးတယ် ... သူမင်းကို သတ်မှာကို ငါထိုင်ပြီး ကြည့်မနေနိုင်ဘူး ... မင်းငါ့စိတ်ကို ပြောင်းအောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ... မင်းမှာ ငါ့ကို မျက်ခြည်ဖြတ် ထားခဲ့နိုင်စွမ်း မရှိရင် ... ဒါမှမဟုတ် ... ငါ့ကို သတ်နိုင်စွမ်း မရှိရင်ပေါ့ ..."
***