ဖမ်းဆီးခံထားရသူ
Vol. 125 Ch. 1739
သူမက အတွေးများ အတွင်း နစ်မျောရင်း လမ်းလျှောက်နေခြင်း ဖြစ်သည်။ မိန်းကလေး၏ လက်အတွင်းတွင်တော့ ကြွေမွနေသည့် အသက် ကျောက်ပြား တစ်ခု ရှိနေခဲ့၏။ ၎င်းမှာ ရှေးဟောင်း ရွေးချယ်ခံ၏ အသက်ဓာတ် အကြွင်းအကျန် တစ်ချို့ကို သယ်ဆောင်ထားခဲ့သည်။
မိန်းကလေး၏ မျက်ခမ်းသားများမှာ ပန်းရောင်ပင် ဖြစ်နေခဲ့သည်။ သူမ အချိန် အကြာကြီး ငိုထားသည်မှာ ရှင်းလင်းပေသည်။ မိန်းကလေး၏ စိတ်ခံစားချက်များမှာ လုံးဝ ရှုပ်ထွေး နေခဲ့၏။ ထိုအရာအားလုံးကလည်း ကျိုးကြောင်း ဆီလျော်ပေသည်။
လွန်ခဲ့သည့် နှစ်များ အတွင်း၌ ပြဿနာပေါင်း များစွာနှင့် အတူ သူတို့ နှစ်ယောက်မှာ တဖြည်းဖြည်း ဝေးကွာ သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူမ၏ ဘဝအတွင်း ငွေရောင် မျက်ဝန်းများနှင့် လူငယ်၏ ပုံရိပ် တဖြည်းဖြည်း ထင်ရှားလာခဲ့ခြင်းကလည်း သူတို့ နှစ်ယောက်၏ ဆက်ဆံရေးကို ပိုမို ဆိုးရွားသွားစေခဲ့သည်ဟု ဆိုနိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူက သူမ ဘဝ အနိမ့်ပါးဆုံး အချိန်တွင် ကယ်တင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်နေဆဲ ဖြစ်သည်။
လင်းရှန်းရှဲ့ အဆောင်၏ အကြွင်းအကျန်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရင်ဘတ်သို့ ကပ်ထာသော်လည်း နွေးထွေးမှုများကို မခံစားရချေ။ ထို့အစား အေးစက်မှုကိုသာ ခံစားရ၏။ လင်းရှန်းရှဲ့ အများကြီး တွေးနေခဲ့မိသည်။
အချိန်ကာလကြာရှည် ငိုခဲ့ပြီးလို့ ထင်သည်။ ထုံမှိုင်းနေသည့် ခံစားချက်များက အနည်းငယ် ပေါ့ပါးသွားသလိုလည်း ခံစားရသည်။ လင်းမင်ကို သူမ သံယောဇဉ် ရှိသည်။ သို့သော်လည်း... သူ၏ သေဆုံးနိုင်ချေကိုလည်း အစကတည်းက တွေးမိခဲ့သည်။ သူမ လင်းမင်ကို အများကြီး မျှော်လင့်ခဲ့သည်။ အဖက်ဖက်မှ ပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ အရာရာက အဆုံးသတ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရည်ရွယ်ချက် မရှိပါပဲ ငွေရောင် မျက်ဝန်းများနှင့် တောက်ပစွာ ပြုံးနေသည့် လူငယ်၏ ပုံရိပ်က လင်းရှန်းရှဲ့၏ နှလုံးသား အတွင်း ဖြည်းညင်းစွာ ပေါ်လာခဲ့၏။
ထိုအခိုက်တွင်ပင်... သူမ၏ ရင်ဘတ်မှာ အရောင် ကိုးမျိုးဖြင့် တောက်ပလာကာ ဒြပ်စင် ရောင်စဉ်များမှာ နဖူးတွင် လင်းလက် လာခဲ့၏။ မိန်းကလေး၏ ရွှေရောင် မျက်လုံးများမှာ ပြူးကျယ် လာခဲ့သည်။ သူမ၏ စိတ်မျက်လုံး အတွင်း၌ ဝိညာဉ် အလင်း နှစ်မျိုးမှာ နက်ရှိုင်းစွာပင် ရောယှက် နေခဲ့၏။
“နားလည်ပြီ...”
လင်းရှန်းရှဲ့က ခပ်တိုးတိုး ပြောလိုက်၏။ ထို့နောက် သူမက လက်ထဲရှိ အသက် အဆောင်ကို လွှတ်ချကာ မတုန့်မဆိုင်းပင် ပျံသန်း ထွက်ခွာ သွားခဲ့တော့သည်။ သူမ၏ ဦးတည်ရာကတော့ အဓိပတိ ကျောက်စိမ်း နယ်မြေ၏ ဝင်ပေါက်ပင်။
မှောင်မိုက်နေသည့် အထက် ကောင်းကင်၌ အရောင်ကိုးမျိုး တောက်ပနေသည့် မျက်ဝန်းများနှင့် မှုန်ဝါးဝါး ပုံရိပ် တစ်ခုမှာ မိန်းကလေးကို စောင့်ကြည့် နေခဲ့လေသည်။ လက်သီးကို တင်းတင်းဆုပ်ထားရင်း ဟန်ယုဟိုင်၏ အမူအရာက လေးလံထိုင်းမှိုင်းမှု အရိပ်အယောင် တစ်ခုကို ထုတ်လွှတ် နေခဲ့၏။
တစ်ဖက်တွင် မိသားစု...
အခြားတစ်ဖက်တွင် အလားအလာများ...
သူ၏ အတိတ်...
သို့မဟုတ် သူ၏ အနာဂတ်...
အဓိပတိ ကျောက်စိမ်း နယ်မြေ၏ ဝင်ပေါက် ဟင်းလင်းပြင် တံခါး အတွင်း လင်းရှန်းရှဲ့ ဝင်ရောက် ပျောက်ကွယ် သွားခဲ့ပြီးနောက် သူ၏ လက်သီးဆုပ်များမှာ ပြေလျော့ သွားခဲ့၏။ သူ့ မျက်ဝန်းများ အတွင်းမှ တောက်ပမှုများမှာလည်း မှေးမှိန်သွားခဲ့သည်။
"တောင်းပန်ပါတယ် ဝမ်းကွဲအကို...”
သူက ညင်သာစွာ တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ခပ်မှိန်မှိန် ဟင်းလင်းပြင် အော်ရာများကို ထုတ်လွှတ်နေသည့် မီးခိုးရောင် ဆက်သွယ်ရေး သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်သည်။ သူ သတင်းစကားကို ပို့လိုက်၏။ ထို့နောက်တွင်တော့ ဟင်းလင်းပြင် တံခါးဆီ ပျံသန်း သွားကာ ၎င်းကို အသက်သွင်းရင်း ဝင်ရောက် သွားခဲ့တော့သည်။
...
ကြယ်တာရာမိုး အသိုက်၊ အာရုဏ်ဦး ကြယ်ကွင်းပြင်၏ ရှေ့တန်း စခန်းတစ်ခု၌...
ကြယ်တာရာမိုး အသိုက်ကို ရှာဖွေ တွေ့ရှိပြီးနောက် ဝေ့ဝူယင် သေမျိုးများကို ထိုအသိုက် အတွင်း နေရာချထားခဲ့ကာ (သူ့တို့ကို ပြန်လည် ခေါ်ဆောင်ရန် အတွက်) လျှို့ဝှက် အာဏာရှင်များကိုလည်း အနီးတစ်ဝိုက်၌ စောင့်ဆိုင်း နေစေခဲ့သည်။ သေမျိုးများ၏ ရည်ရွယ်ချက်ကတော့ ရှင်းပေသည်။ ကြယ်တာရာ အလင်းများကို ဖမ်းယူရန်ပင် ဖြစ်၏။
၎င်းက မွေးမြူရေးခြံ တစ်ခု သဖွယ်ပင်။ ရှေ့တန်း စခန်းမှာ သေမျိုးတို့၏ မြို့ကြီး တစ်မြို့ အရွယ်အစားခန့် ရှိကာ လျှို့ဝှက် အဆင့် အစီအရင်၊ ဝင်္ကပါမျိုးစုံဖြင့် ဖုံးအုပ်ထားသည်။ တဒင်္ဂ အတွင်းမှာပင် လူဦးရေ တစ်ခုလုံးကို အာကာသ ရွှေ့ပြောင်းနိုင်သည့် အပြင် သာမည ဥပဒေသ အာဏာ၊ ဟင်းလင်းပြင် ပုံဆောင်ခဲများဖြင့် အားဖြည့်ထားလေရာ မြေကြီး ရှန့်ထိုများပင် ထိုလုပ်ငန်းစဉ်ကို ဟန့်တားခြင်း မပြုနိုင်ချေ။
ရှေ့တန်း စခန်း အတွင်းရှိ လူများမှာ အလွန် ပျော်ရွှင်ကာ တက်ကြွ နေကြသည်။ သူတို့မှာ အချိန် အများစုကို ပျော်ရွှင်စွာ ကျင့်ကြံခြင်း၊ ကြယ်တာရာ အလင်းများအား စုဆောင်းခြင်းတို့ဖြင့် ကုန်ဆုံးနေကြသည်။ ထိုအားထုတ်မှုမှ ရရှိလာသည့် အကျိုးအမြတ်များကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် နေထိုင်သည့် သူတို့၏ မိသားစုများထံသို့ ပို့ဆောင်နိုင်ကြသည်။ ၎င်းက လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်သော်လည်း အကျိုးကျေးဇူးများကတော့ မယုံနိုင်စရာ ဖြစ်ပေသည်။
အဝေးတစ်နေရာတွင်တော့ ဒါဇင်နှင့် ချီသည့် လူများ ရှိနေ၏။ သူတို့ထဲတွင် အသက်အရွယ် မျိုးစုံ၊ လူပေါင်းစုံ ပါဝင်နေသည်။ သူတို့က ဖုံးကွယ်ခြင်း အစီအရင်၏ အောက်တွင် ပုန်းအောင်းရင်း ရှေ့တန်း စခန်းကို လေ့လာ နေကြခြင်း ဖြစ်သည်။
“အချိန်ကျခါနီးပြီ...”
အရပ် အလွန် ရှည်သည့် ပုံရိပ် တစ်ခုက ပြောလိုက်၏။ သူ၏ မျက်ဝန်းများက နတ်ဆိုး အလင်းရောင် ဖျော့ဖျော့ဖြင့် တောက်ပနေကာ အဆုံးမဲ့ တည်ငြိမ်သည့် အော်ရာကို ထုတ်လွှတ် နေခဲ့သည်။ သူ့လက်ထဲတွင်တော့ လက်ဖဝါး အရွယ် ဘဲဥ သဏ္ဌာန် မှန်တစ်ခုကို ကိုင်ထားခဲ့၏။ ၎င်း၏ မျက်နှာပြင်ထက်၌ အာရုဏ်ဦး နေကြယ် ဖြစ်သည့် ဖီဆန်ပေါက်စလေး၏ ပုံရိပ်ကို ရောင်ပြန်ဟပ် နေခဲ့သည်။
ခရမ်းရောင် ဆံပင်များနှင့် မိန်းကလေး တစ်ဦးက မြေပြင်ပေါ် ဒူးထောက် ချရင်း မီးခိုးရောင် မြူနှင်းများကို ထိတွေ့လိုက်သည်။ သူမ၏ မျက်ဝန်းများကတော့ မျက်နှာပြင်ထက်တွင် အဆက်မပြတ် ကြီးထွားနေသည့် အက်ကြောင်းကို လေ့လာ နေခဲ့၏။ မိန်းကလေး၏ မျက်နှာထက်၌ ဖျောက်ဖျက်ရ ခက်သည့် စိုးရိမ် ပူပန်မှု အငွေ့အသက်များ ရှိနေခဲ့သော်လည်း အရပ် ရှည်ရှည် ပုဂ္ဂိုလ် သူမဘက် လှည့်လာသော အခိုက်၌ လျှင်မြန်စွာ ဖုံးကွယ်လိုက်သည်။
“အချိန်ရောက်ရင် ငါ ကတိ တည်မှာပါ... နင့်ရဲ့ သူငယ်ချင်းတွေကို ကျွန်ပြု မခံရအောင် ကာကွယ်ပေးမယ်... သူတို့ရဲ့ ဝိညာဉ်တွေ ပြန့်ကျဲ မသွားအောင် လုပ်ပေးမယ်”
အရပ်ရှည်ရှည် ပုဂ္ဂိုလ်က ပြောလိုက်သည်။ မိန်းကလေးက စိတ်ပျံ့လွင့်စွာပင် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း အရပ် ရှည်ရှည် ပုဂ္ဂိုလ်မှာ မိန်းကလေး၏ တုန့်ပြန်ပုံကို သိပ်အလေးမထားဟန် ရသည်။ ထို့အစား သူက မှန်ထဲ၌ ပေါ်နေသည့် ဖီဆန် ပေါက်စလေး၏ ပုံရိပ်ကိုသာ ငေးကြည့် နေခဲ့သည်။
“နတ်ဆိုးတွေရဲ့ ကြီးမြတ်မှုကို ဒီနေရာကနေ စတင်မယ်... မျိုးနွယ်စု သုံးခုက မကြာခင် အဆုံးသတ်ရမယ်... အဲဒီ ယုတ်မာတဲ့ မကောင်းဆိုးဝါးတွေ သေဆုံးခြင်းနဲ့ နိဂုံးချုပ်ရမယ်”
သူ၏ စကားလုံးများက မယိမ်းယိုင်သည့် ယုံကြည်ချက်၊ ရူးသွပ်မှုများနှင့် ပြည့်နှက် နေခဲ့၏။
“နတ်ဆိုး အာဏာရှင် အတွက်...”
သူက အော်ဟစ်လိုက်၏။
“နတ်ဆိုး အာဏာရှင် အတွက်...”
ခရမ်းရောင် ဆံပင်ရှည်များနှင့် မိန်းကလေး အပါအဝင် တစ်ဖွဲ့လုံးမှာလည်း ရူးသွပ်သည့် စိတ်ခံစားချက်များနှင့် ပြည့်နှက် လာကာ လိုက်လံ၍ အော်ဟစ် လိုက်ကြသည်။ သို့သော်လည်း အဆုံးသတ်၌ မိန်းမငယ်လေး၏ အသံမှာ အခြားလူများ လိုမျိုး ခိုင်မာခြင်း မရှိလှပါချေ။
သို့သော်လည်း မည်သူမျှ သူမကို အလေးထားခြင်း မရှိခဲ့ချေ။
...
“ဒါက ငါ့ရဲ့ ကံကြမ္မာလား...”
တိုးညှင်းပြီး လှိုင်းထနေသည့် ရေရွတ်သံမှာ မီးအလင်းရောင် ခပ်မှိန်မှန် နေရာ တစ်ခုတွင် ထွက်ပေါ်လာခဲ့သည်။ ထိုနေရာမှာ အလွန်ပင် ကျယ်ပြန့်လှသည်။ ကောင်းကင်ထိ ရောက်အောင် မိုးထိုး နေသည့် ဒါဇင်နှင့်ချီသော သစ်ပင်ကြီးများမှာ နေရာ အနှံ့ ပြန့်ကျဲ နေသည်။ သစ်ပင် တစ်ပင်ချင်းစီ၏ အမြစ်များ ဖြန့်ကျက်ထားသော ဧရိယာမှာ မြို့ငယ်များလောက်ပင် ကြီးမားလှသည်။ ၎င်းတို့မှာ ဒဏ္ဍာရီများထဲမှ ဧရာမ နတ်ဆိုးကြီးများ အလား ထင်ရ၏။
သစ်ပင် တစ်ပင်ချင်းစီမှာ အရောင် မတူသလို ရုပ်ဝတ္ထုလည်း မတူချေ။ တစ်ပင်ကို တောက်ပနေသည့် ချော်ရည်ပူဖြင့် ဖန်တီးထားသည်။ အခြား တစ်ပင်ကတော့ မီးခိုးရောင် သဲများဖြင့် တည်ဆောက်ထားသည်။ အတွင်းပိုင်း၌ စီးဆင်း နေသည့် အကြောများကိုပင် ဖောက်ထွင်း မြင်နိုင်သည့် ကြည်လင်သော သစ်ပင် တစ်ပင်လည်း ရှိသည်။ သစ်ပင်များတွင် ပုံရိပ် အချို့ကို လက်မောင်းလုံလောက် အရွယ်အစား ရှိသည့် ရွှေရောင် ချိန်းကြိုးကြီးများဖြင့် တွဲချည်ထားသည်။
အသံမှာ အရေပြားများ ခြောက်ကပ် နေသည့် မြစိမ်းရောင် ဆံပင်ပိုင်ရှင် မိန်းကလေး တစ်ယောက်ထံမှ လာခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများက အလွန်ပင် မှေးမှိန်နေကာ မောပန်း နေခဲ့သည်။ ချွန်ထက်သည့် နားရွက်များသည်ပင် အနည်းငယ် လျော့ရဲ ကျနေသယောင် ထင်ရသည်။
အားကုန် ရုန်းကန်ဖို့ ကြိုးစားခဲ့ဖူးသည့်တိုင် ချိန်းကြိုးများမှာ အလွန်ပင် ခိုင်မာလွန်းလှသည်။ သူမ စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ကို မော့ကြည့် နေခဲ့မိ၏။ ကြယ်တာရာ ကောင်းကင် မရှိသလို နေကြယ်လည်း မရှိပါချေ။
အပြောကျယ်လှသည့် ထိုနယ်မြေကြီးကို အလင်းပေးနေသည့် တစ်ခုတည်းသော အရာက သစ်ပင်များထံမှ တောက်ပမှုပင် ဖြစ်သည်။ အလင်း အမျိုးမျိုး ရှိသည့် အနက် သူမ တွဲချည်ခံထားရသည့် သစ်ပင်ကတော့ မြစိမ်းရောင် ရောင်စဉ် တစ်ချို့ကို ထုတ်လွှတ် နေခဲ့သည်။
ဤသည်က တတိယ အကြိမ်မြောက် သူမ ချုပ်နှောင် ခံရခြင်း ဖြစ်သည်။
တတိယ အကြိမ်မြောက် အဖမ်းခံရခြင်း ဖြစ်သည်။
ဤသည်က သူမ အတွက် တတိယ အကြိမ် ဖြစ်ပေသည်။
***