မင်းဆရာကြီးအိမ်တော်သို့ သွားခြင်း
Vol. 19 Ch. 388
ထို့အပြင် သခင်လေးလျန်သည် သခင်မလီနှင့် ယခင်ကတည်းက သိကျွမ်းရင်းနှီးခဲ့ဖူး၏။ ဤသို့တွေးလိုက်လျှင် သခင်လေးလျန်က သခင်မလီအား ဤမျှဂရုစိုက်နေခြင်းသည် နားလည်နိုင်စရာဖြစ်သွားလေသည်။
"ဒါဆို သခင်မလီဘက်ကို ကုန်းကုန်းပဲ ပိုပြီးအာရုံစိုက်ပေးပါဦး။ ကျွန်တော့်ဘက်က ဆရာ့ကို တင်ပြပြီးပါပြီ။ အလွန်ဆုံး မနက်ဖြန်ညနေလောက်မှာ သခင်မလီကို တည်းခိုခန်းကနေ မင်းဆရာကြီးအိမ်တော်မှာ လာနေဖို့ သွားကြိုပါ့မယ်။ အဲ့ဒီမတိုင်ခင်တော့ ကုန်းကုန်းကိုပဲ အားကိုးရပါပြီ"
ဟူကုန်းကုန်းသည် နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။
သခင်မလီကို မင်းဆရာကြီးအိမ်တော်ထဲ ခေါ်ဦးမှာလား။
ယခင်က သူတွေးခဲ့မိသည်မှာ သခင်လေးလျန်သည် သခင်မလီ မြို့တော်သို့ ရောက်လာကြောင်း သိရှိပြီးနောက် သူမအား လျန်အိမ်တော်သို့ ခေါ်ဆောင်သွား၍ နေရာချထားပေးလိမ့်မည်ဟု ဖြစ်သည်။
သို့သော် သူမကို မင်းဆရာကြီးအိမ်တော်သို့ ခေါ်ဆောင်သွားလိမ့်မည်ဟုမူ သူလုံးဝမတွေးခဲ့မိပေ။
မင်းဆရာကြီးအိမ်တော်… ဤနေရာတွင် ဝင်ရောက်နေထိုင်နိုင်သူ အလွန်ရှားပါးလှပေသည်။
ထို့အပြင် မင်းဆရာကြီး၏ ခွင့်ပြုချက်မရှိဘဲ အခြားမည်သူမျှ ဝင်ရောက်နေထိုင်နိုင်မည်မဟုတ်ပေ။
အခြားသူများ မဆိုထားနှင့်၊ မင်းသမီး ၆ကဲ့သို့ ဂုဏ်မြင့်မားပြီး ဧကရာဇ်၏ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူပင် မင်းဆရာကြီးအိမ်တော်သို့ ဝင်နေရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
သခင်လေးလျန်က သခင်မလီအား မင်းဆရာကြီးအိမ်တော်သို့ ဝင်ရောက်နေထိုင်ရန် စီစဉ်ပေးလိုသည်ကို မင်းဆရာကြီးက သဘောတူလိုက်လို့လား။
ဟူကုန်းကုန်းသည် မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့်ရှိနေသော လျန်ချန်းချိုင်ကို ကြည့်လိုက်ပြီး သူ့ခန့်မှန်းချက်ကို စိတ်ထဲတွင် အတည်ပြုလိုက်သည်။
သခင်လေးလျန်က ခုနကပင် ပြောသွားသည် မဟုတ်လား။ သူ မင်းဆရာကြီးထံ အားလုံးတင်ပြပြီးဆိုပြီးလေ။
တကယ်လို့ မင်းဆရာကြီးသာ သဘောမတူခဲ့ရင် သခင်လေးလျန်က ဒီလိုလုပ်ရဲမှာလား။
သခင်မလီ... ဒီအမျိုးသမီးက တကယ်ကိုမရိုးရှင်းဘူးပဲ။
မင်းဆရာကြီးကိုယ်တိုင်ကတောင် သူမကို ဒီလောက်အလေးထားနေတယ်။
မဟုတ်မှ မင်းဆရာကြီးသည် သခင်မလီအား ဤတစ်ကြိမ် သာ့ယန်၏ အခက်အခဲကို ဖြေရှင်းပေးနိုင်မည့်သူအဖြစ် တွက်ချက်မိသောကြောင့်များလား။
ဤအချက်ကို တွေးမိသောအခါ ဟူကုန်းကုန်း၏နှလုံးသားသည် လှုပ်ရှားသွားသည်။
အကယ်၍ သခင်မလီသာ ဤသုံးနိုင်ငံညှိနှိုင်းပွဲ၏သူရဲကောင်းအဖြစ် အမှန်ဖြစ်လာခဲ့လျှင် သူသည်လည်း ထိုအရှိန်အဝါကို ခံစားရနိုင်ခြေများလှသည်...
ဟုတ်ပြီ၊ သခင်မလီ၏ကိစ္စတွင် သူ ပို၍ပင် ဂရုတစိုက်ရှိရပေတော့မည်...
"သခင်လေးလျန် အလေးအနက်ဖြစ်နေပြန်ပါပြီ။ သခင်မလီကို ဂရုစိုက်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ သခင်လေး စိတ်ချပါ။ ကျွန်တော်မျိုး ရှိနေသရွေ့ သခင်မလီဘက်မှာ ဘာမှမဖြစ်စေရပါဘူး"
လျန်ချန်းချိုင်သည် နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလေသည်။
သူသည် ဟူကုန်းကုန်းနှင့် လင်းရှောင်ယွဲ့တို့၏ လမ်းခရီးအခြေအနေအချို့ကို မေးမြန်းပြီးနောက်မှသာ အိမ်တော်ထိန်းလျိုအား ဟူကုန်းကုန်းကို လိုက်ပို့ခိုင်းလိုက်သည်။
ထို့နောက် လျန်ချန်းချိုင်သည် အခန်းထဲတွင် ခံစားချက်ကောင်းမွန်စွာဖြင့်ဟိုဟိုဒီဒီ လမ်းလျှောက်နေလေသည်။
အိမ်တော်ထိန်းလျို ပြန်လာသောအခါ မင်းဆရာကြီးက မင်းသမီး ၆ကို အိမ်တော်သို့ ဖိတ်ခေါ်ခိုင်းသည့်ကိစ္စကို အလျင်အမြန် ပြောပြလိုက်သည်။
အိမ်တော်ထိန်းလျိုသည် ထိုစကားကိုကြားပြီးနောက် အလွန်အံ့ဩသွားသည်။
သူ့သခင်လေးက ဟူကုန်းကုန်းအား ပြောလိုက်သောစကားများကို ပြန်သတိရမိသောအခါ ရုတ်တရက် အနည်းငယ် သဘောပေါက်နားလည်သွားသကဲ့သို့ ရှိသည်။
မင်းဆရာကြီး၏ဂုဏ်ပုဒ်သည် အလွန်မြင့်မြတ်သောကြောင့် သူသည် ထိုဘက်သို့ မတွေးဝံ့ခဲ့ပေ။
ယခုပြန်တွေးကြည့်လျှင် အိမ်တွင်းအမျိုးသမီးမရှိသော မင်းဆရာကြီးအိမ်တော်တွင် တစ်ကိုယ်တည်းအမျိုးသမီးတစ်ဦးကို နေထိုင်ခွင့်ပြုခြင်းသည် အမှန်ပင် မသင့်တော်လှပေ။
သို့သော် မင်းသမီး ၆က မင်းဆရာကြီးအိမ်တော်တွင် နေထိုင်လိုပြီး မင်းဆရာကြီးအား လိုက်နာခစားလိုကြောင်း ဖွင့်ဟပြီးချိန်မှစ၍ မင်းဆရာကြီးသည် မင်းသမီး ၆အပေါ် သည်းခံနိုင်စွမ်း မရှိတော့ပေ။
ယခုမူ မင်းဆရာကြီးသည် သခင်မလီအတွက် မင်းသမီး ၆အား မင်းဆရာကြီးအိမ်တော်သို့ ဝင်ရောက်နေထိုင်ခွင့်ပြုရန် သဘောတူလိုက်လေသည်။
မင်းဆရာကြီးသည် ဤသခင်မလီအပေါ် အလွန်အလေးထားလှပေသည်...
"ဒါဆို မနက်ဖြန်မနက်စောစော ကျွန်တော်မျိုး မင်းသမီး ၆စံအိမ်ကို သွားပြီး မင်းသမီး ၆ကို ဖိတ်ခေါ်လိုက်ပါ့မယ်" အိမ်တော်ထိန်းလျိုသည် သူ့အတွေးများကို သိမ်းလိုက်ပြီး လျန်ချန်းချိုင်အား ပြောလိုက်သည်။
"အင်း" လျန်ချန်းချိုင်က တစ်ချက်အသံပြုလိုက်သည်။
"မင်းသမီး ၆ဘက်က လာမယ်လို့ သဘောတူတာနဲ့ ခင်ဗျား ချက်ချင်းပြန်လာပြီး ကျွန်တော့်ကို ပြောရမယ်။" သူက အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
မင်းသမီး ၆ အိမ်တော်သို့ ဝင်လာမည်မှာ သေချာသွားသည်နှင့် သူသည် သခင်မလီကို တည်းခိုခန်းကနေ သွားကြိုနိုင်ပြီဖြစ်သည်။
ဤသို့ဆိုလျှင် နှစ်ဦးစလုံး အနှောင့်အယှက်ဖြစ်မည် မဟုတ်ပေ။
အိမ်တော်ထိန်းလျိုသည် အရူးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသော သူ့သခင်လေးကို ကြည့်လိုက်ရာ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။
"ဟုတ်ကဲ့ပါ" ထို့နောက် သူသည် နှုတ်ဆက်ကာထွက်ခွာသွားလေသည်။
......
တစ်ချိန်တည်းမှာပင် တည်းခိုခန်းတွင် ညဉ့်နက်နီးပါး ဖြစ်နေလေပြီ။
လင်းရှောင်ယွဲ့သည် ငိုက်မျဉ်းနေရာမှ နိုးလာပြီး သူမ၏ဘေးတွင် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။
သူမ၏ခန္ဓာကိုယ်သည် ခဏမျှ တင်းကြပ်သွားခဲ့သော်လည်း နှာခေါင်းထဲသို့ တိုးဝင်လာသော ရင်းနှီးသည့်ရနံ့ကြောင့် သူမ ပြန်လည်ပြေလျော့သွားစေသည်။
ထို့နောက် သူမ၏လက်သေးသေးလေးများသည် သူမဘေးရှိ အမျိုးသား၏ခါးကိုပင် သိုင်းဖက်လိုက်လေသည်။
ဒီလူ ဘယ်တုန်းက ရောက်လာတာပါလိမ့်။
ရက်ဆက်ခရီးနှင်ခဲ့ရသောကြောင့် ယနေ့ည ရေမိုးချိုးပြီးနောက် သူမ အစောကြီး အိပ်ပျော်သွားခဲ့သည်။
သူမ အိပ်မောကျသွားခဲ့ရာ သူ ဘယ်အချိန်က ကုတင်ပေါ်တက်လာသည်ကိုပင် သတိမထားမိလိုက်ပေ။
ဘေးမှ လီရှောင်သည် လင်းရှောင်ယွဲ့၏လှုပ်ရှားမှုလေးများကြောင့် နိုးလာခဲ့သည်။
လရောင်အောက်တွင် သူ၏နက်မှောင်တောက်ပသော မျက်ဝန်းများသည် အောက်သို့ငုံ့ကျသွားပြီး သူ့ဇနီးငယ်လေး၏နှုတ်ခမ်းထောင့်မှ အပြုံးကို မြင်တွေ့လိုက်ရသည်။
စိတ်ထဲတွင် ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာပြီး လီရှောင်၏ နှုတ်ခမ်းထောင့်များသည်လည်း မထိန်းနိုင်ဘဲ ကော့တက်သွားသည်။
ထို့နောက် သူသည် ခေါင်းငုံ့ကာ လင်းရှောင်ယွဲ့၏နဖူးပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
လင်းရှောင်ယွဲ့က မော့ကြည့်လိုက်သည်။ "ဘယ်တုန်းက ရောက်လာတာလဲ" ဟု သူမက တိုးညှင်းစွာ မေးလိုက်သည်။
မေးပြီးသည်နှင့် သူမသည် လီရှောင်၏ရင်ခွင်ထဲသို့ တိုးကပ်လိုက်သည်။
"မင်း အိပ်ပျော်သွားပြီး မကြာဘူး" လီရှောင်က သူ့လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်ကာ ဇနီးကို ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
"လူတွေ မြင်သွားမှာလည်း မကြောက်ဘူးလား" လင်းရှောင်ယွဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
အိမ်နှင့်ဝေးကွာနေချိန်တွင် သူမ၏ လက်ရှိအဆင့်အတန်းသည် အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူမ၏အခန်းထဲသို့ ယောက်ျားတစ်ဦး ဝင်ရောက်လာသည်ကို တွေ့ရှိသွားပါက သူမ၏ဂုဏ်သိက္ခာ ဆက်ရှိနိုင်ပါဦးမလား။
"ဘာကြောက်စရာ ရှိလို့လဲ။ ကိုယ်က ကိုယ့်မိန်းမကိုဖက်ပြီး အိပ်တာ၊ ဘယ်သူက ဝင်စွက်ဖက်နိုင်မှာလဲ" လီရှောင်က မာနကြီးသောလေသံဖြင့် ပြောလိုက်သည်။
သူသည် လင်းရှောင်ယွဲ့အား ရယ်မောသွားအောင် ပြုလုပ်နိုင်ခဲ့သည်။
"ဒါပေမဲ့ ရှင့်ရဲ့ လက်ရှိအဆင့်အတန်းက ကျွန်မရဲ့ ကိုယ်ရံတော်လေ" ထို့နောက် သူမသည် မိမိ၏ခင်ပွန်းကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
လီရှောင်၏မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။
"မင်းရဲ့ယောက်ျားအဖြစ် ပြောင်းလိုက်လို့လည်း ရတယ်" သူက လေသံခပ်လေးလေးဖြင့် ပြောလိုက်သည်။ သူသည် အနည်းငယ် မကျေမချမ်း ဖြစ်သွားသလို ခံစားလိုက်ရသည်။
သူ့ဇနီးဖြစ်ပါလျက် နမ်းရှုံ့ပွေ့ဖက်လိုသည့်အခါတိုင်း ခိုးကြောင်ခိုးဝှက်နှင့် အလွန်အမင်း သတိထားနေရသည်။
ယခင်ကမူ အခြားယောက်ျားများက သူ့မိန်းမအပေါ် မျက်နှာလုပ်နေသည်ကိုပင် ထိုင်ကြည့်နေခဲ့ရသည်။
ထားပါတော့၊ ဟူကုန်းကုန်းသည် ကုန်းကုန်းတစ်ယောက်ဖြစ်သည်။ သို့သော် ကုန်းကုန်းဖြစ်လျှင်ပင် လက်ခံနိုင်စရာ မရှိပေ။
ဤရက်ပိုင်းအတွင်း သူသည် အကြိမ်ပေါင်းများစွာ တွေးတောခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် သူ့အဆင့်အတန်းကို ဖွင့်ပြလိုက်ပြီး ဇနီးလေး၏အနားတွင် ပေါ်ပေါ်တင်တင် နေထိုင်လိုက်လျှင် ပိုကောင်းမည်ဟု တွေးမိသည်။
သို့မှသာ အမြင်မရှိသောသူများ သူ့ဇနီးအနားသို့ အမြဲတစေ ချဉ်းကပ်နေခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
လင်းရှောင်ယွဲ့ တွေငေးသွားသည်။
လီရှောင် နောက်နေခြင်းမဟုတ်ကြောင်း သတိပြုမိသွားသောအခါ သူမ၏အမူအရာသည် နောက်ဆုံးတွင် လေးနက်သွားသည်။
"မနောက်ပါနဲ့။ ကိုယ်ရံတော်အဆင့်အတန်းက အဲ့ဒီလောက် အာရုံစိုက်ခံရမှာ မဟုတ်ဘူး။ ကျွန်မရဲ့ခင်ပွန်းအဖြစ် ပြောင်းလိုက်မယ်? ရှင်က လူတိုင်းရဲ့အာရုံစိုက်တာလိုချင်နေတာလား"
လီရှောင်သည် တိတ်ဆိတ်သွားသည်။
လင်းရှောင်ယွဲ့၏ သဘောထားကို ရင်ဆိုင်ရသောအခါ အကြောင်းရင်းမရှိဘဲ သူသည် အနည်းငယ် ခံပြင်းသွားသလို ခံစားလိုက်ရသည်။
ဟုတ်သည်၊ ဝန်မခံချင်သော်လည်း ထိုခံစားချက်မှာ ခံပြင်းမှုပင် ဖြစ်သည်။ ဤသို့သော စိတ်ခံစားချက်မျိုးသည် သူ့ထံတွင်ဖြစ်ပေါ်သည်က ရှားသည်၊ သို့မဟုတ် ငယ်စဉ်ကသာ ခံစားခဲ့ရဖူးခြင်း ဖြစ်သည်။
လင်းရှောင်ယွဲ့သည်လည်း ထူးခြားမှုကို လျင်မြန်စွာ သတိပြုမိသွားပြီး သူမ၏လက်သေးသေးလေးဖြင့် လီရှောင်၏ ကျယ်ပြန့်သောကျောပြင်ကို ပုတ်ပေးလိုက်သည်။
"တော်ပါပြီ၊ ခဏလောက် သည်းခံလိုက်ပါဦး။ နောက်ဆို ကျွန်မတို့ အစ်မနဲ့တွေ့ဖို့ အခွင့်အရေးရှာရဦးမှာ မဟုတ်လား။ ဒီကိုလာတာ အပျော်ခရီးထွက်လာတာမှ မဟုတ်တာ"
လီရှောင်၏စိတ်ထဲမှ ခံပြင်းမှုသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
သူသည် လက်ကိုဆန့်ထုတ်ကာ လင်းရှောင်ယွဲ့အား ပို၍ပင် တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
"ယွဲ့အာ—" သူ့အသံထဲတွင် ပြင်းထန်သော စိတ်ခံစားချက်များနှင့် ချုပ်တည်းမှုတို့ ပြည့်နှက်နေသည်။
လင်းရှောင်ယွဲ့သည် လီရှောင်၏ကျောပြင်ကို နောက်တစ်ကြိမ် ပုတ်ပေးလိုက်ပြီး ဆက်လက်မလှုပ်ရှားဝံ့တော့ပေ။
"အိပ်တော့နော်"
လီရှောင်သည် မတတ်နိုင်စွာဖြင့် နောက်ဆုံးတွင် သူ့စိတ်ထဲမှ ပူလောင်မှုကို ချုပ်တည်းလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်...
,,,,,,,
နောက်တစ်နေ့။
လင်းရှောင်ယွဲ့ နိုးလာသောအခါ သူမဘေးတွင် မည်သူမျှ ရှိမနေတော့ပေ။ သူမသည် စိတ်ထဲမှ ဆုံးရှုံးသွားသော ခံစားချက်ကို သိမ်းဆည်းလိုက်ပြီး အိပ်ရာမှ ထလိုက်သည်။
ကျောက်ရှန်းရှန်းသည် ရေနွေးအသင့်ပြင်ထားပြီးဖြစ်သည်။ အစေခံတစ်ဦး ရှိနေသောကြောင့် မကြာမီပင် လင်းရှောင်ယွဲ့သည် မိမိကိုယ်ကို သပ်ရပ်အောင် ပြင်ဆင်ပြီးစီးသွားသည်။
"သခင်မလေး ခဏစောင့်ပါဦး။ ရှန်းရှန်း မနက်စာ သွားယူလိုက်ပါဦးမယ်" လင်းရှောင်ယွဲ့ မျက်နှာသစ်ပြီးစီးအောင် ကူညီပေးပြီးနောက် ကျောက်ရှန်းရှန်းက ပြောလိုက်သည်။
"အင်း" လင်းရှောင်ယွဲ့က အသံပြုလိုက်သည်။
ထို့နောက် ကျောက်ရှန်းရှန်း ထွက်သွားပြီးနောက် သူမသည် အခန်းတံခါးမှ အပြင်သို့ ထွက်လာခဲ့သည်။
ဆောင်းဦးနံနက်ခင်း၏ ရာသီဥတုသည် အေးမြပြီး ခြံဝန်းထဲတွင် အနည်းငယ် စိမ်းလန်းနေသည်။
စိုစွတ်သောလေထုသည် လင်းရှောင်ယွဲ့အား သက်တောင့်သက်သာရှိစေသည်။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ မည်သူမျှမရှိသည်ကို တွေ့သောအခါ သူမ၏ပုံရိပ်ကို ဂရုမစိုက်ဘဲ လက်နှစ်ဖက်ဆန့်တန်းကာ အကြောဆန့်လိုက်သည်။
ထို့နောက် ဆန့်တန်းထားသော လက်များနှင့်အတူ သူမ၏ခါးကို စတင်လှုပ်ရှားလိုက်သည်။
ထိုအချိန်မှာပင် ခြံဝန်းငယ်၏ တံခါးဝတွင် လူတစ်ဦး ပေါ်လာခဲ့သည်။
လျန်ချန်းချိုင်ကို ဦးဆောင်ခေါ်ဆောင်လာသော တည်းခိုခန်းကြီးကြပ်သူသည် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် မေးရိုးပင် ပြုတ်ကျမတတ် အံ့ဩသွားသည်။
မျက်နှာချင်းဆိုင်မှ အမျိုးသမီးသည် မနေ့ကမှ ဝင်ရောက်လာသော ဂုဏ်သရေရှိပြီး မြင့်မြတ်သည့် သခင်မလီ ဟုတ်ရဲ့လား။
လျန်ချန်းချိုင်သည်လည်း လန့်သွားခဲ့သည်။
သခင်မလီသည် တကယ်ကို... သမားရိုးကျသမားမဟုတ်ပေ...
ဟုတ်သည်၊ ရောက်ရှိလာသူများမှာ လျန်ချန်းချိုင်နှင့် တည်းခိုခန်းကြီးကြပ်သူတို့ပင် ဖြစ်သည်။
ပြောရလျှင် ညက လျန်ချန်းချိုင်သည် အိမ်တော်ထိန်းလျိုအား ယနေ့အတွက် ကိစ္စရပ်များကို စီစဉ်ခိုင်းပြီးနောက် တစ်ညလုံး ပျော်င်လွန်းသဖြင့် အိပ်မပျော်နိုင်လုနီးပါး ဖြစ်ခဲ့သည်။
ထို့နောက် ယနေ့မိုးလင်းသည်နှင့် သူသည် အိမ်တော်ထိန်းလျိုအား မင်းသမီး ၆၏ အိမ်တော်သို့ သွားရောက်၍ မင်းသမီး ၆ကို ပင့်ဖိတ်ရန် တိုက်တွန်းလေသည်။
မင်းသမီး ၆ဘက်တွင်မူ သူမအား မင်းဆရာကြီးအိမ်တော်သို့ ဖိတ်ခေါ်သူမှာ မင်းဆရာကြီးဖြစ်ကြောင်း သိရှိသောအခါ သဘောမတူဘဲ ဘယ်နေပါ့မလဲ။
သူမသည် ချက်ချင်းပင် အစေခံများကို ခရီးဆောင်အိတ်များ စတင်ပြင်ဆင်ရန် စီစဉ်လိုက်သည်။
အိမ်တော်ထိန်းလျိုသည်လည်း သတင်းရရှိပြီးနောက် အချိန်မဆွဲဘဲ အိမ်တော်သို့ ပြန်ရောက်သည်နှင့် ထိုသတင်းကို လျန်ချန်းချိုင်အား ပြောပြလိုက်သည်။
ထို့နောက်တွင် လျန်ချန်းချိုင်သည် ဘယ်လိုလုပ် ငြိမ်ငြိမ်ထိုင်နေနိုင်တော့မှာလဲ။ သူသည် မနက်စာပင် မစားရသေးဘဲ တည်းခိုခန်းသို့ ပြေးလာခဲ့သည်။
ထို့နောက် တည်းခိုခန်းကြီးကြပ်သူက သူ့ကို လင်းရှောင်ယွဲ့ထံ ခေါ်ဆောင်လာပြီး လက်ရှိမြင်ကွင်းကိုမြင်လိုက်ရလေသည်။
မူလက သူတို့သည် တိုက်ရိုက်ဝင်လာခဲ့ခြင်း မဟုတ်ပေ။
သို့သော် ဤအချိန်တွင် သခင်မလီ၏ ကိုယ်ရံတော်နှစ်ဦးစလုံးသည် အစားအသောက်ခန်းမဘက်သို့ မနက်စာစားရန် သွားနေကြသည်။
လမ်းတွင် သူတို့သည် သခင်မလီအတွက် မနက်စာ သွားယူသော အစေခံမိန်းကလေးနှင့်လည်း တွေ့ဆုံခဲ့သည်။
သခင်မလီ နိုးနေပြီဖြစ်ကြောင်း အစေခံမိန်းကလေးက ပြောသောကြောင့်သာ သူတို့သည် ခြံဝန်းငယ်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤမြင်ကွင်းကို တွေ့မြင်ရလိမ့်မည်ဟု ဘယ်သူထင်ထားမှာလဲ။
လင်းရှောင်ယွဲ့သည် အကြောဆန့်လေ့ကျင့်ခန်းကို ခဏမျှ ပြုလုပ်လိုက်ရာ ခန္ဓာကိုယ်ထဲတွင် ပိုမို သက်တောင့်သက်သာရှိလာသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူမသည် တစ်စုံတစ်ခု မမှန်ကန်ကြောင်း လျင်မြန်စွာ သတိပြုမိလိုက်သည်။
သူမ လှည့်ကြည့်လိုက်သောအခါ သူမအား ပြုံးပြနေသော လျန်ချန်းချိုင်နှင့် အံ့အားသင့်နေသည့် တည်းခိုခန်းကြီးကြပ်သူကို တွေ့လိုက်ရသည်။
မျက်နှာပေါ်တွင် အနေရခက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားသည်။
လင်းရှောင်ယွဲ့သည် သူမ၏စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး ယခင်က ဂုဏ်သရေရှိမြင့်မြတ်သော သခင်မလီ၏ပုံစံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။
"သခင်လေးလျန်၊ ကြီးကြပ်သူ၊ ကျွန်မ ရိုင်းပြမိသွားပါတယ်" သူမသည် အနည်းငယ် ခါးညွှတ်အရိုအသေပေးလိုက်သည်။
ကြီးကြပ်သူမင်းကြီးသည် ချက်ချင်း သတိပြန်ဝင်လာသည်။
လင်းရှောင်ယွဲ့၏ တည်ငြိမ်အေးဆေးသော အမူအရာကို မြင်သောအခါ သူသည် ယခင်က မြင်တွေ့ခဲ့ရသည်များမှာ အမြင်မှားနေခြင်းလားဟု အနည်းငယ် သံသယဝင်သွားသည်။
"ဟားဟား၊ မနက်စောစောကြီး လာပြီး သခင်မကို အနှောင့်အယှက်ပေးမိသွားပြီ" လျန်ချန်းချိုင်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
သူသည် လင်းရှောင်ယွဲ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
ကြီးကြပ်သူသည် ထိုမြင်ကွင်းကိုတွေ့သော် အလျင်အမြန် နောက်မှ လိုက်ပါသွားသည်။
လင်းရှောင်ယွဲ့၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။
"သခင်လေးလျန် ဒီလောက်အစောကြီး လာတာ အရေးကြီးကိစ္စ ရှိလို့လား"
"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သခင်မ မြို့တော်ကို ရောက်လာပြီကြားလို့ လာကြည့်တာပါ။ ဒီတစ်ခါတည်း သခင်မကို မင်းဆရာကြီးအိမ်တော်မှာ ခဏလောက် လာနေဖို့ ဖိတ်ခေါ်တာပါ" လျန်ချန်းချိုင်က ပြောလိုက်သည်။
သူ့အကြည့်သည် လင်းရှောင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျရောက်နေသည်။
တစ်နှစ်ကျော် မတွေ့ရသော်လည်း သူမသည် သူ့မှတ်ဉာဏ်ထဲမှ ပုံစံအတိုင်းပင် ရှိနေသေးသည်။
အိုး မဟုတ်သေးပါ၊ မှတ်ဉာဏ်ထဲမှာထက်ပင် ပို၍ လှပနေသည်။
အသားအရေသည် ပို၍ဖြူဝင်းလာပြီး၊ ကလေးဆန်မှု အနည်းငယ်လျော့နည်းကာ အမျိုးသမီးတစ်ဦးတွင် ရှိသင့်သော ဆွဲဆောင်မှုများ ပိုမိုရှိလာသည်။
လင်းရှောင်ယွဲ့သည် လျန်ချန်းချိုင်၏အကြည့်ကို မသိမသာ ရှောင်တိမ်းလိုက်သည်။
"မင်းဆရာကြီးအိမ်တော် ဟုတ်လား" ဟု သူမက သံသယဖြင့် မေးလိုက်သည်။
ဟုတ်သည်၊ ယခင်က အန်းယန်ဝမ်စံအိမ်မှ လူများက သူမအား ပြောပြခဲ့ဖူးသည်မှာ လျန်ချန်းချိုင်သည် မင်းဆရာကြီး၏ တပည့်ဖြစ်လာပြီး ယခုအခါ မင်းဆရာကြီးအိမ်တော်တွင် နေထိုင်လျက်ရှိသည်ဟူ၍ပင်။
သူမ မြို့တော်သို့ အခေါ်ခံရခြင်း၏ အကြောင်းရင်းမှာလည်း ဧကရာဇ်ယန်က မင်းဆရာကြီးအိမ်တော်၏ မျက်နှာကို ထောက်ထား၍ သူမအား "ကျေးဇူးတော်" ချီးမြှင့်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် "မင်းဆရာကြီးအိမ်တော်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လင်းရှောင်ယွဲ့၏ စိတ်ထဲတွင် အခြားသော အတွေးအချို့လည်း ပေါ်ပေါက်လာသည်။
သူမခင်ပွန်းဆရာသည် ဤသာ့ယန်ပြည်၏ မင်းဆရာကြီးပင် မဟုတ်လား။
မင်းဆရာကြီးအိမ်တော်သို့ ဝင်ရောက်နေထိုင်ခြင်းသည် သူတို့အနေနှင့် မင်းဆရာကြီးထံ တကူးတက ဆက်သွယ်ရမည့် ဒုက္ခကို သက်သာစေပေမည်။
"ဟုတ်တယ်။ မင်းဆရာကြီးအိမ်တော်က နန်းတော်ထဲမှာပဲ ရှိတာ။ စံအိမ်ထဲမှာကလည်း တိတ်ဆိတ်တယ်။ ဟိုရောက်ရင် မင်းလည်း စိတ်အေးလက်အေးနဲ့ နောက်လာမယ့်ကိစ္စတွေအတွက် ပြင်ဆင်နိုင်တာပေါ့" လျန်ချန်းချိုင်က ပြောလိုက်သည်။ မနက်ဖြန် နန်းတော်ထဲတွင် ပြုလုပ်မည့် စစ်ဆေးမှုအကြောင်းကို သူ လောလောဆယ် ထည့်မပြောသေးပေ။
လင်းရှောင်ယွဲ့သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ သခင်လေးလျန်နဲ့ မင်းဆရာကြီးကို အနှောင့်အယှက်ပေးရပါတော့မယ်"
"ဟားဟား၊ အနှောင့်အယှက်ပေးတယ်လို့ ပြောတာက အရမ်းများလွန်းပါတယ်။ ပြောရရင် သခင်မကို မြို့တော်အထိ ဒီလောက်ဒုက္ခခံပြီး လာခိုင်းတာက ကျွန်တော့်သဘောနဲ့ကျွန်တော် လုပ်လိုက်တာပါ။ သခင်မကသာ ကျွန်တော့်ကို အပြစ်မတင်ရင် ကျေနပ်ပါပြီ"
လင်းရှောင်ယွဲ့၏မျက်နှာထက်မှ အပြုံးသည် အနည်းငယ် လျော့ကျသွားသည်။
ခဏအကြာတွင် သူမသည် ပြန်လည်ပြုံးလိုက်သည်။
"သခင်လေးလျန်က နောက်နေတာပဲ" သို့သော် သူမ စကားပြောသည့်အခါတွင်မူ ယဉ်ကျေးစိမ်းသက်မှု အနည်းငယ် ပိုမိုပါဝင်နေသည်။
လျန်ချန်းချိုင်သည် လင်းရှောင်ယွဲ့၏ အမူအရာပြောင်းလဲမှုကို မည်သို့ သတိမပြုမိဘဲ နေပါ့မလဲ။
မူလက သူ့စိတ်ထဲတွင် ရှိနေသော မျှော်လင့်ချက်အနည်းငယ်သည် ယခုအခါ လုံးဝ ပျောက်ကွယ်သွားလေပြီး ခါးသီးမှုသာ ကျန်ရစ်ခဲ့သည်။
သူမသည် သူ့ကို တကယ်ပင် အပြစ်တင်နေခဲ့ခြင်း ဖြစ်သည်။
သူမသည် မြို့တော်သို့ လာရောက်ရန်နှင့် ဤရှုပ်ထွေးသောရေထဲသို့ ဝင်ရောက်ရန် လုံးဝ စိတ်ကူးမရှိခဲ့ပေ။
ကံမကောင်းစွာဖြင့် ကိစ္စရပ်များသည် ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူ နောင်တရလျှင်လည်း နောက်ကျသွားပေပြီ။
အမှန်တော့ သူသည် နောင်တရခြင်းပင် မရှိခဲ့ပေ။
ဤတစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် သာ့ယန်ပြည်၏ အနာဂတ်ကံကြမ္မာနှင့် သက်ဆိုင်နေသည်။
သူ့စိတ်ထဲတွင် သာ့ယန်ပြည်၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့်သူမှာ သူမတစ်ဦးတည်းသာ ရှိနိုင်ပေသည်။
ထို့ကြောင့် သူမအား စိတ်မကျေမနပ်ဖြစ်စေခဲ့သော်လည်း သူသည် တောင်းပန်ရုံသာ တတ်နိုင်ပေသည်။
နောက်မှပဲ သူသည် အပြစ်ဖြေရန်အတွက် တတ်နိုင်သမျှ ကြိုးစားရှာဖွေရမည်သာ ဖြစ်သည်။
ထိုအချိန်မှာပင် ခြံဝန်းအပြင်ဘက်မှ ခြေသံများ ထပ်မံထွက်ပေါ်လာသည်။
လင်းရှောင်ယွဲ့သည် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ လီရှောင်နှင့် ဖန်ထန်တို့ ပြန်လာသည်ကို တွေ့လိုက်ရသည်။
သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာလေသည်။
လျန်ချန်းချိုင်သည် လင်းရှောင်ယွဲ့၏အကြည့်နောက်သို့ လိုက်ပါကြည့်ရှုလိုက်ရာ ထိုသူနှစ်ဦးကို တွေ့မြင်သွားသည်။
သူ့မျက်ဝန်းများ ကျုံ့သွားသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူ၏ အဆင့်အတန်းကို လျန်ချန်းချိုင်သည် ချက်ချင်းနီးပါး မှတ်မိသွားသည်။
ထိုသူသည် မျက်နှာဖုံးတပ်ထားသော်လည်း ထိုအရပ်အမောင်းနှင့် ထိုအရှိန်အဝါကို သူ မှတ်မိနေပေသည်။
လီရှောင်၊ သူ့ရှေ့မှ အမျိုးသမီး၏ခင်ပွန်း၊ သူပါလိုက်လာခဲ့တာလား။
သူလှည့်ကြည့်လိုက်သောအခါ လီရှောင် ပေါ်လာချိန်မှစ၍ အကြည့်များသည် လီရှောင်အပေါ်တွင်သာ စုစည်းနေသော လင်းရှောင်ယွဲ့ကို တွေ့လိုက်ရသဖြင့် လျန်ချန်းချိုင်၏ စိတ်ထဲတွင် အနည်းငယ် ချဉ်စပ်စပ် ဖြစ်သွားသည်။
သူသည် သူမ အိမ်ထောင်ကျပြီးဖြစ်သည်ဟူသော အမှန်တရားကို တမင် လျစ်လျူရှုထားခဲ့ပြီး သူမ၏ ဆံထုံးကို မြင်တွေ့သည့်တိုင် ဂရုမစိုက်ခဲ့ပေ။
သို့သော် အဆုံးတွင်တော့ သူမသည် အိမ်ထောင်ကျပြီး ဖြစ်သည်။ ထို့အပြင် သူမ၏ ခင်ပွန်းနှင့်လည်း ဤမျှ အဆင်ပြေလျက်ရှိသည်။
ဟုတ်သည်၊ မျက်လုံးများသည် လိမ်ညာနိုင်ခြင်း မရှိပေ။
သူမ လီရှောင်ကို ကြည့်သော အကြည့်ထဲတွင် အလင်းရောင် ရှိနေသည်။
လျန်ချန်းချိုင်သည် မိမိကိုယ်ကို သတိပြန်ဝင်လာစေရန် အတင်းကြိုးစားလိုက်ပြီး လီရှောင်အား နှုတ်ဆက်စကားဆိုရန် ပြင်ဆင်လိုက်သည်။
မမျှော်လင့်ဘဲ လီရှောင်သည် ရှေ့သို့တက်လာပြီး သူ၏နောက်မှလူနှင့်အတူ လင်းရှောင်ယွဲ့အား ခါးညွှတ် အရိုအသေပေးလိုက်သည်။
"သခင်မလေး"
လင်းရှောင်ယွဲ့သည် ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
"ထကြပါ"
ထို့နောက် လင်းရှောင်ယွဲ့သည် အံ့အားသင့်နေသော လျန်ချန်းချိုင်ကို ကြည့်လိုက်သည်။
"ဒါက ကျွန်မခေါ်လာတဲ့ ကိုယ်ရံတော်နှစ်ယောက်ပါ။ ပြီးတော့ ကျွန်မနဲ့အတူ လိုက်ပါလာတဲ့ အစေခံမိန်းကလေးတစ်ယောက်လည်း ရှိသေးတယ်။ သူတို့ကို ကျွန်မနဲ့အတူ မင်းဆရာကြီးအိမ်တော်မှာ နေခွင့်ပေးလို့ ရမလား"
"မင်းဆရာကြီးအိမ်တော်" ဟူသော စကားလုံးသုံးလုံးကို ကြားသောအခါ လီရှောင်၏ အမူအရာသည် အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
လျန်ချန်းချိုင်မှာမူ အနည်းငယ် ကြောင်အသွားသည်။
သူသည် လီရှောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းရှောင်ယွဲ့ကို ပြန်ကြည့်လိုက်သည်။
သူ လူမှားသွားတာလား။ ဒီလူက လီရှောင်မဟုတ်ဘူးလား။
လင်းရှောင်ယွဲ့သည် လျန်ချန်းချိုင်၏ အမူအရာကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် မတတ်နိုင်သလို ခံစားလိုက်ရသည်။
သူမသည် လျန်ချန်းချိုင်အား မသိမသာ ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်လေသည်။
လျန်ချန်းချိုင်သည် တုန်လှုပ်သွားသည်။
သူ လူမမှားကြောင်း အတည်ပြုလိုက်နိုင်လေပြီ။ သူ့စိတ်ထဲတွင် သံသယအချို့ ရှိနေသော်လည်း ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ပေ။
"ရတာပေါ့"
လင်းရှောင်ယွဲ့၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထပ်မံပေါ်လာသည်။ ထို့နောက် သူမသည် လျန်ချန်းချိုင်အား တည်းခိုခန်းတွင် မနက်စာ သုံးဆောင်ရန် ဖိတ်ခေါ်လိုက်သည်။
လျန်ချန်းချိုင်သည် လင်းရှောင်ယွဲ့အား မင်းဆရာကြီးအိမ်တော်သို့ ကိုယ်တိုင်လိုက်ပို့ရန် ရည်ရွယ်ထားသောကြောင့် ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ထို့ကြောင့် မနက်စာ သုံးဆောင်ပြီးနောက် ကျောက်ရှန်းရှန်းနှင့် အခြားသူများသည် လင်းရှောင်ယွဲ့၏ ခရီးဆောင်အိတ်များကို သပ်ရပ်စွာ ထုပ်ပိုးကြသည်။
လူတစ်စုသည် လျန်ချန်းချိုင်၏နောက်မှလိုက်ပါကာ မင်းဆရာကြီးအိမ်တော်သို့ သွားရောက်ကြသည်။
..........
နန်းတော်တံခါးဝသို့ ရောက်သောအခါ လင်းရှောင်ယွဲ့သည် မူလက လီရှောင်အား စစ်ဆေးခြင်းခံရမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် လျန်ချန်းချိုင်က မင်းဆရာကြီးအိမ်တော်၏ တံဆိပ်ပြားကို ထုတ်ပြလိုက်ရာ အစောင့်များသည် တိုက်ရိုက် ဝင်ခွင့်ပြုလိုက်သည်။
လင်းရှောင်ယွဲ့ စိတ်အေးသွားသည်။
ထိုအခါမှသာ သူမသည် မြင်းလှည်း၏လိုက်ကာကို မတင်လိုက်ပြီး သာ့ယန်၏ တော်ဝင်နန်းတော်ကို စတင်လေ့လာကြည့်ရှုလေတော့သည်။