← Chapters

ရွှီယန်

Vol. 19 Ch. 401

ရွှီယန်

Vol. 19 Ch. 401

ဤသို့ တွေးမိသော် သူသည် မယ်တော်နှင့် ဝမ်ဖေးအပေါ် မထိန်းနိုင်ဘဲ အားကျစိတ်များ ပေါ်ပေါက်လာ၏။ ပြီးနောက် ဤစိတ်ခံစားချက်ကို လျင်မြန်စွာ ဖိနှိပ်လိုက်၏။

သူလို သားတစ်ယောက်၊ ခင်ပွန်းတစ်ယောက်က ကြိုးစားမှသာ မိခင်နှင့် ဇနီးသည်တို့ အမြဲတစေ ဤသို့ ပေါ့ပါး လွတ်လပ်စွာ ဖြတ်သန်းနိုင်ပေမည်။

မာကျောက်ကစားမည့် ကိစ္စကို ပြောဆိုပြီးနောက် လူတိုင်းသည် ညစာအပေါ် များများ စိတ်ဝင်စားခြင်း မရှိကြတော့ပေ။ ခဏအကြာတွင် လူတချို့သည် ပန်းကန်များကို ချထားလိုက်ပြီး စားပွဲငယ်ဘေးသို့ သွားရောက် စောင့်ဆိုင်းကြ၏။

ကွေ့ဖေးမယ်မယ်က တစ်ချက်မှာကြားလိုက်သည်နှင့် နန်းတွင်းအပျိုတော်မလေးက မာကျောက်ကို ယူဆောင်လာခဲ့၏။ ပျော်ရွှင်ဖွယ်အချိန်များသည် လျင်မြန်စွာပင် စတင်သွားလေတော့သည်။

"ပြောရမယ်ဆိုရင် ဒီအချိန်ကာလအတွင်း မြို့တော် အထက်တန်းလွှာအသိုင်းအဝိုင်းထဲမှာ အပျော်ရဆုံး ကိစ္စ နှစ်ခုက တကယ်ကို သခင်မလေးလင်းကြောင့် ဖြစ်ပေါ်လာတာပဲ" မာကျောက်များကို ပွတ်သပ်ရင်း ကွေ့ဖေးမယ်မယ်က ရုတ်တရက် ပြောလိုက်သည်။

လူတိုင်း နားမလည် ဖြစ်သွားကြပြီး ကွေ့ဖေးမယ်မယ်ကို လှမ်းကြည့်လိုက်ကြ၏။

"မာကျောက်နဲ့ ဝက်အူချောင်း၊ အသားခြောက်လေ" ကွေ့ဖေးမယ်မယ်က ချက်ချင်း ပြောလိုက်သည်။ ပြီးနောက် အန်းယန်ဝမ်ကို လှမ်းကြည့်လိုက်၏။ "မင်း ဒီ မာကျောက်ကို ပို့လာပေးပြီး ငါ့ကို လူလွှတ်ပြီး သင်ကြားပေးကတည်းက ငါက ကစားဖော် တချို့ရှာပြီး အိပ်ဆောင်ထဲမှာ မကြာခဏ ကစားဖြစ်တယ်။ ရလဒ်က ဘယ်လို ဖြစ်မယ် ထင်လဲ"

အန်းယန်ဝမ်သည် နားမလည် ဖြစ်သွား၏။ ရှူးဖေးက ဘေးတွင် ခိုးရယ်နေသည်ကို မြင်သော် မိမိ၏ မယ်တော်ကို ကြောင်တောင်တောင် လှမ်းကြည့်လိုက်ပြီး၊ "ဘယ်လို ဖြစ်လို့လဲ"

"အမှန်တကယ်ပဲ သူတို့က သင်ယူသွားကြပြီး ကိုယ့်ဘာသာကိုယ် လူရှာပြီး မာကျောက်တွေ လုပ်ခိုင်းကြတယ်။ နန်းတော်ထဲကနေတောင် ပြန့်ပွားထွက်သွားသေးတယ်" ကွေ့ဖေးမယ်မယ်က ရယ်မောရင်း ပြောလိုက်သည်။ "အခုလေ၊ မြို့တော်က သခင်မကြီးတွေ၊ သခင်မလေးတွေ အားလုံးက မာကျောက် ကစားရတာကို အရမ်း သဘောကျနေကြတာ။ မကစားတတ်တဲ့လူဆိုတာ မရှိသလောက်ပဲ"

"ကြားရတာ... ဟားဟား..." ကွေ့ဖေးမယ်မယ်က ရုတ်တရက် ရယ်မောရင်း ပါးစပ်ကို အုပ်လိုက်၏။ "ကြားရတာ နန်းတွင်း အမတ်မင်းတွေတောင် ကစားကြတယ်တဲ့"

"အရင်တုန်းက မင်းရဲ့ ခမည်းတော် ညီလာခံတက်တုန်းက အမတ်မင်းတစ်ယောက်နဲ့ ကြုံခဲ့တယ်။ အရင်ညက အိမ်က မိန်းမတွေရဲ့ ဆွဲခေါ်တာခံရပြီး ကစားတာ အရမ်းညဉ့်နက်သွားလို့ နောက်နေ့ ညီလာခံတက်တဲ့ အချိန်မှာ အရမ်း အိပ်ငိုက်နေလို့ လဲကျမတတ်တောင် ဖြစ်သွားခဲ့တယ်"

အန်းယန်ဝမ်သည်လည်း ရယ်မောမိသွား၏။

"ဟားဟား၊ ဒီကိစ္စ သားတော်လည်း ကြားမိပါတယ်"

"ကြားရတာ မာကျောက်ကြောင့် အနားယူချိန်ကို ထိခိုက်တာက အဲ့ဒီ အမတ်မင်း တစ်ယောက်တည်း မဟုတ်ဘူးတဲ့။ ဒီအတွက်ကြောင့် ခမည်းတော်က အမတ်မင်းတွေကို အထူးတလည် သတိပေးခဲ့သေးတယ်။ အားလုံးကို ကစားစရာတွေကြောင့် ပျက်စီးတာကို သတိထားကြဖို့ ပြောခဲ့တယ်"

"ဟဟ..." ကွေ့ဖေးမယ်မယ်သည် မထိန်းနိုင်ဘဲ ရယ်မောလိုက်၏။ သားတော်က မိမိထံသို့ နားမလည်ဟန်ဖြင့် လှမ်းကြည့်လာသည်ကို မြင်သော် ထပ်မံ ရယ်မောရင်း ဆိုလိုက်သည်မှာ၊ "မင်းရဲ့ ခမည်းတော်ကများ တခြားလူကို ပြောရဲသေးတယ်"

"မာကျောက် ကစားတာကို စသင်ခါစတုန်းက သူ့ရဲ့အခြေအနေက အဲ့ဒီအမတ်မင်းတွေထက် ဘယ်လောက်များ ပိုကောင်းနေလို့လဲ"

အန်းယန်ဝမ်သည် အံ့အားသင့်သွား၏။

ကွေ့ဖေးမယ်မယ်က ရှူးဖေးထံသို့ ကြည့်လိုက်ပြီး "မယုံရင် မင်းရဲ့ ဒေါ်လေးယွဲ့ကို မေးကြည့်" ဟူသော အမူအရာ ပြုလုပ်လိုက်၏။

ရှူးဖေးသည် ကွေ့ဖေးမယ်မယ်က ဧကရာဇ်ယန်အကြောင်း ထည့်သွင်းပြောကြားသည်ကို မြင်သော် မူလက အပြုံးအရိပ်အယောင် သန်းနေသော မျက်နှာသည် ချက်ချင်း အပြုံးကိုရုပ်သိမ်းလိုက်၏။

လွန်ခဲ့သော ရက်ပိုင်းက ဧကရာဇ်မင်းမြတ်သည် အမှန်တကယ်ပင် ကွေ့ဖေးမယ်မယ်ထံသို့ မကြာခဏ ရောက်ရှိလာခဲ့၏။ သို့သော် အထူးတလည် လာရောက် ညအိပ်ခြင်း မဟုတ်ဘဲ မာကျောက်ကစားရန် ဖြစ်၏။ မဟုတ်သေးဘူး၊ မာကျောက်ကစားခြင်းသည် အမှန်တော့ ဒုတိယတစ်ခုသာဖြစ်ပြီး သူမကို စမ်းသပ်ရန်အတွက်သာ ဖြစ်၏။

သူမ ခံစားမိသည်မှာ ဧကရာဇ်မင်းမြတ်သည် သူမနှင့် ဆက်ဆံရေး ပြန်လည် ပြုပြင်ရန် ဆန္ဒ ရှိနေ၏။ သို့သော် မျက်နှာ မထားတတ်သဖြင့်မှ ကွေ့ဖေးမယ်မယ်ကို ကြားခံလူအဖြစ် ရှာဖွေကာ ဤသို့သော အခွင့်အရေးကို ရှာဖွေခဲ့ခြင်း ဖြစ်၏။

နှမြောစရာ ကောင်းသည်မှာ သူ စိတ်ရင်းမှန်ဖြင့် ဖြစ်စေ၊ ဟန်ဆောင်ခြင်း ဖြစ်စေ၊ သူမနှင့် သူ ပြန်လည်၍ မဖြစ်နိုင်တော့ပေ။

စစ်သူကြီးအိမ်တော် ပြဿနာတက်ကတည်းက သူမ ဧကရာဇ်မင်းမြတ်အပေါ်ထားရှိသော ထိုစိတ်ဆန္ဒအနည်းငယ်မှာ ငြိမ်းသတ်သွားခဲ့လေပြီ။

သူမသည် နောက်တစ်ကြိမ် စွန့်စားရန် ဆန္ဒ မရှိတော့ပေ။ အနည်းငယ်မျှသော စွန့်စားမှုကပင် မိသားစုဝင်များ သူမကြောင့် အန္တရာယ်ထဲသို့ ကျရောက်သွားမည်ကို မလိုလားတော့ပေ။

ထို့ကြောင့် သတိပြုမိပြီးနောက် သူမသည် ထိုရက်ပိုင်းများတွင် ကွေ့ဖေးမယ်မယ်၏ အိပ်ဆောင်ထဲသို့ မာကျောက်ကစားရန် ထပ်မံ မသွားတော့ပေ။ နောက်ပိုင်းတွင် ကွေ့ဖေးမယ်မယ်၏သဘောအလျောက် ဖိတ်ခေါ်မှုကိုပင် သူမ ငြင်းပယ်ခဲ့၏။

ပြီးနောက်တွင်မှ ကွေ့ဖေးမယ်မယ်က ရှူးဖေး၏အဆောင်သို့ကိုယ်တိုင်လာလာရောက်ပြီး ဧကရာဇ်မင်းမြတ် သူမ၏နန်းဆောင်သို့ ထပ်မံ မလာရောက်တော့ကြောင်း ပြောကြားပြီးမှ သူမသည် ကွေ့ဖေးမယ်မယ်နှင့် အဆက်အသွယ် ပြန်လည် ပြုလုပ်ခဲ့၏။

ကွေ့ဖေးမယ်မယ်သည် ရှူးဖေး၏မျက်နှာရိပ် ပြောင်းသွားသည်ကို မြင်သော် အလျင်အမြန် စကား မှားယွင်းသွားသော အမူအရာ ပြုလုပ်လိုက်၏။ "အိုက်ယိုး၊ ကြည့်စမ်းပါဦး၊ ငါ စကားမှားသွားပြန်ပြီ။ မာကျောက် ကစား၊ မာကျောက် ကစား" ဟု အလျင်အမြန် ပြောလိုက်သည်။

ပြီးနောက် အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်၏။ အမှန်ပင် သူမ စကားမှားသွားခဲ့၏။ ရှူးဖေး၏အခြေအနေအရ ဧကရာဇ်မင်းမြတ်နှင့် ပြန်လည်၍ ဖြစ်နိုင်မည် ဆိုလျှင်သာ ထူးဆန်းပေတော့မည်။

ပြန်တွေးကြည့်လျှင် ရှူးဖေး နန်းတော်ထဲ ဝင်ရောက်လာစဉ်က နန်းဆောင်တစ်ခုလုံးကို စိုးမိုးထားခဲ့၏။ နောက်ဘက် နန်းဆောင်မှ မိဖုရား၊ ကြင်ယာတော် အပေါင်း၊ ဘယ်သူကများ မနာလိုဘဲနေဖူးလို့လဲ။ သူမကဲ့သို့ ဧကရာဇ်မင်းမြတ် မင်းသားဘဝကတည်းက လိုက်ပါလာခဲ့သော လူဟောင်းပင်လျှင် စိတ်ထဲ၌ မနာလို ဖြစ်ခဲ့ရသည် မဟုတ်လား။

သို့သော် ရလဒ်ကရော၊ ဤမျှ ချစ်ခင်ရသော ရှူးဖေးအပေါ်တွင် ဧကရာဇ်မင်းမြတ်သည်လည်း မသက်ညှာပေးခဲ့ပေ။ ရှူးဖေး၏ မိဘမျိုးနွယ်စုကို မျိုးဖြုတ်သုတ်သင်ခဲ့ပြီး ရှူးဖေးနှင့်သားတော်ကိုပင် မချန်ခဲ့ပေ။

ထိုနေ့မှ စတင်၍ သူမလည်း သဘောပေါက် နားလည်သွားခဲ့၏။ ဧကရာဇ်မင်းဆိုသည့်အတိုင်းပင်၊ နှလုံးသား မရှိသောသူဖြစ်လေသည်။

ထို့ကြောင့် သူမလည်း စိတ်ထဲမှ နောက်ဆုံးသော ထိုမကျေနပ်မှု အနည်းငယ်ကို လက်လျှော့လိုက်၏။ ယောက်ျားဆိုတာ အားကိုး၍ မရပေ။ ဧကရာဇ်မှာမူ ပို၍ပင် အားကိုး၍ မရပေ။ သားတော်တစ်ယောက်တည်းသာ သူမ မွေးဖွားခဲ့သူ ဖြစ်၏။ အမြဲတစေ သူမနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ပေမည်။

ရှူးဖေးသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် အန်းယန်ဝမ်နှင့် အန်းယန်ဝမ်ဖေးတို့၏ မကြာမကြာ မေးမြန်းမှုအောက်တွင် လျင်မြန်စွာ စိတ်ခံစားချက် ပြန်လည်ကောင်းမွန်လာ၏။ ကစားဝိုင်းသည် နောက်ဆုံးတွင် စည်ကားလာလေတော့သည်။

.......

နောက်တစ်နေ့။

လင်းရှောင်ယွဲ့သည် မျက်နှာသစ် သန့်စင်ပြီးစီးပြီးနောက် မနက်စာသုံးဆောင်ပြီးသဖြင့် အချိန်မှန် ဝါးဥယျာဉ်သို့ သွားလေ၏။ ဤအချိန်တွင် ဝါးဥယျာဉ်ထဲ၌ မော့ဖေး၊ လျန်ချန်းချိုင် နှင့် မင်းသမီး ၆တို့ ရောက်ရှိနေကြပြီ ဖြစ်၏။

လင်းရှောင်ယွဲ့ ရောက်ရှိလာသည်ကို မြင်သော် လျိုဝူကျီသည်လည်း ထပ်မံ မနှောင့်နှေးတော့ပေ။ လူအများအား နေရာယူစေပြီးနောက် သင်ခန်းစာ စတင် ပို့ချလေတော့၏။

"ဒီနေ့ မနက်ပိုင်း၊ အဓိကကတော့ မင်းတို့ကို မနက်ဖြန် ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ပြောပြမယ်။ ပြီးတော့ ဒီတစ်ခေါက် ချူကျင်းသံတမန်တွေရဲ့ အကြောင်းကို မိတ်ဆက်ပေးမယ်။"

လူအများ တိတ်ဆိတ်မှုကို ထိန်းသိမ်းထားကြပြီး အသီးသီး တည်ကြည်စွာဖြင့် လျိုဝူကျီကို စိုက်ကြည့်နေကြ၏။

လျိုဝူကျီသည် ထိုအခါမှ ဆက်လက်၍ ပြောလိုက်သည်။

"ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက အရမ်း ရိုးရှင်းတယ်။ အပေါ်ပိုင်းနဲ့ အောက်ပိုင်း နှစ်ပိုင်း ခွဲထားတယ်။ မနက်ပိုင်း တစ်ပိုင်း၊ နေ့လယ်ပိုင်း တစ်ပိုင်း။"

"စစ်အချိန် (နံနက် ၉ နာရီ) ကနေ ဝူအချိန် (နေ့လယ် ၁ နာရီ) အထိက အပေါ်ပိုင်း။ နေ့လယ် ဝေ့အချိန် (နေ့လယ် ၁ နာရီ) ကနေ ရှန်အချိန် (ညနေ ၅ နာရီ) အထိက အောက်ပိုင်း၊ အားလုံးက အချိန် လေးနာရီ ကြာမြင့်မယ်။

အပေါ်ပိုင်းမှာ သာ့ယန်က တိုက်စစ်ဘက်။ မင်းတို့က ထွက်ပြီးတော့ ချူကျင်းသံတမန်တွေ ထုတ်တဲ့ ဂဏန်းသင်္ချာ မေးခွန်းတွေကို ဖြေဆိုရမယ်။ အောက်ပိုင်းကျရင်တော့ ပြောင်းပြန်ပဲ။

မေးခွန်းက စုစုပေါင်း ဆယ်ပုဒ်။

တစ်ပုဒ်ဖြေလို့မှန်ရင် တစ်မှတ် ရမယ်။ တစ်ချိန်တည်းမှာပဲ ရှေ့က မေးခွန်းကို ဖြေဆိုမှန်ကန်မှ၊ ဒါမှမဟုတ် အဲ့ဒီ မေးခွန်းကို လက်လျှော့ကြောင်း အဆိုပြုပြီးမှ နောက်တစ်ပုဒ်ကို တွေ့မြင်ခွင့် ရမယ်။ သတိပြုရမှာက လက်လျှော့လိုက်တဲ့ မေးခွန်းတွေက အမှတ် မရှိဘူး။ ပြီးတော့ ထပ်ပြီး ဖြေဆိုခွင့်လည်း မရှိတော့ဘူး။"

လင်းရှောင်ယွဲ့တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာထားများ အနည်းငယ် တည်ကြည်သွားကြ၏။

အချိန် လေးနာရီ၊ မေးခွန်း ဆယ်ပုဒ် ဖြေဆိုရမည်။ ပျမ်းမျှအားဖြင့် မေးခွန်းတစ်ပုဒ်၏ ဖြေဆိုချိန်မှာ နှစ်ဆယ့်လေးမိနစ် ဖြစ်၏။ သို့သော် မေးခွန်းများမှာ သေချာပေါက် အခက်အလွယ် ရှိပေမည်။ အချို့ မေးခွန်းများ၏ ဖြေရှင်းချိန်မှာ နှစ်ဆယ့်လေးမိနစ်ထက် များစွာ ပိုမိုကြာမြင့်နိုင်ဖွယ် ရှိ၏။ အကယ်၍ ဤအချိန်အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာ၍ မေးခွန်း ကျော်၊ မကျော် ဆုံးဖြတ်မည်ဆိုပါက တကယ်တော့ သိပ္ပံနည်းမကျလှပေ။

လျိုဝူကျီသည် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

"ဒီအဘိုးကြီးရဲ့ အကြံဉာဏ်ကတော့ ၁၅မိနစ်ကို နယ်နိမိတ်အဖြစ် ထား၊ ၁၅မိနစ် ကျော်သွားတဲ့အထိ ဖြေရှင်းနိုင်မယ့်နည်း တွေ့ဖို့လမ်းမမြင်ရင် မေးခွန်းကို ကျော်သွားဖို့ ရွေးချယ်နိုင်တယ်။

ဒါပေါ့၊ ၁၅မိနစ် ပြီးနောက် တကယ်လို့ မင်းတို့မှာ မျှော်လင့်ချက် ရှိသေးတယ်လို့ ခံစားမိရင် အချိန်ကို မိနစ် ၃၀ အထိ တိုးမြှင့်လို့ ရတယ်။

ဒါပေမဲ့ တကယ်လို့ မိနစ် ၃၀ ပြီးလို့မှ မင်းတို့ အဖြေကို တွက်ချက် မထုတ်နိုင်သေးဘူး ဆိုရင်တော့ အဲ့ဒီအခါကျရင် ဘယ်လိုပဲ ဖြစ်ဖြစ် လက်လျှော့ရတော့မယ်။ နောက်ပိုင်း မေးခွန်းတွေရဲ့ ဖြေဆိုချိန်ကို မထိခိုက်စေဖို့ ရှောင်ရှားရမယ်။"

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။ ကျန်ရှိသော လူများသည်လည်း ခေါင်းညိတ်၍ သဘောတူကြ၏။

ဤသို့သောစည်းမျဉ်းကို ကြိုတင် သတ်မှတ်ထားမှသာ ထိုအချိန်ကျမှ နေရာတွင် ပြဿနာ ပေါ်ပေါက်လာခြင်းကို ရှောင်ရှားနိုင်ပေမည်။

လျိုဝူကျီသည် ထိုအခြေအနေကို မြင်မှ ဆက်လက်၍ ပြောလိုက်သည်။ "ဒါက ပထမပိုင်း ပြိုင်ပွဲပဲ။"

"ပြိုင်ပွဲ ပြီးဆုံးပြီးနောက်၊ အခြေအနေ ဘယ်လိုပဲ ဖြစ်ဖြစ် အရှင်မင်းကြီးက သာ့ယန်က အရေးကြီး အမတ်ကြီးတွေနဲ့ အတူတူ ချူကျင်းသံတမန်တွေနဲ့ မင်းတို့ကို ဧည့်ခံကျွေးမွေးလိမ့်မယ်။ ပြိုင်ပွဲ ရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ်၊ မင်းတို့ မဖြစ်မနေ စိတ်အခြေအနေကို တည်ငြိမ်အောင် ထိန်းထားရမယ်။"

ပြီးနောက် လျိုဝူကျီက ထပ်မံ ပြောလိုက်သည်။ "အမှန်တော့ ဒီနေရာ ရောက်တဲ့အထိဆို မင်းတို့ လုပ်နိုင်တာတွေက အခြေခံအားဖြင့် တော်တော်လေး ပြီးသွားပါပြီ။"

လင်းရှောင်ယွဲ့တို့ လူတစ်စု မျက်နှာထက်တွင် နားမလည်မှု ပေါ်လာ၏။

"ဘာလို့လဲဆိုတော့ ဒုတိယပိုင်း ပြိုင်ပွဲက အခြေခံအားဖြင့် မင်းတို့ ထပ်ပြီး အားစိုက်ထုတ်စရာ မလိုတော့ဘူး။ မင်းတို့ လုပ်ဆောင်ရမှာက သာ့ယန်က ချူကျင်းသံတမန်တွေကို ထုတ်မယ့် မေးခွန်းတွေကို ပြသပေးဖို့ပဲ။ နိုင်ငံ သုံးနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးကတည်းက၊ ချူ၊ ကျင်းက ဤတစ်ကြိမ် ဂဏန်းသင်္ချာ ပြိုင်ပွဲရဲ့ တောင်းဆိုချက်တွေကို ထပ်ပေါင်း ထည့်သွင်းခဲ့တယ်။ ဧကရာဇ်မင်းမြတ်က အမှန်တော့ အစောကြီးကတည်းက စတင် စီစဉ်ခဲ့ပြီးသား။"

"ဒါကြောင့် ဒုတိယပိုင်းမှာ သာ့ယန်က ခုခံတဲ့ဘက် ဖြစ်တော့၊ ထုတ်ရမယ့် မေးခွန်းတွေကို မင်းတို့ ထပ်ပြီး စိတ်ပူပန်စရာ မလိုတော့ဘူး။"

"ဒီနေ့ နေ့လယ်ပိုင်း၊ မင်းတို့ လုပ်ဆောင်ရမှာက အဘိုးကြီးနဲ့ အတူတူ ဒီနေရာမှာ မေးခွန်း ရာပေါင်းများစွာထဲကနေ မေးခွန်း ဆယ်ပုဒ်ကို ရွေးချယ်ပြီး စာမေးပွဲ မေးခွန်းအဖြစ် သတ်မှတ်ဖို့ပဲ။"

လူတိုင်း အံ့အားသင့်သွားကြပြီးနောက် အရာအားလုံး အကျိုးသင့်အကြောင်းသင့် ရှိသည်ဟု ထပ်မံ ခံစားမိကြ၏။ ပြီးနောက် အတော်အတန် ပေါ့ပါးသွားကြ၏။ သူတို့ မေးခွန်း ထုတ်စရာ မလိုမှတော့ ဖိအားတစ်ဝက် လျော့နည်းသွားသည်။

လူများ၏အမူအရာကို မြင်သော် လျိုဝူကျီ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"နောက်ဆက်ပြီး မင်းတို့ကို ချူ၊ ကျင်းက ဒီတစ်ခေါက် လာရောက်တဲ့ သံတမန်တွေနဲ့ မိတ်ဆက်ပေးမယ်..."

ပြီးနောက် လျိုဝူကျီသည် ချူကျင်းသံတမန်တို့၏ အခြေအနေကို လူအများအား ပြောပြလိုက်၏။

မူလက ဤတစ်ကြိမ်တွင် ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့သည်လည်း သူတို့နှင့် ယှဉ်ပြိုင်ရန် လူသုံးယောက် စေလွှတ်ခဲ့၏။ ထိုအထဲတွင် ချူနိုင်ငံမှ တစ်ယောက်၊ ကျင်းနိုင်ငံမှ နှစ်ယောက် ဖြစ်၏။

ကျင်းနိုင်ငံက လူနှစ်ယောက် ထွက်ပေါ်လာခြင်းမှာ ကျင်းနိုင်ငံ၏ နိုင်ငံ့အင်အားက ချူနိုင်ငံထက် သာလွန်သောကြောင့် မဟုတ်ဘဲ၊ ကျင်းနိုင်ငံမှ သံတမန် နှစ်ဦးမှာ ဆရာတပည့် ဆက်ဆံရေး ဖြစ်ပြီး ထိုအထဲမှ ဆရာ ဖြစ်သူ၏ ကျော်ကြားမှုမှာ တကယ်တော့ လျိုဝူကျီထက် မနိမ့်ကျပေ။

"ရွှီယန်ဆိုတဲ့လူက မာနကြီးတယ်။ အရင်တုန်းက ကျင်းနိုင်ငံတော် တော်ဝင်မိသားစုက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပေမဲ့ သူက တောင်ပေါ်ကနေ ဆင်းလာခဲ့တာ မရှိခဲ့ဘူး။

ဒါပေမဲ့ ဒီတစ်ခေါက်... ဒီအဘိုးကြီးလည်း နည်းနည်း အံ့ဩမိတယ်။ သူက သာ့ယန်ကို သံတမန်အဖြစ် လာရောက်ဖို့ သဘောတူခဲ့တယ်လေ" လျိုဝူကျီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ထိုစဉ်က ငယ်ရွယ်စဉ် သူသည် ဆရာ့နောက်သို့ လိုက်ပါ၍ ရွှီယန်၏ဆရာထံသို့ သွားရောက် လည်ပတ်ခဲ့ဖူးပြီး ရွှီယန်နှင့် အချိန်ကာလ တစ်ခုအထိ အတူတကွ နေထိုင်ခဲ့ဖူး၏။

ထိုစဉ်က ရွှီယန်သည် အလွန် ပြင်းထန်သော အရည်အချင်းကို ပြသခဲ့ပြီး ဖြစ်၏။ စာပေ ဗျူဟာ ဖြစ်စေ၊ စစ်ရေး ဗျူဟာ ဖြစ်စေ အလွန် ထက်မြက်လှ၏။ သူနှင့် နှိုင်းယှဉ်လျှင်ပင် အနိုင်အရှုံး မကွဲလှပေ။

ဤမျှ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီးနောက် သူသည် အခြားကိစ္စများဖြင့် အလုပ်များနေပြီး ဂဏန်းသင်္ချာ လမ်းကြောင်းပေါ်တွင် လေ့လာဆည်းပူးမှု မများခဲ့ပေ။ သို့သော် ကြားရသည်မှာ ရွှီယန်မှာမူ အမြဲတစေ စိတ်နှစ်မြှုပ်၍ လေ့လာဆည်းပူးနေခဲ့၏။

ထို့ကြောင့် တကယ်တော့ ချူ၊ ကျင်းတို့က သူ့အား ပြိုင်ပွဲ ဝင်ရောက်ခြင်းမှ မတားမြစ်ခဲ့လျှင်ပင် သူသည် ရွှီယန်ကို အနိုင်ယူနိုင်ရန် ယုံကြည်မှု မရှိပေ။

သူ့မြေးမလေးမှာမူ...

ဘာကြောင့်မှန်း မသိ၊ သူ ခံစားမိသည်မှာ သူမ အံ့ဖွယ်ရာများကို ဖန်တီးနိုင်ဖွယ် ရှိ၏။

လင်းရှောင်ယွဲ့သည် လျိုဝူကျီက အမှန်တကယ် ဤမျှ ရွှီယန်ကို မြှောက်ပင့်သည်ကို ကြားသော် အနည်းငယ် နားမလည် ဖြစ်သွား၏။ လျန်ချန်းချိုင်တို့မှာမူ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ သန်းနေ၏။

ရွှီယန် ဟုတ်လား။ သေစမ်း၊ ပညာရှင်ကြီး ရွှီယန် ဖြစ်နေတာလား။

ထိုပုဂ္ဂိုလ်သည် မင်းဆရာကြီးနှင့် ကျော်ကြားမှု တန်းတူနီးပါး ရှိသည်။ ဤသို့သော လူနှင့် ယှဉ်ပြိုင်ရလျှင် သူတို့ အနိုင်ရနိုင်ပါ့မလား။'

လျိုဝူကျီသည် လင်းရှောင်ယွဲ့၏ အမူအရာကို မြင်သော် မျက်နှာထက်တွင် ကျေနပ်မှု ပေါ်လာ၏။ ခဏမျှ နှစ်သိမ့်လိုက်ပြီးနောက်မှ ချူ၊ ကျင်းမှ အခြား သံတမန် နှစ်ဦးကို ဆက်လက် မိတ်ဆက်ပေး၏။

ရွှီယန်အပြင် အခြားသံတမန်နှစ်ဦး၏အမည်မှာ ရွှီချင်း နှင့် မုန်လင် ဟုခေါ်၏။ ရွှီချင်းမှာ ရွှီယန်၏ နောက်ဆုံး တပည့်ဖြစ်ပြီး မကြာသေးမီက ကျင်းနိုင်ငံတွင်လည်း အတော်အတန် ကျော်ကြားမှု ရှိ၏။ ကြားရသည်မှာ ကျင်းနိုင်ငံတွင်လည်း အခက်အခဲများစွာကို ဖြတ်ကျော်ပြီးမှ ဤတစ်ကြိမ် သာ့ယန်သို့ ထွက်ခွာမည့် သံတမန် ဖြစ်လာခဲ့၏။ ဆရာတပည့် နှစ်ဦး ဤတစ်ကြိမ် တောင်ပေါ်မှ ဆင်းလာခြင်းမှာ ယခင်ကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်လောက်၏။ ထို့အပြင် အရှိန်အဟုန် ပြင်းထန်လှပြီး အနိုင်ယူမည့် စိတ်ဓာတ်ဖြင့် လာရောက်ခြင်း ဖြစ်၏။

မုန်လင်မှာမူ ဤတစ်ယောက်သည် ချူနိုင်ငံတွင်လည်း ကျော်ကြားမှု ရှိ၏။ ကျော်ကြားမှုမှာ သူနှင့် ရွှီယန်လောက် မကြီးမားသော်လည်း ဂဏန်းသင်္ချာ လမ်းကြောင်းပေါ်မှ တတ်ကျွမ်းမှုမှာမူ လောကသားများ၏ ချီးကျူးခြင်းကို ခံရ၏။

လျန်ချန်းချိုင်တို့သည် ဤအရာများကို ကြားသော် မျက်နှာထားများ ပို၍ ထိတ်လန့်သွားကြ၏။ လင်းရှောင်ယွဲ့ တစ်ယောက်တည်းသာ အမူအရာမှာ ယခင်အတိုင်းပင် ပြောင်းလဲခြင်း မရှိပေ။

နိုင်ငံ သုံးနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သုံးပုံတစ်ပုံ လျော်ကြေး သတ်မှတ်ချက်များနှင့် သက်ဆိုင်နေ၏။ ချူ၊ ကျင်းတို့သည် အကျိုးအမြတ်အနည်းငယ် ပိုမိုရရှိရန်အတွက် သဘာဝအတိုင်း အစွမ်းကုန် ကြိုးစားပြီး အရည်အချင်း အပြင်းထန်ဆုံးသော လူကို စေလွှတ်ပေမည်။

ဟား၊ ကြောက်ရမယ်ဟုတ်လား။ ဘာများကြောက်နေစရာလိုလို့လဲ။ သူမခေတ်ကလူတွေက ဒီခေတ်ကလူတွေထက် အဆထောင်ပေါင်းများစွာပိုပြီးတောင် ဉာဏ်ပညာမြင့်ကြသေးတယ်။

ထို့အပြင် မျက်စိရှေ့မှ အခြေအနေသည် သူမ ကြောက်ရွံ့ရုံမျှဖြင့် ကိစ္စများ ပြီးပြည့်စုံစွာ ဖြေရှင်းသွားနိုင်မည် မဟုတ်ပေ။

အချုပ်အားဖြင့် ဆိုရလျှင် စိတ်အေးလက်အေး ယှဉ်ပြိုင်ပြီး အစွမ်းကုန် ကြိုးစားရုံသာ ဖြစ်၏။

လျိုဝူကျီသည် သူ့မြေးမလေး၏ တုံ့ပြန်မှုကို မြင်သော် စိတ်ထဲ၌ ပို၍ပင် အားရကျေနပ်သွား၏။ ပြီးနောက် ကျန်လူများ တည်ငြိမ်လာသည်ကို မစောင့်ဆိုင်းတော့ဘဲ လူအများအား မနက်ဖြန် သူ ပြုလုပ်ထားသော အစီအစဉ်အချို့ကို ထပ်မံပြောကြားလိုက်၏။ ထို့အပြင် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ပါက သူ့အကြံဉာဏ် အချို့ကိုပါ ပြောကြား၏။

မနက်ခင်း တစ်ခုလုံး လျိုဝူကျီ ပြောကြားသည်များမှာ အသုံးဝင်သော အချက်အလက်များချည်းသာ ဖြစ်၏။ လင်းရှောင်ယွဲ့ပင်လျှင် အကျိုးကျေးဇူး များစွာ ရရှိလိုက်သည်ဟု ခံစားမိ၏။

နေ့လယ် ရောက်သော် လူတိုင်းသည် မိမိတို့၏ ခြံဝန်းများသို့ ပြန်၍ နေ့လယ်စာ မသုံးဆောင်ကြပေ။ ထိုအစား ဝါးဥယျာဉ်ထဲတွင် ကျန်ရစ်ခဲ့ပြီး လျိုဝူကျီနှင့်အတူ စားသုံးကြ၏။

နေ့လယ်ပိုင်းနောက်တွင် လျိုဝူကျီသည် သင်ခန်းစာ ဆက်လက် ပို့ချရန် အလျင်မလိုဘဲ ဆန့်ကျင်ဘက်အားဖြင့် လူတိုင်းအား မိမိသဘောအလျောက် စီစဉ်ခိုင်းပြီး ထွက်ခွာသွား၏။

လျန်ချန်းချိုင်တို့သည် အားလပ်မနေဘဲ မင်းဆရာကြီး၏ စာအုပ်စင်ပေါ်မှ စာအုပ်များ သွားရောက် ရှာဖွေ ဖတ်ရှုကြ၏။ ဤအချိန်ကာလအတွင်း စာမေးပွဲ မေးခွန်းများ ထုတ်ရန် လိုအပ်သောကြောင့် မင်းဆရာကြီး၏ စာအုပ်စင်ပေါ်တွင် ယခု ချထားသည်များမှာ ဂဏန်းသင်္ချာနှင့် သက်ဆိုင်သော စာအုပ်များချည်းသာ ဖြစ်၏။

လင်းရှောင်ယွဲ့မှာမူ သိပ်ပြီးစိတ်ဝင်စားခြင်း မရှိပေ။ နေရာတစ်ခု ရှာဖွေလိုက်ပြီး ထိုင်၍ မှေးစက်နေ၏။

လျိုဝူကျီသည် အခန်းထဲမှ ထွက်လာသောအခါ မြင်တွေ့လိုက်ရသည်မှာ သူ့မြေးမလေး မှေးနေပြီး အိပ်ပျော်တော့မည့် အမူအရာ ဖြစ်နေ၏။

မျက်နှာထက်တွင် အပြုံး အရိပ်အယောင် ဖြတ်ပြေးသွားပြီး လျိုဝူကျီသည် အခြားသော အလေးအနက် စာဖတ်နေသော လူအနည်းငယ်ကို တစ်ချက် ကြည့်လိုက်ကာ လင်းရှောင်ယွဲ့ထံသို့ လျှောက်သွား၏။

လူအများ ဤအခြေအနေကိုမြင်သော် အသီးသီး လင်းရှောင်ယွဲ့အတွက် ချွေးပြန်မိကြ၏။ မင်းသမီး ၆သည် အမှန်တကယ်ပင် ခြေဆန့်၍ လင်းရှောင်ယွဲ့ရှိရာ အရပ်ဆီသို့ အနည်းငယ် ကန်ကျောက်လိုက်ပြီး သူမအား မင်းဆရာကြီး ရောက်ရှိလာကြောင်း သတိပေးလို၏။

နှမြောစရာ ကောင်းသည်မှာ နေ့လယ်ပိုင်းတွင် အိပ်ငိုက်နေသော လင်းရှောင်ယွဲ့သည် အကန်ခံလိုက်ရလျှင်ပင် ဂရုမစိုက်ပေ။ လေးလံနေသော မျက်ခွံကို ကြိုးစားဖွင့်လိုက်ပြီး မင်းသမီး ၆ကို တစ်ချက်ကြည့်ကာ ဆက်လက်၍ မှိတ်ထားလိုက်၏။

မင်းသမီး ၆သည် ထိုအခြေအနေကို မြင်သော် စိတ်ထဲ၌ ပို၍ လောသွား၏။ ထပ်မံ၍ ခြေဆန့်ရန် ပြင်လိုက်စဉ် မင်းဆရာကြီးက သူမထံသို့ သတိပေးသကဲ့သို့ လှမ်းကြည့်လာသည်ကို တွေ့လိုက်ရ၏။

မင်းသမီး ၆၏ ကိုယ်သည် တောင့်တင်းသွားပြီး အလျင်အမြန် ခေါင်းငုံ့၍ စာဖတ်လိုက်၏။ ဘယ်လိုလုပ် မင်းဆရာကြီး၏ ရှေ့တွင် လင်းရှောင်ယွဲ့ကို အချက်ပြရဲတော့မှာလဲ။

ထားလိုက်ပါတော့၊ လောင်ရှစ်၊ ရှင့်ဘာသာရှင်ပဲ ကံကောင်းပါစေလို့ ဆုတောင်းပါတော့...

မင်းသမီး ၆သည် စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်နေ၏။

မင်းသမီး ၆၊ ထို့အပြင် လျန်ချန်းချိုင်နှင့် မော့ဖေးတို့ အားလုံး လင်းရှောင်ယွဲ့အတွက် စိုးရိမ်ပူပန်နေကြစဉ် မထင်မှတ်ဘဲ မင်းဆရာကြီးမှာမူ လင်းရှောင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ရုံသာ ကြည့်ပြီး သူမ၏ဘေးမှ ဖြတ်သန်း လျှောက်သွား၏။

"စာမေးပွဲ စာရွက်တွေ မပို့လာသေးဘူး။ မင်းတို့ ဒီနေရာမှာ စောင့်နေလည်း အသုံးမဝင်ဘူး။ အားလုံး ပြန်ကြတော့" လျိုဝူကျီက ရုတ်တရက် ပြောလိုက်သည်။

ပြီးနောက် ပြုံးရင်း အတင်းအကျပ် လန်းဆန်းတက်ကြွအောင် ပြုလုပ်ပြီး နိုးထလာသော လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

"အကောင်းဆုံးကတော့ ပြန်ပြီး ခဏလောက် အနားယူလိုက်ကြ။ စိတ်အခြေအနေကို အကောင်းဆုံးဖြစ်အောင်ထား။ စာမေးပွဲ စာရွက်တွေ ရောက်လာတဲ့အထိ စောင့်ပြီးမှ လူလွှတ်ပြီး ခြံဝန်းတွေဆီ မင်းတို့ကို လာခေါ်ခိုင်းလိုက်မယ်။"

"ဆရာ..." လျန်ချန်းချိုင်က အမှတ်မထင် ငြင်းဆန်လို၏။

ဒီအချိန်အထိ ရောက်နေပြီ။ အချိန်ကို အမိအရ ဆုပ်ကိုင်ထားရမှာ မဟုတ်ဘူးလား။ ဘယ်လို ပြန်ပြီး အနားယူလို့ ဖြစ်မှာလဲ။ ဒီလောက် ပေါ့ဆလို့ ဖြစ်မလား။

မော့ဖေးနှင့် မင်းသမီး ၆တို့သည်လည်း လျိုဝူကျီကို လှမ်းကြည့်လိုက်ကြပြီး အမူအရာတွင် ဖော်ပြနေသော ဆိုလိုရင်းမှာ လျန်ချန်းချိုင်နှင့် တော်တော်လေး တူညီ၏။ အဓိကအားဖြင့် သူတို့ ပြန်သွားလျှင်လည်း အနားယူလိုစိတ် ရှိမည် မဟုတ်ပေ။

သို့သော် လျန်ချန်းချိုင် ဆက်ပြောတော့မည့်အချိန်တွင်ပင် လျိုဝူကျီက လက်ဆန့်၍ တားဆီးလိုက်၏။

"အသက်ကြီးလာပြီ။ ဒီအဘိုးကြီးလည်း ခဏလောက် အနားယူရဦးမယ်။ မင်းတို့လည်း ကိုယ့်သဘောအတိုင်း လုပ်ကြတော့" လျိုဝူကျီက ထိုစကားပြောပြီးသည်နှင့် ကျန်လူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ လှည့်၍ ထွက်ခွာသွား၏။

အခန်းထဲတွင် ခဏမျှ တိတ်ဆိတ် သွား၏။

လင်းရှောင်ယွဲ့ကသာ အရင်ဆုံး တုံ့ပြန်နိုင်ခဲ့၏။ နေရာမှထလိုက်ပြီး မည်သည့် အမူအရာမျှ မရှိဘဲ သမ်းဝေလိုက်၏။

"ကျွန်မ... ကျွန်မ အရင် သွားလိုက်ဦးမယ်။ လူကြီးမင်းတို့၊ ခဏနေမှ တွေ့ကြတာပေါ့"

နေ့လယ်က စားတာနည်းနည်းများသွားလို့များ အိပ်ငိုက်နေတာများလား။ မင်းဆရာကြီးက အကောင်းဆုံးပဲ၊ သူမကို နေ့လယ်ခင်း တစ်ရေးအိပ်ဖို့ ပြန်လွှတ်လိုက်တယ်။

လင်းရှောင်ယွဲ့ အခန်းတံခါးမှ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အခန်းထဲမှ လူအများ သတိပြန်ဝင်လာကြ၏။

တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်မျှ ထွက်ခွာသွားခြင်း မရှိပေ။

မင်းဆရာကြီးနှင့် သခင်မလီတို့သည် သူတို့ထဲတွင် ဂဏန်းသင်္ချာ စွမ်းရည် အကောင်းဆုံး ဖြစ်၏။ ထိုနှစ်ယောက်ကတော့ အားစိုက်ဖို့မလိုပေမယ့် သူတို့လည်း မလိုဘူးလို့မဆိုလိုဘူးလေ...

All Chapters