နောက်ဆက်တွဲများ
Vol. 125 Ch. 1738
"လောကရှန့်ထိုတွေ ဟုတ်လား...”
ရွှယ်ရီဖေး အံ့အားသင့် သွားခဲ့၏။ အကယ်၍ ဝေ့ဝူယင်သာ ဘေးတွင် ရှိမနေပါက သူမ ထိတ်လန့် တုန်လှုပ် သွားလောက်ပေသည်။
အခြားလူများ၏ အမြင်၌ အာဏာရှင်များမှာ ‘မြေကြီးရှန့်ထို’ များကို သတ်ဖြတ်နိုင်သည့် သေမျိုးများ ဖြစ်သော်လည်း အမှန်တကယ်တွင် ထိုလူများကို သတ်ဖြတ်နိုင်ရန် အတွက် သူတို့ဘက်ကလည်း စတေးမှု များစွာကို ပြုလုပ်ခဲ့ရသည်။ တကယ်တမ်း တည်တည်ချင်း၊ ခွန်းအားချင်း တိုက်ခိုက်ပါက သူတို့ အနိုင်ရရှိဖို့ လမ်းသိပ်မမြင်ချေ။
မူလ အာဏာရှင်များထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံးဟု ဆိုနိုင်သည့် ကျူးဟိုင်မှာ အပြင်းပြဆုံး ဆာလောင်မှုများနှင့် အတူ သွေးချောင်းစီး သတ်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြောင်း အားလုံး သိရှိပြီး ဖြစ်သည်။ သို့သော်လည်း ပထမဆုံး အလစ် တိုက်ခိုက်ခဲ့သည့် မြေကြီး ရှန့်ထို နှစ်ဦးမှ လွဲ၍ ကျန် မြေကြီး ရှန့်ထို အားလုံးမှာ အသက်ရှင်သန် လွတ်မြောက်ခဲ့ကြသည်။
အသက်လု ထွက်ပြေးရသည်ပဲ ဆိုဆို၊ ခွေးပြေးဝက်ပြေး ပြေးရသည်ပဲ ပြောပြော... ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ လွတ်မြောက်ခဲ့ကြသည်။
တရှန်း ၇၆ ယောက်မြောက် မင်းသားအား တိုက်ခိုက်နိုင်ခဲ့ခြင်းတွင်လည်း ထိုပုဂ္ဂိုလ်၏ ပေါ့ဆမှုက တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပေသည်။ အကယ်၍ ဝေ့ဝူယင်သာ ဝင်မပါပါက တရှန်းမှာ အရင်ဆုံးပင် သေဆုံး သွားခဲ့နိုင်သည်။
ထို့အပြင်... အလွှာအပြင်က မြေကြီး ရှန့်ထိုများမှာ မြေကြီး ရှန့်ထို ဆိုသည့်တိုင် အသက် ငါးရာအောက် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ အားလုံးလိုလိုမှာ မကြာသေးခင်ကမှ မြေကြီး ရှန့်ထို အဆင့်ကို ခြေချနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှာ ခိုင်မာခြင်း မရှိသေးချေ။ ဝူယုဆိုလျှင် သူတို့ အားလုံးကို ကိုးယောက် တစ်ယောက် ပေးကာ အသာလေး သတ်ဖြတ်နိုင်သည်။
ထိုနည်းတူ... အာဏာရှင်များ အားလုံးကိုလည်း ဝူယု သတ်ဖြတ်နိုင်သည်။ မည်သို့ပင် ဆိုစေ... သူတို့ အားလုံးမှာ သေမျိုးများသာ ဖြစ်သည်။ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေကြဆဲ ဖြစ်သည်။
အဆုံးမဲ့ ခရီးသွား နယ်မြေတွင် ဝူယုလို မြေကြီးရှန့်ထိုများနှင့် လောကရှန့်ထိုများ ရှိနေကြောင်း ဝေ့ဝူယင်ထံမှ ရွှယ်ရီဖေး ကြားသိထားပြီး ဖြစ်သည်။ အကယ်၍ ထိုလူများ အားလုံးသာ ချိပ်ပိတ်နယ်မြေရှိ ကြယ်ကွင်းပြင် ၁၈ ခုကို ဆင်းသက်လာပါက...။
ရွှယ်ရီဖေး တစ်ယောက် မည်ကဲ့သို့ စိုးရိမ်စိတ် မဖြစ်ပဲ နေနိုင်ပါမည်နည်း။
ဝေ့ဝူယင်က သူမ၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း နွေးထွေးစွာ ပြုံးပြလိုက်၏။ ခင်ပွန်းလောင်း၏ နှစ်သိမ့် အပြုံးကို မြင်လိုက်ရသော အခါ... မငြိမ်မသက် ဖြစ်နေသော မိန်းကလေး၏ နှလုံးသားမှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။
"သူတို့ ဘယ်ကို ရောက်လာကြမှာလဲ..."
"နေရာတိုင်းကိုပဲ..."
"နေရာတိုင်းကို... ဟုတ်လား..."
"အင်း... ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို...”
ထိုအခိုက်တွင်ပင် အာကာသ လေပွေမှာ သူတို့ နှစ်ယောက်ကို ဝါးမြိုရန် အဆင်သင့် ဖြစ်နေသည့် အလား တဖြည်းဖြည်း နီးကပ်လာခဲ့၏။
"ကျွန်မတို့ရော..."
ဝေ့ဝူယင်၏ လက်ကို ဆုပ်ကိုင်ထားသည့် ရွှယ်ရီဖေး၏ လက်များက ပိုမို တင်းကြပ်လာခဲ့၏။
ဝေ့ဝူယင်က အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကို အသက်သွင်းလိုက်ရင်း ဟင်းလင်းပြင် အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် ရွှယ်ရီဖေး၏ ခါးကို ဆုပ်ကိုင်ကာ ရင်ခွင်ဆီသို့ ကပ်လိုက်ရင်း ရွှင်မြူးစွာ ရယ်မောလိုက်သည်။
“အိမ်ပြန်ကြမယ်...”
အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများ ရိုက်ခတ်လိုက်ရင်း ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်သားမှာ အာကာသ လေပွေအတွင်း တိုးဝင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
...
အဆုံးမဲ့ ခရီးသွား နယ်မြေ...
အပြောကျယ်လှသည့် ထိုနယ်မြေကြီး တစ်ခုလုံးတွင် အာကာသ လေပွေ တစ်ခုသာ ကျန်ရှိပေတော့သည်။ မရေမတွက်နိုင်သည့် သက်ရှိများ၊ အဆောက်အအုံများနှင့် အဖိုးတန် နေရာများ အားလုံးမှာ လုံးလုံးလျားလျား ဝါးမျိုခံခဲ့ရပြီး ဖြစ်သည်။ မည်သည့်အရာမှ မကျန်တော့ပေ။
လူပုဂ္ဂိုလ်တစ်ဦးမှ လွဲ၍...။
ပျောက်ကွယ်ဖို့ ကျန်ရစ်ခဲ့သည့် ထိုနောက်ဆုံး တည်ရှိမှုမှာ အပြစ်အနာအဆာ ကင်းမဲ့သည့် အသားအရေ၊ လှုပ်ယမ်းနေသည့် ဆံပင်ရှည်များနှင့် အသက်ရှူမှားလောက်သည့် မိန်းကလေး တစ်ဦးပင် ဖြစ်သည်။
သူမ၏ ဆွဲဆောင်မှုရှိလှသော အပြာရောင် မျက်ဝန်းများမှာ အဆုံးမဲ့ မွှေနှောက်နေသည့် ဟင်းလင်းပြင် အတွင်းကို စိုက်ကြည့် နေခဲ့သည်။ အကယ်၍ သေချာကြည့်မည် ဆိုပါက သူမ၏ ထိုမျက်ဝန်းများ အတွင်းတွင် မုန်းတီးစိတ်၊ သတ်ဖြတ်လိုစိတ်နှင့် လက်စားချေလိုစိတ်များ ရောနှော ပြည့်နှက်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ငါ နင့်ကို လွှတ်ပေးမယ်... ညီမလေး... ပြီးတော့...”
မိန်းကလေးက ခဏမျှ ရပ်လိုက်၏။ ထိုအခိုက်တွင်ပင် ငွေရောင် အလင်းများက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စတင်ကာ ဝါးမြို လာခဲ့လေသည်။
"ငါ သူ့ကို သတ်မယ်..."
မိန်းကလေး၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားကာ အဆုံးမဲ့ မာန်ဖီသံ တစ်ခုသာလျှင် ကျန်ရစ်ခဲ့တော့သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ချိပ်ပိတ်နယ်မြေမှာ ယခုအခါ၌ အလွှာအပြင်က လူများကို သူစိမ်းများ အဖြစ် မယူဆတော့ချေ။ ဝိညာဉ် အသစ်များ အဖြစ်သာ ယူဆကာ ကျင့်ကြံခြင်း အခြေခံအပေါ် ကန့်သတ်ချက်များကိုလည်း ဖယ်ရှားပေးခဲ့သည်။
အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ခေတ်တစ်ခေတ်မှာ ပထမဆုံး အကြိမ် အဖြစ် အကြီးမားဆုံးသော သမိုင်းဝင် အဖြစ်အပျက်ကို ကြိုဆိုတော့မည် ဖြစ်လေသည်။
....
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ တည်းဟူသော ခန်းဆီးမှာ ချိပ်ပိတ်နယ်မြေ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် နောက်ဆုံး အကြိမ် အဖြစ် ဖြည်းညင်းစွာ ကျဆင်း သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ နိဂုံးချုပ်မှာ လှိုင်းများ အဖြစ် အရပ် မျက်နှာပေါင်းစုံသို့ ရွေ့လျား သွားခဲ့ကာ မရေမတွက်နိုင်သည့် လူများ အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့လေသည်။
“အသုံးမကျလိုက်တဲ့ ခွေးမသား... အမြဲတမ်း နှပ်ချေးနှိုက်ဖို့ပဲ သိတဲ့ကောင်... ခွေးသား... ခွေးမသား... ငါ လုပ်ပေးခဲ့သမျှ အားလုံး အလကားပဲ...”
အငြိုးအတေးနှင့် ဒေါသတရားတို့ ပြည့်နှက်နေသည့် အသံ တစ်ခုမှာ လျှို့ဝှက် နယ်မြေ တစ်ခု အတွင်း ထွက်ပေါ်လာခဲ့၏။ ကောင်းကင်၌ နေကြယ် မရှိသော်လည်း တောက်ပသည့် အဖြူရောင် အလင်းမှာ ထိုလောကကို တစ်နှစ်ပတ်လုံး အလင်းပေးနေခဲ့သည်။
လမ်းများကို ကျောက်စိမ်းဖြင့် ခင်းထားကာ နေရာတကာကို ကြီးကျယ် ခမ်းနားလှသည့် အဆောက်အအုံကြီးများဖြင့် အလှဆင်ထား၏။ ၎င်းတို့၏ တည်ဆောက်ပုံက ရှေးဟောင်းဆန်လှကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ဗိသုကာ လက်ရာများနှင့် ကွာခြားလှသည်။
၎င်းမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ပေါ်မလာခင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၊ မူလ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း လျှို့ဝှက် နယ်မြေ ဖြစ်သည့် ကျောက်စိမ်း အဓိပတိ နယ်မြေပင် ဖြစ်သည်။ ယခုအခါတွင်တော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သီးသန့် နယ်မြေတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်ချက်ပေါင်းများစွာကို ကိုင်ဆွဲထားကာ စိတ်ကူးယဉ်နိုင်သည်ထက် သာလွန်သည့် အကျိုးအမြတ်များကို ပေးစွမ်းနိုင်ပေသည်။
သို့သော်လည်း... လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်ခန့် အကြာ... ဆန်းကြယ် ဧကရာဇ် ဟန့်ရှဲ့ ကျောက်စိမ်း ဒြပ်စင်ဂိုဏ်းနှင့် ပူးပေါင်းလိုက်ချိန်က စလို့ ထိုနယ်မြေကို အကန့်အသတ်မဲ့ ချိပ်ပိတ် ပစ်လိုက်သည်။ ဝင်ခွင့် ရရှိသူ မရှိတော့သလောက်ပင်။
နောက်ဆုံး လည်ပတ်ခွင့် ရရှိသူ နှစ်ဦးကတော့ ရှေးဟောင်း ရွေးချယ်ခံ လင်းမင်နှင့် ဂိုဏ်း၏ နတ်မိမယ် လင်းရှန်းရှဲ့တို့ပင် ဖြစ်သည်။
“ငါ အားလုံးကို ပေးခဲ့တယ်... ငါ နှစ်ပေါင်း ရှစ်ရာ လေ့ကျင့်ထားတဲ့ ဆန်းကြယ် မူလကိုတောင် ပေးခဲ့တယ်... ငါ့ဝိညာဉ် တစ်စိတ်တစ်ပိုင်းကိုပါ အပ်နှံခဲ့တယ်... ဘာအတွက်တော့... ခု အဲဒါတွေ အားလုံးက ဘာအတွက်လဲ... ခွေးမသား...”
ဒေါသတကြီး အော်ဟစ်သံများမှာ နယ်မြေ အတွင်း၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်နေဆဲ ဖြစ်ပေသည်။ ထိုစကားလုံးများကို ကြားလိုက်ရသည့် မည်သူ မဆို သူ ခံစားနေရသည့် နာကျင်မှုများကို ကိုယ်ချင်း စာနာ နိုင်ပေလိမ့်မည်။
“လင်းမင်... ခွေးကောင်... မသုံးမကျတဲ့ ခွေးကောင်...”
သူ၏ နောက်ဆုံးသော အော်ဟစ်သံက အဆောက်အအုံများကိုပင် တုန်ယင် သွားစေခဲ့၏။ ထို့နောက်တွင်တော့ အရာအားလုံးက ပြန်လည်၍ တိတ်ဆိတ်သွားခဲ့သည်။ လေထုမှာ ဝမ်းနည်းမှု၊ ခံပြင်းမှု၊ စိတ်ဓာတ်ကျမှု စသည့် ခံစားချက်များနှင့် အုံ့မှိုင်း နေခဲ့၏။
အချိန် အကြာကြီး ကြာမြင့်ပြီးနောက်မှ တည်ငြိမ်သည့် ရေရွတ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ သူ့ကို မရွေးချယ်ခဲ့သင့်ဘူး...”
သူက အရာရာကို အရှုံးပေးလိုက်ဟန် ရသည်။
“ကြည့်ရတာ ငါ ဟိုကောင်မလေးကိုပဲ မှီခိုရတော့ပမယ် ထင်တယ်... ဒီလောက် ပြီးပြည်စုံတဲ့ ခန္ဓာကိုယ်... ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်လဲ... ဘာပဲ ဖြစ်ဖြစ် ရွေးချယ်စရာ လုံးဝ မရှိတာထက် စာရင် တစ်ခု ရှိတာက မဆိုးပါဘူး... ငါ့မှာ စဉ်းစားဖို့လည်း အချိန် မရှိဘူး”
ဝှစ်...
ဝိညာဉ် အလင်း တစ်ခုမှာ ဘုရားကျောင်း တစ်ခုထဲမှ ထွက်ပေါ်လာ၏။ ထို့နောက် နေကြယ် ကင်းမဲ့သည့် ကောင်းကင်ကို ဖြတ်ကျော်ကာ ရွှေရောင် ဆံပင်၊ ရွှေရောင် မျက်ဝန်းများနှင့် ပန်းချီကားများထဲမှ နတ်မိမယ် တစ်ပါးလို လှပသည့် မိန်းမငယ်လေးအား ရှာဖွေ လိုက်တော့သည်။
***