← Chapters

ဝါးမြိုခံရခြင်းများ

Vol. 125 Ch. 1737

ဝါးမြိုခံရခြင်းများ

Vol. 125 Ch. 1737

"စီးတော်ယာဉ် ဟုတ်လား..."

ရွှယ်ရီဖေး၏ လေသံက စူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုတို့နှင့် ရောယှက် နေခဲ့သည်။ ငွေရောင် အလင်းမှာ တဖြည်းဖြည်းနှင့် အာကာသ လေပွေ အသွင်ကို ယူလာခဲ့၏။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်ရောက်ရန် အတွက် အာကာသနှင့် အချိန်တို့ အကြောင်း စေ့စေ့စပ်စပ် လေ့လာဖူးလေရာ လေပွေများ အကြောင်း သူမ ရင်းနှီးပေသည်။

အာကာသနှင့် အချိန် လေပွေများမှာ စွမ်းအင် စီးကြောင်းများ ပေါင်းစည်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အချိန်လေပွေများ အတွင်း၌ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အချိန် စွမ်းအင်များကို ပြန့်ကျဲစွာ ပါဝင်နေကာ အာကာသ လေပွေများကတော့ ပုံသေ၊ တည်ငြိမ်နှင့် ကစဉ့်ကလျား အာကာသ စွမ်းအင်များ ရောနှောထားသည့် ဒိုင်မန်ရှင်း အရော ဖြစ်သည်။

၎င်းတို့သည် မယုံနိုင်လောက်အောင် ရှားပါးလှသလို စိတ်ကူးမယဉ်နိုင်လောက်အောင် အန္တရာယ်များသည်။ သူမ လောကီ မျက်လုံး (အချိန်သခင်) အဆင့်ကို တက်လှမ်းခဲ့စဉ် အခါက ဝေ့ဝူယင်က အချိန်လေပွေငယ် တစ်ခု ဖန်တီးပေးခဲ့သည်။ ၎င်းမှာ အချိန် စီးဆင်းမှုနှင့် ချိတ်ဆက်မှုကို ပိုမို၍ အားကောင်းစေကာ အချိန်စီးဆင်းမှု အမျိုးမျိုး၏ မူလဂုဏ်သတ္တိများကိုပါ နားလည်စေခဲ့သည်။

ဝေ့ဝူယင်မှာ သူမ တစ်ယောက်တည်းကိုသာ မကပဲ အခြားလူ များစွာကိုပါ အလားတူ နည်းလမ်းဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

အချိန်လေပွေ၏ အကျိုးဆက်များ အကြောင်း ပထမဆုံး အကြိမ် ကြားသိခဲ့ရစဉ်က သူမ ကြောက်ရွံ့ ခဲ့သော်လည်း မြေကြီး ရှန့်ထိုများ စောင့်ရှောက်ပေးနေသည် ဆိုသည့် အသိက သူမ၏ စိတ်ကို ငြိမ်သက်ဖို့ လုံလောက်စေခဲ့သည်။ ထိုအချိန်လေပွေ၏ အကူအညီဖြင့်ပင် မိန်းကလေးမှာ ကပ်ဘေးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ကာ ထူးခြားသည့် လောကီမျက်လုံး တစ်ခုကို ထူထောင် နိုင်ခဲ့သည်။

မကြာခင်တွင်ပင် အာကာသ လေပွေ ဖြစ်ပေါ်လာသည်ကို ထျန်းရီဝူနှင့် စန်းယွန်းလီတို့ အပါအဝင် ရွေးချယ်ခံများ သတိထားမိသွားကြ၏။ သူတို့၏ မျက်လုံးများအောက်တွင်ပင် လေပွေမှာ တဖြည်းဖြည်း ပိုမို၍ ကြီးမား ကျယ်ပြန့်လာခဲ့သည်။

"ဒါက အာကာသ လေပွေလား..."

ရွေးချယ်ခံတစ်ဦးက တိတ်တဆိတ် ရေရွတ်လိုက်၏။ သို့သော်လည်း လေမော်လီကျူးများ မရှိသည့် လေဟာနယ် ဗလာပြင်ထဲတွင် အသံက ထွက်မလာခဲ့ချေ။

တိတ်ဆိတ်မှုက နေရာတကာ၌ မင်းမူ နေစဉ် အတောအတွင်း အာကာသ လေပွေမှာလည်း ပိုမို၍ ကြီးထွား လာခဲ့၏။ စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက်၌ ၎င်းမှာ တစ်မိုင်ပတ်လည်ခန့်ကိုပင် လွှမ်းခြုံ သွားခဲ့သည်။

"အဲဒါက ပိုကြီးလာနေတယ်..."

လေပွေများ အကြောင်း လေ့လာဖူးသည့် ရွေးချယ်ခံ အချို့က နောက်ကို ဆုတ်ရန် ကြိုးပမ်း ခဲ့ကြ၏။ အချို့က ခြေလက်များကို လှုပ်ယမ်း၍ လည်းကောင်း၊ အချို့က လောကနယ်မြေများကို ဖြန့်ကျက်၍ လည်းကောင်း၊ အချို့က မန်နာကို ထိန်းချုပ်၍ လည်းကောင်း အမျိုးမျိုး ကြိုးပမ်းခဲ့ကြသော်လည်း အဆုံးသတ် ရလဒ်ကတော့ အတူတူပင် ဖြစ်သည်။ မည်သူမှ မအောင်မြင်ခဲ့ကြချေ။ သူတို့၏ ကြိုးပမ်းမှုများက အရာမထင်ခဲ့ကြချေ။ သူတို့ အားလုံး တစ်လက်မမျှပင် မရွေ့နိုင်ခဲ့ကြချေ။

အာကာသ လေပွေမှာ ပုံမှန် အမြန်နှုန်းဖြင့် ဆက်လက် ကျယ်ပြန့်လာနေဆဲ ဖြစ်သည်။ မကြာခင်မှာပင်... ၎င်းမှာ သားရဲတွင်းနက်ကြီး တစ်ခု အလား အနီးအနားရှိ ရွေးချယ်ခံများကို လေပွေ အတွင်း ဆွဲယူကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားစေတော့၏။ ထိုမြင်ကွင်းကို ကြည့်ရင် အလွှာ အပြင်က လောကနှင့် ချိပ်ပိတ်နယ်မြေ နှစ်ခု စလုံးမှ ရွေးချယ်ခံများမှာ ပိုမို၍ ထိတ်လန့် တုန်လှုပ် လာခဲ့ကြတော့သည်။

သူတို့ မည်သည့် နေရာသို့ ရောက်ရှိသွားကြသနည်း။ ဤအရာကြီးကတော့ အတိအကျ အဘယ်နည်း။

စောစောလေးကတင် သူတို့ ကျင့်ကြံခြင်း၌ ခုန်ပျံ ကျော်လွှားမှုများ ပြုလုပ် နိုင်ခဲ့ကြသည်။ စင်ကြယ်သည့် စွမ်းအင်နှင့် အမတေ အမြောက်အများကို စုဆောင်းနိုင်ခဲ့ကြသည်။

သို့သော်လည်း... ယခုအခါတွင်တော့ ဤနည်းဖြင့် သေဆုံးရတော့မည်လော။ ဘယ်လောာက်တောင် မတရားလိုက်သနည်း။

သူတို့ ကောင်းကင်ကို ကျိန်ဆဲ လိုက်မိကြ၏။ သို့သော်လည်း လေပွေကတော့ ဆက်လက် ကျယ်ပြန့်လာနေဆဲ ဖြစ်ကာ ရွေးချယ်ခံ အမြောက်အများကို ဝါးမြိုသွားခဲ့သည်။

အာဏာရှင် အဖွဲ့ဝင်များကတော့ လုံးဝ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့က ရုန်းကန်ခြင်းပင် မပြုပဲ အာကာသ လေပွေ၏ စုပ်ယူ ဝါးမြိုခြင်းကို အသာအယာပင် ခွင့်ပြုခဲ့ကြသည်။ ဝေ့ဝူယင် ကိုယ်တိုင်မှာ လှုပ်ရှားခြင်း မရှိသလို၊ ညွှန်ကြားခြင်းလည်း မရှိလေရာ သူတို့ စိုးရိမ်စရာ အကြောင်း မရှိပါချေ။

ဤဗလာဟင်းလင်း နယ်မြေတွင်ပင် ဝေ့ဝူယင်မှာ စကားပြောနိုင်ကြောင်း သူတို့ သိရှိထားပြီး ဖြစ်သည်။ အာဏာရှင် အင်ပါယာက အားလုံးကို ကျင့်ကြံဖို့ အစောပိုင်းလေးကတင် အသံထွက်၍ ညွှန်ကြားခဲ့သည်။ အခြားသူများ အတွက် ကန့်သတ်ချက်များ ရှိနိုင်သော်လည်း၊ အာရုဏ်ဦး အာဏာရှင် အင်ပါယာကတော့ သာမန် စံနှုန်းများဖြင့် နားလည်နိုင်သူ တစ်ယောက် မဟုတ်ပေ။

အာဏာရှင်များ၏ အင်ပါယာ အပေါ် ယုံကြည်မှုက အလွန် ခိုင်မာပေသည်။ အာဏာရှင် အင်ပါယာ ရှိနေသရွေ့ ကောင်းကင်ပြိုကျလျှင်ပင် သူက ပင့်မထားလိမ့်မည် ဖြစ်သည်။

စန်းယွန်းလီမှာလည်း ထိတ်လန့်ခြင်း မရှိပါချေ။ ကောင်းကင်လမ်းစဉ် စာအုပ် အတွင်း၌ ကျူးထန်ထန်၊ ယီယွင်နှင့် ရှောင်ယန်ယွဲ့တို့လို ရွေးချယ်ခံများ အကြောင်း ဆက်လက် ဖော်ပြထားဆဲ ဖြစ်လေရာ သူတို့ ဆက်လက် အသက်ရှင်သန် နေဦးမည်ဟု ဆိုလိုပေသည်။ ထို့အပြင်... သူမ အတိတ်ဘဝတုန်းက လူများ အားလုံးမှာလည်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အဆုံးသတ်တွင် အသက်ရှင်သန် ခဲ့ကြသည်။

သို့သော်လည်း... သူမ သိရှိထားသည့် အဖြစ်အပျက်များက အတိအကျ မမှန်ကန်တော့တာတော့ အနည်းငယ် စိတ်မကောင်းစရာပင်။ အတိတ်ဘဝမှာတုန်းက အာကာသ လေပွေ မရှိခဲ့သလို ဝေ့ဝူယင်နှင့် ထျန်းရီဝူတို့ နှစ်ယောက် ပေါင်း၍ အရာအားလုံးကို သိမ်းပိုက်ခဲ့သည့် ပေါက်ကွဲမှုမျိုးလည်း မရှိခဲ့ချေ။ ထို့အပြင် သူမ ရရှိခဲ့သည့် အကျိုးအမြတ်များမှာလည်း ရသင့်ရထိုက်သည်ထက် များစွာ ကျော်လွန် နေခဲ့ပေသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ပထမ အဆင့်တွင် စန်းယွန်းလီ ကြယ်တာရာ သစ်ပင်၏ အမြစ်ကို ရယူနိုင်ခဲ့သည်။ ၎င်းကို သူမ၏ နေကြယ် မျိုးစေ့ အတွင်း ပေါင်းထည့်ကာ အထွတ်အထိပ် အဆင့် ဧရာမ အရွယ် လောကချည်နှောင် နေကြယ် တစ်ခု တည်ဆောက်ရန် အခြေခံကို ရယူနိုင်ခဲ့သည်။ အကယ်၍ အချိန် အလုံအလောက်သာ ရပါက ၎င်းကို အကြွင်းမဲ့ အရွယ် အထိ တွန်းပို့နိုင်လိမ့်မည် ဖြစ်သည်။ သူမ ပြုလုပ်ခဲ့သည့် ပြင်ဆင်မှု အားလုံးကိုပါ ထည့်ပေါင်းရပါက သေမျိုး အထွတ်အထိပ် အဆင့်ကို ရောက်ရှိဖို့ မလွဲမသွေပင် ဖြစ်လေသည်။

ဤဘဝ၌ သူမက အခိုင်မာဆုံးသော လမ်းကြောင်းကို လျှောက်လှမ်း နေခဲ့ခြင်း ဖြစ်ပေသည်။

ဝှစ်...

စန်းယွန်းလီ တစ်ယောက် တောက်ပစွာ ပြုံးလိုက်စဉ်မှာပင် အာကာသ လေပွေက သူမကို ဝန်းရံ သွားလေ၏။ ထို့နောက်တွင်တော့ အစအန ရှာမရအောင်ပင် ပျောက်ကွယ်သွားခဲ့တော့သည်။

ထျန်းရီဝူ၏ ပန်းတိုင်မှာ စန်းယွန်းလီနှင့် အနည်းငယ် ကွဲပြားသည်။ သူက နေကြယ် မျိုးစေ့ အတွက် အကြွင်းမဲ့ အရွယ်အစား အခြေခံကို ရယူနိုင်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သတ္တမမြောက် မင်းသားမှာ မကြုံစဖူး ကြယ်တာရာ ခန္ဓာကိုယ်နှင့် အဆုံးစွန်သော ကြယ်တာရာ ဆင်းတုကို ဖန်တီးလိုခဲ့ခြင်း ဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ရှိရန်အတွက် လုံလောက်သည်ထက် ပိုမိုသော အရာများလည်း သူ့ထံတွင် ရှိနေသည်။

ဝှစ်...

အနည်းငယ် ထိတ်လန့်နေသည့် ထျန်းကျန်းဟန်နှင့် အတူ ထျန်းရီဝူမှာ အာကာသ လေပွေ အတွင်း စုပ်ယူခံလိုက်ရလေ၏။

ယီယွင်မှာလည်း အံ့မခန်း တိုးတက်မှုများကို ရရှိခံစားခဲ့ရသည်။ အစစ်အမှန် လောက ပဲ့တင်သံ ခန္ဓာကိုယ်ကြောင့်ပင် သာမန် အာဏာရှင်များထက် ပိုမို ခမ်းနားသည့် အကျိုးအမြတ်များကို ရယူနိုင်ခဲ့သည်ဟု သူ ယုံကြည်သည်။ သူ ၎င်းတို့ကို အထွတ်အထိပ်သို့ တွန်းပို့ဖို့ အတွက် အသုံးပြုရမည်။ လုံလောက်သည့် ခွန်အား ရရှိလာသည့် တစ်နေ့သို့ ရောက်ပါက...။

ယီယွင်၏ မျက်ဝန်းများ အတွင်း မုန်းတီးမှုများက လျှပ်တစ်ပြက် ဖြတ်ပြေး သွားခဲ့၏။ အံတင်းတင်းကြိတ်လိုက်သော အခိုက်တွင်ပင် သူ၏ ခန္ဓာကိုယ်မှာ ယီရွှယ်ဟန်နှင့် အတူ လေပွေ အတွင်း စုပ်ယူခံရကာ ပျောက်ကွယ် သွားခဲ့သည်။

လောကနှစ်ခုမှ ရွေးချယ်ခံများ အတူတကွ စုပ်ယူ ဝါးမြိုခံနေရသည်ကို ကြည့်ရင်း ရွှယ်ရီဖေးက အံကို တင်းတင်းကြိတ်လိုက်၏။

“အဲဒါက ကျွန်မတို့ အားလုံးကို အလွှာအပြင်က လောကဆီ ပို့လိုက်မှာလား...”

ဝေ့ဝူယင်က သူမ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားရင်းမှ အာကာသ လေပွေကို အာရုံစိုက်ကာ ကြည့်ရင်း ရှင်းပြလိုက်သည်။

“မဟုတ်ဘူး.. အလွှာအပြင်က လောကကို သွားမယ့် လမ်းက ပိတ်ဆို့ခံထားရတယ်”

ဤနေရာတွင် အာကာသ လေပွေ ပေါ်ထွက်လာခြင်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေနှင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံတို့၏ တည်ငြိမ်မှု လျင်မြန်စွာ ယိုယွင်းလာခြင်း၏ လက္ခဏာပင် ဖြစ်သည်။

"ဟမ်... ဒါဆို သူတို့က ဘယ်ကို သွားနေကြတာလဲ...”

ရွှယ်ရီဖေးက အံ့ဩသွားကာ မေးလိုက်၏။ အလွှာအပြင်က လောကသားများ ပြန်ပို့ခံရလိမ့်မည်ဟု သူမ မျှော်လင့် ထားခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြန်လည် ဖြေလိုက်၏။

"ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု... ငါတို့ရဲ့ ကမ္ဘာဆီကို"

"..."

ရွှယ်ရီဖေး၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့၏။

"ဒါပေမဲ့ ဒါက ချိပ်ပိတ်နယ်မြေလေ... အပြင်က ကျင့်ကြံသူတွေ ငါတို့ အထဲကို ဝင်ခွင့် မရှိဘူး... အတင်းအကြပ် ဝင်လာဖို့ ကြိုးစားရင် အစီအရင်ရဲ့ ထိန်းချုပ်တာကို ခံရမယ်... သေတောင် သေနိုင်တယ်လို့ ရှင်ပြောဖူးတယ် မလား”

"အင်း... အရင်တုန်းကတော့ ဟုတ်တယ်... ဒါပေမဲ့ အာကာသ လေပွေ ပေါ်လာတာက ချိပ်ပိတ်နယ်မြေ အစီအရင် ပြောင်းလဲ သွားပြီ ဆိုတဲ့ လက္ခဏာပဲ... အဆုံးမဲ့ ခရီးသွား နယ်မြေက လူတွေက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အကျိုးသက်ရောက်မှုတွေကို မတည်မငြိမ် ဖြစ်အောင် လုပ်ပြီး ငါတို့ရဲ့ လောကထဲ ဆင်းလာဖို့ ကြိုးစားနေကြတာ...”

“ကျွန်မတို့ ကမ္ဘာထဲ ဆင်းသက်လာမယ် ဟုတ်လား...”

ရွှယ်ရီဖေးက အံ့ဩစွာဖြင့် ရေရွတ်လိုက်၏။ ထိုသတင်းအချက်အလက်က သူ၏ ရင်ကို တဒိတ်ဒိတ် ခုန်လာစေခဲ့သည်။

"သူတို့က ဆင်းသက်နိုင်ရုံတင်မကဘူး... ချိပ်ပိတ် အစီအရင်ကလည်း ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာလိမ့်မယ်... ဥပမာ တစ်ခု ပြောရရင် အဲဒါက လောကရှန့်ထိုတွေကို ထိန်းချုပ်ထားတော့မှာ မဟုတ်ဘူး...”

အာကာသ လေပွေလအတွင်း စုပ်ယူ ဝါးမြိုခံနေရသည့် ဟုန်ချွင်းဟွာကို ငေးရင်း ဝေ့ဝူယင်က ပြောလိုက်သည်။ ငွေရောင်အလင်းများက လျှင်မြန်စွာ ချဉ်းကပ်လာနေသော်လည်း စုမေ့ကတော့ ငြိမ်သက်စွာဖြင့် တရားထိုင်နေဆဲ ဖြစ်ပေသည်။

***

All Chapters